မေ ၁၈ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - မြန်မာ၊ အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကို စစ်ခေါင်းဆောင်ဘာပြောလဲ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတတို့ မေလဆန်းမှာ မော်စကိုမြို့မှာ တွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတတို့ မေလဆန်းမှာ မော်စကိုမြို့မှာ တွေ့ဆုံမှု

နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးကျင့်သုံးမယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒအရ တရုတ်နိုင်ငံနဲ့သာမက အမေရိကန်နဲ့ပါ အကောင်းဆုံး ထိတွေ့ဆက်ဆံမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ရုရှားနိုင်ငံ ၊ မော်စကိုမြို့မှာ မေ ၈ရက်က လုပ်ခဲ့တဲ့ ရုရှားရုပ်သံလိုင်း RT နဲ့တွေ့ဆုံမေးမြန်းမှုမှာ စစ်ခေါင်‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်နေတာကို မြန်မာနိုင်ငံ အနေနဲ့ ဘယ်လို ထိန်းညှိပေးမလဲဆိုတာကို ရုပ်သံလိုင်းက မေးမြန်းချိန်မှာ သူက အခုလိုပြောခဲ့တာဖြစ်ပါတယ်။

"အမေရိကန်နိုင်ငံနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ မိတ်ဆွေနိုင်ငံတစ်ခုပါပဲ။ သို့သော်လည်းပဲ တရုတ်နိုင်ငံကတော့ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံအထဲမှာလည်းဖြစ်သလို အိမ်နီးနားချင်းနိုင်ငံထဲမှာလည်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တယ်။ ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်တယ်။ သူများနိုင်ငံတွေထက်ပိုထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ဒီနှစ်နိုင်ငံလုံးနဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ထိတွေ့ဆက်ဆံသွားဖို့ ရှိပါလိမ့်မယ်" လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 စစ်ခေါင်‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားရုပ်သံလိုင်း RT နဲ့တွေ့ဆုံမေးမြန်းမှု

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, စစ်ခေါင်‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားရုပ်သံလိုင်း RT နဲ့တွေ့ဆုံမေးမြန်းမှု

၁၉၅၀ ပြည့်နှစ်လွန်ကာလတွေမှာ အမေရိကန်က တရုတ်ကို ထိန်းနိုင်မယ့် မူ၀ါဒထားခဲ့ပေမဲ့ အခုတော့ တရုတ်ဟာ ပြိုင်ဘက်ဖြစ်လာပြီဖြစ်လို့ ပြိုင်ဘက်တစ်နိုင်ငံအနေနဲ့ ပြန်လည်ထိန်းကျောင်း တာမျိုး လုပ်သင့်တယ်လို့လည်း သူက ပြောပါတယ်။

"နိုင်ငံတွေအနေနဲ့ အားလုံးညှိနှိုင်းဆောင်ရွက်တာမျိုး လုပ်သင့်တယ်လို့ ကျွန်တော်တော့ယူဆပါတယ်။ ဒါသူတို့ နှစ်နိုင်ငံချင်းနဲ့တော့ မဆိုင်ဘူး။ ကျန်တဲ့ဟာတွေပါ ပါလာတယ်။ နှစ်နိုင်ငံတည်းနဲ့တော့ ပြဿနာတော့အကြီးအကျယ်ဖြစ်မှာမဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေပါ ပါလာမှ ပိုပြီးပြဿနာပိုရှုပ်မှာဖြစ်ပါတယ်"လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံနဲ့ အာဆီယံအကြား အနာဂတ်ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံအနေနဲ့ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ အာဆီယံနဲ့ ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးကိုလည်း ညှိနှိုင်းရေး တာဝန်ယူထားတယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံကလည်း မိတ်ဆွေနိုင်ငံတစ်ခု ဖြစ်တဲ့အတွက် ရုရှားနဲ့ အာဆီယံဆက်ဆံရေးနဲ့ ပတ်သက်လို့ ပိုကောင်းအောင် လုပ်ပေးဖို့ ဆန္ဒရှိသလို နောက်ပိုင်းမှာလည်း ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေကို ကဏ္ဍပေါင်းစုံ တိုးချဲ့နိုင်ဖို့လည်း စဉ်းစားဆောင်ရွက်ဖို့ လိုတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

