ရခိုင်ထဲက တရုတ်ပင်လယ်ထွက်ပေါက်ကို ပိတ်နိုင်ဖို့ အမေရိကန် ကြံစည်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေ အပေါ် ဆန်းစစ်ခြင်း

ရခိုင်ထဲ တရုတ်ရဲ့ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေ ထုနဲ့ထည်နဲ့ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရခိုင်ထဲ တရုတ်ရဲ့ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေ ထုနဲ့ထည်နဲ့ ရှိနေ

အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ ပူးပေါင်းပြီး မြန်မာဘက်ထဲက လက်နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့ဖို့ စိုင်းပြင်းနေတယ် ဆိုပြီး အိန္ဒိယ မီဒီယာတချို့ကတော့ ဆက်လက် ပုံဖော် ရေးသားနေကြပါတယ်။

အခု မေလ ဒုတိယပတ်ထဲမှာကို ဒါကာမြို့တော်ဆီ အမေရိကန် လေတပ် USAF က အရာရှိတွေ ရောက်လာတာမှာ အဲဒီသူတွေဟာ ကုန်တင်လေယာဉ်ကြီး တစ်စင်း ဆိုက်ရောက်လာမယ့် အစီအစဉ်ရဲ့ ရှေ့ပြေး တင်ကြို ရောက်ရှိလာသူတွေ ဖြစ်တယ်လို့ အိန္ဒိယ မီဒီယာတချို့က ရေးပါတယ်။

ဒါဟာ အရင် ပြောနှင့်ပြီးဖြစ်တဲ့ ရခိုင်နဲ့ ချင်းမှာ ရှိတဲ့ တော်လှန်ရေး အင်အားစုတွေကို ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ ဖြတ်ကျော်ပြီး အထောက်အပံ့တွေ ပေးဖို့ အမေရိကန် နဲ့ မိုဟာမက်ဒ် ယူနွတ်စ် အစိုးရ ကြံစည်နေတယ် ဆိုတဲ့ ပြောဆိုရေးသားမှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။

အမေရိကန် လေတပ်က အရာရှိ ၄ ယောက် ကြိုပြီး ရောက်လာပြီး စောင့်နေတဲ့ ကုန်တင်လေယာဉ်ကြီးပေါ်မှာ မြန်မာဘက်ခြမ်းကို သွင်းပေးမယ့် လက်နက်တွေ ပါနိုင်တယ် ဆိုပြီး ထပ်လောင်း ပြောနေတာ ဖြစ်ပါတယ်။

အမေရိကန် ပစိဖိတ်တပ်မဟာက ဒုတိယ ဗိုလ်ချုပ်ကြီး ဂျိုအဲလ် ဗောင်ဝဲလ်

ဓာတ်ပုံ ရင်းမြစ်, United Sctates Army Pacifi

ဓာတ်ပုံ ပုံစာ, အမေရိကန် ပစိဖိတ်တပ်မဟာက ဒုတိယ ဗိုလ်ချုပ်ကြီး ဂျိုအဲလ် ဗောင်ဝဲလ်

အဲဒီလို အိန္ဒိယ မီဒီယာတွေရဲ့ ပုံဖော်မှုတွေမှာ အခြေခံထားတာကတော့ ...

၁) အမေရိကန်ဟာ ရခိုင်ထဲမှာ ရှိနေတဲ့ တရုတ်ရဲ့ အိန္ဒိယ သမုဒ္ဒရာ ပင်လယ်ထွက်ပေါက် လမ်းကြောင်းကို ဖြတ်တောက်လိုပြီး သမ္မတ ရှီကျင်းဖျင်ရဲ့ ဗျူဟာမြောက် ရပ်ဝန်းနဲ့ လမ်းကြောင်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မြန်မာနိုင်ငံထဲက လမ်းကြောင်းကို ပိတ်ဆို့ လိုတဲ့ အတွက် ဖြစ်တယ်

၂) ဒါ့ကြောင့် မြန်မာ အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရခိုင်နဲ့ ချင်း အဖွဲ့တွေကို လက်နက်တွေပါ အကူအညီပေးမယ်

၃) အောင်မြင်ပြီ ဆိုရင် ဘင်္ဂလားဒေ့ရှ် ထမ်းထားရတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးလည်း ဖြစ်မြောက်လာဖို့ အမေရိကန်က ဘင်္ဂလားဒေ့ရှ် ကို ပြောထားတယ် … စတဲ့ အချက်တွေကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဆယ်စုနှစ်ပေါင်းများစွာ လေ့လာပြီး စာအုပ်အများအပြား ထုတ်ဝေခဲ့တဲ့ သြစတြေးလျ နိုင်ငံ အခြေစိုက် ဒေါက်တာ အင်ဒရူးဆဲ့သ်ကတော့ အဲဒီလို အိန္ဒိယ မီဒီယာတွေရဲ့ ပြောဆိုမှုတွေ အပေါ် ပယ်ချပါတယ်။

ပြောဆိုထားသမျှတွေမှာ ခိုင်လုံတဲ့ ယုံကြည်ကိုးစားရဖွယ်ရှိတဲ့ သက်သေ အထောက်အထားမရှိ သလို၊ ဘက်အသီးသီးက အဓိက ပါဝင် ပတ်သက်သူတွေ ဆီက အတည်ပြု ပြောဆိုချက်မျိုးတွေလည်း မတွေ့ရဘူး ဆိုပြီး ဒေါက်တာဆဲ့သ်က အခု လောလောလတ်လတ်မှာပဲ လိုဗီအင်စတီကျူ အတွက် ရေးပါတယ်။

ကျိုးကြောင်းဆီလျော်မှု၊ ဓမ္မဓိဋ္ဌာန်ကျနမှု ရှုထောင့်တွေကနေ ကြည့်ရင်လည်း အဲဒီ အိန္ဒိယ မီဒီယာ တချို့ရဲ့ ပြောဆိုမှုတွေဟာ လက်ခံလောက်ဖွယ် မရှိဘူးလို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ကြား အမေရိကန်စစ်တပ် အဓိက အာရုံစိုက်တာ သဘာဝဘေး တုန့်ပြန်ကိုင်တွယ်ရေး ကဏ္ဍမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ပြော

