၂၀၂၂ သင်္ကြန်ပွဲတော် စည်ကားဖို့ စစ်ကောင်စီကြိုးပမ်း

စစ်ကောင်စီက ကျင်းပမည့်ရန်ကုန်မြို့တော်ဝန်သင်္ကြန်ဗဟိုမဏ္ဍပ်ကို မတ်လ၂၁ရက်နေ့က စတင်တည်ဆောက်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shweinnthar KhinMgWin

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီက ကျင်းပမယ့် ရန်ကုန်မြို့တော်ဝန်သင်္ကြန်ဗဟိုမဏ္ဍပ်ကို မတ်လ၂၁ရက်နေ့က စတင်တည်ဆောက်နေပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့်၂၀၂၀ ခုနှစ်က မြန်မာနှစ်သစ်ကူးပွဲတော်သင်္ကြန် မကျင်းပနိုင်ခဲ့သလို ၂၀၂၁ စစ်ကောင်စီလက်ထက်က သင်္ကြန်ဟာလည်း စစ်ကောင်စီကို ထောက်ခံတဲ့နေရာအချို့မှာပဲ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခု ၂၀၂၂မှာတော့ စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် ပြန်လည်စည်ကားဖို့ကြိုးပမ်းနေတယ်လို့ ရန်ကုန်နဲ့ မန္တလေးက လုပ်ငန်းရှင်တွေက ပြောပါတယ်၊

လာမယ့် သင်္ကြန်ကာလအတွက် မဏ္ဍပ်ဆောက်ဖို့နဲ့ ရန်ပုံငွေအတွက်ဆိုပြီး ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေက လုပ်ငန်းရှင်တစ်ချို့ထံကို စစ်ကောင်စီလက်အောက်က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အလှူငွေ နဲ့ ရန်ပုံငွေ ကောက်ခံတာတွေရှိနေတယ်လို့ လုပ်ငန်းရှင်တချို့က ပြောလာပါတယ်။

သင်္ကြန်ကာလအတွင်း ပြည်သူတွေ ရေကစားနိုင်ရေးဆိုပြီး စစ်ကောင်စီက မဏ္ဍပ်တွေ ဆောက်လုပ်နေသလို သင်္ကြန်ကာလအတွင်း လမ်းလျှောက်သင်္ကြန်လို အခမ်းအနားမျိုးတွေ ဆောင်ရွက်ပေးမယ်ဆိုပြီး ပြောနေတာတွေလည်း ရှိပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီလက်အောက် ဝန်ကြီးဌာနတွေက လုပ်ငန်းရှင်တွေ၊ လုပ်ငန်းကြီး လုပ်ကိုင်နေသူတွေကို မဏ္ဍပ်ဆောက်ဖို့ ဖိအားပေးတာ၊ ရန်ပုံငွေ ကောက်ခံတာတွေ လုပ်နေတယ်လို့ လုပ်ငန်းရှင်တွေက ဘီဘီစီကိုပြောတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Shweinnthar KhinMgWin

မြန်မာနှစ်သစ်ကူးကာလကို အကြောင်းပြပြီး တိုင်းပြည်အခြေအနေ ပုံမှန်ဖြစ်နေသယောင် ပြသဖို့ စစ်ကောင်စီက ကြိုးပမ်းနေတဲ့ သင်္ကြန်ပျော်ပွှဲရွှင်ပွဲတွေမှာ ပြည်သူတွေက ပူးပေါင်းပြီး မပါဝင်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က ဧပြီလ ၃ ရက် ဒီကနေ့ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီက သင်္ကြန်မှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး အပျော်သင်္ကြန်မှာ မပါကြဖို့ တော်လှန်သင်္ကြန် အဖြစ်မှတ်ယူ ဖြတ်သန်းကြဖို့ကိုလည်း GSCB က သတိပေးထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် သင်္ကြန်နဲ့ ပျော်ပွဲ၊ရွှင်ပွဲတွေကို ပြည်သူများအနေနဲ့ မပူးပေါင်း၊ မပါဝင်ကြခြင်းဖြင့် ငြင်းဆန် သပိတ်မှောက်ကြရန် ရန်ကုန်က ကြည့်မြင်တိုင်၊ တနင်္သာရီတိုင်းက လောင်းလုံးမြို့နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ တို့မှာ ဧပြီလ ၃ ရက်နေ့က တောင်းဆိုဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