လီယို ၁၄ ပုပ်ရဟန်းမင်းကြီး တာ၀န်ကို အခမ်းအနားနဲ့ တရား၀င်ရယူပြီ

မေလ ၁၈ ရက် ပုပ်ရဟန်းမင်းတာ၀န် တရား၀င် ရယူတဲ့ အခမ်းအနားမှာ မြင်ရတဲ့ ပုပ်ရဟန်းမင်းကြီး အသစ် လီယို ၁၄

ဓာတ်ပုံ ရင်းမြစ်, Reuters

အီတလီနိုင်ငံ၊ ရောမမြို့က စိန့်ပီတာရင်ပြင်မှာတော့ ပုပ်ရဟန်းမင်းအသစ် လီယို ၁၄ ဟာ ရဟန်းမင်းကြီးအသစ် ခန့်အပ်ခံရပြီးတဲ့နောက် ရဟန်းမင်းသစ် တာ၀န်ကို အခမ်းအနားနဲ့ စတင်ရယူပြီ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ပုပ်ရဟန်းမင်း လီယိုဟာ စိန့်ပီတာ ရင်ပြင်က ကက်လလစ်ဘာသာဝင်တွေနဲ့ ဧည့်ပရိသတ်ကို တနင်္ဂနွေ တရားချီးမြှင့်မှာလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ရဟန်းမင်းကြီး လီယိုဟာ ပုပ်ရဟန်းမင်းအဆောင်အယောင် ကားပေါ် ကနေ ဧည့်ပရိသတ်ကို လှည့်လည်နှုတ်ဆက်ခဲ့တာကြောင့် ဒါဟာ သူ့အတွက် အဲဒီယာဉ်ကို ပထမဆုံးအကြိမ် စီးနင်းမှုဖြစ်လည်း ဖြစ်လာပါတယ်။

ဗာတီကန်မှာ ဒီနေ့ပြုလုပ်နေတဲ့ ပုပ်ရဟန်းမင်း တာ၀န် တရား၀င်ရယူမှု တရားချီးမြှင့်ပွဲကို အမေရိကန် ဒုတိယ သမ္မတ ဂျေဒီဗန့်စ်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့လည်း တက်ရောက်နေပါတယ်။

ရဟန်းမင်း လီယိုဟာ ရဟန်းအမတ်တွေက ရဟန်းမင်းအသစ်အဖြစ် သူ့ကို တံခါးပိတ် မဲပေးရွေးချယ်မှုအပြီး မေလ ၈ ရက်တုန်းကတော့ ကက်သလင်းအသင်းတော် စည်းလုံးရေးနဲ့ စစ်ပွဲတွေရပ်ရေး ပထမဆုံး တိုက်တွန်းခဲ့ပါတယ်။

KNU စစ်ရေး၊ နိုင်ငံရေး အကြံပေး စောထူးထူးလေး ကွယ်လွန်

ကရင်အမျိုးသား အစည်းအရုံး- KNU ရဲ့ စစ်ရေး၊ နိုင်ငံရေး အကြံပေး အဖြစ်နဲ့ တာဝန်ယူခဲ့တဲ့ စောထူးထူးလေး

ဓာတ်ပုံ ရင်းမြစ်, KNLA Military Office

ဓာတ်ပုံ ပုံစာ, ကရင်အမျိုးသား အစည်းအရုံး- KNU ရဲ့ စစ်ရေး၊ နိုင်ငံရေး အကြံပေး အဖြစ်နဲ့ တာဝန်ယူခဲ့တဲ့ စောထူးထူးလေး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကရင်အမျိုးသား အစည်းအရုံး- KNU ရဲ့ စစ်ရေး၊ နိုင်ငံရေး အကြံပေး အဖြစ်နဲ့ တာဝန်ယူခဲ့တဲ့ စောထူးထူးလေးဟာ ၂၀၂၅ ခုနှစ် မေ ၁၇ ရက် ည ၁၀ နာရီ မိနစ် ၂၀ မှာ ကွယ်လွန်သွားတယ်လို့ KNU မဟာမိတ်ဆက်ဆံရေး ကော်မတီနဲ့ နီးစပ်သူက ဘီဘီစီကို အတည်ပြုပါတယ်။

