ဇန်နဝါရီ ၄ ရက်နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ် အင်းစိန်ထောင်ကနေပြန်လွတ်

၂၀၁၃ ခုနှစ်တုန်းက မြင်တွေ့ရတဲ့ဦးရဲထွဋ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၃ ခုနှစ်တုန်းက မြင်တွေ့ရတဲ့ဦးရဲထွဋ်

ဒီနေ့ စစ်ကော်မရှင်က ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြန်ကြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရဲထွဋ်လည်း အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီး နေအိမ် ပြန်ရောက်ပြီလို့ ဘီဘီစီက သိရှိရပါတယ်။

ဦးရဲထွဋ်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းမှာ အဲဒီအချိန်က စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်ကို လူမှုကွန်ရက်ကနေ ဝေဖန်ခဲ့တဲ့ပို့စ်တွေကြောင့် ရန်ကုန်မြို့က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအမှု ပုဒ်မအမှုလို့ မှတ်ယူခံရတဲ့ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်၊ အစိုးရ အကြည်ညို ပျက်စေမှု ၁၂၄(က) နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှာ ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို သမ္မတပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ခဲ့တဲ့ ဦးရဲထွဋ်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် ညပိုင်းမှာ အဲဒီအချိန်က စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးပြီးနောက်တစ်နေ့မှာပဲ ဦးရဲထွဋ်ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မဟုတ်မမှန်သတင်းတွေကို ရေးသားဖြန့်ဝေခဲ့တာကြောင့် ပုဒ်မ ၅၀၅- ကနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ အဲဒီတုန်းက စစ်ကောင်စီက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

အမှုအကြောင်း အသေးစိတ်တွေ မထွက်ပေါ်ခဲ့ပေမဲ့ တပ်ဖွဲ့ဂုဏ်သိက္ခာ ထိခိုက်သွားရတာကို အသက်နဲ့လဲပြီး တာဝန်ယူသွားခဲ့တဲ့ ဦးစီးချုပ်တစ်ယောက်အကြောင်းဆိုပြီး အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ဘော်ဒါအကြောင်း ၂၀၁၉ ခုနှစ်က ကိုယ်တိုင်ရေးဆောင်းပါးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်မျှဝေပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

''ကျွန်တော် ဖေ့ဘုတ်ခ်မှာ ရေးခဲ့တာတွေမှာ လူနာမည်တွေ၊ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ဘာမှ ရည်ညွှန်းထားတာ မရှိခဲ့ပေမဲ့လည်း ဖတ်တဲ့သူတွေအနေနဲ့က နိုင်ငံတော်အစိုးရကို အကြည်အညို ပျက်စေတယ်လို့ သဘောသက်ရောက်တယ်လို့ အစိုးရက ရှုမြင်တဲ့အတွက်ကြောင့်မို့ ကျွန်တော့်ကို တရားစွဲခဲ့တာပေါ့'' လို့ ဦးရဲထွဋ်က ဒီနေ့မှာ ထောင်ကပြန်လွတ်လာအပြီး ဘီဘီစီကို ပြောပါတယ်။​

လွတ်ငြိမ်းမှာ သူ ပါဝင်တဲ့အကြောင်းကိုလည်း ဒီနေ့ မနက်အစောပိုင်းမှာမှ သိခဲ့ရတာလို့လည်း ဆိုပါတယ်။​

ဖလမ်းမြို့ကို အင်အား ၄၀၀ ဝန်းကျင်နဲ့လာတဲ့စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

ချင်းကာကွယ်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, CNDF

ဓာတ်ပုံ ပုံစာ, ချင်းကာကွယ်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ချင်းကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို အင်အား ၄၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင် ဝင်လာတဲ့ စစ်တပ် စစ်ကြောင်း ၂ ကြောင်းကို ချင်းတပ်ပေါင်းစုက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ဘီဘီစီကိုပြောပါတယ်။

