ဖေဖော်ဝါရီ၂၄ ရက်ထိပ်တန်းသတင်းများ - မြန်မာကိုပေးမယ့် လူသားချင်းစာနာအကူအညီတွေ မတ်လမှာစတင်ဖို့ ထိုင်းစီစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံက စစ်ရှောင်ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို မတ်လပထမအပတ်က စတင်ပေးနိုင်ဖို့ မျှော်လင့်ထားပြီး ထိုင်းနိုင်ငံ၊
တာ့ခ် ခရိုင်ကနေ စတင်ဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးကပြောကြောင်း ထိုင်း PBS သတင်းကဖော်ပြပါတယ်။
ပန်ပရီးက မြန်မာနိုင်ငံအနှံ့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်ခံစားရသူအားလုံးကို ခွဲခြားမှုမရှိ အကူအညီတွေပေးသွားမယ်လို့ဆိုပါတယ်။
ထိုင်း-မြန်မာ ကြက်ခြေနီအသင်းတွေက ဦးဆောင်ပြီး ကနဦးအနေနဲ့ ရိက္ခာအပါအဝင် ဆေးဝါးထောက်ပံ့တဲ့အကူအညီတွေ ပေးသွားမယ်လို့ သိရပါတယ်။
အကူအညီများပေးအပ်တဲ့အခါမှာလည်း အညီလိုအပ်နေတဲ့နေရာတွေဆီကို တာဝန်ခံမှုရှိရှိနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ ရောက်ရှိနိုင်ဖို့အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံလူသားချင်းစာနာမှုနဲ့ အကူအညီပေးရေး ညှိနှိုင်းရေးဗဟို (AHA) ကနေ စောင့်ကြည့်လေ့လာသွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလက တရုတ်မှာပြုလုပ်တဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ ပန်ပရီးတို့ ပထမဆုံးတွေ့ဆုံခဲ့ကြပြီး မြန်မာကို အကူအညီပေးဖို့အစီအစဉ်ရှိကြောင်း ပြောခဲ့ကြပါတယ်။ အဲဒီကနေမှ စစ်ကောင်စီဘက်ကနေ ထိုင်းဘက်ကို အလုပ်အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး အကူအညီပေးဖို့ အစီအစဉ်အတွက် ဆက်လက်ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
“ဒီလူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးဖို့အစီအစဉ်အလုပ်ဖြစ်ခဲ့မယ်ဆိုရင် မြန်မာက ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်မှာဖြစ်သလို သူတို့အနေနဲ့လည်း အပြန်အလှန်ဆွေးနွေးမှုတွေ စတင်ဖို့ ဆန္ဒရှိလာနိုင်ဖို့ မျှော်လင့်ရတာပဲ” လို့ ပန်ပရီးက ဆိုပါတယ်။
“ဘယ်လောက်အထိ အကူအညီပေးလို့ရမလဲဆိုတာ သိနိုင်ဖို့ ဧရိယာကျဉ်းကျဉ်းကနေပဲ ကနဦးအရင်စပါမယ်။ အရေးအကြီးဆုံးကတော့ လိုအပ်တဲ့ နေရာတွေဆီ အကူအညီတွေ သေချာရောက်စေချင်ပါတယ်”လို့ သူက ပြောပါတယ်။
မြန်မာဘက်ကို အကူအညီအထောက်အပံ့တွေ ရောက်သွားရင်လည်း မြန်မာဘက်ကနေ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီး စိုးရိမ်တာတွေလည်းရှိတယ်လို့ သူက ထည့်ပြောထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Jc David New (Salai vancungmi)
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
CNDF ဒုစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်တချို့သေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဘက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီးဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းကာကွယ်ရေးတပ် (CDF-KKF) က ဘီဘီစီကိုပြောပါတယ်။
မနေ့ကအထိ ကလေးမြို့တောင်ပိုင်းက အင်တိုင်းကုန်းရွာ၊ မှန်တောရွာ၊ ကန်ကြီးရွာ၊ မြို့လှရွာ အပါအဝင် စက္ကန့်ရွာတွေဘက်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ CDF-KKG တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။
