ဒူးမထောက် လက်မမြှောက် - ဟစ်ဇ်ဘိုလာ ခြေလှမ်း ဘယ်ကိုဦးတည်မလဲ

ဟစ်ဇ်ဘိုလာအလံဝှေ့ယမ်းပြီး ရွာကိုပြန်လာတဲ့ဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟစ်ဇ်ဘိုလာအလံဝှေ့ယမ်းပြီး ရွာကိုပြန်လာတဲ့ဒေသခံတွေ
    • ရေးသားသူ, ဟူဂို ဘချီဂါ
    • ရာထူးတာဝန်, အရှေ့အလယ်ပိုင်းသတင်းထောက်

နိုင်ငံအနှံ့အပြားမှာ ပြန့်ကြဲပြီး စစ်ရှောင်နေကြရတဲ့လက်ဘနွန်နိုင်ငံသားထောင်ချီဟာ နိုင်ငံတောင်ပိုင်းက သူတို့နေရပ်ရင်းဆီ အိမ်ပြန်ခရီးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်မှာ ခြေလှမ်းစခဲ့ကြပါတယ်။

သူတို့ အိမ်ပြန်လမ်းတလျှောက် အဝါရောင် ဟစ်ဇ်ဘိုလာအလံကို ဝင့်ဝင့်ကြွားကြွား ဝှေ့ယမ်းလာပြီး တော်လှန်ရေးသီချင်းတွေသီဆိုကြကာ အုပ်စုလိုက်ကားတန်းရှည်ကြီးနဲ့ ခရီးနှင်ခဲ့ကြတာဖြစ်ပါတယ်။

တစ်နှစ်ကျော်တိုက်ပွဲဖြစ်ခဲ့တဲ့ သူတို့ဒေသကို ပြန်ရောက်လာကြချိန်မှာတော့ နေစရာအိမ်မရှိတော့ဘူးဆိုတာ သိလိုက်ရပါတယ်။

ဆုံးရှုံးလိုက်ရတဲ့အရာတွေအတွက် ဝမ်းနည်းပူဆွေးခြင်းတွေနဲ့အတူ အဆောက်အဦးပျက်တွေရဲ့ အုတ်ပုံကြားမှာ တိုက်ခိုက်လုပ်ကြံခံရလို့ သေဆုံးခဲ့ရတဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန်နာဆာရာလာရဲ့ ပုံတွေကို ချိတ်ဆွဲထားကြပါတယ်။

အမေရိကန်နဲ့ ပြင်သစ်ရဲ့ ကြားဝင်စေ့စပ်မှုကနေဖြစ်ပေါ်လာတဲ့ ၂၀၂၄ နိုဝင်ဘာက ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးကြား အပစ်အခတ်ရပ်စဲရေးရဲ့ တစိတ်တဒေသအနေနဲ့ အစ္စရေးတပ်တွေက လက်ဘနွန်ထဲကနေ ဇန်နဝါရီ ၂၆ ရက်မှာ အပြီးဆုတ်ခွာပေးရမှာဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့တွေကလည်း တောင်ပိုင်းမှာ လက်နက်ခဲယမ်းတပ်ဆင်ချထားတာနဲ့ တပ်ဖွဲ့ဝင်တွေကို ဖယ်ရှားပေးရမှာပါ။

ဒါအပြင် လက်ဘနွန်စစ်သားထောင်နဲ့ချီကိုလည်း ဒီနယ်မြေမှာ တပ်ဖြန့်ထားရေးလည်း ပါဝင်ပါတယ်။

လက်ဘနွန်က ဒီအချက်ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်တာမရှိဘူးလို့ စွပ်စွဲကာ နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ အစ္စရေးတပ်တွေကလည်း အကုန်မဆုတ်ပေးခဲ့ပါဘူး။

အစ္စရေးက အချိန်ဆွဲနေတယ်လို့ လက်ဘနွန်ဘက်ကလည်း ပြန်စွပ်စွဲပါတယ်။

ဒီလိုနဲ့ ပစ်ခတ်တာတွေ ပြန်စခဲ့ပါတယ်။ဒေသတချို့မှာ အစ္စရေးစစ်သားတွေပစ်ခတ်လို့ လက်ဘနွန် စစ် သား ၁ ဦးနဲ့ အရပ်သားတွေအပါအဝင် ၂၄ ဦး သေဆုံးခဲ့ရပါတယ်။