၁၉၄၇ ခုနှစ် မေ ၂ ရက်က ရန်ကုန်မြို့မှာ မွေးဖွားခဲ့တဲ့ စောထူးထူးလေးဟာ ၂၀၂၅ ခုနှစ် မေ ၁၇ ရက်မှာ ကွယ်လွန်တာဖြစ်တဲ့အတွက် အသက် ၇၈ နှစ်အရွယ် ရှိနေပါပြီ။

စောထူးထူးလေးဟာ ၁၉၇၉ ခုနှစ် မေလမှာ ကရင့်တော်လှန်ရေး နယ်မြေကို စတင်ရောက်ချိန်ကစလို့ ဘဝတလျှောက်လုံးကို ကရင့်အမျိုးသား အစည်းအရုံးအတွက် ဘဝနှစ်မြှုပ်ခဲ့ပြီး ကရင့်အမျိုးသားအရေးနဲ့ မြန်မာ့ ဒီမိုကရေစီ လမ်းစဉ်ကို ကြိုးပမ်းခဲ့သူဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။

စစ်သင်တန်းဆင်းပွဲမှာ စောထူးထူးလေးရဲ့ ဩဝါဒကို နားထောင်ခဲ့ဖူးတဲ့ KNLA တပ်ဖွဲ့ဝင်တစ်ယောက်က "ကျွန်တော်တို့က အဖူး စောထူးထူးလေးနဲ့ တိုက်ရိုက်တော့ စကားမပြောဖူးဘူး။ ဒါပေမဲ့ သင်တန်းဆင်းပွဲတွေမှာ သူပြောနေကျ စကားတစ်ခွန်းရှိတယ်။ ငါတို့က ဗမာလူမျိုးတွေကို တိုက်နေတာမဟုတ်ဘူး။ ဗမာစစ်အာဏာရှင်အုပ်စုနဲ့ စနစ်ကိုသာ တိုက်နေတာ၊ နိုင်ငံရေး ဦးဆောင်မှုမရှိတဲ့ စစ်ရေးဟာ ဘယ်တော့မှ အောင်မြင်မှုမရှိဘူးလို့ ပြောခဲ့တာတွေကို မှတ်မိနေတယ်"လို့ ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်တပ်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့တဲ့ ကာလအတွင်း ၂၀၁၂ ဧပြီကနေ ၂၀၂၁ ခုနှစ်အထိ စောထူးထူးလေး ပါဝင်ခဲ့တယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ရှိနေခဲ့တဲ့ ဦးလှမောင်ရွှေကလည်း သူ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

"ဆရာထူးထူးလေးက တော်တယ်။ ရဲရင့်တယ်။ စိတ်အားထက်သန်တယ်။ ပွင့်ပွင့်လင်းလင်းပြောတတ်တယ်။ လေ့လာမှု့အားလည်း ကောင်းပါတယ်။ ဆွေးနွေးမှု့တိုင်းမှာ တက်တက်ကြွကြွ ဆွေးနွေးတယ်။ တိုက်ပွဲဒဏ်ရာကြောင့် နားသိပ်မကောင်း ။ ၂၀၁၂ ကနေ ၂၀၂၂ အထိ ကျနော်နဲ့ တော်တော်ခင်ခင်မင်မင် ရှိခဲ့တယ်။ ကျနောိ့အတွက် စီနီယာပါဘဲ။ အများကြီးသင်ယူခွင့်ရခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်"လို့ ဦးလှမောင်ရွှေက ရေးထားတာပါ။

ဥပဒေ ပညာရှင်တစ်ယောက် ဖြစ်သလို စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်‌ရေး၊ တရားစီရင်ရေးနဲ့ လူမှုကယ်ဆယ်ရေး ကဏ္ဍတွေမှာ အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သလို KNDO ဒုတိယ စစ်ဦးစီးချုပ်၊ KNU အထွေထွေ အတွင်းရေးမှူး ၁ နဲ့ ၂ စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။

ရာဂီမုန်တိုင်းကြောင့် ရေမြုပ်ခဲ့တဲ့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ ပြင်ဆင်မှု ၈ လ ကြာတဲ့အထိ မပြီးသေး

ပြင်ဆင်လို့ မပြီးသေးချိန်မှာ လျှပ်စစ်ထုတ်ပေးတာ ရပ်ထားရတဲ့ အထက်ပေါင်းလောင်းဆည်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ပြင်ဆင်လို့ မပြီးသေးချိန်မှာ လျှပ်စစ်ထုတ်ပေးတာ ရပ်ထားရတဲ့ အထက်ပေါင်းလောင်းဆည်