အဲဒီတိုက်ပွဲကို CDF-KKG အပါအဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နဲ့ ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့ပူးပေါင်းပါဝင်တိုက်ခိုက်နေတာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ဘက်က ဒုတိယစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးဟာ မနေ့ဖေဖော်ဝါရီ ၂၃ ရက်မှာ သေဆုံးသွားတယ်လို့ CNDF ဘက်က အတည်ပြုပါတယ်။
သေဆုံးသွားတဲ့အထဲမှာ CNDF ရဲ့ ဒုတိယစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင် ၂ ဦးဟာ မှန်တောရွာနဲ့ အောင်သာယာရွာကြားတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ်တစ်ဦးကတော့ စက္ကန့်ရွာမှာ မိုင်းနင်းမိပြီး သေဆုံးသွားတာလို့ CDF-KKG ကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က အင်အားရာနဲ့ချီပါတဲ့ စစ်ကြောင်းတွေ ကလေးမြို့တောင်ဘက်ပိုင်းကို ချီတက်လာရာကနေ တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။
လက်ရှိမှာ စက္ကန့်ရွာကို ချင်းကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားနိုင်ပြီး ကလေးမြို့ပေါ်နဲ့ ကျန်တဲ့ရွာတွေကိုတော့ စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားတယ်လို့ CDF-KKG က ပြောပါတယ်။
ကလေးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ်ဘက်က မြို့ပေါ်ကို ဖေဖော်ဝါရီ ၂၂ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတချို့သေဆုံးတာတွေရှိတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးရဲ့အပြောအရသိရပါတယ်။
စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကလေးမြိုနယ် အောင်သာယာကျေး ရွာအနီးမှာ CNO/CNDF အဖွဲမှ ဒုတိယစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နဲ့အဖွဲ့ကို သတင်းအရ တိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ သေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ရေးသားထားပါတယ်။
စစ်တွေနဲ့ ကျောက်ဖြူမှာ စစ်မှုထမ်းဖို့စာရင်းကောက်တယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းပြော

ဓာတ်ပုံ ရင်းမြစ်, MYO KYAW SOE/AFP/GETTY
စစ်သားစုဆောင်းတာမရှိဘူးလို့ စစ်ကောင်စီငြင်းဆို
ရခိုင်ပြည်နယ် မြို့တော် စစ်တွေနဲ့ ကျောက်ဖြူမြို့မှာရှိတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ စစ်မှုထမ်းဖို့ဆိုပြီး လူဦးရေစာရင်းတွေကောက်ခံနေတယ်လို့ စာရင်းပေးခဲ့ရတဲ့မွတ်ဆလင်တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တွေမြို့ရဲ့ ဒုက္ခသည်စခန်း လေးခုလောက်မှာ ရပ်ရွာကာကွယ်ဖို့အတွက် သင်တန်းတက်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မွတ်ဆလင် ၁၄၀ ဦးဝန်းကျင်ကို စစ်ကောင်စီအာဏာပိုင်တွေဘက်က ခေါ်ဆောင်သွားတယ်လို့ သက္ကေပြင်စခန်းက မွတ်ဆလင်တစ်ဦးက ပြောပါတယ်။
တချိန်တည်းမှာပဲ ကျောက်ဖြူမြို့က ကျောက်တစ်လုံးမွတ်ဆလင် ဒုက္ခသည်စခန်းမှာလည်း အသက် ၂၀ ကနေ ၃၅ နှစ်အတွင်း မွတ်ဆလင်အမျိုးသား ၁၆၀ ဦးထက်မနည်းကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက စာရင်းကောက်ယူသွားတယ်လို့ ရခိုင်ဒေသတွင်းမီဒီယာတချို့ကဖော်ပြထားပါတယ်။