ဒီဖြစ်ရပ်က အစ္စရေးနဲ့ ပဋိပက္ခကြောင့် ထိခိုက်ယိုယွင်းခဲ့ရတဲ့ လက်ဘနွန်တောင်ပိုင်းမှာ ဆယ်စုနှစ်များစွာ တန်ခိုးထွားခဲ့တဲ့ ဟစ်ဇ်ဘိုလာတွေအတွက်တော့ အင်အားပြဖို့ အချိန်ကောင်းပါပဲ။

ဒါပေမဲ့ လက်ဘနွန်ရဲ့အပြောင်းအလဲတွေကြားမှာ ဟစ်ဇ်ဘိုလာအဖွဲ့ ရပ်တည်နိုင်ပါ့မလား။

အရှေ့အလယ်ပိုင်း နိုင်ငံတွေကြားမှာ အာဏာပြန်တည်ထောင်နိုင်မလား။

နိုင်ငံကို ချိနဲ့‌အောင်လုပ်နိုင်စွမ်း

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှီအာ မွတ်ဆလင်တွေရဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ လူမှုလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ နှစ်ပေါင်း များစွာတိုင်အောင် လက်ဘနွန်မှာ အင်အားအကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့အဖြစ် အခိုင်အမာရပ်တည်ခဲ့ပါတယ်။

အီရန်ကျောထောက်နောက်ခံရထားတဲ့ ဒီအဖွဲ့ဟာ လက်ဘနွန်စစ်တပ်ထက်တောင် အရှိန်အဝါကြီးပါတယ်။ သူ့ရဲ့ စစ်ဘက်အဖွဲ့ဟာ ဒေသတွင်းမှာဆိုရင် အင်အားအရှိဆုံးလက်နက်ကိုင်တပ်ဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး ဒုံးကျည်နဲ့ ဒုံးပျံပေါင်း ၂ သိန်းနီးပါး၊ နောက် တိုက်ခိုက်ရေးဒရုန်းတွေကိုလည်း တပ်ဆင်ထားပါတယ်။ လက်ဘနွန်စစ်တပ်နဲ့ မသက်ဆိုင်သလို ပိုပြီးတော့လည်း အင်အားတောင့်ပါတယ်။

ဟစ်ဇ်ဘိုလာဟာ လက်ဘနွန်အစိုးရအပေါ်မှာ နိုင်ငံရေးအရ လွှမ်းမိုးမှုလည်း ရှိပါတယ်။

အက်ကြောင်းထနေတဲ့ လက်ဘနွန်နိုင်ငံရေးမှာလည်း ကိုယ်စားပြုခွင့်ရထားတာကြောင့် လွှတ်တော်မှာအားကောင်းတဲ့အုပ်စုအဖြစ် ရပ်တည်ပါတယ်။

ဒီအဖွဲ့ရဲ့သဘောတူညီချက်မရှိဘဲ အရေးကြီးဆုံးဖြတ်ချက်တွေချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

သဘောကတော့ ဟစ်ဇ်ဘိုလာက နိုင်ငံကို လှုပ်ခါနိုင်စွမ်းရှိသလို ကြိမ်ဖန်များစွာလည်း လုပ်ခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေး-ဟားမတ်စ် တိုက်ပွဲဖြစ်နေချိန် ၂၀၂၃ အောက်တိုဘာမှာတော့ ဟစ်ဇ်ဘိုလာဟာ အစ္စရေးကို ဒုတိယရှေ့တန်း စစ်မျက်နှာဖွင့်ခဲ့တာက နောက်ဆုံးပဋိပက္ခဖြစ်ပါတယ်။

အစ္စရေးဟာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ပုံစံမျိုးနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ထဲ စိမ့်ဝင်ချိန် စက်တင်ဘာလမှာတော့ နှစ်ဖက်ရန်ဟာ ရုတ်ချည်းဆိုသလို မြင့်တက်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ ပေဂျာတွေ ပထမဆုံး ပေါက်ကွဲကုန်ပါတယ်။ နောက်တော့ စကားပြောစက်တွေ ထ ပေါက်တယ်။