ယာဂီမုန်တိုင်းကြောင့် ဓာတ်အားပေးစက်တွေ ရေမြုပ်ခဲ့တဲ့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီက လနဲ့ချီကြာ ပြင်ဆင်နေပေမဲ့ မပြီးသေးပါဘူး။

ရာဂီမုန်တိုင်းကြောင့် ပျဉ်းမနားမြို့ရဲ့ အရှေ့ဘက် ပေါင်းလောင်းမြစ်ပေါ်မှာရှိတဲ့ လျှပ်စစ်စက်ရုံရှိရာ တမံထဲ ရေပိုလွှဲကနေ လျှံခဲ့တဲ့ရေတွေဟာ ဓာတ်အားပေးစက်ရုံထဲအထိ၀င်ခဲ့ပြီး စက်တွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

ဒါကြောင့် ဓာတ်အား ထုတ်တာတွေလည်း ရပ်ထားထားရပါတယ်။

စစ်ကောင်စီ လျှပ်စစ်၀န်ကြီးကတော့ ပြည်ပကနေ မှာယူထားတဲ့ ပစ္စည်းတွေ မကြာခင်မှာ ရောက်လာတော့မှာဖြစ်တဲ့အတွက် ရောက်တာနဲ့ အမြန်တပ်ဆင်နိုင်အောင် ကြိုပြင်ထားဖို့ကိုလည်း အဲဒီစက်ရုံကို မေလ ၁၇ ရက်မှာ သွားကြည့်ချိန် ပြောထားပါတယ်။

အခုချိန်ထိ ပြင်ဆင်နေတာဆိုရင် ရှစ်လနီးပါး ရှိနေပေမဲ့ အပြီး မသတ်သေးပါဘူး။

အထက်ပေါင်းလောင်းဆည်ဟာ နေပြည်တော် ကောင်စီနယ်မြေနဲ့ ရှမ်းပြည်နယ်ကြားမှာ ရှိပြီး ရေအားလျှပ်စစ် ၁၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီး တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ် နာရီသန်းခန့် ထုတ်ပေးနိုင်ပါတယ်။

စစ်ကိုင်းမြို့မှာ ငလျင်ဒဏ်သင့်အိမ်ကို ဖြိုရင်း ကွန်ကရစ်တုံးပိလို့ ကူညီတဲ့လူငယ် ဒဏ်ရာရ

ယိုင်နဲ့သွားတဲ့နေအိမ်တွေ ဖြိုရင်း ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ယိုင်နဲ့သွားတဲ့နေအိမ်တွေ ဖြိုရင်း ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိလာပါတယ်။

စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်မှာ ငလျင်ဒဏ်ကြောင့် ယိုင်နေတဲ့ အိမ်တစ်လုံးကို ဖြိုချနေရင်း ကွန်ကရစ်တုံး ပြိုကျတာကြောင့် အိမ်ဖျက်တဲ့အထဲ ကူညီပေးနေတဲ့ လူငယ်တစ်ယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ မြို့ခံက ပြောပါတယ်။

ယိုင်နဲ့သွားတဲ့ အိမ်ကို ဖြိုချဖို့အတွက် မင်းလမ်းလူငယ်အဖွဲ့ကို အိမ်ရှင်က အကူအညီတောင်းပြီး ဖြိုချတာကနေ ကူညီတဲ့သူတွေထဲက လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတာပါ။

"အခုက အချင်းချင်းပဲ ကူညီနေကြရတာလေ။ ဖြစ်ဖြစ်ချင်းကိုပဲ ကူညီနေတဲ့ လူငယ်တွေက ဝိုင်းဆွဲထုတ်လို့ရသွားတယ်။ လူငယ်တစ်ယောက် ပေါင်ကျိုးသွားတယ်။ သွေးတွေလည်း အများကြီးထွက်တယ်။ အခုတော့ ဆေးရုံသွားကြပြီ၊ အိမ်ရှင်လည်း ပါသွားတယ်"လို့ မင်းလမ်းရပ်ကွက်မှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။

