စစ်ပွဲတွေကြား မအေးချမ်းနိုင်တဲ့သင်္ကြန်

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီကနေ့ သင်္ကြန်အကျနေ့ဖြစ်ပေမယ့် လူအများစုဟာ ဟိုး အရင်နှစ်တွေကလို မပျော်နိုင်ကြပါဘူး။
စစ်ကောင်စီကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါဝင် မြို့ကြီးတွေမှာ မဏ္ဍပ်တွေထိုးပြီး လူတွေစည်ကားပျော်ရွှင်နေတယ်ဆိုတဲ့ ပုံရိပ်တွေကို ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေပါတယ်။ ပြည်သူတွေအများစုကလည်း တော်လှန်သင်္ကြန် ဆိုပြီး လည်ပတ် ၊ ရေပက်တာတွေကို ရှောင်ကြပါတယ်။
စစ်ကောင်စီက တစ်ဖက်မှာ ပျော်ပွဲတွေစီစဉ်နေသလို မကွေး၊ စစ်ကိုင်း၊ ကယား(ကရင်နီ)၊ ကရင်နဲ့ ကချင် စတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာတော့ နှစ်ဖက် တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
ဒီနေ့ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက် မနက်ပိုင်းမှာ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ချိကယ်ရပ်ကွက်မှာ ပိတ်မိနေတဲ့ အရပ်သားတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို လူမှုကူညီရေးအသင်းတွေက ကယ်ထုတ်ပေးနေကြရပါတယ်။
"အိမ်တွေလည်း မီးလောင်တာရှိတယ်။ ဒေသခံနှစ်ယောက်လည်း လက်နက်ကြီးကျည်စ ထိထားတယ်။"လို့ ဒေါဥခူလူမှုကူညီရေးအဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်အတွင်းက ထီးဖို့ကလို့ကျေးရွာအုပ်စုထဲကို ဒီကနေ့ဧပြီ ၁၄ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်တာမဟုတ်ဘဲ စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် ကျေးရွာထဲကို လက်နက်ကြီး ၄ လုံးကျကာ တိရစ္ဆာန်တချို့ ထိခိုက်ဒဏ်ရာရတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သင်္ကြန် အကြိုနေ့ ဧပြီ ၁၃ ရက်မှာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်၊ မားခရော်ရှေ့ကျေးရွာနဲ့ လောကျေခူကျေးရွာကြား၊ စစ်ကိုင်းတိုင်း ကလေးမြို့ ဝန်ထမ်းအိမ်ယာနား၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး မကွေးတိုင်း ပခုက္ကူမြို့နယ်၊ မြို့သစ်လမ်းပိုင်း၊ ပေါက်မြို့နယ်တံစူးရွာ၊ ရန်ကုန်တိုင်း ခရမ်းမြို့နယ်နဲ့သက္ကလမြို့နယ်ကြားက ဇွဲတွန်စစ်ဆေးရေးဂိတ်တွေမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
သင်္ကြန်ကာလဟာ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတာကြောင့် မင်္ဂလာရှိတဲ့နေ့ထူးနေ့မြတ်လို့ သတ်မှတ်ကြတာပါ။
အညာဒေသ မကွေးတိုင်း ပေါက်မြို့နယ်မှာဆိုရင် အတာအိုးလေးတွေနဲ့ ညနေ ၃ နာရီမှာ စကြိုလေ့ရှိကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်ရဲ့ သင်္ကြန်ကတော့ အင်အားသုံး စစ်ကြောင်းထိုးနေတာကြောင့် အသက်ဘေးကနေ လွတ်အောင် ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
" အရင်နှစ်တွေတုန်းက သင်္ကြန်က အေးအေးချမ်းချမ်းရှိခဲ့တာပါ။ ဒီနှစ်မှာတော့ စစ်ကောင်စီက ရက်ရက်စက်စက် ပစ်ခတ်နေလို့ ပြေးနေကြရတယ်။ မိသားစု ၈ ယောက်လုံး လက်နက်ကြီးကျလို့ သေရတာတွေလည်းရှိတယ်။ စစ်ကောင်စီတွေက ရွာကို မီးရှို့ပြီးထွက်သွားတယ်။ ဒေသခံတွေက မီးငြှိမ်းနေတုန်း စစ်ကောင်စီတပ်တွထပ်ရောက်လာလို့ ထပ်ပြေးရတယ်"လို့ ပေါက်မြို့နယ်က အသက် ၄၀ နီးပါးအရွယ် ဒေသခံအမျိုးသမီးက ပြောပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်ဟာ အခု ဧပြီလမှာ လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။