အဲဒီနောက်မှာတော့ အစ္စရေးက လေကြောင်းကနေ မပြတ်တိုက်ပြီး လက်ဘနွန်တောင်ပိုင်းကို ဆက်ဝင် ခဲ့တာကြောင့် အရပ်သားတွေအပါအဝင် လူ ၄,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒါအပြင် ဟစ်ဇ်ဘိုလာရဲ့ အထောက်အပံ့ကြီးကြီးမားမားရတဲ့ ရှီယာမွတ်ဆလင်တွေ အများစုနေထိုင်တဲ့ လက်ဘနွန်တောင်ပိုင်းဟာ အပျက်အစီးတွေနဲ့ ကျန်ရစ်ပါတယ်။ ဟစ်ဇ်ဘိုလာရဲ့ လက်နက်တွေလည်း အတော်များများ ပျက်စီးကုန်ပါတယ်။

ဆယ်စုနှစ် ၃ ခုစာလောက် ဟစ်ဇ်ဘိုလာရဲ့ပြယုဂ်ဖြစ်ခဲ့တဲ့ နာဆာရာလာလို ခေါင်းဆောင်များစွာလည်း လုပ် ကြံသတ်ဖြတ်ခံခဲ့ရတာပါ။

သူ့လောက် သြဇာတိက္ကမကြီးတဲ့ ဆက်ခံသူ ဟစ်ဇ်ဘိုလာ ဒုတိယခေါင်းဆောင် နာရင်းမ် ကတ်စ်ဆမ်ကတော့ အဖွဲ့ဟာ ဆုံးရှုံးမှုကြီးကြီးမားတွေ ကြုံထားရတယ်လို့ ဝန်ခံပါတယ်။

နိုဝင်ဘာလမှာစတင်အသက်ဝင်တဲ့အပစ်ရပ်စဲမှုဟာ အမေရိကန်၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေက အကြမ်းဖက် အဖွဲ့အဖြစ်မှတ်ယူထားတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ အညံ့ခံမှုတစ်ခုဖြစ်လာခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာခေါင်းဆောင်း ဟာဆန် နာဆာရာလာပုံ ကပ်ထားတဲ့ ကားပေါ် မှာ အလံကိုင်ဆောင်ပြီး လိုက်ပါစီးနင်းလာတဲ့ ဒေသခံတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှီယာမွတ်ဆလင်တွေရဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှု တစ်ခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာဟာ လက်ဘနွန်မှာအင်အားအကြီးဆုံးဖြစ်ခဲ့ပါတယ်

လက်ဘနွန်မှာ သမ္မတ မရှိတာ ၂ နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ အမေရိကန်တွေ သဘောကျတဲ့ စစ်တပ်ခေါင်းဆောင်ဟောင်း ဂျိုဇက် အာနွန်ကို လက်ဘနွန်လွှတ်တော်က အခင်းအကျင်းသစ်အနေနဲ့ ရွေးကောက်တင် မြှောက်လိုက်ပါပြီ။

ဟစ်ဇ်ဘိုလာအဖွဲ့ကြောင့် အခုလိုကြာမြင့်ခဲ့တာလို့ ဝေဖန်ခံခဲ့ရပေမဲ့ အခုတစ်ကြိမ်မှာတော့ အင်အားနည်းသွားတဲ့ ဟစ်ဇ်ဘိုလာဟာ အရင်တုန်းကလို ဒီလုပ်ငန်းစဥ်ကို ဟန့်တားနိုင်စွမ်း မရှိတော့ပါဘူး။

အာနွန်ဟာ ဟစ်ဇ်ဘိုလာရဲ့ သြဇာ မှေးမှိန်လာမှုကိုပြသမှု နောက်တစ်မျိုးအနေနဲ့ ဟားမတ်စ်အဖွဲ့ဘက်ကို မယိမ်းသူလည်းဖြစ်၊ လက်ရှိမှာ နိုင်ငံတကာတရားရုံး(ICJ)ဥက္ကဋ္ဌတာဝန်လည်း ယူခဲ့ဖူးသူ နာဝက်ဖ် ဆာလမ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပါတယ်။