စစ်ကိုင်းမြို့မှာ ယိုင်နဲ့နေတဲ့ အဆောက်အဦဖြိုချတာတွေကို လိုက်ပါကူညီပေးနေတဲ့ နမ့်လတ် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က "သူတို့က လုပ်နေကြမဟုတ်ဘူး။ စလပ်ပြင်ကိုမချေပဲ အောက်ကနေဖြိုချတော့ လူပေါ်ပိသွားတာ"လို့ ရှင်းပြပါတယ်။

စစ်ကိုင်းမြို့မှာ အင်အားပြင်း ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရပြီး လူသေဆုံးတာတွေ ၊ အဆောက်အဦပြိုကျတာတွေ များခဲ့သလို ယိုင်နဲ့သွားတဲ့ နေအိမ်တွေလည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း မိုးများခဲ့ပြီးနောက် မင်းလမ်းထဲက ငလျင်ဒဏ်ကြောင့် ယိုင်နဲ့နေတဲ့ နှစ်ထပ်နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

မေ ၁၇ ရက် ညပိုင်းကလည်း ၅ ဒသမ ၂ ရစ်ခ်တာစကေး အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်ချိန်မှာလည်း သိသာတာကြောင့် လမ်းပေါ်မှာ ထွက်နေကြရတယ်လို့ ပြောပါတယ်။

အင်အားပြင်းငလျင်လှုပ်ခဲ့တဲ့ မတ် ၂၈ ရက်ကစလို့ တစ်လခွဲလောက် ရှိနေပြီ ဖြစ်ပေမဲ့ စစ်ကိုင်းမြို့မှာ ငလျင်ဒဏ်ကြောင့် ယိုင်နဲ့နေတဲ့ ဖြိုချရမယ့် နေအိမ်တွေ အများကြီးရှိနေပါသေးတယ်။

ငလျင်အက်ကြောင်းဟာ နေအိမ်တွေရဲ့ ကွန်ကရစ်ကြမ်းခင်းတွေ အစိတ်စိတ် ကွဲသွားတာ၊ ခုံးတက်လာတဲ့ အခြေအနေတွေလည်း ပေးပို့လာတဲ့ ဓာတ်ပုံတွေကနေ တွေ့ရပါတယ်။

ကမ္မမြို့ပေါ် ရပ်ကွက်ထဲကို စစ်တပ် လေကြောင်းတိုက်လို့ ဒဏ်ရာရသူအချို့ရှိ

လေကြောင်းတိုက်ခံရတဲ့ ကမ္မမြို့ သားဖွားဆေးခန်း

ဓာတ်ပုံ ရင်းမြစ်, အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခံရတဲ့ ကမ္မမြို့ သားဖွားဆေးခန်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ဂျိုးပျံရပ်ကွက်ထဲကို စစ်တပ်က ဒီနေ့ မနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား နှစ်ယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့ အညာမြေ အရပ်ဖက်အဖွဲ့အစည်း- မြိုင်က တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်က ဒီနေ့မနက် မနက် ၆ နာရီလောက်မှာ ကြဲခဲ့တဲ့ဗုံးဟာ ရပ်ကွက်ထဲက ဆေးခန်းတစ်ခုကို ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

"ဟိုအရင်တုန်းက အဲဒီဆေးခန်းရှေ့နားက ကားလမ်းမှာ တော်လှန်ရေးအင်အားစုဘက်က စစ်ဆေးရေးဂိတ်ရှိလို့ ပစ်တာလို့ ယူဆရပါတယ်ဗျ။ ခုတော့ အဲဒီဂိတ်က မရှိတော့ဘူး။ ဆေးခန်းက အာဏာသိမ်းပြီးကတည်းက ပိတ်ထားတဲ့ရပ်ကွက်သားဖွား ဆေးခန်းပါဗျ"လို့ ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်ပိတ်ထားတာ နှစ်ချီကြာပြီ ဖြစ်သလို တခြားတိုက်ပွဲဖြစ်တာတွေလည်း မရှိဘဲ လေကြောင်းကနေ ဗုံးကြဲသွားတာလို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကလည်း ဆေးခန်းဝန်းကျင်မှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

ကမ္မမြို့ပေါ်က ရဲစခန်းမှာ အင်အား ရာချီလောက်ရှိတဲ့ စစ်ကောင်စီ တပ်တွေလည်းရှိနေပြီး မြို့ခံတွေအနေနဲ့ အရေးကြီးကိစ္စမရှိရင် အပြင်မထွက်ရဲကြတဲ့ အခြေအနေပါ။