ဓာတ်ပုံ ရင်းမြစ်, United Sctates Army Pacific

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်နဲ့ကြား အမေရိကန်စစ်တပ် အဓိက အာရုံစိုက်တာ သဘာဝဘေး တုန့်ပြန်ကိုင်တွယ်ရေး ကဏ္ဍမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာ့ဒီမိုကရေစီ အရေးအပေါ် အားပေးထောက်ခံကြတဲ့ အမေရိကန် အပါအဝင် အနောက်အုပ်စု နိုင်ငံတွေရဲ့ ရပ်တည်မှု ပုံစံကို ဆဲ့သ်က အဓိက ထောက်ပြပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့ မိတ်ဖက် နိုင်ငံတွေဟာ မြန်မာနိုင်ငံထဲက စစ်ပွဲထဲမှာ ဝင်ရောက် ပတ်သက် ပါဝင်ဖို့ရာ အကြောင်း မရှိဘူးလို့ ဒေါက်တာ ဆဲ့သ်က ဆိုပါတယ်။ ဒါ့ကြောင့် တရုတ် အကျိုးစီးပွားကို ဖျက်ဖို့ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို သူတို့ရဲ့ ပရောက်ဇီ ကြားခံ အဖွဲ့တွေ အဖြစ် အမေရိကန်က အသုံးချမယ် ဆိုတဲ့ ဘယ်လိုမှကို မဖြစ်နိုင်သလောက်ပဲလို့လည်း မှတ်ချက်ပြုပါတယ်။

မြန်မာစစ်တပ်က ၂၀၂၁ မှာ တကျော့ပြန် အာဏာသိမ်းတာကို ဒီမိုကရေစီနိုင်ငံတွေက ဆန့်ကျင်ပြီး မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ အပေါ် ထောက်ခံ အားပေးတယ်လို့ ဆိုကြပေမယ့် သူတို့ အားပေးတဲ့ ပုံစံဟာ စာနာနားလည်မှု ဆိုင်ရာ အကူအညီတွေ ပေးတာမျိုးပဲ ဖြစ်ပြီး ၊ လူ့ အသက်ကို မသေစေတဲ့ အထောက်အပံ့ "non-lethal aid" ဖြစ်ရမယ် ဆိုတဲ့ ဘောင်ထဲမှာပဲ ရှိတယ်လို့ ဒေါက်တာ အင်ဒရူးဆဲ့လ်သ်က ရေးထားပါတယ်။

ဘီဘီစီအနေနဲ့လည်း အိန္ဒိယ မီဒီယာ တချို့ရဲ့ ပြောဆိုမှု အပေါ် ဆန်းစစ်ချက်တွေ ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယ ထဲက ဝါရင့် သတင်းစာ တစ်ယောက်ကတော့ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတချို့ဟာ မြန်မာနိုင်ငံထဲက စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေးထဲ စစ်ရေး အရပါ ပါဝင်ပတ်သက်မှု ရှိနေတယ် ဆိုတဲ့ ရှုထောင့်ကနေ ဘီဘီစီကို ဖြေဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ လျှို့ဝှက် နိုင်ငံရေး ကြိုးကိုင်မှု Deep State ရှိနေတယ်လို့ ချိဆက်ပုံဖော် ပြောဆိုမှု အားသန်သူတွေ ပြောဆိုလေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ရဲ့ လျှို့ဝှက် နိုင်ငံရေး ကြိုးကိုင်မှု Deep State ရှိနေတယ်လို့ ချိဆက်ပုံဖော် ပြောဆိုမှု အားသန်သူတွေ ပြောဆိုလေ့ရှိ

သူပြောတဲ့ အဓိက အချက်နှစ်ချက်ကတော့ ချင်းထဲက တော်လှန်ရေး အဖွဲ့တွေဘက်က ဝင်ပြီး တိုက်ခိုက်ပေးနေတဲ့ လူဖြူ ကြေးစား စစ်သားတွေ ထောင်ဂဏန်း အထိ ရှိနေတယ် ဆိုတာနဲ့၊ ချင်းနဲ့ ရခိုင် တော်လှန်ရေး အဖွဲ့တွေကို ထောက်ပံ့ကူညီရေးတွေ ဘင်္ဂလားဒေ့ရှ်ကနေ တဆင့် လုပ်မယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်တာတွေဟာ Deep State ရဲ့ လက်ရာခြေရာတွေ ဖြစ်တယ်လို့လည်း အဲဒီ အိန္ဒိယ သတင်းစာ ဆရာက ဆိုပါတယ်။ သူပြောတဲ့ Deep State ဆိုတာ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ အမေရိကန်က သူတို့ လိုရာပုံ သွင်းနိုင်ဖို့ CIA တို့ FBI တို့လို ထောက်လှမ်းရေး အဖွဲ့ကြီးတွေထဲက သူတွေနဲ့ လျှို့ဝှက် ချိတ်ဆက် ဖွဲ့စည်းထားတဲ့ ထောက်လှမ်းရေး ကွန်ရက် ဆိုပြီး ရည်ညွှန်းပြောလေ့ ရှိတဲ့ လျှို့ဝှက် ကွန်ရက်ကို ဆိုလိုပါတယ်။

အဲဒီလို Deep State လို ကွန်ရက်မျိုး ရှိနေ၊ လှုပ်ရှားနေတယ် ဆိုတဲ့ အပြောမျိုးဟာ လိုရာချိတ်ဆက် ပုံဖော်ပြောလေ့ ရှိတဲ့ conspiracy theory တွေထဲမှာ တွေ့ရလေ့ ရှိပါတယ်။

ဒီတော့ အဲဒီ ပြောဆိုမှုတွေဟာ အမေရိကန် လက်ရှိ လုပ်ဆောင်နေတာတွေ၊ လုပ်ဆောင်နေခဲ့တာတွေနဲ့ တကယ်တမ်း ကိုက်ညီမှုရှိလား ဆိုတာတွေကို သမ္မတ ဘိုင်ဒင်လက်ထက် သမ္မတ ထရမ့်လက်ထက် အစိုးရရဲ့ မြန်မာ့ အရေး နိုင်ငံခြားရေး စစ်ရေး မူဝါဒတွေ အကြောင်း ကျွမ်ကျင်သူ ပညာရှင် ဖြစ်တဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၊ အမျိုးသားစစ်ကောလိပ်က လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ ဘာသာရပ်ရဲ့ ပါမောက္ခ ဇာခရီ အဘူဇာကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါက်တာဇာခရီအဘူဇာ၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန

ဓာတ်ပုံ ရင်းမြစ်, National War College, USA

ဓာတ်ပုံ ပုံစာ, ဒေါက်တာဇာခရီအဘူဇာ၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန

ဘီဘီစီ။ ။ ဇက်ရေ ... အခုဆိုရင် ကိုးကန့်တပ် MNDAA ဟာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ လားရှိုးမြို့ပေါ် အုပ်ချုပ်ရေးကို စစ်ကောင်စီကို ပြန်လွှဲပေးလိုက်ပါတယ်။ လားရှိုးမြို့ပေါ်မှာ တရုတ်ရဲ့ အပစ်ရပ် စောင့်ကြည့်ရေး ရုံးဖွင့်တာမျိုး ရှိတယ်လို့ သိထားရပါတယ်။ အခုလို လားရှိုးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ ပေါ်မှာ မူတည်ပြီး တရုတ်ရဲ့ မြန်မာ့အရေးမှာ ပါဝင်ပတ်သက်မှု အတိုင်းအတာ ပမာဏနဲ့ သူတို့ရဲ့ ဗျူဟာမြောက်ရည်မှန်းချက်တွေ အပေါ် ဘယ်လို ဆန်းစစ်ထားပါသလဲ။

ပါမောက္ခ ဇါခရီ အဘူဇာ။ ။ MNDAA ဟာ တရုတ်ရဲ့ ဖိအားကြောင့် လားရှိုးနဲ့ ပတ်သက်တဲ့ အချက်တွေကို သဘောတူလာရတယ် ဆိုတာကို ကျွန်တော်တို့ စပြီး ကြားသိရတုန်းက ဆိုရင် ... မြေပြင် အခြေအနေတွေမှာ စစ်တပ်ဟာ နိုင်ငံအနှံ့ အတော်လေး အဆုံးအရှုံး ကြီးမား နေပါတယ်။ ဒီတော့ လွှဲပြောင်းပေးမယ် ဆိုပြီး သတ်မှတ်ထားတဲ့ ကာလ မရောက်ခင် စစ်တပ်ရဲ့ စစ်ရေး ရှုံးနိမ့်မှုဟာ ဆထက်တပိုး ပိုဆိုးလာမှာကို တွက်ဆပြီး MNDAA ဟာ stalling tactic အချိန်ဆွဲဗျူဟာ ကျင့်သုံးပြီး တရုတ်ဖိအားကို တုန့်ပြန် ကိုင်တွယ်နေခဲ့တာ ဖြစ်တယ်လို့ ကျွန်တော် ဆန်းစစ်ခဲ့ပါတယ်။

အခု သတ်မှတ်ကာလ ဆိုပြီး ကနဦး ကြားသိထားတာထက် လတချို့ စောပြီး လားရှိုး အပြောင်းအလဲ ပေါ်ပေါက်လာပါတယ်။ အဲဒါကိုကြည့်ရင် တရုတ်ဟာ MNDAA အပေါ်မှာ ဘယ်လောက်တောင် ဖိအားပေး အကျပ်ကိုင်နေသလဲ ဆိုတာ သိသာစေပါတယ်။

လားရှိုးရဲ့ အစိတ်အပိုင်းတချို့ကို စစ်ကောင်စီတပ်တွေ ပြန်ဝင်လာပါတယ်။ တရုတ် အထူးသံ တိန့်ရှီကျွင်း လားရှိုးမှာ ရှိနေခဲ့ပါတယ်။ အပစ်ရပ် စောင့်ကြည့်ရေး အဖွဲ့ထူထောင်တယ် ဆိုတဲ့ ခေါင်းစဥ်အောက်မှာ တရုတ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ကိုလည်း လားရှိုးမှာ နေရာချပါတယ်။

စိုးရိမ်စရာကောင်းတဲ့ အချက်တွေက ရှိနှင့်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့ဖူးသလို တရုတ်ရဲ့ ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တွေကို ထားရှိခွင့် မြန်မာ စစ်တပ်ဆီက ရထားပြီး ဖြစ်သလို၊ မြန်မာစစ်တပ်နဲ့လည်း ပူးပေါင်းဖွဲ့မယ် ဆိုပြီး တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒီတော့ တရုတ် လက်နက်ကိုင် အဖွဲ့တွေဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးစီးပွားတွေ ရှိနေတဲ့ မြန်မာနိုင်ငံ နေရာအနှံ့ လှုပ်ရှား နိုင်ခွင့် ရှိနေပါတယ်။ မြန်မာ စစ်တပ် အတွက်လည်း ထောက်လှမ်းရေး သတင်းတွေ၊ နည်းပညာတွေ ပံ့ပိုးပေးနိုင်ပါတယ်။

တစ်ဘက်မှာလည်း နယ်စပ်ပေါက်တွေ ပိတ်ဆို့ပြီး ကုန်စည်စီးဆင်းမှု ဖြတ်တောက်တာက စလို့ လျှပ်စစ်နဲ့ အင်တာနက်လို အခြေခံ အဆောက်အအုံတွေကိုပါ ဖြတ်တောက်နဲ့ နည်းနာတွေ သုံးပြီး ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ အပေါ် အကျပ်ကိုင်ခဲ့ပြီး စစ်အရှိန်ကို ချိုးပစ်လိုက်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ကိစ္စသက်သက် အဖြစ် မယူဆသင့်ပဲ စစ်ရေးကို ဦးချိုးပစ်လိုက်တဲ့ တရုတ်ရဲ့ နည်းနာအဖြစ် ရှုမြင်သင့်ပါတယ်။

လားရှိုးမြို့ပြ နေရာတွေမှာ စစ်ကောင်စီ အုပ်ချုပ်ရေး ပြန်လည်ထူထောင် နိုင်တဲ့ အတွက် စစ်ကောင်စီဟာ စစ်ရေး အရ ပြန်ပြီး အသာစီး ရလာတယ်လို့တော့ ဘယ်လိုမှ အဓိပ္ပာယ် မထွက်တာကတော့ သေချာပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စလာခဲ့တဲ့နောက်ပိုင်း စစ်တပ်ဟာ မြေပြင် ရှုံးနိမ့်မှုတွေ၊ နယ်မြေ လက်လွှတ် ဆုံးရှုံးရတာတွေကို ကြီးမားတဲ့ ပမာဏနဲ့ တွေ့ကြုံ လာရပါတယ်။