အခုတော့ ဟစ်ဇ်ဘိုလာအဖွဲ့မှာ နောက်ထပ် ဦးစားပေးအာရုံစိုက်ရမယ့်အရာပေါ်လာပုံရပါတယ်။ အဲဒါကတော့ အဖွဲ့ရဲ့ အခြေစိုက်နေရာပါ။ ဒီကိစ္စတွေထက် ဦးစားပေးစရာရှိနေပါတယ်။

အခုတော့ ဟစ်ဇ်ဘိုလာအဖွဲ့မှာ နောက်ထပ် ဦးစားပေးအာရုံစိုက်ရမယ့်အရာပေါ်လာပုံရပါတယ်။ အဲဒါကတော့ အဖွဲ့ရဲ့ အခြေစိုက်နေရာပါ။

တိုက်ပွဲအတွင်း ဆုံးရှုံးမှုတွေက အောင်ပွဲပဲလို့ ဟစ်ဇ်ဘိုလာက ထောက်ခံသူတွေကို ပြောဆိုနေပေမဲ့ အမှန် တရား မဟုတ်ဘူးဆိုတာ လူအများစုကနားလည်ကြပါတယ်။

သူတို့အသိုက်အဝန်းတွေဖျက်ဆီးခံလိုက်ရပြီဖြစ်သလို ကမ္ဘာ့ဘဏ်ရဲ့အချက်အလက်အရ အဆောက်အဦ ပျက်စီးမှုတန်ဖိုးက အမေရိကန်ဒေါ် လာ ၃ ဘီလျံ(ပေါင် ၂ ဒဿမ ၄ ဘီလျံ) ကျော်ပါတယ်။

လက်ဘနွန်က အိမ်ခြေအပျက်အစီးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးရဲ့ လေကြောင်းစစ်ဆင်ရေး နဲ့ တောင်ပိုင်းကျူးကျော်စစ်ကြောင့် လူ ၄,၀၀၀ကျော် သေဆုံးခဲ့ပြီး အပျက်အစီးတွေ တစ်ပြန့်ကြီး ကျန်ခဲ့ပါတယ်

စီးပွားရေးကျဆင်းနေတဲ့နိုင်ငံမှာ ကူကယ်ရာမဲ့ နေပါတယ်။ နိုင်ငံတကာအကူအညီတွေကလည်း ဟစ်ဇ်ဘိုလာလွှမ်းမိုးမှုကို လျှော့ချဖို့အတွက် အစိုးရကို ကြပ်မတ်ပြီးမှ ပေးတဲ့ပုံစံမျိုးပြောင်းလဲလာပါတယ်။

၂၀၀၆ စစ်ပွဲတုန်းကလို မိသားစုတချို့ကို ဟစ်ဇ်ဘိုလာက လျော်ကြေးပေးတာမျိုးလုပ်ပေးပေမဲ့ မကျေနပ်ကြဘူးဆိုတဲ့ အရိပ်အယောင်တွေ မြင်ရပါတယ်။

" ၆ လကြာသည့်တိုင်အောင် လူတွေဟာ တဲထဲမှာ ဒါမှမဟုတ် ပြိုသွားတဲ့သူတို့အိမ်တွေရဲ့အုတ်ပုံပေါ်မှာပဲ ဆက်နေရမယ်ဆိုရင် အစိုးရနဲ့ အစ္စရေးထက် ဟစ်ဇ်ဘိုလာကိုပဲ အပြစ်တင်ကြတော့မှာ။ ဒါကြောင့် အဲဒီလို မဖြစ်အောင် သူတို့ အများကြီး ရင်းပြီး ကြိုကာနေတာ" လို့ ဘေရွတ်အခြေစိုက် အတ္တလန္တိတ်ကောင်စီ အရှေ့အလယ်ပိုင်းအစီအစဉ်ရဲ့ အကြီးတန်းဧည့်အဖွဲ့ဝင် နစ်ကိုလပ်စ် ဘလန်ဖော့ဒ်က ဆိုပါတယ်။ သူက သူရဲကောင်းများ သို့မဟုတ် အစ္စရေးဆန့်ကျင်ရေး ဟစ်ဇ်ဘိုလာရဲ့ နှစ် ၃၀ ကြာ ရုန်းကန်မှုကို ထဲထဲဝင်ဝင်လေ့လာခြင်း ဆိုတဲ့ စာအုပ်ကို ရေးသားသူလည်းဖြစ်ပါတယ်။

