ယူကရိန်းဝန်ကြီးချုပ်သစ် ယူလီယာ ဆီပရင်ဒင်ကို ဆိုတာဘယ်သူလဲ

ယူကရိန်းလက်ထောက်ဝန်ကြီးချုပ်ကနေ ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ယူလီယာ ဆီပရင်ဒင်ကို

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, စတီလန်ဒါ ဒေါရက်ရှ်
    • ရာထူးတာဝန်, ဘီဘီစီ ယူကရိန်းဌာန

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးရဲ့အစိုးရအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှုမှာ ဒုတိယဝန်ကြီးချုပ် ယူလီယာဆီပရင်ဒင်ကို ကို ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ပြောင်းလဲပေးအပ်လိုက်ပါပြီ။

''ဆီပရင်ဒင်ကို က အစိုးရအဖွဲ့ကို ဦးဆောင်ကာ ပြန်လည်ဆန်းသစ်မှုတွေကို သိသာစွာလုပ်နိုင်လိမ့်မယ်" လို့ ပြောပြီး ဇလန်စကီးက သူ့ကို ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုခဲ့တာပါ။ အဲဒီနောက်မှာတော့ "ယူကရိန်းလွှတ်တော်က ယူလီယာကို ဝန်ကြီးချုပ်အဖြစ် ဇူလိုင် ၁၇ ရက်မှာ အတည်ပြုခဲ့ပါပြီ။

အရင်က ဒုဝန်ကြီးချုပ်နဲ့ စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ယူလီယာ ဆီပရင်ဒင်ကိုဟာ အခုရာထူးသစ်ကို ၂၀၂၀ ခုနှစ်၊ မတ်လကတည်းက ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဒန်းနစ် ရှမီဟားနေရာမှာ အစားထိုးရခဲ့တာပါ။ ဒန်းနစ် ရှမီဟား ကတော့ ကာကွယ်ရေးဝန်ကြီးဖြစ်သွားပါတယ်။

အမျိုးသမီးဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ယူလီယာ ဆီပရင်ဒင်ကို ဆိုတာကဘယ်သူပါလဲ။ သူ အခုလို ဝန်ကြီးချုပ်ဖြစ်လာတာဟာ စစ်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေများနေတဲ့ယူကရိန်းအတွက် ဘယ်လို သဘောဆောင်ပါသလဲ။

ဇလန်းစကီးရဲ့ ကာလရှည် မဟာမိတ်

အသက် ၃၉ နှစ်အရွယ် ဆီပရင်ဒင်ကိုဟာ အစိုးရအဖွဲ့မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာကစလို့ ဒုဝန်ကြီးချုပ်နဲ့ စီးပွားရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပါတယ်။ သူ အဲဒီရာထူးယူချိန်ဟာ ရုရှားက ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက် မတိုင်ခင်လပိုင်းအလိုလည်းဖြစ်ခဲ့ပါတယ်။

သူဟာ ဇလန်းစကီးရဲ့ ကာလရှည်မဟာမိတ်ဖြစ်ပြီး သမ္မတရုံးအကြီးအကဲလည်းဖြစ်၊ ဇလန်းစကီးရဲ့အဓိကအကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ အမ်ဒရီရဲယ်ယာမက်နဲ့လည်း နိုင်ငံရေးမဟာမိတ်ဖြစ်ပါတယ်။

ဆီပရင်ဒင်ကိုဟာ အမေရိကန်-ယူကရိန်း ပြန်လည်တည်ဆောက်ရေးရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေထူထောင်ဖို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့်နဲ့ အတူ သဘောတူညီချက်တစ်ခုကို မေလတုန်းက ပူးတွဲလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါကို ကြည့်ရင် သူဟာ ဇလန်းစကီးရဲ့ ယုံကြည်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိထားတ​ယ်လို့ မှတ်ယူကြပါတယ်။

အဲဒီသဘောတူညီချက်အရ အနာဂတ်မှာ ယူကရိန်းရဲ့ သတ္ထုနဲ့ အရန်စွမ်းအင်တွေကအကျိုး အမြတ် ဝေစုကို အမေရိကန်ကို ခွဲဝေဖို့ဖြစ်ပါတယ်။ ဒါတင်မက ယူကရိန်းရဲ့ ရုရှားရန်ကာကွယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးမှာ ဝါရှင်တန်က ဆက်လက်ရင်းနှီးမြှုပ်နှံဖို့အတွက် စီးပွားရေးမက်လုံးတစ်ခုအဖြစ်အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

Yulia Svyrydenko, dressed in a light-blue suit, holds a yellow folder and mobile phone. She's surrounded by other people

