နယ်စပ်ပစ်ခတ်မှုတွေဖြစ်နေချိန် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ မလေးရှားမှာ ဆွေးနွေးကြမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငါးရက်ထဲ ဝင်လာတဲ့ နယ်စပ်က လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရေးကြိုးပမ်းမှုတဲ့အနေနဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ဒီကနေ့ မလေးရှားမှာ တွေ့ဆုံကြဖို့ ရှိနေပါတယ်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ယာယီဝန်ကြီးချုပ် ဖုန်သမ် ဝီချရချိုင်းက ဦးဆောင်ပါမယ်။
ဝန်ကြီးချုပ်ဦးဆောင်တဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ယန်ဖုံ၊ ကာကွယ်ရေးဒုဝန်ကြီးနဲ့ ဝန်ကြီးချုပ်ရုံးအတွင်းဝန်တို့ ပါဝင်ပါမယ်။ သူတို့အားလုံးဟာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပြဿနာစီမံခန့်ခွဲရေး အဖွဲ့ဝင်တွေအနေနဲ့ တက်ရောက်မှာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က နှစ်နိုင်ငံခေါင်းဆောင်တွေကို အပစ်ရပ်ဖို့ တိုက်တွန်းပြောဆိုပြီး နောက်တစ်နေ့မှာပဲ အခုအစည်းအဝေးပေါ်လာတာဖြစ်ပါတယ်။
အစည်းအဝေးကို ကွာလာလမ်ပူက မလေးရှားဝန်ကြီးချုပ်ရုံးမှာ ပြုလုပ်မှာပါ။ မလေးရှားဟာ ထိုင်းရော၊ ကမ္ဘောဒီးယားပါ ပါ၀င်တဲ့ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ပါတယ်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ကတော့ ဘန်ကောက်မြို့၊ တော်ဝင်လေတပ်စခန်းကနေ မလေးရှားကို ထွက်ခွာမှာပါ။ အစည်းအဝေးကတော့ မလေးရှားစံတော်ချိန် ညနေ ၃ နာရီ မှာ ပြုလုပ်မယ်လို့ ထိုင်းအစိုးရက ကြေညာပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်လည်း တက်မယ်ဆိုတာ မလေးရှားက အသိပေးထားတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ဇူလိုင် ၂၄ က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်သားနဲ့ အရပ်သား ၃၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကမ္ဘောဒီးယားဟာ မရိုးရှင်းလှဘူး - ထိုင်းဝန်ကြီးချုပ်
ကမ္ဘောဒီးယားဟာ မရိုးရှင်းလှဘူးလို့ ထိုင်းယာယီဝန်ကြီးချုပ် ဖုန်သမ် ဝိချရာချိုင်း က ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မလေးရှားနိုင်ငံကို ထွက်ခွာဖို့ လုပ်နေချိန်မှာပဲ ဘန်ကောက်လေဆိပ်မှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
''ကမ္ဘောဒီးယားရဲ့ လုပ်ပုံကိုင်ပုံကို ကြည့်ပြီး ပြောရရင် ရိုးရှင်းလှတယ်လို့ ကျွန်တော်တို့ မထင်ဘူး'' ဘူးလို့ သူက သတင်းထောက်တွေကိုပြောပါတယ်။
''သူတို့ ဘက်က တကယ့် ရည်ရွယ်ရင်း စစ်မှန်လားဆိုတာကို ပြဖို့ လိုတယ်။ အခုဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဒါကို အကဲဖြတ်ပါမယ်'' လို့ သူက ပြောပါတယ်။
ကမ္ဘောဒီးယားဟာ ချက်ချင်းအပစ်ရပ်ဖို့ စနေနေ့ကတည်းက တိုက်တွန်းထားတာဖြစ်ပါတယ်။
အပစ်မရပ်ရင် ကုန်သွယ်ဆွေးနွေးပွဲ မရှိဘူးလို့ ထရမ့်ပြော
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မလေးရှားမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ သီးခြား ဖုန်းပြောဆိုအပြီးမှာ ထွက်ပေါ်လာတာပါ။
ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံခေါင်းဆောင် တွေ အနေနဲ့ ပဋိပက္ခကို မရပ်တန့် ရင် ကုန်သွယ်ခွန် ၃၆ ရာခိုင်နှုန်းလျှော့ချရေး ဆွေးနွေးမှုတွေ မပြုလုပ်နိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဇူလိုင် ၂၇ ရက်က ပြောပါတယ်။
" ဝန်ကြီးချုပ်တစ်ယောက်ချင်းစီနဲ့ ကျွန်တော် ဖုန်းပြောခဲ့တယ်။ ဒီစစ်ပွဲကို မဖြေရှင်းနိုင်ရင် ကျွန်တော် တို့ ရဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ဘာတစ်ခုမှ လုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။" " သူတို့ဘက်က လည်း ဒီစစ်ပွဲ ဖြေရှင်းဖို့ဆန္ဒရှိကြတယ်လို့ ကျွန်တော် ထင်ပါတယ်။"