"လတ်တလောအခင်းအကျင်းမှာ ဟစ်ဇ်ဘိုလာကို အာခံလို့ရသယောင် အနေအထားမှာ ရှိနေတယ်" လို့ သူကပြောပါတယ်။

အကြွင်းမဲ့ ခြိမ်းခြောက်မှု

ဒါပေမဲ့ ဟစ်ဇ်ဘိုလာကို ဆန့်ကျင်မှုမှန်သမျှမှာ သတိချက်စရာ အန္တရာယ်တွေ ရှိပါတယ်။

ဇန်နဝါရီ ၂၆ ရက်က တောင်ပိုင်းကို လူတွေ ပြန်လာအပြီး နာရီပိုင်းအကြာမှာ လူငယ်တချို့ဟာ ဘေရွတ်ရဲ့ ရှီယာမွတ်စလင်အများစုနေထိုင်ရာ မဟုတ်တဲ့ဒေသတွေနဲ့ တခြားနေရာတွေကို ညဘက်မှာ ဆိုင်ကယ်ဟွန်းတွေတီးကာ ဟစ်ဇ်ဘိုလာ အလံလွှင့်ပြီး သွားလာခဲ့ကြပါတယ်။

ဒေသတချို့မှာတော့ ဒီလူငယ်တွေဟာ ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့တာတွေ ရှိခဲ့ပါတယ်။

ဘာသာရေးနဲ့ လူမျိုးရေးအရ မတူကွဲပြားမှုတွေရှိပြီး ၁၉၇၅-၁၉၉၀ ပြည်တွင်းစစ်ရဲ့ နေ့ရက်တွေကို မှတ်မိသူတွေ အများအပြားရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ အခုလို နိုင်ငံရေးအင်အားပြတဲ့ ယာဉ်တန်းတွေကို ခြိမ်းခြောက်မှု တစ်ခုအနေနဲ့ ရှုမြင်ကြပါတယ်။

သူ့ရဲ့ လက်နက်ကိုင်အဖွဲ့ကြောင့် ဟစ်ဇ်ဘိုလာဟာ အကြမ်းဖက်ဖို့ ခြိမ်းခြောက်နေတယ်ဆိုတာ ပြောစရာတောင်မလိုဘူးလို့ မစ္စတာ ဘလန်ဖော့ဒ်က ဆိုပါတယ်။

"ကိုယ်က ခပ်ပြင်းပြင်းတွန်းရင် သူတို့က ခပ်နာနာ ပြန်ရိုက်မှာမျိုး'' လို့ သူက ပြောပါတယ်။

"ဟစ်ဇ်ဘိုလာကို ချောင်ပိတ်ရိုက်ရင် ရလဒ်က ထင်သလိုမဟုတ်ဘဲ ပြန်အကြမ်းဖက် ခံရနိုင်ခြေများတယ်လို့ ဒီက(အတိုက်အခံအဖွဲ့တွေ)နဲ့ တခြားနိုင်ငံတွေကို ပြောထားရတယ်" လို့ အချက်အလက် ပေါက်ကြားမှာစိုးတာကြောင့် နာမည်ဝှက်နဲ့ ပြောဆိုခဲ့တဲ့ အနောက်နိုင်ငံသံတမန် တစ်ယောက်က ပြောပါတယ်။

အဆောက်အဦးပျက်ကြားက ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ဟောင်း ဟာဆန်နာဆာရာလာပုံကို ရပ်ကြည့်နေတဲ့ လူငယ်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဖွဲ့ကို ဆယ်စုနှစ် ၃ စုကျော်အထိ ဦးဆောင်ခဲ့တဲ့ နာဆာရာလာအပါအဝင် ဟစ်ဇ်ဘိုလာခေါင်းဆောင်အများအပြား လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်