လောင်းလုံးမြို့မှာတော့ "ရေမစိုသင်္ကြန် မေအိုမပြန် နွေကြိုအလံနဲ့ စောင့်နေမယ်" ခေါင်းစဉ်စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ရန် ဆန္ဒပြ လှုပ်ရှားမှု ပြုလုပ်ခဲ့ ကြတယ်လို့သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အကသသပိတ်ကေ

သင်္ကြန်ကာလအတွက် အလှူငွေ ရန်ပုံငွေဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် အလှူငွေကောက်ခံတာ၊ လုပ်ငန်းအလိုက် သက်ဆိုင်တဲ့ ဌာနတွေက တစ်ဆင့် အစည်းအဝေးခေါ်ယူပြီး ရန်ပုံငွေကို ဧပြီလ ၆ရက်နေ့ နောက်ဆုံးထားပေးရမယ့်အကြောင်း ပြောကြားထားတာတွေ ရှိတယ်လို့ လုပ်ငန်းရှင်တစ်ချို့က ဆိုပါတယ်။

သင်္ကြန်ကို စည်ကားစေဖို့ စစ်ကောင်စီဘက်ကလည်း စတုဒီသာမဏ္ဍပ်ဆောက်တာ၊ ရေကစားမဏ္ဍပ်တွေ တည်ဆောက်တာတွေကိုလည်း ရန်ကုန် မန္တလေးလိုမြို့တွေမှာ စတင်ပြုလုပ်နေတာတွေ့ရပါတယ်။

မန္တလေးမြို့က ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာန လက်အောက်ရှိ အရပ်ဘက်အသင်းတစ်ခုက တာဝန်ရှိသူတစ်ဦးကလည်း မဏ္ဍပ်ဆောက်ဖို့ အစည်းအဝေးခေါ်ယူတာတွေရှိတယ်လို့ ပြောပါတယ်။

၂၀၂၁ သင်္ကြန်

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးကာစ ၂၀၂၁ သင်္ကြန်

ပြီးခဲ့တဲ့နှစ် အာဏာသိမ်းကာစ ဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်ကာလမှာတော့ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့နေရာတချို့နဲ့ ပြည်နယ်တချို့မှာသာ ရေကစားပျော်ရွှင်ခဲ့ကြပြီး ပြည်သူအများစုကတော့ ပါဝင်ဆင်နွှဲတာမရှိကြပါဘူး။

အခုနှစ် ရန်ကုန်တိုင်းအတွင်း သင်္ကြန်ပွဲတော်မှာ စနိုက်ပါအဖွဲ့တွေ၊ လုံခြုံရေးအင်အားတွေ အများအပြားသုံးဖို့ ညွှန်ကြားတဲ့ စာတစ်စောင် ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

ဒီ စာနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သင်္ကြန်ပွဲတော်ကျင်းပဖို့ ၂၀၂၁ ခုနှစ်က စီစဉ်ခဲ့ပေမဲ့လည်း စည်ကားအောင်မြင်ခြင်းမရှိဘဲ ၂၀၂၂ ခုနှစ်မှာ စည်ကားဖို့ ပြန်လည် ကြိုးစားနေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

အခုနှစ် ၂၀၂၂မှာတော့ စီးပွားရေးအကျပ်အတည်းတွေကြားက သင်္ကြန်ပိတ်ရက်ကာလ စားဝတ်နေရေးအခြေအနေတွေအတွက် အခြေခံပြည်သူအများစုက စိုးရိမ်စိတ် ပိုများနေကြရတယ်လို့ ဘီဘီစီကို ပြောပါတယ်။