ကမ္ဘောဒီးယား နဲ့ ထိုင်းအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ခွန်စည်းကြပ်မှုတွေ အသက်မဝင်ခင် တစ်ပတ် အလိုမှာပဲ ထရမ့်က အခုလို ကြားဝင်ဆောင်ရွက်လာတာပါ။
ဩဂုတ် ၁ရက်မတိုင်မီ သဘောတူညီမှု မရှိထားရင် ထိုင်းနဲ့ ကမ္ဘောဒီးယား က ပို့တဲ့ ကုန်တွေအတွက် ၃၆ ရာခိုင်နှုန်း အခွန် ပေးဆောင်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ထရမ့်ဟာ မလေးရှားမှာ ပြုလုပ်မယ့် ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ရဲ့ဆွေးနွေးပွဲ ပေါ်လာအောင် ဘယ်လိုအခန်းကဏ္ဍကနေပါဝင်ခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မလေးရှား ဝန်ကြီးချုပ်ရုံးမှာ ပြုလုပ်မယ့် ထိုင်း - ကမ္ဘောဒီးယား ဆွေးနွေးပွဲကိုတော့ အမေရိကန်နဲ့ တရုတ် အရာရှိတွေလည်း လေ့လာသူတွေအဖြစ် တက်ရောက်မယ်လို့ သိရပါတယ်။
တနင်္ဂနွေညပိုင်းအထိ ပစ်ခတ်မှုတွေ ဆက်ရှိနေပေမယ့် ထရမ့်ရဲ့ စိုးရိမ်မှု၊ ကြိုးစားမှုအတွက် နှစ်နိုင်ငံလုံးက ကျေးဇူးတင်ကြောင်း အစောပိုင်းမှာ ပြောထားကြပါတယ်။
ကမ္ဘောဒီးယားကလည်း အပစ်ရပ်ကမ်းလှမ်းချက် ကိုလက်ခံလိုက်ပြီး ထိုင်းနိုင်ငံကလည်း နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးရေးလိုလားကြောင်း ထုတ်ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယားက အပစ်ရပ်ရေး အဆိုပြုခဲ့ပြီးပါပြီ။ ကမ္ဘောဒီးယားစစ်တပ်ဟာ ထိုင်းထက် အားနည်းပါတယ်။ ထိုင်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကမ္ဘောဒီးယား ရဲ့ စစ်လက်နက်ပစ္စည်းတွေ၊ နယ်မြေ တွေ ဆုံးရှုံးထားပါတယ်။
" ကမ္ဘောဒီးယားက နှစ်ဘက် ချက်ချင်းဆိုသလို ခြွင်းချက်မရှိ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို သဘောတူကြောင်း ထရမ့်ကို ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။" လို့ ဖုန်းခေါ်ဆိုမှုအပြီး မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် မာနက်က ပြောလိုက်ပါတယ်။
နောက်ပြီး ထရမ့် ရဲ့ ကြားဝင်စေ့စပ်မှုဟာ " အမှန်တကယ် အရပ်သားတွေ၊ စစ်သားတွေ ရဲ့ အသက်ပေါင်းများစွာ မဆုံးရှုံးစေဖို့ ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်" လို့ ဖြည့်စွက်ပြောပါတယ်။
တစ်ဘက်မှာလည်း ထိုင်းက အပစ်ရပ်ဖို့ ဆန္ဒ ရှိပါတယ်။ ဒါပေမယ့် အပစ်ရပ်ရေး မတိုင်မီ ကမ္ဘောဒီးယား နဲ့ စကားဝိုင်းဆွေးနွေးပွဲ အရင်လုပ်ရမယ်ဆိုတဲ့ လိုလားချက်ကိုပဲ ထိုင်းက စွဲကိုင်ထားပါတယ်။
ဇူလိုင် ၂၄ က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်သား နဲ့ အရပ်သား ၃၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော ထိုင်း နဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေဟာလည်း နေရပ်စွန့်ခွာ ခဲ့ကြရပါတယ်။
နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားမှုမှာ လက်နက်ပစ်ခတ်ကြတဲ့အထိဖြစ်တဲ့ အခုတစ်ခေါက် တိုက်ပွဲမှာ တစ်ဖက်က တစ်ဖက်ကို အရင်စပစ်ခတ်ကြတာလို့ဆိုပြီး ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။
ကမ္ဘောဒီးယား စစ်တပ်ဟာ နယ်စပ်က ထိုင်းတပ်ဖွဲ့တွေကို ထောက်လှမ်းဖို့ ဒရုန်းတွေကို ဖြန့်ကြက်ခဲ့ရာကနေ တိုက်ပွဲဖြစ်တယ်လို့ ထိုင်းဘက်က ပြောပါတယ်။
ကမ္ဘောဒီးယားကတော့ ထိုင်းစစ်သားတွေဟာ အရင် သဘောတူညီချက်ကို ချိုးဖောက်ပြီး ခမာ - ဟိန္ဒူ ဘုရားကျောင်း တစ်ခုအထိ တိုးကပ်လာတယ်လို့ စွပ်စွဲပါတယ်။
နှစ်နိုင်ငံကြား အခုလို နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာဟာ ကမ္ဘောဒီးယားကို ပြင်သစ်သိမ်းပြီးတဲ့နောက် ရေးဆွဲခဲ့တဲ့နယ်နိမိတ်သတ်မှတ်ချက်ကြောင့်ဖြစ်ပြီး ရာစုနှစ် တစ်ခုကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။
ဇူလိုင် ၂၄ ရက်မှာ တိုက်ပွဲစဖြစ်ကတည်းက ထိုင်းနဲ့ ကမ္ဘောဒီးယားဘက်မှာ သေဆုံးသူ စစ်သားနဲ့ အရပ်သား ၃၃ ဦးထက်မနည်းရှိလာပြီဖြစ်ပြီး နှစ်ဖက်စလုံးက ထောင်သောင်းချီတဲ့ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။