ကျွံဝင်နေတဲ့လာဘ်စားမှုတွေ၊ အစိုးရရဲ့ စီမံခန့်ခွဲမှုအလွဲအမှားတွေ၊ အဆုံးသတ်မယ်လို့မမြင်ရသေးတဲ့ အကြမ်းဖက်မှုတွေကြားက နွမ်းလျနေတဲ့ လက်ဘနွန်မှာ အခြေအနေသစ် စာမျက်နှာတစ်ခုကို စတင်လိုက်ပြီဖြစ်ပါတယ်။

ဂျိုဇက် အာနွန်ဟာ လက်ဘနွန်ပါလီမန်မှာ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းကို ပြောကြားရာမှာ ကာလရှည်နှောင့် နှေးခဲ့ရတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အလှမ်းကျယ်ကျယ်နဲ့ လုပ်ဆောင်သွားဖို့ ကတိပြုခဲ့ပါတယ်။

ပြောင်းလဲမှုကြီးကြီးမားမားမလုပ်ဘဲ လက်ဘနွန်ကို ကယ်တင်လို့ရမှာမဟုတ်ဘူးလို့လည်းဆိုပါ တယ်။

အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ဖို့၊ စီးပွားရေး ပြန် လည် ထူထောင်ဖို့ နဲ့ အရေးပါဆုံးအချက်ဖြစ်တဲ့ လက်ဘနွန်စစ်တပ်ကို နိုင်ငံရဲ့ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အဖြစ် ပြုလုပ်ဖို့တွေကို ကတိကဝတ်ပြုခဲ့ပါတယ်။

ဂျိုဇက် အာနွန်က ဟစ်ဇ်ဘိုလာလို့ နာမည်တပ်မပြောပေမဲ့ သူ့ဆိုလိုရင်းက ဒါပါပဲ။

သူ့ပြောဆိုချက်ကို လွှတ်တော်မှာ တက်တက်ကြွကြွ လက်ခုပ်တီးအားပေးကြချိန် ဟစ်ဇ်ဘိုလာ အမတ်တွေကတော့ တိတ်ဆိတ်နေခဲ့ပါတယ်။

ဒေသတွင်း ပြဿနာ

ဒါပေမဲ့ စစ်အင်အားတစ်ခုအနေနဲ့ ဟစ်ဇ်ဘိုလာရဲ့ ဖြစ်တည်မှုကို ဆုံးဖြတ်ချက်ကတော့ လက်ဘနွန်နဲ့ ဟိုး ဝေးဝေးကနေ လာနိုင်ခြေရှိပါတယ်။ အဲဒါက အီရန် ဖြစ်ပါတယ်။

အစ္စရေးကို စစ်ရေးအရ နည်းဗျူဟာကျကျ ဝိုင်းပတ် ခြိမ်းခြောက်ထားနိုင်ဖို့ အီရန်ဟာ ခုခံတွန်းလှန်မှုဝင်ရိုးလို့ ခေါ်ဆိုတဲ့ ဒေသတွင်း မဟာမိတ်အဖွဲ့မှာ ငွေကြေးနဲ့ လက်နက်တွေကို ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့တာပါ။ ဟစ်ဇ်ဘိုလာကတော့ သူ့ရဲ့ အဓိက ဇာတ်ကောင် ဖြစ်ပါတယ်။

အစ္စရေးမြေပေါ်ရောက်အောင် တိတိကျကျ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေအပါအဝင်လက်နက် အင်အားအများအပြားတပ်ဆင်ထားပြီး တိုက်ပွဲအတွေ့အကြုံနဲ့ လေ့ကျင့်သားပြည့်နေတဲ့ တိုက်ခိုက်ရေးသမားထောင်ပေါင်းများစွာပါဝင်တဲ့အဲဒီအဖွဲ့ ဟာ အစ္စရေးရဲ့ အီရန်နျူကလီးယား အဆောက်အအုံတွေကို တိုက်ခိုက်ရေးမှာ အဟန့်အတားအဖြစ် တည်ရှိနေတာပါ။