အခုလို မွတ်ဆလင်တွေကို စစ်မှုထမ်းရမယ်ဆိုပြီး စာရင်းကောက်ခံတာမျိုးရှိတဲ့အပြင် ပြည်သူ့စစ်သင်တန်းတက်ရောက်ဖို့အတွက် စာရင်းကောက်ခံတာတွေလည်းရှိတယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
စစ်မှုထမ်းဖို့အတွက် မွတ်ဆလင်တွေအများဆုံး စာရင်းကောက်ခံနေရတဲ့မြို့တွေကတော့ ကျောက်ဖြူ၊ ဘူးသီးတောင်အပါအဝင် မြို့တော်စစ်တွေဖြစ်တယ်လို့ သူကပြောပါတယ်။
တဖက်မှာလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဖေဖော်ဝါရီ ၂၃ ရက်သတင်းထုတ်ပြန်ချက်မှာတော့ စစ်တပ်က ရခိုင်ပြည်နယ်တွင်း ဘူသီးတောင်၊မောင်တောမှာရှိတဲ့ မွတ်ဆလင်တွေကို စစ်သားစုဆောင်းမှုတွေလုပ်နေတယ်ဆိုတဲ့ ကောလဟလတွေ ထင်ယောင်ထင်မှားဖြစ်အောင်ဖြန့်ဝေနေသူတွေရှိတယ်လို့ တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ မြို့တော်စစ်တွေနဲ့ ကျောက်ဖြူမြို့က အခြေအနေတွေကိုထည့်ပြောသွားတာမတွေ့ရပါဘူး။
'' ဘူးသီးတောင် မောင်တောမှာရှိတဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတိုင်းကို မေးလို့ရပါတယ်။ နယ်မြေခံတပ်တွေနဲ့ မွတ်အဲဒီမှာရှိတဲ့ ဆလင်အသိုင်းအဝိုင်းက ယှဥ်တွဲနေလာတာ ကြာပါပြီ။ ဒါနဲ့ပတ်သက်ပြီး စစ်သားစုဆောင်းမှု လုံးဝမရှိဘူးလို့ပဲ ပြောချင်ပါတယ်'' လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ငြင်းဆိုပြောကြားထားပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်ဝင်စေခဲ့တာဖြစ်ပြီး လာမယ့် ဧပြီလကနေ စတင်အကောင်အထည်ဖော်မယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
အွန်လိုင်း ချေးငွေလုပ်ငန်းဆိုပြီး ငွေကြေးလိမ်လည်တဲ့အဖွဲ့ ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, CINCDS
Mashala Tech Co.,Ltd နာမည်နဲ့ Tik Tok လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အွန်လိုင်းချေးငွေလုပ်ငန်းဆိုပြီး ငွေကြေးလိမ်လည်တဲ့ အဖွဲ့ထဲက ၁၄ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရတဲ့ ၁၄ ဦးထဲမှာ အမျိုးသမီး ၇ ဦးထက်မနည်းပါဝင်ပြီး အဲဒီအဖွဲ့ထဲက ချေးငွေကောက်ခံသူအဖြစ် ၂၀၂၃ ဇန်နဝါရီလကတည်းက လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို စစ်ဆေးဖော်ထုတ်ခဲ့ရာကနေ နောက်ထပ် ၁၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
လိမ်လည်တဲ့အဖွဲ့ဟာ အတိုးနှုန်းမြင့်မြင့်နဲ့ အွန်လိုင်းကနေ ငွေချေးပေးပြီး အချိန်မီပြန်လည်မပေးသွင်းနိုင်ဘူးဆိုရင် ငွေချေးပေးစဉ်က ရယူထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို အသုံးချပြီး ခြိမ်းခြောက်ငွေတောင်းခံတာတွေအပြင် ငွေကြေးလိမ်လည်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ၁၄ ဦးကို ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၂၂ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး လိမ်လည်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာလက်ပ်တော့ ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး နဲ့ မော်တော်ယာဉ်တစ်စီးလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ဆေးဖော်ထုတ်ချက်တွေအရ လိမ်လည်တဲ့လုပ်ငန်း Mashala နည်းပညာကုမ္ပဏီဟာ မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ ဦးဇေယျာမင်း ဆိုသူ တစ်ဦးတည်းအမည်နဲ့ မှတ်ပုံတင်ထားပေမယ့် အမှန်တကယ် လုပ်ကိုင်နေသူကတော့ တရုတ်နိုင်ငံသား မစ္စတာယုလင်ဖန်း ခေါ် ဝီလီယမ် ဖြစ်တယ်လို့ သိရပါတယ်။
