တိုက်ပွဲသံကြား ရေမစိုကြပြန်တဲ့သင်္ကြန်

ရန်ကုန်သင်္ကြန်အတက်နေ့

ဓာတ်ပုံ ရင်းမြစ်, PRT/AMH

ဓာတ်ပုံ ပုံစာ, ရန်ကုန်သင်္ကြန်အတက်နေ့

နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်ကို ကုသိုလ်ကောင်းမှုတွေလုပ်ရင်း ဖြတ်သန်းတတ်တဲ့ မြန်မာတွေအတွက် သင်္ကြန်နဲ့ ဝေးကွာတာ ဒီနှစ်ဆိုရင် ၃ နှစ်ပြည့်ခဲ့ပြန်ပါပြီ။

၂၀၂၀ မှာ ကိုဗစ်၊ ၂၀၂၁ မှာ စစ်အာဏာသိမ်းမှုတွေကြောင့် သင်္ကြန်နဲ့ဝေးကွာခဲ့ကြရာက အခု ၂၀၂၂ ခုနှစ်မှာလည်း အာဏာသိမ်းစစ်တပ်က သင်္ကြန်ပွဲတော်ကို ဦးဆောင်ကျင်းပပေးပြီး ပုံမှန်အခြေအနေမျိုးရောက်အောင် စွဲဆောင်ခဲ့ပေမဲ့ စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့နေရာတချို့နဲ့ တိုင်းရင်းသားဒေသတချို့ကလွဲရင် သိသိသာသာ ခြောက်ကပ်ခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။

ပေါက်ကွဲမှုတွေကြားက သင်္ကြန်

ရန်ကုန်သင်္ကြန်အတက်နေ့

ဓာတ်ပုံ ရင်းမြစ်, PRT/AMH

ဓာတ်ပုံ ပုံစာ, နေရာအနှံ့ လူကြိတ်ကြိတ်တိုး စည်ကားတာ မရှိဘဲ စစ်ကောင်စီဦးစီးကျင်းပတဲ့ နေရာတွေမှာသာ စည်ကားနေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြော

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးတချို့မှာ စစ်ကောင်စီက ဦးစီးကျင်းပပေးတဲ့ သင်္ကြန်ပွဲတော်တွေကို စစ်တပ်ပိုင် မီဒီယာတွေမှာ နေ့စဥ် ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဒါပေမဲ့ ခါတိုင်းနှစ်တွေလို နေရာအနှံ့ လူကြိတ်ကြိတ်တိုး စည်ကားတာ မရှိဘဲ စစ်ကောင်စီဦးစီးကျင်းပတဲ့ နေရာတွေမှာသာ စည်ကားနေတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီက အနုပညာရှင်တချို့ကို ခေါ်ယူပြီး ဖျော်ဖြေခိုင်းပေမဲ့ တချို့နေရာတွေမှာတော့ လာရောက်ကစားသူအရေအတွက် အတော်လေး နည်းတာကိုလည်း မီဒီယာတွေမှာ တွေ့ရပါတယ်။

ဒီအခြေအနေတွေကြားမှာပဲ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ သံတမန်တွေကို ဖိတ်ခေါ်ပြီး သင်္ကြန်ပွဲ ဆင်နွှဲခဲ့တာကိုလည်း စစ်ကောင်စီ မီဒီယာတွေက ထုတ်လွှင့်ပြသခဲ့ပါသေးတယ်။

လုံခြုံရေး အင်မတန်တင်းကျပ်ထားတဲ့ နေရာတချို့မှာ အကြိုနေ့ကစလို့ နောက်ဆုံး အတက်နေ့အထိ နေ့စဥ်ဆိုသလို ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်မှာ ပစ်ခတ်ဖမ်းဆီးမှုဖြစ်ပြီး လူတဦး သေဆုံးခဲ့ကာ နှစ်ဦး အဖမ်းခံခဲ့ရပါတယ်။ စစ်ကောင်စီကတော့ ဒါဟာ သင်္ကြန်ပွဲကို အကြမ်းဖက်ဖျက်ဆီးမယ့်သူတွေကို ဖမ်းဆီးခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