ခုချိန်မှာ ဒီအတားအဆီး မရှိတော့ဘဲ အီရန်က ပြန်လည်တည်ဆောက်ချင်ရင်လည်း လွယ်ကူ မှာတော့ မဟုတ်ပါဘူး။

ဒီဇင်ဘာလတုန်းက ဆီးရီးယားမှာ အာဆတ်အုပ်စိုးမှု ပြုတ်ကျခဲ့တာဟာ ဟစ်ဇ်ဘိုလာတွေ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုနဲ့ ဆုံးရှုံးမှုတွေကြောင့်လို့ တစိတ်တပိုင်း ဆိုနိုင်ပြီး ဟစ်ဇ်ဘိုလာကို လက်နက်နဲ့ ငွေကြေးထောက်ပံ့ဖို့ တဟီရန်က သုံးနေတဲ့မြေပြင်လမ်းကြောင်းကိုလည်း ထိခိုက် နှောင့်နှေးစေတာပါ။

ဟစ်ဇ်ဘိုလာနဲ့ပတ်သက်ပြီး ထောက်လှမ်းရေးအချက်အလက် အများအပြား စုဆောင်းထားတဲ့ အစ္စရေးဟာ ဟစ်ဇ်ဘိုလာတွေ လက်နက်ပြန်လည်တပ်ဆင်မှာကို တားဆီးတဲ့အနေနဲ့ အဲဒီအဖွဲ့ကို ဦးတည်တိုက်ခိုက်တာတွေ ဆက်ပြီး ပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။

လက်ဘနွန်သမ္မတ ဂျိုဇက် အာနွန် သတင်းထုတ်ပြန်ချက်ဖတ်ကြားနေစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ဦးစီးချုပ်ဟောင်း ဂျိုဇက် အာနွန်ကို လွှတ်တော်က သမ္မတသစ် အဖြစ် ပြီးခဲ့တဲ့တုန်းက ရွေးကောက်တင်မြောက်ခဲ့ပါတယ်

"ဟစ်ဇ်ဘိုလာနဲ့ ပတ်သက်ပြီး အခြေခံကျတဲ့ မေးခွန်းတွေကို အီရန်ကပဲ အမှန်တကယ် ဖြေဆိုနိုင်မှာ"လို့ မစ္စတာ ဘလန်ဖော့ဒ်က ပြောပါတယ်။

"လက်နက်ဖြုတ်သိမ်းဖို့ ဒါမှမဟုတ် နိုင်ငံရေးပါတီနဲ့ လူမှုရေးလှုပ်ရှားမှုတစ်ခုတည်း အသွင်ဖြစ်လာဖို့ ဆိုတဲ့ မတူညီတဲ့အတွေးမျိုး အီရန်နဲ့ ဟစ်ဇ်ဘိုလာ တစ်ဖွဲ့ဖွဲ့က ဆုံးဖြတ်လိုက်တာမျိုးလည်း ဖြစ်လာနိုင်တယ်"လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဒါဟာ အီရန်ရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပြီး ဟစ်ဇ်ဘိုလာမှာတော့ လုပ်ပိုင်ခွင့်မရှိနေပါဘူး။

ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းဖို့ ပြောဆိုချက်တွေဟာ လက်တွေ့ကျရဲ့လားလို့ ဟစ်ဇ်ဘိုလာအတွင်းရေးတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကို ကျွန်တော်မေးခဲ့ပါတယ်။ သတင်းရင်းမြစ်က ဒီကိစ္စဟာ ပိုပြီးကြီးမားတဲ့ ဒေသတွင်းအတိုင်းအတာနဲ့ တွေ့ဆုံညှိနှိုင်းရေးရဲ့ တစိတ်တပိုင်းဖြစ်နိုင်ပြီး အီရန်ဟာ သူ့ရဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ ပတ်သက်လို့ အနောက်နဲ့ သဘောတူညီမှုတစ်ခုရရှိရေး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာနိုင်တာနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ဆိုပါတယ်။