ဒီစစ်ကြောင်းတွေကို ဇန်နဝါရီ ၂ ရက်နဲ့ ၃ ရက်မှာ တိုက်ခဲ့ပြီး သုံ့ပန်း ၂ ဦးဖမ်းမိသလို လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲအတွင်း CNDF တပ်ဖွဲ့ဝင် ၁ ဦးလည်း ကျဆုံးတယ်လို့ သူက ဆိုပါတယ်။

"ဖလမ်းမြို့နယ်ထဲက ကျေးရွာတွေမှာ နေ့တိုင်း တိုက်ပွဲ ရှိပါတယ်။ သူတို့ဘက်က လေကြောင်း Y12 ၊ ဂျက်ဖိုက်တာလာပစ်တာတွေရော၊ အနွေးထည်လိုမျိုး ထောက်ပို့ချတာတွေလည်း ရှိတယ်" လို့ CNDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်တပ် စစ်ကြောင်းဟာ ဖလမ်းမြို့အ‌နောက်မြောက်နဲ့ အနောက်တောင် နှစ်ဖက်ကနေ ဝင်လာနေကြတာ ဖြစ်ပါတယ်။

အကွာအဝေးအနေနဲ့ကတော့ မြို့နဲ့ ၁၃ မိုင်ကနေ ၁၅ မိုင်ကြားက ရွာတွေမှာ တိုက်ပွဲရှိနေတာပါ။

ဒီစစ်ကြောင်းတွေဟာ ချင်း-စစ်ကိုင်းအစပ် ဝေဘူလမြို့ဘက်နဲ့ သိုင်းငင်းဘက်ကတဆင့် ဖလမ်းမြို့ ဘက်ကို ဦးတည်လာကြတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလကတည်းက စစ်တပ်က အင်အားရာချီသုံးပြီး ချင်းပြည်နယ် မြောက်ပိုင်းကို ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

အဓမ္မပြုကျင့် လူသတ်မှုသံသယနဲ့ ဖမ်းထားတဲ့မြန်မာနိုင်ငံသားကို ထိုင်းက မှားယွင်းပြီး မြန်မာကို ပြန်ပို့မိ

ထိုင်းဘက်က အလိုရှိနေတဲ့ အဓမ္မပြုကျင့် လူသတ်မှုသံသယရှိသူ မြန်မာနိုင်ငံသား

ဓာတ်ပုံ ရင်းမြစ်, Immigration Division 5

ဓာတ်ပုံ ပုံစာ, ထိုင်းဘက်က အလိုရှိနေတဲ့ အဓမ္မပြုကျင့် လူသတ်မှုသံသယရှိသူ မြန်မာနိုင်ငံသား

ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိတွေက လူသတ်အဓမ္မပြုကျင့်မှုအတွက် သံသယရှိသူ မြန်မာနိုင်ငံသားကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးတဲ့ထဲ မှားယွင်းပြီး ထည့်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

နာမည်မှာ အောင် ပါတဲ့ မြန်မာအမျိုးသားဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲမှာ ထိုင်းအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုအတွက် သံသယရှိသူအဖြစ် စွပ်စွဲခံထားရတာဖြစ်ပါတယ်။

သူ့ကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးက နိုဝင်ဘာ ၁၆ ရက်မှာ တခြားမြန်မာရွှေ့ပြောင်း ၅၀ ဦးနဲ့အတူ မြန်မာနိုင်ငံဘက် ပြည်နှင်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

အခုတော့ ထိုင်းရဲတပ်ဖွဲ့က ဒီအမျိုးသားကို ထိုင်းနိုင်ငံအတွင်း လာရောက်တရားရင်ဆိုင်ဖို့အတွက် ပြန်လည်ခေါ်ဆောင်နိုင်အောင် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

အကြမ်းဖက်မှုတွေရပ်တန့်ဖို့ မြန်မာစစ်တပ်ကို အမေရိကန်တိုက်တွန်း

မိန့်ခွန်းပြော စင်မြင့်မှာ နေရာယူထားကာ နောက်တိုင်းဝတ်စုံ နက်ပြာရောင်၊ အနီရောင် နက်တိုင်ဝတ်ထားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို(ပုံဟောင်း)