သပိတ်စစ်ကြောင်းတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း နေရာလေးခုထက်မနည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သင်္ကြန်အကျနေ့မှာလည်း ပြည်သူအများစုက အသံတိတ်သင်္ကြန် ဆက်ဆင်နွှဲခဲ့ကြပြီး ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းက တချို့နေရာတွေမှာ ပေါက်ကွဲမှုတွေ ဆက်ရှိခဲ့ပါတယ်။

အကြတ်နေ့မှာတော့ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ပေါက်ကွဲမှုတွေ ပစ်ခတ်တိုက်ခိုက်မှုတွေ ပေါက်ပေါက်ခဲ့ပါတယ်။

နောက်ဆုံး သင်္ကြန်အတက်နေ့အထိ ရန်ကုန်မြို့မှာ ပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပုသိမ်၊ ဖျာပုံနဲ့ ဘားအံမြို့တွေက သင်္ကြန်မဏ္ဍပ်တွေအနီးမှာ ပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။

တိုင်းရင်းသားဒေသတချို့မှာတော့ စည်ကား

ဇီးချောင်းသင်္ကြန်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဇီးချောင်းသင်္ကြန်

ရက္ခိုင့်တပ်တော် အေအေက ဦးစီးကျင်းပတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက ဇီးချောင်းသင်္ကြန်ပွဲတော်မှာ လူအတော်လေး စည်ကားခဲ့ပြီး တခြားမြို့နယ်တွေမှာလည်း သင်္ကြန်ပွဲ ဆင်နွှဲကြတာတွေ ရှိပါတယ်။

တခါ ဧရာဝတီတိုင်းအတွင်းက ပုသိမ်နဲ့ ဖျာပုံမြို့တို့မှာလည်း ပေါက်ကွဲမှုတွေကြားက လူစည်ကားမှု အနည်းငယ် ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရှမ်းပြည်နယ်တွင်းက မြို့နယ်တချို့မှာလည်း သင်္ကြန်ပွဲ ဆင်နွှဲခဲ့ကြတာ ရှိပြီး စစ်ကောင်စီတပ် အခြေစိုက်တဲ့ နေပြည်တော်မှာလည်း သင်္ကြန်နောက်ဆုံးရက်တွေမှာ အနည်းငယ် လူစည်ကားတာ တွေ့ရပါတယ်။

ဒါပေမဲ့ သင်္ကြန်ရက်တွေမှာ စည်ကားလေ့ရှိတဲ့မြို့ကြီးတွေရဲ့ အဓိကလမ်းမကြီးတွေနဲ့အတူ နိုင်ငံတဝန်း နေရာအတော်များများက လမ်းတွေမှာတော့ တိတ်ဆိတ်ခြောက်ကပ်နေပြီး လူအများအပြားအတွက် ရေမစိုတဲ့ သင်္ကြန်နောက်ထပ်တနှစ် ဖြတ်သန်းခဲ့ရပါတယ်။

တိုက်ပွဲသံကြားက သင်္ကြန်ပွဲ

မြန်မာလူမျိုးတိုင်း အလေးအနက်ထားရာ နှစ်သစ်ကူးကာလမှာ ဒေသတချို့မှာတော့ တိုက်ပွဲသံတွေ ဆူညံခဲ့ပါတယ်။

ကရင်ပြည်နယ်လေးကေ့ကော်၊ ကယား(ကရင်နီ)ပြည်နယ်က လွိုင်ကော်နဲ့ ဒီးမော့ဆို၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေက တိုက်ပွဲတွေကြောင့် ဒီနှစ်သင်္ကြန်ဟာ ပျော်စရာတွေ ဆိတ်ငြိမ်ရုံသာမက လူ့အသက်တွေပါ ပေးဆပ်ရတဲ့ အကျည်းတန် သင်္ကြန်ဖြစ်တယ်လို့ ဒေသခံပြည်သူတချို့က ပြောကြပါတယ်။