စစ်တပ်က ကမ္မမြို့ပေါ်နဲ့ အနီးတဝိုက်က ရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ စစ်ကြောင်းဝင်ရောက် စီးနင်းတာကြောင့် ကမ္မမြို့ပေါ်က ဒေသခံတွေ အပါအဝင် ပြည့်အိုင်၊ အင်ကြင်းပင်၊ သရက်ကန် စတဲ့ ကျေးရွာက ဒေသခံ ၅ ထောင်ဝန်းကျင်လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

မတ်လ ၂၈ ရက်ငလျင်ကြီးကြောင့် သေဆုံးသူ ၃၇၀၀ ကျော်ရှိလာ

မေ ၁၃ ရက်က ရှာတွေ့တဲ့ မန္တလေးမြို့ Sky Villa က သေဆုံးသူ ရုပ်အလောင်း

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန

ဓာတ်ပုံ ပုံစာ, မေ ၁၃ ရက်က ရှာတွေ့တဲ့ မန္တလေးမြို့ Sky Villa က သေဆုံးသူ ရုပ်အလောင်း

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် အဲဒီငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရတဲ့ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ သေဆုံးသူ ၃,၇၂၆ ယောက် ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

ဒါအပြင် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၅,၁၀၄ ယောက်နဲ့ ပျောက်ဆုံးသူ ၈၁ ယောက်ရှိတယ်လို့ လည်း စစ်ကောင်စီရဲ့ မေ ၁၇ ရက်မှာ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ပြည်တွင်းပြည်ပ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦတွေထဲကနေ အသက်ရှင်ရက် ကယ်တင်နိုင်သူ ၆၅၃ ယောက်၊ သေဆုံးသူ ၈၀၃ ယောက်ကို ရှာဖွေပေးနိုင်တယ်လို့ သိရပါတယ်။

မန္တလေးမြို့ Sky Villa ကွန်ဒို ပြိုကျတဲ့နေရာမှာ မတ် ၂၈ ရက်ကနေ မေ ၁၇ ရက်အထိ သေဆုံးသူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး ရုပ်အလောင်း ၁၃၀ ကို ထုတ်ယူနိုင်ခဲ့တာကိုလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။

တစ်ဖက်မှာလည်း မြန်မာမှာ နောက်ဆက်တွဲငလျင်တွေနဲ့ မိုးလေ၀သအခြေအနေတွေကြောင့် လူနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်။

ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ ဒေသတွေထဲက တစ်ခုဖြစ်တဲ့ မန္တလေးမြို့မှာ မနေ့ညပိုင်းမှာ မိုးသည်းတာနဲ့ မြို့ခံတွေအပြောအရ နေအိမ် အဆောက်အဦ ယိမ်းထိုးတဲ့အထိဖြစ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ကြောင့် ပြိုကျတဲ့သစ်ပင် ပိတ်မိပြီး ငလျင်သင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်အကြောင်း အောက်ပါ သတင်းမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

မန္တလေးမှာ နောက်ဆက်တွဲငလျင်ကြောင့် ငလျင်ရှောင်ယာယီတဲ သစ်ပင်ပိလို့ သားအဖနှစ်ဦး သေဆုံး

နောက်ဆက်တွဲ ငလျင်လှုပ်ပြီး သစ်ပင်လဲကျလို့ သားအဖနှစ်ယောက် သေဆုံးခဲ့တဲ့ တန်းလျား

ဓာတ်ပုံ ရင်းမြစ်, မဏီစလ လူမှု/နာမှု ကူညီရေးအသင်း

ဓာတ်ပုံ ပုံစာ, နောက်ဆက်တွဲ ငလျင်လှုပ်ပြီး သစ်ပင်လဲကျလို့ သားအဖနှစ်ယောက် သေဆုံးခဲ့တဲ့ တန်းလျား

မနေ့ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၅ ဒသမ ၂ ရစ်ခ်တာစကေးရှိတဲ့ငလျင်ကြောင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ အဘယာရာမရွှေဂူ ဘုန်းကြီးကျောင်းထဲက ငလျင်ကယ်ဆယ်ရေးစခန်း တန်းလျားပေါ် သစ်ပင်လဲကျမှုမှာ သားအဖနှစ်ဦးသေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။