မကွေးတိုင်း ယောနယ်ထဲက ဆောမြို့နယ်ဟာဆိုရင်လည်း ဒီနေ့ ဧပြီလ ၁၄ ရက်မှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက် ရဟတ်ယာဉ်တွေနဲ့ပါ တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ဆောမြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ ဧပြီ ၁၀ ရက်လောက်ကစပြီး ရွာပေါင်း ၁၃ ရွာ မီးရှို့ခံရပြီး အိမ်ခြေ သုံးထောင်ကျော် မီးလောင်ခံခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
လေကြောင်းကနေ တိုက်ခိုက်မီးရှို့ခံထားရတဲ့ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ သင်္ကြန်နေ့ အကြိုမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ သင်္ကြန်အကျနေ့ ကယား၊ မကွေးနဲ့ စစ်ကိုင်းတိုင်းဘက်က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Screen Shot
"အရင်နှစ်တွေတုန်းက ရေကစားကြတာပေါ့ဗျာ။ အချင်းချင်းရေပက်ကြ၊ လူကြီးတွေကို ကန်တော့ကြနဲ့ အခုတော့သင်္ကြန် မပျော်ရတာ သုံးနှစ်ရှိပြီဗျ။ ဒီနှစ်မှာက လက်နက်ကြီးဘေးကနေ ရှောင်နေရတယ်။ " လို့ ဘန့်ဘွေးရွာခံတစ်ယောက်က သင်္ကြန်တွင်းမှာ မအေးချမ်းနိုင်တဲ့ဘဝတွေကို ပြောပြပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ရေဦး၊ အရာတော်၊ ရွှေဘို၊ ယင်းမာပင်နဲ့ မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေက လက်ရှိအချိန်ထိ စစ်ကြောင်းထိုးနေတာတွေ ရှိနေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကြောင်းထိုးခံရတာတွေ လျော့သွားတဲ့ ဒီပဲယင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေ မရှိတော့ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုတောင် သင်္ကြန်ရေကစားဖို့ ခွင့်ပြုပေးထားတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးဦးဆောင်သူတစ်ဦးက ပြောပါတယ်။
"သူတို့လည်း လူငယ်တွေလေ။ ဒီနေ့တောင် အချင်းချင်းရေကစားနေကြသေးတယ်။ အခုက ကုန်းလမ်းကနေ ဒီပဲယင်းကို စစ်တပ်တွေ မလာရဲကြတော့ဘူး။ တော်တော်လေး ငြိမ်သွားပြီး မကွေးဘက်ကို မဲနေတယ်။ နောက်နှစ်သင်္ကြန်မတိုင်ခင် ဒီတော်လှန်ရေးကြီးပြီးသွားရင်တော့ လာမယ့်သင်္ကြန်ကတော့ အတော်ပျော်စရာကောင်းမှာဗျ။"လို့ သူက ဖြည့်စွက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PRT/CJ
မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲကို ၂၀၂၀ ခုနှစ်က ကိုဗစ်ကပ်ရောဂါဘေးကြောင့် မကျင်းပဖြစ်လိုက်ပါဘူး။ ၂၀၂၁ ခုနှစ်မှာလည်း စစ်ကောင်စီကို ဆန့်ကျင်သလို သေဆုံးသွားသူတွေအတွက် ဝမ်းနည်းတဲ့အနေနဲ့ ပြည်သူတွေအများစု ရေမကစားဖြစ်ကြပြန်ပါဘူး။ ဒီနှစ် ၂၀၂၂ ခုနှစ်မှာလည်း စစ်ကောင်စီက မဏ္ဍပ်တွေ၊ အဆိုတော်တွေ၊ သရုပ်ဆောင်တွေနဲ့အတူ ဖျော်ဖြေရေးတွေ လုပ်ပေးထားပေမဲ့လည်း တော်လှန်သင်္ကြန်မှာ ပါဝင်တဲ့ ပြည်သူတွေအများစုလည်းရှိနေကြပါတယ်။
သင်္ကြန်ကာလ နေ့ထူးနေ့မြတ်မှာ တချို့ ပြည်နယ်နဲ့တိုင်းတွေမှာတော့ ဘုရား၊ ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်တည်ခွင့်၊ မိသားစုတွေ တစုတဝေးနဲ့ နေခွင့်မရဘဲ အသက်ဘေးကနေလွတ်အောင် ပြေးနေကြရတဲ့သူတွေလည်း ရှိနေပါတယ်။