ဓာတ်ပုံ ရင်းမြစ်, UNIAN

ဓာတ်ပုံ ပုံစာ, ယူလီယာ ဆီပရင်ဒင် ဟာ မြန်မြန်ဆန်ဆန်ပဲ ရာထူးအဆင့်ဆင့် တိုးခဲ့ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဇလန်စကီးရဲ့ အစိုးရအဖွဲ့ထဲကိုမရောက်ခင်ကတော့ ဆီပရင်ဒင်ကိုဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရဝန်ထမ်းနယ်ပယ်မှာ ရာထူးမျိုးစုံနဲ့ အလုပ်လုပ်ခဲ့သူပါ။

ချာနီဟစ်ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ကို ၂၀၁၅ ခုနှစ်မှာ ဝင်ရောက်ခဲ့ပါတယ်။ လက်ရှိ မှာ နိုင်ငံ့ဒုဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်ရာထူးတွေအထိ အဆင့်ဆင့် မရောက်ခင် အဲဒီတုန်းကတော့ သူဟာ အဲဒီအာဏာပိုင်အဖွဲ့ အုပ်ချုပ်ရေးမှူး ဗလာရီကူလစ်ချ် ရဲ့အကြံပေးတာဝန်နဲ့ ဒီလောကထဲ ရောက်လာခဲ့တာပါ။

သူရဲ့ ရာထူးကိုတာဝန်စတင်ယူပြီး လအနည်းငယ်အတွင်းမှာပဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာနရဲ့ ဌာနမှူးအဖြစ် ရာထူးတိုးခဲ့ပြီး အဲဒီနောက်တော့ ဒေသအာဏာပိုင်အဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်လာပါတယ်။

ကူလစ်ချ်ကို ၂၀၁၈ ခုနှစ်နွေဦးမှာ ထုတ်ပယ်လိုက်တဲ့အခါ ဆီပရင်ဒင်ကိုဟာ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် လပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနှစ် အောက်တိုဘာလအတွင်း အက်ခနီးယား ခဲယမ်းမီးကျောက် ကုန်လှောင်ရုံမီးလောင်မှုဖြစ်စဥ်ကို ကိုယ်ဖိရင်ဖိ စီမံခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း အုပ်ချုပ်ရေးမှူးအသစ်တစ်ဦးကို ခန့်အပ်လိုက်တဲ့အခါမှာတော့ ဝန်ထမ်းတာဝန်ကနေ နုတ်ထွက်ပြီး စီးပွားရေးလုပ်ငန်းတွေဘက် ပြန်လည်အခြေချခဲ့ပါတယ်။

နိုင်ငံရေးလောကထဲ ဆီပရင်ဒင်ကိုရဲ့ တက်လှမ်းမှုအဆင့်ဆင့်

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး၊ စကော့ ဘတ်ဆန့် (ဘယ်) နဲ့ ယူကရိန်း လက်ထောက်ဝန်ကြီးချုပ် ယူလီယာ ဆီပရင်ဒင် (ညာ) တို့ သဘာဝရင်းမြစ်အပေးအယူ သဘောတူညီချက် လက်မှတ်ရေးထိုး

ဓာတ်ပုံ ရင်းမြစ်, Facebook Yulia Svyrydenko

ဓာတ်ပုံ ပုံစာ, အမေရိကန် ဘဏ္ဍာရေးဝန်ကြီး၊ စကော့ ဘတ်ဆန့် (ဘယ်) နဲ့ ယူကရိန်း လက်ထောက်ဝန်ကြီးချုပ် ယူလီယာ ဆီပရင်ဒင်ကို (ညာ) တို့ သဘာဝရင်းမြစ်အပေးအယူ သဘောတူညီချက် လက်မှတ်ရေးထိုး

ဆီပရင်ဒင်ကိုတစ်ယောက် နိုင်ငံရေးလောကထဲကို ပြန်ခြေချတာဟာ ၂၀၁၉ ခုနှစ်မှာဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဖို့ ၂၀၁၉ ခုနှစ်မှာ သူ ဖိတ်ခေါ် ခံရပါတယ်။ ဝန်ကြီးဌာနမှာ တာဝန်ထမ်းဖို့ သူ့ကို အဲဒီတုန်းက ဝန်ကြီး တီမိုဖီ မိုင်လိုဗန်နော့က ဖိတ်ခေါ်ခဲ့တာပါ။

