ဧပြီ ၁၄ ရက် နိုင်ငံတဝန်း ထူးခြားသတင်းများ အနှစ်ချုပ်

‘‘၀’’ မှာ ၃၅ နှစ်မြောက် ငြိမ်းချမ်းရေးပွဲတော်အကြို လေ့ကျင့်နေ

၂၀၁၉ ခုနှစ်တုန်းက ပန်ဆန်းမြို့မှာပြုလုပ်တဲ့ပွဲမှာတော့ မောင်းသူမဲ့ဒရုန်းတွေ၊ သံချပ်ကာကားတွေနဲ့ လက်နက်ကြီးတွေလည်း ပြသခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်တုန်းက ပန်ဆန်းမြို့မှာပြုလုပ်တဲ့ပွဲမှာတော့ မောင်းသူမဲ့ဒရုန်းတွေ၊ သံချပ်ကာကားတွေနဲ့ လက်နက်ကြီးတွေလည်း ပြသခဲ့ပါတယ်

‘‘၀’’ ပြည်နယ် ငြိမ်းချမ်းရေး ၃၅ နှစ်ပြည့်ကျင်းပဖို့ ပြည်နယ်မြို့တော် ပန်ဆန်းမှာ ‘’ဝ’’တပ်ဖွဲ့နဲ့ လူထု ကြိုတင်ပြင်ဆင် လေ့ကျင့်နေကြပါတယ်။

အခုလို လေ့ကျင့်နေတဲ့ရုပ်သံကို လားရှိုးမြို့က ‘‘ဝ’’ဆက်ဆံ‌ရေးအရာရှိက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ တင်လာတာဖြစ်ပါတယ်။

လာမယ့် ဧပြီလ ၁၇ ရက်မနက်မှာ ကျင်းပမယ့် ‘‘ဝ’’ ၃၅ နှစ်မြောက် ငြိမ်းချမ်းရေးပွဲတော်အတွက် ကြိုတင်လေ့ကျင့်နေတာလို့ သူက ရေးသားပါတယ်။

နောက် ‘‘ဝ’’တပ်ဖွဲ့ဝင်တွေ ပန်ဆန်းမြို့ထဲ လက်နက်တွေကိုင်ဆောင်ပြီး စီတန်းလေ့ကျင့်နေချိန် ''ဝ'' ရဲတပ်ဖွဲ့က လက်နက်ဝတ်စုံအပြည့်အစုံနဲ့ လုံခြုံရေးယူနေတဲ့ရုပ်သံတွေလည်း ထွက်ပေါ်နေပါတယ်။

‘‘ဝ’’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲ အင်အားအကြီးဆုံးဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးယူပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း UWSA ဟာ တပ်အင်အားကို အကောင်းဆုံး တည်ဆောက်ခဲ့ပြီး အမြဲတမ်းတပ်ဖွဲ့၊ အကောက်ခွန်စနစ်၊ အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်ဘဏ္ဍာငွေနဲ့ ရပ်တည်နေတာ တွေ့ရပါတယ်။

နေပြည်တော်က ‘‘ဝ’’ ဒေသ ကို အခြေခံဥပဒေမှာမပါတဲ့ အထူးဒေသ ဆိုတဲ့ စကားလုံးကို သုံးစွဲတာ တွေ့ရပြီး UWSA ကတော့ ‘‘ဝ’’ပြည်နယ်အစိုးရလို့ သူတို့ကိုယ်သူတို့ သုံးနှုန်းပါတယ်။

အာရှက နှစ်သစ်ကူးပွဲတော် မြင်ကွင်းတွေ

ရန်ကုန်မြို့၊ မြို့တော် ခန်းမရှေ့က ရန်ကုန်မြို့တော်ဝန် ရေကစားမဏ္ဍာပ် ဖွင့်ပွဲ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့၊ မြို့တော် ခန်းမရှေ့က ရန်ကုန်မြို့တော်ဝန် ရေကစားမဏ္ဍပ် ဖွင့်ပွဲမှာ

မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ နီပေါ၊ သီရိလင်္ကာနဲ့ အိန္ဒိယနိုင်ငံတို့မှာ ရေသဘင်ပွဲတော်ဆင်နွှဲတာအပါအဝင် နှစ်သစ်ကူးပွဲတော်တွေကို အသီးအသီး ဆင်နွှဲနေကြပါတယ်။

မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့မှာတော့ ရေကစားပွဲတော် ကျင်းပတာ၊ ကောင်းမှုကုသိုလ်ပြုတာတွေနဲ့ နှစ်သစ်ကူးပြောင်းနေကြပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အုံးအန်တူးမြောင်းထဲ သံဃာကို လှူဖွယ်ဆက်ကပ်ပြီး ဆုန်ခရမ်ပွဲတော်ကို ကြိုဆိုကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အုံးအန်တူးမြောင်းထဲ သံဃာကို လှူဖွယ်ဆက်ကပ်ပြီး ဆုန်ခရမ်ပွဲတော်ကို ကြိုဆိုကြသူတွေ
ခမာနှစ်သစ်အဖြစ် ဖနွမ်းပင်မြို့မှာရေစကားနေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခမာနှစ်သစ်အဖြစ် ဖနွမ်းပင်မြို့မှာရေကစားနေကြသူတွေ

နီပေါနိုင်ငံမှာတော့ မြို့အသေးဆုံးဖြစ်ပေမဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ဘာတပူရမြို့ မှာ ပြဒါးနီမှုန့်တွေ ပက်ဖြန်းပြီး နှစ်သစ်ကူးကို ကြိုဆိုနေကြပါတယ်။

သက်ဝင်ယုံကြည်သူတွေက ဘူခူမာရီကျောင်းတော်တဝိုက် ပြဒါးနီမှုန်တွေ့တွေ လိမ်းကြံပြီး နွေဦးကို ကြိုဆိုတဲ့ နီပေါနှစ်သစ်အဖြစ် ဆင်နွှဲကြတာဖြစ်ပါတယ်။

ပြဒါးနီမှုန့်တွေ လိမ်းပြီး နွေဦးကိုကြိုဆိုကြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နီပေါမှာတော့ ပြဒါးနီမှုန့်တွေ လိမ်းပြီး နွေဦးကိုကြိုဆိုကြ
သီရိလင်္ကာနိုင်ငံက နှစ်သစ်ကူး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, သီရိလင်္ကာနိုင်ငံက နှစ်သစ်ကူး

သီရိလင်္ကာနိုင်ငံမှာတော့ ဆင်ဟာလီနဲ့ တမီလ်လူမျိုးတွေလည်း နှစ်သစ်ကူးပွဲတော် ကျင်းပနေကြပါတယ်။

စပါးရိတ်သိမ်းပြီးတဲ့နောက် စိုက်ပျိုးရေးဖြစ်ထွန်းဖို့ရည်ရွယ်ပြီးဆန်မှုန့်၊ သကြားနဲ့ အုန်းသီးတို့သုံးတဲ့ ရိုးရာမုန့်ချိုတွေပြုလုပ်ကာ နှစ်သစ်ပွဲတော်ကို ဆင်နွှဲကြတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ဘန်ဂါအွန်ရွာမှာပြုလုပ်တဲ့ဘာသာရေးချီတက်ပွဲမှာ မီးနဲ့ကစားပြုနေတဲ့ ဟိန္ဒူဘာသာဝင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ဘန်ဂါအွန်ရွာမှာပြုလုပ်တဲ့ဘာသာရေးပွဲမှာ မီးနဲ့ကစားပြုနေတဲ့ ဟိန္ဒူဘာသာဝင်တစ်ဦး

အိန္ဒိယနိုင်ငံမှာလည်း ဟိန္ဒူဘာသာဝင်တွေဟာ ချာရက်ပူဇပွဲတော်ကို ဆင်နွှဲနေပါတယ်။ သျှီဝ နတ်ဘုရားကို ပူဇော်တဲ့ဒီပွဲကို အနောက် ဘန်ဂေါပြည်နယ်မှာ ကျင်းပတာဖြစ်ပြီး ဧပြီလ ၁၄ ရက်မှာ ကျရောက်တဲ့ ဘင်္ဂါလီပွဲတော်နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ တလတာလုံးဆင်နွှဲကြမှာဖြစ်ပါတယ်။

ရှမ်းတောင်ကို စစ်ရှောင်ခဲ့ကြသူ သောင်းချီ ကရင်နီထဲပြန်ခိုလှုံလာလို့ ကူညီရေးခက်ခဲနေ

ရှမ်းတောင်ကို စစ်ရှောင်ခဲ့ကြသူ သောင်းချီ ကရင်နီထဲပြန်ခိုလှုံလာလို့ ကူညီရေးခက်ခဲနေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကရင်နီစစ်ရှောင်အမျိုးသမီး (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက်ပွဲဆက်တိုက်ပြင်းထန်ခဲ့တဲ့ ကယား (ကရင်နီ) ပြည်နယ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းကို စစ်ရှောင်ခဲ့ရာကနေ အခုနှစ်အစပိုင်းကစလို့ ကရင်နီဒေသထဲ ပြန်လည်ခိုလှုံလာတာကြောင့် စစ်ရှောင်ကူညီရေးအခက်အခဲရှိနေပါတယ်။