"လက်နက်တွေ အလုံးစုံ ဖြုတ်သိမ်းလိုက်တာနဲ့ နောက်ထပ်ဖြစ်နိုခြေတစ်ခုဖြစ်တဲ့ လက်နက်တွေကို ဘယ်လို အသုံးပြုရမယ်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကြီးကြပ်မှုနဲ့ အလုပ်လုပ်တာဟာ မတူညီဘူး"လို့ သူက ဖြည့်ပြီး ပြောပါတယ်။

ဘရွတ်မြို့က ဘာဒါနန်းတော်မှာတွေ့ရတဲ့ လက်ဘနွန်သမ္မတ ဂျိုးဇက်အာဝင် နဲ့ ဝန်ကြီးချုပ် နဝက် ဆလမ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဂျိုဇက် အာနွန်(လက်ဝဲဘက်/ သမ္မတခန့်အပ်ခဲ့တဲ့ဝန်ကြီးချုပ် နဝက် ဆလမ်နဲ့ပုံ)ဟာ အချိန်နှောင့်နှေးနေခဲ့တဲ့ပြုပြင်ပြောင်းလဲရေးအတွက် ကတိပြုခဲ့သလို လက်ဘနွန်ရဲ့အနာဂတ်က ကြီးမားတဲ့ပြောင်းလဲမှုအပေါ်မူတည်တယ်လို့ သတိပေးလာပါတယ်

လက်ဘနွန်ရဲ့ ခေါင်းဆောင်သစ်တွေဟာ မြန်မြန်ဆန်ဆန် တုံ့ပြန့်ဖို့ ဖိအားတွေပေးခံနေရပါတယ်။

ပြည်ပမဟာမိတ်တွေကတော့ အရှေ့အလယ်ပိုင်းမှာ အာဏာဟန်ချက် ပြန်လည်ပုံဖော်လာတာဟာ အီရန်ရဲ့ အလှယ်ကျယ်မှု ကျုံ့လာဖို့ အခွင့်အရေးတစ်ခုအဖြစ်မြင်ကြပါတယ်။ ဒီအချိန်မှာ လက်ဘနွန်နိုင်ငံ သားတွေကိုတော့ တည်ငြိမ်မှုအတွက် စိုးရိမ်စိတ်ရှိကြသလို ဥပဒေအောက်မှာ လူတိုင်း တန်းတူဖြစ်စေဖို့ ဆန္ဒရှိနေကြပါတယ်။

ရုန်းရင်းဆန်ခတ်အခြေအနေကြားမှာ ရှေ့ဆက်နိုင်စွမ်းကို ကြည့်ပြီး လက်လနွန်နိုင်ငံသားတွေဟာ ''ဒဏ်ခံနိုင်တဲ့သူတွေ'' လို့ ပုံဖော်ပြောဆိုခံရရင် ဒီကလူတွေက မကြိုက်ကြပါဘူး။

"ငါတို့က သာမန်နိုင်ငံတစ်ခုမှာ နေထိုင်ချင်ရုံပါပဲ" လို့ ဘေရွတ်ရဲ့ ခရစ်ယာန်အများစုနေထိုင်တဲ့အရပ်က စိတ်ပျက် စိတ်ရှုပ်နေတဲ့ ဒေသခံတစ်ယောက်ဆီကနေ မနှစ်က ကြားခဲ့ရပါတယ်။

အခက်အခဲတွေနဲ့ ဒုက္ခအများအပြား ကြုံတွေ့ရပြီးနောက်မှာတော့ ဟစ်ဇ်ဘိုလာ‌ရဲ့ အခန်းကဏ္ဍ ဘယ်လိုဆက်ပါသင့်တယ်ဆိုတာကို ထောက်ခံသူတွေကြားမှာတောင် မေးခွန်းထုတ်စရာဖြစ်လာနိုင်ပါတယ်။

ဟစ်ဇ်ဘိုလာဟာ စစ်ပွဲမတိုင်မီက သူတို့ရဲ့ အခြေအနေကို ပြန်သွားနိုင်မှာ မဟုတ်ပါဘူး။ လက်နက်ဖြုတ်သိမ်းရေးကတော့ အရင်တုန်းကလိုမျိုး မစဥ်းစားနိုင်လောက်စရာအဖြစ်ပဲ ဆက်ရှိကောင်း ဆက်ရှိနိုင်ပါတယ်။