အဲဒီကတည်းက သူဟာ နိုင်ငံရေးလောကထဲ လျင်လျင်မြန်မြန်ပဲ ပေါ်လွင်ထင်ရှားလာပါတယ်။

ဝန်ကြီးဌာနမှာ သူ တာဝန်ထမ်းပြီး တစ်နှစ်တောင် မပြည်ခင်မှာပဲ သူဟာ ယာမက်ဦးဆောင်တဲ့ သမ္မတရုံးအဖွဲ့ ဒုတိယအကြီးအကဲဖြစ်လာပါတယ်။ ၁၁ လကြာပြီးနောက် နိုဝင်ဘာ ၂၀၂၁ ခုနှစ်မှာတော့ ဝန်ကြီးချုပ် ဒန်းနစ် ရှမီဟားအစိုးရဲ့ဒုဝန်ကြီးချုပ်နဲ့ စီးပွားရေးဝန်ကြီးအဖြစ် ခန့်ထားခံခဲ့ရပါတယ်။

သမ္မတရုံးအကြီးအကဲ အမ်ဒရီရဲယ် ယာမက်ခ်ရဲ့ သမ္မတရုံး သြဇာ အစိုးရအဖွဲ့အတွင်း လွှမ်းမိုးလာနိုင်အောင် သူ့ကို အခုလိုနေရာပေးခဲ့တာဆိုတဲ့ပြောဆိုချက်တွေတောင် အဲဒီအချိန်တုန်းက ထွက်ပေါ်ခဲ့ပါတယ်။

Svyrydenko pictured on a stage, side on, with Andriy Yermak and another main with shaved, balding hair. In the background we can see the words "economic forum"

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆီပရင်ဒင်ဟာ ယူကရိန်းသမ္မတရုံးအကြီးအကဲ ယာမက်ခ်နဲ့ အနီးကပ်ဆုံး ဆက်ဆံရေးရှိသူလို့ ယူဆရပြီး ယာမက်ခ်က ဇလန်းစကီးရဲ့ အနီးကပ်ဆုံးအကြံပေးပုဂ္ဂိုလ်ဖြစ်ပါတယ်။

ဝင်ငွေအငြင်းပွားမှု

ပြီးခဲ့သည့်နှစ်တုန်းကတော့ ဆီပရင်ဒင်ကိုရဲ့ ပြင်ပနိုင်ငံရေးက ရရှိတဲ့ဝင်ငွေတွေနဲ့ ပတ်သတ်ပြီး အတိုက်အခံနိုင်ငံရေးသမားတွေဘက်က ထောက်ပြဝေဖန်တာတွေရှိခဲ့ပါတယ်။

ယူကရိန်းလွှတ်တော်အမတ်တွေရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ၂၀၂၄ ခုနှစ်ရဲ့ နှစ်ပတ်လည်ကြေညာချက်အရ ဆီပရင်ဒင်ကိုဟာ ကိယက်ဗ်စီးပွားရေးကျောင်းမှာ ၆ လ စာသင်ပေးခဲ့လို့ ယူကရိန်းငွေ ၃ သန်းကျော် (အမေရိကန် ဒေါ်လာ ၇၁၆,၉၀) ရရှိခဲ့တယ်လို့ ပြခဲ့ပါတယ်။

"အဲဒီပမာဏဟာ နိုင်ငံ့ထိပ်တန်းအစိုးရတက္ကသိုလ်တွေက ပါမောက္ခတစ်ယောက်ရဲ့ လစာဆိုတာထက်ကို အဆမတန် များလွန်းနေတယ်'' လို့ အတိုက်အခံအမတ် ဗိုလိုဒီမီယာ အဲရီဗီကပြောပါတယ်။ "

''ဒါတင်မက အစိုးရအဖွဲ့အတွင်းမှာ တာဝန်ထမ်းနေချိန် သူ့ရဲ့ တစ်နှစ်စာ ဝင်ငွေထက်တောင် များနေပါသေးတယ်''

အဲရီဗီရဲ့ ထောက်ပြချက်ကြောင့် အခုနှစ် ဧပြီလအတွင်း ယူကရိန်အမျိုးသားအေဂျင်စီ အကျင့်ပျက်ချစားမှု တိုက်ဖျက်ကာကွယ်ရေးက ဆီပရင်ဒင်ကို ရဲ့ ဝင်ငွေကို စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပါတယ်၊။

ဆီပရင်ဒင်ကို ကတော့ သူရဲ့အားလပ်ချိန် တွေမှာရော နားရက်တွေမှာပါ သင်ကြားမှုတွေလုပ်ဆောင်ခဲ့ပြီး မရိုးဖြောင့်တဲ့နည်းနဲ့ ဝင်ငွေမရှာဘူးလို့ ငြင်းဆိုထားပါတယ်။