အခုနှစ် ဇန်နဝါရီလကစတင်တဲ့ ဆီဆိုင်တိုက်ပွဲကြောင့်ရော စစ်ကောင်စီကအသစ်ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့်ပါ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရှောင်နေတဲ့ ကရင်နီ သောင်းနဲ့ချီ ပြန်လည်ဝင်ရောက်လာတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက ဘီဘီစီကို ပြောပါတယ်။

“ရှမ်းတောင်၊ တောင်ကြီးတို့ဘက်က ပြန်လာတဲ့သူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်လာတော့ ရှိရင်းစွဲ စစ်ရှောင်စခန်းတွေကိုပြန်လာနေသူတွေကိုက ကျွန်တော်တို့ စာရင်းကောက်နိုင်တော့ စားနပ်ရိက္ခာ၊ ကျန်းမာရေးအထောက်အပံ့တွေ ပေးနိုင်တယ်။ အချို့သူတွေကနီးစပ်ရာနေတော့ ကျွန်တော်တို့ စာရင်းကောက်ဖို့ လက်လှမ်းမမီဘူး” လို့ ကိုဗညားက ပြောပါတယ်။

ဒါကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအထောက်အပံ့တွေအပြည့်အဝထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲရှိနေတာလို့ သူကဆက်ပြောပါတယ်။

ကရင်နီဒေသမှာ စစ်ရှောင်ဦးရေ ၃ သိန်းဝန်းကျင်ရှိနေပြီလို့ IEC ကအစောပိုင်းမှာပြောထားပြီး ဧပြီလထဲ ဖြစ်ပွားနေတဲ့ ဖားဆောင်းတိုက်ပွဲကြောင့် စစ်ရှောင် အယောက် ၁၆၀၊ ဖယ်ခုံဘက်ကနေ အယောက် ၈၀ စစ်ရှောင်အသစ်တိုးလာပါတယ်။

စစ်ရေးအခြေအနေအရ အခုရက်ပိုင်းအတွင်း ဖားဆောင်းနဲ့ မိုးဗြဲဘက်မှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

မန္တ‌လေးသင်္ကြန်မှာဗုံးပေါက်ကွဲလို့ ကလေးငယ်အပါ ၈ ဦးဒဏ်ရာရ

မန္တ‌လေးသင်္ကြန်မှာဗုံးပေါက်ကွဲလို့ ကလေးငယ်အပါ ၈ ဦးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, MDY Image

ဓာတ်ပုံ ပုံစာ, မန္တလေး မင်္ဂလာမန္တလေးရေကစားမဏ္ဍပ် ဧပြီ ၁၃ ရက်မြင်ကွင်း

မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ၇၁ လမ်းနဲ့ ၂၇ လမ်းထောင့်နားမှာ ဒီကနေ့ မနက်ပိုင်းဗုံးပေါက်ကွဲမှု ဖြစ်ပြီး ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သား ရှစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့ လူမှုကူညီရေးအသိုင်း အဝိုင်းကနေသိရပါတယ်။

“လူသေဆုံးတော့မရှိပါဘူး။ ထိခိုက်ဒဏ်ရာရကြတာပါ။ ပေါက်ကွဲသံက သုံးဆင့်ပေါက်တာဗျ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ

ဓာတ်ပုံ ရင်းမြစ်, MDY Image

ဓာတ်ပုံ ပုံစာ, ထိခိုက်ဒဏ်ရာရသူ

စစ်ကောင်စီသတင်းတွေကိုဖော်ပြလေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ သင်္ကြန်မဏ္ဍပ်အနီး ၇၁ - ၂၇ နဲ့ ၇၁ - ၂၈ လမ်းထောင့်တွေမှာရှိတဲ့ ဆိုင်ကယ်ထားရာနေရာတွေမှာ ပေါက်ကွဲမှုဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ ဓာတ်ပုံတွေနဲ့ပါ ဖော်ပြလာပါတယ်။

အခုဖြစ်စဉ်ကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း တရားဝင်ထုတ်ဖော်ပြောလာတာမရှိသလို စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

ပေါက်ကွဲမှုပြီးတဲ့နောက် မန္တလေးသင်္ကြန်ကိုပုံမှန်အတိုင်းကျင်းပနေဆဲလို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်သင်တန်းတက်မယ့်ယာဉ်တန်းကို တိုက်ခိုက်ရာကနေ သင်တန်းသား ၅၀ နီးပါးကို ဖမ်းမိ