လက်လွှတ်ထားသမျှတွေထဲက မပြောပလောက်တဲ့ ပမာဏမျိုးကိုပဲ စစ်ရေးနည်းနဲ့ ပြန်ပြီး ရနိုင်ပါတယ်။ သူတို့မှာ လူသူ အင်အားနဲ့ ထောက်ပို့ ... အဘက်ဘက်မှာ ချွတ်ခြုံကျနေတဲ့ အတွက် ဖြစ်ပါတယ်။ အခု လားရှိုးကို စစ်ရေးနည်းနဲ့ မဟုတ်ပဲ ပြန်ရလိုက်တဲ့ နောက်မှာ ဘာတွေ လုပ်လာမလဲ စောင့်ကြည့်ဖို့ လိုပါတယ်။ ရှမ်းမြောက် တခွင် ဆုံးရှုံးထားသမျှ နယ်မြေတွေကို ပြန်ရဖို့ ထိုးစစ်ကြီး ဆင်လာမှာလား .... မြေပြင်ထိုးစစ်ဆင်နိုင်လောက်အောင် ပြန်လည် အားဖြည့်နိုင်ပြီလား ဆိုတာ အတော်လေး သံသယဖြစ်ဖွယ် ကောင်းပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကိုတော့ ဆထက်တပိုး ပိုတိုးပြီး လုပ်နေပါတယ်။ ငလျင်ကြီး လှုပ်ပြီး နောက်မှာကို နိုင်ငံအနှံ့ လေကြောင်း တိုက်ခိုက်မှု အကြိမ် ၃၀၀ ကျော် ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတကာက ဘယ်လောက်ပဲ ပြောပြော လုံးလုံး ဂရုမစိုက် အလေးမမူပါဘူး။

တရုတ်ကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါ် လူပုဂ္ဂိုလ်အရ ဘယ်လို သုံးသပ် ရှုမြင်မှုတွေ ရှိနေပစေ၊ မြန်မာ စစ်တပ် ပြိုလဲ မသွားအောင် ပေါ်ပေါ်ထင်ထင်ကို စွက်ဖက် အကာအကွယ်ပြုပေးလာတာကတော့ မဖုံးနိုင် မဖိနိုင်ပါပဲ။ ဘေဂျင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘာပြောပြော ... လက်တွေ့ မြေပြင်မှာတော့ လားရှိုးက သက်သေ ... တရုတ် ပုဂ္ဂလိက လုံခြုံရေး အဖွဲ့ ဆိုတာတွေက သက်သေပါပဲ။ အဲဒီလို စစ်တပ်ကို ကျောထောက်နောက်ခံ ပြုပေးရတာဟာ နိုင်ငံရေး ဆိုင်ရာ ဒါမှ မဟုတ် တိုင်းပြုပြည်ပြုမှု ဆိုင်ရာ အတွေးအခေါ် အိုင်ဒီယော်လော်ဂျီ ပိုင်းနဲ့လည်း တိုက်ရိုက် ပတ်သက်နေပါတယ်။

တရုတ်ဟာ အင်မတန် ဗဟိုချုပ်ကိုင်မှု ကြီးမားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ သူတို့ရဲ့ နိုင်ငံရေး စနစ်ဟာ တပါတီ အာဏာရှင် စနစ် ဖြစ်ပါတယ်။ မြန်မာ စစ်တပ်ကို တိုက်ခိုက်နေတဲ့ ဆန့်ကျင်ဘက် အင်အားစုတွေ ကြွေးကြော်ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဆိုတဲ့ အယူအဆဟာ တိုင်းပြည်ကို တည်ငြိမ်အောင် ထောက်မတ် ပေးနိုင်လိမ့်မယ်လို့ တရုတ်အစိုးရက မယုံကြည်ပါဘူး။

တိုင်းပြည်ကို ပိုပြီး ဖယိုဖရဲ ဖြစ်၊ မတည်မငြိမ် ဖြစ်စေပြီး မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာလည်း ဘယ်တော့မှ ရပ်နိုင်တော့မှာ မဟုတ်ပဲ ဘောလ်ကန်နိုက်ဇေးရှင်း Balkanisation ဆိုတဲ့ အစိတ်အစိတ်အမွှာမွှာ ပြိုကွဲမယ့် လမ်းကို ဦးတည်နေတာ ဖြစ်တယ်လို့ အတွေးအခေါ်ပိုင်း အရ ရှုမြင်ထားပါတယ်။ ဒါ့ကြောင့်ပဲ စစ်ခေါင်းဆောင် အပေါ် ဘယ်လို ပဲ မကြိုက်ကြိုက်၊ တိုင်းပြည်ကို မောင်းနှင်နိုင်မယ့်သူမျိုးမှာ ရှိတဲ့ အရည်အသွေးမျိုး ရှိမနေဘူးလို့ ဆန်းစစ် ထားပါစေဦး ... မြန်မာစစ်တပ် ပြိုလဲ မသွားအောင် လုပ်ပေးနေတာ ဖြစ်ပါတယ်။

တိုင်းပြည်တစ်ခုလုံးနဲ့ ခြုံပြီး ပြောရင် လူနေထူထပ်တဲ့ မြို့ပြ နေရာ အများစုဟာ စစ်တပ် လက်ထဲ ရှိနေပြီး၊ လူဦးရေ ၃ ပုံ ၂ ပုံ လောက်ထိ စစ်တပ် အုပ်ချုပ်တဲ့ နယ်မြေတွေမှာ နေထိုင်နေကြတယ် ဆိုတဲ့ အချက်အပေါ်မှာ မူတည်ပြီး စစ်တပ်ကို နိုင်ငံရေး ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပရေး လမ်းဘက်ကို တရုတ်က တွန်းနေတာ ဖြစ်တယ်လို့ ဆန်းစစ် ထားပါတယ်။

စစ်တပ်က လေကြောင်းတိုက်တွေ နိုင်ငံအနှံ့ ဆက်ပြီးလုပ်၊ ဒီပဲယင်းနယ်ထဲက အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက် ခံရမှုမှာ ကလေးတွေ အယောက် ၂၀ ထက်မနည်း သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, စစ်တပ်က လေကြောင်းတိုက်တွေ နိုင်ငံအနှံ့ ဆက်ပြီးလုပ်၊ ဒီပဲယင်းနယ်ထဲက အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက် ခံရမှုမှာ ကလေးတွေ အယောက် ၂၀ ထက်မနည်း သေဆုံး