စစ်ကောင်စီကတော့ သင်္ကြန်အတက်နေ့ ညနေပိုင်းမှာ နေရာတချို့မှာ မီးရှူးမီးပန်းတွေဖောက်ပြီး သင်္ကြန်ပွဲကို ပိတ်သိမ်းခဲ့တာကို တွေ့ရပါတယ်။

သင်္ကြန်ရှောင်သူတွေနဲ့ ခရီးသွားသူတွေကြားက သင်္ကြန်

ဂန့်​​ဂေါနယ်ထဲ သင်္ကြန်သပိတ်

ဓာတ်ပုံ ရင်းမြစ်, ယောလူထုတိုက်ပွဲကော်မတီ

ဓာတ်ပုံ ပုံစာ, ဂန့်​​ဂေါနယ်ထဲ သင်္ကြန်သပိတ်

အာဏာသိမ်းစစ်တပ်ကတော့ သင်္ကြန်ပွဲတော်တွေ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ပြီဆိုတဲ့ အရိပ်အယောင် ပြသဖို့အတွက် အတော်လေး ကြိုးပမ်းခဲ့ပါတယ်။

သင်္ကြန်ကာလမတိုင်ခင်ကတည်းက ရန်ကုန်နဲ့ မန္တလေးမြို့လို မြို့ကြီးတွေက လုပ်ငန်းရှင်တချို့ဆီကနေ သင်္ကြန်မဏ္ဍပ်ဆောက်ဖို့နဲ့ ပွဲတော်ကျင်းပဖို့အတွက် အလှူငွေတွေ ကောက်ခံခဲ့တယ်လို့ လုပ်ငန်းရှင်တချို့က ဘီဘီစီကို ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကို အကြောင်းပြဖို့ နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးမ်းနေတာကြောင့် ပြည်သူတွေ ဝင်ရောက်မပူးပေါင်းကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က ဧပြီလ အစောပိုင်းကတည်းက ဆော်သြခဲ့သလို နိုင်ငံရေးလှုပ်ရှားသူတချို့ကလည်း သင်္ကြန်ပွဲတော်ကို သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

သင်္ကြန်ကာလမှာ ရေကစားသူ သိသိသာသာနည်းပါးချိန်မှာ အပန်းဖြေကမ်းခြေတွေနဲ့ ပြည်တွင်းခရီးသွားအများစုသွားရောက်တဲ့ နေရာများအစုမှာတော့ သင်္ကြန်မတိုင်ခင်ကတည်းက တည်းခိုရာနေရာတွေမှာ ကြိုတင်အခန်းမှာယူသူတွေပြည့်နေပြီးဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ခရီးသွားတွေနဲ့ အောင်မင်္ဂလာအဝေးပြေးကားဝင်းနဲ့ တဝိုက်မှာယာဉ်ကြောပိတ်ဆို့နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar Khin Maung Win

ဓာတ်ပုံ ပုံစာ, ခရီးသွားတွေနဲ့ အောင်မင်္ဂလာအဝေးပြေးကားဝင်းနဲ့ တဝိုက်မှာယာဉ်ကြောပိတ်ဆို့နေတဲ့မြင်ကွင်း

သင်္ကြန်ကာလအတွင်းမှာတော့ မြို့နယ်တချို့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန် သင်္ကြန် ပြည်သူ့အသံဆိုတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ရဲ့ ဆော်သြမှုနဲ့အတူ အရင်သင်္ကြန်တွေမှာ စည်ကားလှတဲ့ လမ်းမကြီးတွေပေါ်မှာ လူသူကင်းမဲ့နေတာကို တွေ့မြင်ခဲ့ကြရပါတယ်။