စစ်သင်တန်းတက်မယ့်ယာဉ်တန်းကို တိုက်ခိုက်ရာကနေ သင်တန်းသား ၅၀ နီးပါးကို ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, NUG ၊ အမှတ်၁စစ်ဒေသရုံး

စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က အမှတ် (၉၂၉) ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ကနေ အရာတော်မြို့နယ်မှာရှိတဲ့ အမှတ် (၁၀) စစ်ရေးအခြေခံလေ့ကျင်းရေးတပ်ကို သင်တန်းသားရာနဲ့ ချီကို ပို့ဆောင်ပေးနေချိန် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်လာပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့ ဒီကနေ့ ဧပြီ ၁၄ ရက်မနက်ပိုင်းထုတ်ပြန်ချက်အရ စစ်သင်တန်းပို့ဆောင်မယ့်သူတွေကိုတင်ဆောင်လာတဲ့ ၁၂ ဘီးကား (၅) စီးနဲ့ အဝေးပြေးယာဉ် Express ကား (၁)စီးကို အရာတော်၊ ကမ်းဖြူရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဧပြီ ၁၂ ရက် ဒီတိုက်ခိုက်မှုကြောင့် သင်တန်းသားအသစ် (၄၅) ဦး အပါအဝင် စစ်ကောင်စီတပ်က ဒုအရာခံဗိုလ်၊ တပ်ကြပ်ကြီးတို့ကိုပါ ဖမ်းဆီးရမိပြီး လူ (၃၅) ဦးခန့်ထိခိုက်ဒဏ်ရာရတယ်လို့ ပြောပါတယ်။

အဲဒီထဲက စစ်ကောင်စီဗိုလ်ကြီးတစ်ဦးအပါအဝင် သင်တန်းသား အယောက် ၂၀ သေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါအပြင် လက်နက်ကျည်မျိုးစုံကို သိမ်းဆည်းရမိကြောင်းလည်း အမှတ် (၁) စစ်ဒေသက ဖော်ပြထားပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ အရာတော်ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီကနေ့ မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

စစ်ခေါင်းဆောင်တွေမတက်ရောက်တဲ့ သင်္ကြန်ဖွင့်ပွဲ

စစ်ခေါင်းဆောင်တွေမတက်ရောက်တဲ့ သင်္ကြန်ဖွင့်ပွဲ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဧပြီ ၁၃ ရက် နေပြည်တော်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ မြင်ကွင်း

၂၀၂၄ ခုနှစ် သင်္ကြန်ဖွင့်ပွဲအခမ်းအနားတွေကို စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ မတက်ရောက်တာကို နိုင်ငံပိုင်သတင်းစာတွေကတဆင့် သိရှိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုတွေရဲ့ ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို မနေ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာ နေပြည်တော်ဇေယျာသီရိမြက်ခင်းပြင်မှာ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ကိုယ်စား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်ကြောင်း ဒီကနေ့ထုတ်သတင်းစာမှာဖော်ပြပါတယ်။

ဒါအပြင် မနေ့တုန်းကပြုလုပ်တဲ့ နေပြည်တော်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ တွေကိုလည်း စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဦးဆောင် တက်ရောက်ပြီး ပြည်ထောင်စုအဆင့်ဝန်ကြီးတွေသာ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သင်္ကြန်အကြိုနေ့တုန်းကတော့ (ကြည်း၊ ရေ၊ လေ) ရေကစားမဏ္ဍပ်ဖွင့်ပွဲရော နေပြည်တော်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွေကိုပါ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အခုနှစ်မှာတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဧပြီ ပထမအပတ်ကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာဖြစ်ပါတယ်။

မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုရောက်ရှိနေတုန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးကတည်းက ဒုတိယစစ်ခေါင်းဆောင်ဟာ လူမြင်ကွင်းကနေ ပျောက်နေတာပါ။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ‘‘နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကို ပုံမှန်ထမ်းဆောင်နေပါတယ်’’လို့ ဧပြီ ၁၀ ရက်မှာ ဘီဘီစီကို တုံ့ပြန်ဖြေခဲ့ပေမဲ့ ဒီကနေ့အထိ လူမြင်ကွင်းကိုထွက်ပေါ်လာတာမတွေ့ရသေးပါဘူး။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဧပြီ ၁၂ ရက်မှာလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံကိုယ်စားလှယ်တွေနဲ့ နေပြည်တော် ဇမ္ဗူသီရိခန်းမမှာတွေ့ဆုံပွဲကို တက်ရောက်ခဲ့ပါတယ်။