ဘီဘီစီ။ ။ မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ စစ်ရေး အခြေအနေကို ကြည့်ရင်ရော ဇက်ရေ ... ခုနက ဇက် ထောက်ပြသလို ရှမ်းမြောက် စစ်ဆင်ရေးတွေကို တရုတ်က မရရအောင် ဦးချိုး ပစ်လိုက်တယ် ... လားရှိုး ကိစ္စကို ကြည့်ပြန်ရင်လည်း MNDAA ဟာ တရုတ် သြဇာကို ဘယ်လိုမှ မလွန်ဆန် နိုင်ဘူး ဆိုတာ သိသာ ထင်ရှားလှတယ်။ ဒီတော့ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ လက်နက်ကိုင် တော်လှန်ရေး ရဲ့ အလားအလာကရော ဘယ်ကို ဦးတည်နေလဲ။

ZA4 ပါမောက္ခ ဇါခရီ အဘူဇာ။ ။ MNDAA ဟာ တရုတ်ရဲ့ ဖိအား အတိုင်း အဆုံးမှာ လိုက်လျော ခဲ့ရတယ် ဆိုတာကတော့ ဟုတ်ပါတယ်။ အဲဒီကနေ တဆင့် တရုတ်ရဲ့ အနီရောင် စည်း red lines တွေက ဘာတွေလဲ ဆိုတာကို ကျွန်တော်တို့ ဘာတွေ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ သူတို့ အထိမခံတဲ့ စည်းတွေကို ကျော်ပြီဆိုရင် ဘယ်လောက် အတိုင်းအတာ ပမာဏမျိုးအထိ အရေးယူ သလဲ ဆိုတာတွေကို သိလာရပါတယ်။

MNDAA တို့၊ TNLA တို့ကတော့ ကြီးမားပြင်းထန်လှတဲ့ တရုတ်ရဲ့ ဖိအားကို ရင်ဆိုင် ကိုင်တွယ်နေရချိန်မှာပဲ သူတို့ရဲ့ ရည်မှန်းချက်တွေကို ပြည့်မြောက်သည် အထိ အကောင်အထည် ဖော်ခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အင်မတန် အံ့မခန်း လုပ်ရပ်၊ ကြီးကျယ်တဲ့ အောင်မြင်မှုတွေလို့ ကျွန်တော် ယူဆပါတယ်။ တရုတ်ရဲ့ ဖိအားဒဏ်ကို ခံနေရတဲ့ အထိ တရုတ်နဲ့ သူတို့လည်း နယ်ချင်းထိစပ်နေတဲ့ ကချင်တပ် KIA လည်းပဲ ပါပါတယ်။ အခုဆိုရင် ဗန်းမော်မှာ KIA တိုက်ခိုက်နေပြီး၊ မြို့ကို ရလုရခင် အခြေအနေမျိုး ဖြစ်ပါတယ်။ TNLA လည်း တရုတ် ဖိအားကြောင့် အပစ်ရပ်တယ် ပြောပေမယ့် သူတို့ ထိန်းချုပ်ထားတဲ့ ဘယ်နယ်မြေကိုမှ စွန့်လွှတ်တာမျိုး မလုပ်ပါဘူး။ ဒီတော့ ခွဲခြား သိမြင်သင့်တာက အဲဒီ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ အပေါ် ဖိအားပေးနိုင်တဲ့ နိုင်ကွက် leverage မျိုး တရုတ်ဆီမှာ ရှိပေမယ့်၊ သူတို့ဟာ တရုတ်ရဲ့ ခါးပိုက်ဆောင် လက်နက်ကိုင် အဖွဲ့တွေ မဟုတ်ပါဘူး။ ကိုယ်ပိုင် စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ ချမှတ် ထားရှိပြီး ပြည့်မြောက်အောင် လက်တွေ့ ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ညီနောင် မဟာမိတ် ၃ ဖွဲ့ထဲက အာရ်ကန် အာမီဆိုရင် ရခိုင် တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။

အခု ခင်ဗျားမေးတဲ့ မေးခွန်းကို ဖြေပါမယ်။ စစ်ဟာ ဘယ်ကို ဦးတည်နေသလဲ .... ဒါဟာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ MNDAA နဲ့ TNLA တို့ဟာ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေ အတော်လေး ပြီးမြောက်သွားချိန်၊ တရုတ်ဖိအားကြောင့် စစ်ရှိန် လျှော့လိုက်ချိန်မှာ နိုင်ငံရဲ့ တခြားနေရာတွေမှာ တိုက်ခိုက်တာတွေ အရှိန်တိုးလာပါတယ်။ KIA ရဲ့ ဗန်းမော် တိုက်ပွဲက စလို အရှိန်မြင့်လာခဲ့ပါတယ်။ ကရင် ထဲမှာလည်း တိုက်ပွဲပြင်းထန်တဲ့ နေရာတွေ ရှိပါတယ်။ တနင်္သာရီမှာ PDF စစ်ရေး လှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ပေါ်ပေါက်လာပါတယ်။

အာရ်ကန်အာမီရဲ့ ထိုးစစ်ဆင် လှုပ်ရှားမှုဟာ ရခိုင်ရဲ့ အပြင်ဘက်ထိ ရောက်လာပါတယ်။ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတွေထဲက PDF တွေနဲ့ ချိတ်ဆက်မှု အထင်အရှား တွေ့လာရပါတယ်။ AA နဲ့ PDF တွေရဲ့ ထိုးစစ်တွေ ဆက်ပြီး မြင်တွေ့နေရဦးမယ်လို့ ကျွန်တော် ဆန်းစစ်ထားပါတယ်။ တခါ၊ မြန်မာ အညာဒေသ တော်လှန်ရေး အဖွဲ့တွေရဲ့ ထိုးစစ်တွေ၊ ချင်းတောင်တန်းပေါ်က ထိုးစစ်တွေလည်း ရှိနေပါတယ်။