မြန်မာ့အရေးဟာ အင်ဒို- ပစိဖတ် ဒေသတွင်းလုံခြုံရေးနဲ့လည်း ဆက်နွှယ်နေတာကြောင့် မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို တိုက်တွန်းလိုက်ပါတယ်။

မြန်မာမှာ ဒီနေ့ကျရောက်တဲ့လွတ်လပ်ရေးနေ့နဲ့ ပတ်သက်တဲ့ထုတ်ပြန်ချက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလိုက်တာပါ။

အကြမ်းဖက်မှုရပ်တန့်ဖို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အတားအဆီး မရှိ၊ ရရှိနိုင်စေဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းခံရထားရသူတွေကို လွှတ်ပေးဖို့နဲ့ ပဋိပက္ခကို ငြိမ်းချမ်းပြီး ရေရှည်အဆုံးသတ်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ အချက်တွေလည်း တိုက်တွန်းထားတာပါ။

ဒီအချက်တွေက အင်ဒို - ပစိဖိတ်ဒေသတွင်း လုံခြုံရေးနဲ့ ကြွယ်ဝရေးအတွက် မရှိမဖြစ်လိုအပ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ထုတ်ပြန်ချက်ထဲ ထည့်ပြောပါတယ်။

မြန်မာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခအပေါ် အမေရိကန်က အထူးစိုးရိမ်တယ်လို့လည်း နိုင်ငံခြား ရေးဝန်ကြီးက ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်း တရားမျှပြီး ပြည့်စုံတဲ့အနာဂတ်တည်ဆောက်ရေးသန္နိဋ္ဌာန်ကိုလည်း အမေရိကန်အနေနဲ့ ဆက်လက်ကတိကဝတ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့အတွက် ရန်ကုန်မှာရှိတဲ့သြစတေးလျသံရုံးကလည်း ထုတ်ပြန် ပြောဆိုရာမှာ မြန်မာပြည်သူတွေရဲ့ သတ္တိနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို လေးစား အသိ အမှတ်ပြုတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေကို ဆက်လက်ပံ့ပိုးမှာဖြစ်ပြီး ပိုကောင်းတဲ့အနာဂတ်တည်ဆောက်ရေးအတွက် အတူတကွရပ်တည်မယ်လို့ သြစတေးလျသံရုံးက ထုတ်ပြန်ပါတယ်။

ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေးတဲ့ထဲ ဒေါ်အောင်ဆန်းစုကြည် အကျုံးမဝင်

ဆူးလေဘုရားအနီး ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ၊ we want our leader၊ Free Daw Aung San Su Kyi စာ‌တွေ ကိုင်ထားတဲ့ ဆန္ဒပြလူအုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး ဆန့်ကျင်ဆန္ဒပြနေတဲ့ မြင်ကွင်း (ပုံဟောင်း)

လွတ်လပ်ရေးနေ့မှာ စစ်ကော်မရှင်က အကျဥ်းထောင်၊ အကျဥ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ချခံနေရသူတွေကို ပြစ်ဒဏ် လျှော့ပေါ့တယ်လို့ ကြေညာခဲ့ပေမဲ့ အဲဒီလျှော့ပေါ့အမှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကျခံနေတဲ့အမှုတွေ မပါဝင်တာကို တွေ့ရပါတယ်။

စစ်ကော်မရှင်ဟာ ဒီနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့ဆိုပြီး လူပေါင်း ခြောက်ထောင့်တစ်ရာကျော်ကို လွတ်ငြိမ်းပေးတယ်လို့ ကြေညာပြီး ပြစ်မှု ၁၃ မှုကလွဲရင် တည်ဆဲဥပဒေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေးတယ်လို့ ဒီနေ့ မနက်အစောပိုင်းမှာ ကြေညာခဲ့တာပါ။