မန္တလေးမြို့မှာ မေ ၁၇ ရက် ညနေပိုင်းကနေ ညပိုင်းအထိ မိုးရွာခဲ့သလို ည ၁၀ နာရီခွဲဝန်းကျင်မှာ နောက်ဆက်တွဲ ငလျင်လှုပ်ပြီးနောက် သစ်ပင်က တန်းလျားပေါ် လဲကျသွားတာ လို့ ပြောပါတယ်။

"မိုးကလည်းရွာထားတော့ မြေက ပျော့နေတုန်း ငလျင်ကလည်း စက္ကန့် ၂၀ လောက်ကို ဆွဲခါသလို လှုပ်တာ။ ပုံစံကြည့်ရတာတော့ ငလျင်လှုပ်လို့ ထွက်ပြေးဖို့ ပြင်နေရင်း မလွတ်တာဖြစ်မယ်။ သူတို့နေတဲ့နေရာကလည်း သစ်ပင်နဲ့အနီးဆုံး ထောင့်ဆုံးနေရာ။ အဖေက သမီးဖြစ်သူကို အုပ်မိုးပေးလျက်သား လေးတွေ့ရတာ။ ခြေထောက်ပဲလွတ်ပြီး ခန္ဓာကိုယ် အပေါ်ပိုင်း အကုန်လုံးကို သစ်ပင်ပိသွားတာ"လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့ မဏိစလ လူမှု/နာမှု ကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးသူ သားအဖမှာ ဇနီးဖြစ်သူနဲ့ သားဖြစ်သူ တို့ ကျန်ခဲ့တယ်လို့ သိရပါတယ်။ သားအဖနှစ်ဦး သေဆုံးသွားတဲ့ နေရာကလည်း ငလျင်ဒဏ်ကြောင့် အိမ်ပြိုသွားသူတွေ၊ အိမ်ယိုင်သွားသူတွေ နေစရာအခက်အခဲကြောင့် ဘုန်းကြီးကျောင်းဝန်းထဲက မြေကွက်လပ်မှာ ဝါးတန်းလျားထိုးပြီး နေကြတဲ့ နေရာ ဖြစ်ပါတယ်။

သစ်ပင်လုံးပတ် ၅ ပေ၊ အရှည် ပေ ၄၀ ဝန်းကျင်ရှိတဲ့ ကုက္ကိုလ်ပင်က အမြစ်ကနေလှန်ပြီး ငလျင်ဒဏ်သင့်သူတွေ နေတဲ့ ယာယီတန်းလျား‌ပေါ် ကျသွားတာလို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကလည်း ထုတ်ပြန်ပါတယ်။

"သစ်ပင်လုံးပတ်ကလည်း တော်တော်ကြီးတယ်၊ ဝါးတဲဆိုတော့ သစ်ပင်လဲသွားပြီးချိန်မှာ ဝါးချွန်တွေကလည်း ထွက်နေတယ်။ တော်တော် ခက်ခက်ခဲခဲ ထုတ်ခဲ့ကြရပါတယ်"လို့ မဏိစလ လူမှု/နာမှု ကူညီရေးအသင်း တာဝန်ရှိသူက ပြောပြပါတယ်။

တန်းလျားတစ်ခုလုံး ပြိုကျသွားတာကြောင့် နောက်ထပ် အသစ်ပြန်ဆောက်ဖို့ လုပ်ဆောင်နေကြရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြစ်သားမြို့ရဲ့ အနောက်တောင်ဘက် ၆ မိုင်အကွာကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၂ ရစ်ခ်တာစကေးရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အင်အားပြင်း ၇ ဒသမ ၇ ရစ်ခ်တာစကေးရှိ ငလျင်လှုပ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ မေ ၁၇ ရက်အထိ နောက်ဆက်တွဲငလျင်ပေါင်း ၁၇၅ ကြိမ်ရှိပြီလို့လည်း သိရပါတယ်။

မေ ၁၇ ရက်မှာ ငလျင်လှုပ်ခတ်တာကို မန္တလေး၊ တောင်ကြီး၊ စစ်ကိုင်း၊ ပျော်ဘွယ်၊ ပခုက္ကူ၊ မြစ်သား၊ ပြင်ဦးလွင်၊ အင်းလေး၊ ရပ်စောက် အပါအဝင် မြို့နယ်တော်တော်များများမှာ သိသိသာသာ ခံစားကြရတယ်လို့ ဒေသမှာ ရှိနေသူတွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။