ဒီတော့ မြန်မာစစ်တပ်ဟာ စစ်မျက်နှာပြင် များစွာမှာ တိုက်ခိုက်နေရဆဲ ဖြစ်ပါတယ်။ ဘယ်မြေပြင် တိုက်ပွဲမှာမှ အသာရတယ်၊ အနိုင်ရတယ် ဆိုတာမျိုး မရှိသလောက် ရှားပါးတယ်။ တော်လှန်ရေး အင်အားစုတွေ စုဖွဲ့ပြီး ထိုးစစ်ဆင်လာပြီ ဆိုရင် စခန်းကိုဖြစ်စေ၊ နယ်မြေကို ဖြစ်စေ၊ နောက်ဆုံး မြို့ကို ဖြစ်စေ လက်လွှတ်လိုက်ရတာချည်းပါပဲ။ အလယ်ပိုင်း ဗမာ အညာဒေသမှာတောင် ထောက်ပို့လမ်းကြောင်း ကောင်းကောင်း မရှိတော့ပါဘူး။ မြို့ပေါ်ပိုင်းတွေကလွဲပြီး နေရာတော်တော်များများဟာ PDF က ထိန်းချုပ်ထားတာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် PDF တွေ ဝင်ထွက်သွားလာနေတဲ့ နေရာတွေ ဖြစ်ကုန်ပါတယ်။ ဒီအချက်တွေ အားလုံးကို ချုပ်ပြီး ပြောမယ် ဆိုရင် ရှမ်းမြောက် စစ်ရှိန် လျော့သွားချိန်မှာ နိုင်ငံအနှံ့ ပေါ်ပေါက်နေတဲ့ တခြား စစ်မျက်နှာစာတွေ အများအပြား ရှိနေတယ် ဆိုတာကို ပြသနေပါတယ်။

အေအေရဲ့ ထိုးစစ်တွေ ရခိုင် အပြင်ဘက်အထိ ထွက်လာ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, အေအေရဲ့ ထိုးစစ်တွေ ရခိုင် အပြင်ဘက်အထိ ထွက်လာ

ဘီဘီစီ။ ။ တရုတ်ရဲ့ စွက်ဖက်မှု ရှိသလို၊ အနောက်အုပ်စုရဲ့ စွက်ဖက်မှုတွေ ရှိနေတယ် ဆိုတဲ့ ပြောဆိုချက်မျိုးတွေလည်း ထွက်လာပါတယ်။ အထူးသဖြင့် အိန္ဒိယ မီဒီယာ တချို့၊ အိန္ဒိယ စာနယ်ဇင်းသမားတချို့က ရေးနေ၊ ပြောနေပါတယ်။ အဓိက သူတို့ ထောက်ပြတာ နှစ်ချက် ရှိပါတယ်။ တချက်ကတော့ အနောက်နိုင်ငံသား ကြေးစား စစ်သား တော်တော်များများဟာ မီဇိုရမ်ကနေ တဆင့် မြန်မာဘက်ကူးသွားပြီး ချင်းတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်း တိုက်နေတယ်လို့ ဆိုပါတယ်။ ဒုတိယ တစ်ချက်ကတော့ ကုလ အကြံပြုတဲ့ ရခိုင်မြောက်ပိုင်းကို စာနာမှု ဆိုင်ရာ အကူအညီပေးရေး လမ်းကြောင်း ထားရှိကြမယ် ဆိုတာထက် ပိုပြီး အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ် လက်ရှိ အာဏာပိုင်တွေ ပူးပေါင်း ကြံစည်နေကြတယ်။ အဓိကကတော့ မြန်မာ စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရခိုင်နဲ့ ချင်းထဲက လက်နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့ဖို့ လုပ်နေတာ ဖြစ်တယ် ဆိုတာမျိုးထိ ပြောလာပါတယ်။ ဇက် အနေနဲ့ ဘာတွေ သိထားပါသလဲ။ အဲဒီလို ပြောဆိုမှုတွေ အပေါ်မှာရော ဘယ်လို ထင်မြင် ယူဆ ပါသလဲ။

ပါမောက္ခ ဇါခရီ အဘူဇာ။ ။ အိန္ဒိယ ပြည်တွင်း သတင်းဌာနတွေရဲ့ မြန်မာ အကြောင်း ရေးသားချက်တွေဟာ အမြဲလိုလိုပဲ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုတွေ ရှိနေတယ်ဆိုတဲ့ ပုံဖော်မှုမျိုးနဲ့ အလွန်အကျွံ ရေးတာမျိုး တွေ့နေရပါတယ်။ အဲဒီအချက်ဟာ အင်မတန်မှ ဆိုးပါတယ်။

အဲဒီလမ်းကြောင်းမျိုး ဘယ်လို ပေါက်ဖွားလာသလဲ ဆိုတာ အရင်ဆုံး နားလည်ဖို့ လိုပါတယ်။ မြန်မာနဲ့ ကပ်ရက်၊ ချင်းနဲ့ ကပ်ရက် အိန္ဒိယ ပြည်နယ်တွေ ဆိုတာ အိန္ဒိယ ဗဟို အစိုးရ အတွက် အလွန် ဝေးလံ ခေါင်သီတဲ့ အရပ်တွေမှာ ရှိပြီး သူတို့နဲ့ သီးခြားသဖွယ် ဖြစ်နေပါတယ်။ ပထဝီအရ မြင်သာအောင် ပြောရရင် ဟို အနောက်ဘန်ဂေါ ကနေ စပြီး မြောက်ဘက် တရုတ်အထိ လမ်းပေါက်တဲ့ Siliguri Corridor ဆိုတဲ့ ဆီလီဂူရီ စင်္ကြန်လမ်းပေါ်မှာ မြန်မာနဲ့ ကပ်ရက် အိန္ဒိယ ပြည်နယ်တွေ တည်ရှိနေပါတယ်။

ခွဲထွက်ရေး လှုပ်ရှားမှုတွေ၊ အစုလိုက်အပြုံလိုက် သေဆုံးကြရတဲ့ အထိ ပေါ်ပေါက်လေ့ရှိတဲ့ လူမျိုးစုတွေကြားက အဓိကရုဏ်းတွေ၊ ဥပဒေမဲ့ အပြုအမူတွေလည်း ရှိနေခဲ့တော့ .... နယူးဒေလီ အနေနဲ့ အဲဒီ အိန္ဒိယ အရှေ့မြောက်ဖျား ပြည်နယ်တွေနဲ့ ပတ်သက်ရင် စိုးရိမ်ကြောင့်ကြစိတ်တွေ၊ မယုံမကြည်စိတ်တွေ အမြဲပဲ ရှိပါတယ်။

ဒါ့အပြင် ကပ်ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်စေ၊ မြန်မာ နိုင်ငံက ဖြစ်စေ လက်နက်ကိုင် ပဋိပက္ခတွေ၊ မငြိမ်သက်မှုတွေ၊ ခွဲထွက်ရေး လှုပ်ရှားမှုတွေ သူတို့ဘက် ကျော်လွန် ဝင်ရောက်လာမှာကိုလည်း အမြဲပဲ စိုးရိမ်နေကြပါတယ်။