အမေရိကန်ဒေါ်လာ ၆၀,၀၀၀ ဆိုတဲ့ ဆီပရင်ဒင်ကို ရဲ့ ဝင်ငွေက များတယ်လို့ဆိုနိုင်ပေမယ့်လည်း စျေးကွက်အတွင်းမှာ သူ့လိုကျွမ်းကျင်သူအတွက်တော့ ရနိုင်တဲ့ပမာဏပဲလို့ ကိယက်ဗ် စီးပွားရေးကျောင်းရဲ့ အကြီးအကဲ တီမိုဖီ မိုင်လိုဗန်နော့ကပြောပါတယ်။

''ယာမက်ကို စကတ်ဝတ်ထားတဲ့ပုံစံနဲ့ မြင်ရတာပေါ့''

ယူကရိန်းဝန်ကြီးချုပ်သစ် ဆီပရင်ဒင်ကို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဆီပရင်ဒင်ကို ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မှုဟာ ထူးမခြားနားပတ်ပျိုးပဲ ထွက်လာလိမ့်မယ်လို့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်က ထင်မြင်ချက်ပေးပါတယ်။

ဆီပရင်ဒင်ကို ကို ဝန်ကြီးချုပ်ရာထူးအတွက် အဆိုပြုတဲ့အခါ '' ဒီနိုင်ငံထဲမှာ မန်နေဂျာတွေ ငါး ယောက် ခြောက်ယောက် အုပ်ချုပ်ကြတယ်ပဲဆိုပါစို့။ လူသာကွဲသွားမယ်။ နာမည်ကတော့ ယာမက်ခ်ပဲ'' လို့ ယူကရိန်းသမ္မတဟောင်း ပီထရို ပိုရိုရှန်ကိုက ဝေဖန်ပါတယ်။

" ရှပ်အင်္ကျီဝတ်ထားတဲ့ ယာမက်ခ်လို့ သိကြတဲ့ ဝန်ကြီးချုပ် ရှမီဟား နေရာမှာ စကတ်ဝတ်ထားတဲ့ ယာမက်ခ်လို့ သိကြတဲ့ ဆီပရင်ဒင်ကိုကို အစားထိုးလိုက်တာပါပဲ''

ဝန်ကြီးချုပ်နေရာ အပြောင်းအလဲဖြစ်ပေမဲ့ ယာမက်ခ်ရဲ့ အဝန်းအဝိုင်းထဲကပဲ ဖြစ်လို့ သမ္မတရုံး သြဇာ ဆက်ရှိမယ်လို့ သူက ဆိုလိုတာဖြစ်ပါတယ်။

ဆီပရင်ဒင်ကိုဟာ ယူကရိန်းရဲ့ မူဝါဒပိုင်းတွေမှာအပြောင်းအလဲ ကြီးကြီးမားမား ဆောင်ကျဥ်းမယ့်ပုံ မပေါ်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ ဆီပရင်ဒင်ကိုမှာ တခြားအားသာချက်တွေလည်းရှိတယ်လို့ မြင်ကြသူတွေလည်း ရှိပါတယ်။ အဲဒီအားသာချက်တွေထဲက တစ်ချက်ကတော့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ စေ့စပ်ညှိနှိုင်း နိုင်စွမ်းလို့ ဆိုကြပါတယ်။

အမေရိကန်နဲ့ ယူကရိန်း သတ္ထုတွင်းသဘောတူညီချက်ရအောင် သူလုပ်နိုင်ခဲ့သလို လက်ရှိမှာလည်း ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာရေး ဆွေးနွေးရာမှာလည်း သူ ပါဝင်နေပါတယ်။

အခုလိုတိကျပြတ်သားရမယ့်အချိန် ယူကရိန်းနိုင်ငံ့တာဝန်ကို ပခုံးထမ်းဖို့ အခွင့်အရေးပေးတဲ့ သူ့အပေါ်ယုံကြည်မှုကို "ကျေးဇူးတင်ပါတယ် ဇလန်းစကီး'' လို့ တနင်္လာနေ့က သူ့ကို ဝန်ကြီးချုပ် နေရာအတွက် အဆိုပြုချိန်မှာ ဆီပရင်ဒင်ကို က ကျေးဇူးတင်စကားဆိုပါတယ်။

ယူကရိန်းရဲ့ စီးပွားရေးအလားအလာအားကောင်းနိုင်ဖို့ ယူကရိန်းပြည်သူတွေအတွက် အထောက်အပံ့ပေးတဲ့ အစီအစဥ်တွေချဲ့ထွင်ရေးနဲ့ ပြည်တွင်းလက်နက်ထုတ်လုပ်မှုတွေကို ချဲ့ထွင်မြှင့်တင်ခြင်းတို့ကို အစိုးရအနေနဲ့ လုပ်ဆောင်ဖို့ ဦးစားပေးမယ်လို့ သူကပြောခဲ့ပါတယ်။