ဒါပေမဲ့ ပြစ်ဒဏ်သက်သာခွင့်မပေးတဲ့ ပြစ်မှု ၁၃ မှုကို ကြေညာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးကတည်းက စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အမှုတွေ ပါဝင်နေတာပါ။

ပေါက်ကွဲစေတတ်သော ပစ္စည်းအက်ဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ လက်နက်ဥပဒေတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ ၊အကြမ်းဖက်ဥပဒေနဲ့ အဂတိဥပဒေပုဒ်မတို့လို ပုဒ်မတွေနဲ့ တရားစွဲခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူတွေကို လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်ဆေးဝါးအမှုတို့နဲ့ တစ်တန်း တည်းထားပြီး ပြစ်ဒဏ် ၆ ပုံ ၁ ပုံ သက်သာခွင့်မပေးထားပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့စွပ်စွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပြီး အဲဒီထဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မနဲ့ စွပ်စွဲ ထောင်ဒဏ်ချမှတ်ခံရတာက အများဆုံးဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ်လတုန်းက စစ်ကောင်စီက နိုင်ငံတဝန်း အကျဥ်းသားတွေကို လွတ်ငြိမ်း သက်သာခွင့် ပေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ''ပြစ်ဒဏ်လွတ်ငြိမ်းခွင့်''ဆိုပြီး အမှု ၅ မှု အတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ကြေညာချက်ကြောင့် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတာ ဖြစ်ပါတယ်။

မော်ဒယ်လ်နန်းမွေစံ အင်းစိန်ထောင်ကနေ ပြန်လွတ်လာ

အင်းစိန်ထောင်ကနေ ပြန်လည်လွတ်‌မြောက်လာတဲ့ မော်ဒယ်လ် နန်းမွေစံ

ဓာတ်ပုံ ရင်းမြစ်, Popular News

ဓာတ်ပုံ ပုံစာ, အင်းစိန်ထောင်ကနေ ပြန်လည်လွတ်‌မြောက်လာတဲ့ မော်ဒယ်လ် နန်းမွေစံ

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဟာ ဒီနေ့ စစ်ကော်မရှင်ပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည်လွတ်‌မြောက်လာပြီ ဖြစ်ပါတယ်။

နန်းမွေစံကို စစ်တပ်က ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းမှာ ဖမ်းဆီးခဲ့တာပါ။

ကာယိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေး ငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီနှစ် စက်တင်ဘာလထဲမှာ ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရတယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ပြီးခဲ့နှစ်တွေအတွင်း စစ်ခေါင်းဆောင်က အကြိမ်ကြိမ်ပေးခဲ့တဲ့လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ သူ မပါလာခဲ့ပါဘူး။

အခုတော့ ဖမ်းဆီးထိန်းသိမ်းခံရချိန်ကနေ ၃ နှစ်ကျော်အကြာမှာ ပြန်လည်လွတ်‌မြောက်လာတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်လွတ်ငြိမ်း - မိသားစုဝင်တွေ အင်းစိန်ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် မနက် အင်းစိန်ထောင်ရှေ့မြင်ကွင်း

လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဥ်းသူ အကျဥ်းသား ခြောက်ထောင့်တစ်ရာကျော်ကို လွှတ်ပေးမယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါလာနိုင်တဲ့ အကျဉ်းကျနေသူတွေကို မိသားစုတွေက ဒီနေ့မနက်ပိုင်းကစလို့ ထောင်ရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။

ဒါအပြင် အကျဥ်းထောင်၊ အကျဥ်းစခန်းတွေမှာ ပြစ်ဒဏ်ချခံနေရသူတွေကိုလည်း ပြစ်ဒဏ် ၆ ပုံ ၁ ပုံအထိ လျှော့ပေါ့ ပေးလိုက်တယ်လို့ဆိုပါတယ်။

ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက်ထဲ မြန်မာမှာ အကျဥ်းကျခံနေရတဲ့နိုင်ငံခြားသား ၅၂ လည်း ပါဝင်ပြီး အဲဒီလူတွေကိုတော့ ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒီနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ အကျဥ်းသား ၆,၁၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ပြောခွင့်ရသူ အပါအဝင် အနုပညာရှင်တွေကို စည်သူဘွဲ့နဲ့ အလင်္ကာကျော်စွာဘွဲ့တွေပေး

နောက်ခံ အပြာရောင်၊ မြန်မာနိုင်ငံတော်အလံဆက်တင်နဲ့ ရိုက်ကူးရေးအခန်းထဲထိုင်နေတဲ့ တိုက်ပုံအဖြူရောင်ဝတ်ထားတဲ့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, စစ်ကော်မရှင်ဟာ ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း(ပုံဟောင်း)

ဘွဲ့တံဆိပ်ပေးတဲ့စာရင်းထဲ လူထုဒေါ်အမာနဲ့ ကျော်ဟိန်းတို့အပါအဝင် ကွယ်လွန်ပြီးတဲ့စာပေနဲ့ ရုပ်ရှင်အနုပညာရှင်အချို့ကိုပါ ထည့်ထား

စစ်ကော်မရှင်ဟာ ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းအပါအဝင် အနုပညာရှင်တွေနဲ့ စစ်တပ်ပြုလုပ်တဲ့အခမ်းအနားတွေမှာ မြင်တွေ့ရလေ့ရှိတဲ့သရုပ်ဆောင်တွေကို စည်သူဘွဲ့နဲ့ အလင်္ကာကျော်စွာ ဘွဲ့တွေ ပေးအပ်လိုက်တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ပေးအပ်တဲ့ စည်သူဘွဲ့ကို ပေးအပ်ခံရသူ ၂၈ ဦးထဲမှာ နေတိုး၊ ဝိုင်း၊ မေသန်းနု၊ မို့မို့မြင့်အောင်နဲ့ ရန်အောင်တို့ပါသလို စစ်တပ်က ဖမ်းဆီးထောင်ချဖူးတဲ့ ပြေတီဦးလည်း ပါဝင်ပါတယ်။

စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်တဲ့ အလင်္ကာကျော်စွာဘွဲ့မှာတော့ စိုးမြတ်သူဇာ၊ ဝတ်မှုန်ရွှေရည်၊ မေသဥ္ဇာဦးနဲ့ လွင်မိုးတို့ပါသလို စစ်တပ်ကဖမ်းဆီးဖူးတဲ့ အိန္ဒြာကျော်ဇင်နဲ့ လူမင်းတို့လည်း ထည့်သွင်းပေးအပ်ထားပါတယ်။

စစ်ကော်မရှင်ကြေညာချက်အရ နိုင်ငံအတွက် ထူးကဲအမှုထမ်းသူနဲ့ အကျိုးဆောင်သူတွေဖြစ်တာကြောင့်ပေးအပ်တာလို့ ဆိုပြီး စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်နယ်ပယ်က အနုပညာရှင် ၅၀ ထက်မနည်းကို ဘွဲ့တွေ ပေးလိုက်တာဖြစ်ပါတယ်။

ဂုဏ်ထူးဆောင်ဘွဲ့ပေးတဲ့ အနုပညာရှင်တွေထဲမှာ စစ်တပ်ဝါဒဖြန့်ရုပ်သံရိုက်ကူးပေးသူတွေနဲ့အတူ ကွယ်လွန်ပြီးဖြစ်တဲ့ ပညာရှင်ကြီးတွေအပြင် စစ်တပ်က ဖမ်းဆီးထောင်ချဖူးတဲ့ အနုပညာရှင်တွေပါ ထည့်သွင်းပေးအပ်ထားတာ ဖြစ်ပါတယ်။

စည်သူဘွဲ့ကို ၂၈ ဦးနဲ့ အလင်္ကာကျော်စွာဘွဲ့ကို ၅၂ ဦး ပေးအပ်တာကို စစ်ကော်မရှင်ထုတ်ပြန်ချက်အရ သိရပါတယ်။