ပထမဆုံး အနေနဲ့ ကြေးစား စစ်သားတွေ ဆိုတဲ့ အပြောအဆို မျိုးကို ဆန်းစစ် ကြည့်ရအောင်ပါ။ မီဇိုရမ်ထဲကို အနောက်နိုင်ငံသား ကြေးစား စစ်သားတွေ အများအပြား ရောက်လာတယ် ... ပြီးတော့ မြန်မာဘက် ဝင်သွားကြပြီး ချင်းတပ်တွေနဲ့ အတူ မြန်မာ စစ်တပ်ကို တိုက်ပေးနေတယ် ဆိုရင် ဘယ်မှာလဲ သက်သေ ဆိုပြီး တစ်ခွန်းတည်း ပြောရုံပါပဲ။ တကယ့်ကို မနည်းလှတဲ့ အရေအတွက်နဲ့ အဲဒီလို လုပ်နေတယ် ဆိုရင် ခုလို ခေတ်မျိုးမှာ သတင်း မီဒီယာ ထက်၊ ဆိုရှယ်မီဒီယာထက် ရုပ်ပုံတွေနဲ့ တကွ ရောက်လာမှာ မလွဲပါဘူး။ ကျွန်တော်ဟာ မြန်မာနိုင်ငံထဲက လက်နက်ကိုင် လှုပ်ရှားမှုတွေကို အင်မတန်မှ အနီးကပ် စောင့်ကြည့် နေသူ ဖြစ်ပါတယ်။ ကျွန်တော်မှာ ချင်းတပ်တွေနဲ့ အတူ နိုင်ငံခြားသားတွေ ကြေးစား အဖြစ် ကူတိုက်ပေးနေတယ် ဆိုတာကို ညွှန်ပြနေတဲ့ ဘယ်လို အချက်အလက်မျိုးမှ ရှိမနေပါဘူး။

နိုင်ငံခြားသား တစ်ယောက်မှ မရှိဘူးလို့ ယတိပြတ် ပြောတာ မဟုတ်ပါဘူး။ အနောက်နိုင်ငံသားတွေ ဒါဇင်တချို့ထိအောင် ရှိနိုင်ပါတယ်။ ချင်းလူမှု အဖွဲ့အစည်းဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ဧဝံဂလိ ခရစ်ယာန် အသိုင်းအဝိုင်းတချို့နဲ့ကြား နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်မှု ရှိပါတယ်။

အဲဒီမှာ ရောက်နေတဲ့ သူတချို့ထဲ စစ်သားဟောင်းတွေလည်း ပါကောင်း ပါနိုင်ပါတယ်။ သူတို့ အနေနဲ့ အကြံပေးတာတွေ၊ လေ့ကျင့်ရေး သင်တန်းတွေမှာ ဝင်ကူတာတွေလည်း လုပ်ကောင်း လုပ်နိုင်ပါတယ်။

ဒါပေမယ့် အခု အိန္ဒိယထဲမှာ တချို့ ပုံဖော် ပြောနေသလို ကြေးစားစစ်သားတွေ ထောင် ဂဏန်းမျိုး အထိအောင် အရေအတွက်နဲ့ ဝင်ပြီး တိုက်နေကြတယ် ... အဲဒီလို တိုက်ခိုက်တာဟာလည်း အနောက်နိုင်ငံတွေရဲ့ လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့တွေရဲ့ ချိတ်ဆက်မှု၊ ကြိုးကိုင်မှုတွေ ဖြစ်တယ် ဆိုတာကတော့ စိတ်ကူးယဥ် ဆန်လှပါတယ်။ ရီစရာလည်းကောင်း၊ အကျိုးအကြောင်းလည်း မညီညွတ်၊ အဓိပ္ပာယ်လည်း ကင်းမဲ့ .... လူးဒါခရစ်(စ) ludicrous ဖြစ်လွန်းလှတယ်လို့ ပြောချင်ပါတယ်။

ဘီဘီစီ။ ။ ပါမောက္ခ မိုဟာမက်ဒ် ယူနွတ်စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် လက်ရှိ ကြားဖြတ် အစိုးရနဲ့ အမေရိကန်ကြားက ပူးပေါင်းကြံစည်မှု ဆိုတဲ့ အပေါ်မှာရော ဇက်ရေ .... ဘယ်လို ယူဆပါသလဲ။

ပါမောက္ခ ဇါခရီ အဘူဇာ။ ။ ပြောရမယ် ဆိုရင် အမေရိကန် အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကြား စစ်ဘက်ဆိုင်ရာ ထိတွေ့ ဆက်ဆံမှုတွေ လုပ်တိုင်းမှာ အိန္ဒိယက မနှစ်သက်ပါဘူး။ စိုးရိမ်ပါတယ်။ အမေရိကန်ဟာ တစ်နှစ်မှာ နှစ်ကြိမ် ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ဘက်ဆိုင်ရာ ထိတွေ့ ဆက်ဆံမှု ပြုလုပ်ပါတယ်။

နှစ်နိုင်ငံလုံး အဓိက တွန်းအားပေး ဦးတည်နေတာ သဘာဝ ကပ်ဘေးကြီးတွေ ဆိုက်ရောက်တဲ့ အခါ စီမံ ခန့်ခွဲနိုင်ရေးနဲ့၊ စာနာမှု ဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ထိထိရောက်ရောက် ပေးနိုင်ရေး ဖြစ်ပါတယ်။ တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးပြီ ဆိုရင် သီတင်း တစ်ပတ်လောက်အထိ အချိန်ယူပါတယ်။

တွေ့ဆုံမှုတိုင်းဟာ အခုမှ စိတ်ကူးရလို့ ဖုတ်ဖက်ခါ ထပြီး တွေ့ကြတာမျိုး မဟုတ်ပါဘူး။ တစ်နှစ် တင်ကြို စီစဥ်ထားတဲ့ တွေ့ဆုံမှုတွေ ဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိက တွေ့တယ် ဆိုပေမယ့် ဦးတည်ရည်မှန်းတဲ့ အကြောင်းအရာတွေထဲမှာ စစ်ရေး ဆိုင်ရာ ကိစ္စတွေရဲ့ အခန်းကဏ္ဍက ကျဥ်းမြောင်းပါတယ်။ ဖိလစ်ပိုင်နဲ့ကြားမှာ အခု လတ်တလော လုပ်နေတဲ့ တကယ့် စစ်ပွဲ အသွင် စစ်ရေးလေ့ကျင့်ခန်းလိုမျိုး ဘင်္ဂလားဒေ့ရှ်နဲ့ကြား ပြုလုပ်တာမျိုး မဟုတ်ပါဘူး။

ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန် စစ်တပ်ကြားက မိတ်ဖက် ဆက်ဆံရေးဆိုတာဟာ သင်တန်းတွေ ပေးတာမျိုးနဲ့ အစောပိုင်းက ပြောခဲ့သလို သဘာဝဘေး ကိုင်တွယ် တုံ့ပြန်ရေး ... စာနာမှု အကူအညီတွေ ပေးရေး ဆိုတဲ့ အပေါ်မှာပဲ ဗဟိုချက် ထားပါတယ်။ ဒါပေမယ့်လည်း အဲဒီလို အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ် ထိတွေ့ ဆက်ဆံတိုင်းမှာ အခု တစ်ကြိမ်မှ မဟုတ်ပါဘူး ... အရင့်အရင် ကာလတွေ တုန်းကလည်း အိန္ဒိယ မီဒီယာတွေထက် conspiracy ဇာတ်လမ်းတွေ ပြည့်နှက်သွားလေ့ ရှိပါတယ်။ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ကို ခြေကုပ်ယူပြီး

မြန်မာထဲထိ စစ်တပ်တွေ ဝင်ရောက်ဖို့ လျှို့ဝှက် ကြံစည်နေပြီ ဆိုတဲ့ အပြောမျိုး ကြားရလေ့ ရှိပါတယ်။ အတော်မပြည့်ဝပဲ၊ တာဝန်ယူမှု မရှိတဲ့ အညံ့စား ဂျာနယ် လစ်ဇင်မ် ပဲ ဆိုပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ချင်ပါတယ်။ တကယ့် ခိုင်မာတဲ့ သက်သေ အထောက်အထား တစုံတရာမှ ရှိမနေပါဘူး။

Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post

ဘီဘီစီ ။ ။ ရှမ်းမြောက်ကိစ္စမှာတော့ တရုတ်နဲ့ကြားဝင်မှုနဲ့ လားရှိုးကို MNDD က ပြန်လွှဲ ပေးရတာမျိုး ဖြစ်လာတဲ့ အပြင် တရုတ်က သူတို့ရဲ့ ရုံးကိုပါ နေရာချတာမျိုး လုပ်ပါတယ်။ ဒီတော့ လက်ရှိ ထရမ့် ဦးဆောင်တဲ့ အမေရိကန် အစိုးရကလည်း တရုတ်နဲ့ကြား ပြိုင်ဆိုင်မှု ပြင်းထန်တယ် ဆိုတော့ ဇက်အမြင်မှာရောမြန်မာနိုင်ငံထဲ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကြားခံ စစ် ပရောက်ဇီ စစ် အသွင်ထိ ပေါ်ပေါက်လာနိုင်လား။

နောက်တစ်ချက်က၊ သမ္မတ ဘိုင်ဒင် လက်ထက်မှာကို မြန်မာလူထု ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ အမေရိကန်ရဲ့ အထောက်အပံ့ဆိုတာ မဆိုသလောက်ပဲ ရတာ ဖြစ်ပါတယ်။ NUG ဖြစ်စေ၊ တခြား တိုင်းရင်းသား အင်အားစုတွေ ဖြစ်စေ ဘယ်လို စစ်ရေး အထောက်အပံ့ မျိုးမှ မရပါဘူး။ စာနာမှု ဆိုင်ရာ အကူအညီ တချို့ပဲ ရတာ ဖြစ်ပါတယ်။ လူ့အသက် မသေစေတဲ့ အထောက်အပံ့ပဲ ပေးရမယ် ဆိုပြီးတော့လည်း အမေရိကန်က ဥပဒေထုတ် ကန့်သတ်ထားပါတယ်။ ဒီတော့ မြန်မာ့ ဒီမိုကရေစီ ရေး အတွက် ပေးတဲ့ အကူအညီဆိုတာ အင်မတန်မှ အကန့်အသတ်နဲ့ ဖြစ်ပါတယ်။

အဲဒီလို အကန့်အသတ်နဲ့ ပေးလက်စ အရာတွေကိုတောင်မှ သမ္မတထရမ့် လက်ထက်မှာ အကုန် ဖြတ်တောက် ပစ်ပါတယ်။ သူကတော့ ဘာကိုမှ ဂရုမစိုက်သူပါ။ အမေရိကန်ထဲ ရှိနေပြီး ယာယီ ကာကွယ် စောင့်ရှောက်မှု ရထားတဲ့ သူမျိုးကိုပါ မြန်မာပြည် ပြန်လွှတ်တဲ့ သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ယူအက်စ်အေအိုင်ဒီ အထောက်အပံ့အားလုံးကို ရပ်ပစ်ပါတယ်။

ခင်ဗျား သိလား ... အခု ငလျင်ဘေးမှာတောင် လူ့အသက်တွေကို ကူညီကယ်ဆယ် နိုင်ဖို့ မြေပြင်ပေါ် မှာ လက်တွေ့ လုပ်နေတဲ့ ယူအက်စ်အေအိုင်ဒီ ဝန်ထမ်း ၃ ယောက်ကို အလုပ်ဖြုတ်ပစ်ပါတယ်။

အမေရိကန် စစ်တပ် ဆိုတာကတော့ မြန်မာနိုင်ငံထဲက ပဋိပက္ခထဲပါဝင်ဖို့ လုံးလုံးကို စိတ်ဝင်စားမှု မရှိတာပါ။ မြန်မာအရေး စိတ်ဝင်စားတဲ့သူ၊ မူဝါဒရေးပိုင်းမှာ ထည့်သွင်းတဲ့ အထိ ပေါက်ရောက်နိုင်တဲ့ သူဆိုလို့ လက်ရှိ အမေရိကန် အစိုးရ ထိပ်တန်း အဝန်းအဝိုင်းထဲမှာ မရှိသလောက် နည်းပါတယ်။ လက်တစ်ဆုပ်စာ တောင်မှ ရှိမယ် မထင်ပါဘူး။ ဒီတော့ အဆုံးသတ် ပြောရရင် အဲဒီလို မြန်မာ့အရေး အမေရိကန်- ဘင်္ဂလားဒေ့ရှ် ပူးပေါင်း ကြံစည်မှု ဆိုတာ အဓိပ္ပာယ် မရှိဆုံးတွေထဲမှာမှ ဗိုလ်စွဲနိုင်တဲ့ အဓိပ္ပာယ် မရှိတကာ့ မရှိဆုံး ဖြစ်ပါတယ်။