မစ္စတာ ယုလင်ဖန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကတည်းက ကမ္ဘောဒီးယားနိုင်ငံကို ထွက်ခွာသွားပြီး မြန်မာနိုင်ငံထဲ ပြန်ဝင်လာတာမရှိသေးဘူးလို့ ဆိုပါတယ်။
ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းဟာ အဖွဲ့ဝင်ပေါင်း ၉၁ ဦးနဲ့ ဖွဲ့စည်းလုပ်ကိုင်နေပြီး အွန်လိုင်းကနေ ငွေချေးလာအောင် သွေးဆောင်တဲ့အဖွဲ့၊ ချေးငွေရယူဖို့အတွက် ဝန်ဆောင်မှုပေးတဲ့အဖွဲ့၊ ချေးငွေလျှောက်လွှာစိစစ်တဲ့အဖွဲ့နဲ့ ချေးငွေ ပြန်လည်ခြိမ်းခြောက်တောင်းခံတဲ့အဖွဲ့ဆိုပြီး အဖွဲ့ ၄ ဖွဲ့နဲ့ လည်ပတ်လုပ်ကိုင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကောလင်းတစ်မြို့လုံးနီးပါး မီးလောင်ကျွမ်းပျက်စီးထား

ဓာတ်ပုံ ရင်းမြစ်, Kawlin Revolution - KR
စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်လိုက်တဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ မြို့ပေါ်ရပ်ကွက် အားလုံးနီးပါး မီးလောင်ကျွမ်းထားပြီးအပျက်အစီးတွေနဲ့ ပြည့်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့ကပြောပါတယ်။
ကောလင်းတော်လှန်ရေးအဖွဲ့ - KR အဖွဲ့ကတော့ မြို့ကမီးရှို့ဖျက်ဆီးခံထားရတယ်လို့ ပြောဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဒီကနေ့မှာ အလားတူထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဘက်က ကောလင်းမြို့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အပြည့်အဝပြန်လည်ထိန်းချုပ်ထားပြီး အထပ်မြင့်ရှိတဲ့ အဆောက်အဦတွေမှာ တပ်စွဲနေရာယူထားတယ်လို့ KR ဘက်က ပြောပါတယ်။
ကောလင်းမြို့နဲ့ ကပ်လျက်က ရွာတော်တော်များများလည်း မီးလောင်ခံထားရပြီး စစ်ရှောင်ရတဲ့ ရွာ လည်း ၂၅ ရွာထက်မနည်း ရှိတယ်လို့ KR က ဆိုပါတယ်။
ကောလင်းမြို့ပေါ်ရပ်ကွက်အပါအဝင် ရွာပေါင်း ၂၅ ရွာက ဒေသခံ သောင်းနဲ့ချီဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မြို့ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး မီးလောင်ကျွမ်းမှုကြောင့် မြို့ကပျက်စီးသွားပြီလို့ KR ဘက်က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ကောလင်းဘက်က အခြေအနေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၂၂ ရက်ထုတ်ပြန်ချက်မှာတော့ ကောလင်းမြို့တွင်းမှာ မိုင်းရှင်းလင်းတာနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတယ်လို့ဆိုသလို တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မီးလောင်တယ်ဆိုပြီး စွပ်စွဲထုတ်ပြန်ထားတာတွေ့ရပါတယ်။
မောင်တောမြို၊ ရန်အောင်ပြင် ကင်းစခန်းကိုသိမ်းပိုက်လိုက်တယ်လို့ အေအေ ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, AA
ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ်ထဲက စစ်ကောင်စီရဲ့ ရန်အောင်ပြင် ကင်းစခန်း ကို ဖေဖော်ဝါရီလ ၂၃ ရက် က ၅ နာရီကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ခဲ့တယ်လို့ အေအေကထုတ်ပြန်ပါတယ်။ အေအေ အပြောအရ လက်နက်ချအညံ့မခံတဲ့ အဲဒီစခန်းကို မနက်ပိုင်း ၇ နာရီကျော်ကစတင်တိုက်ခိုက်ခဲ့တာမှာ နေ့လယ် ၁၂ နာရီကျော်မှာသိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါတယ်။
ဒါအပြင် အဲဒီစခန်းပတ်ဝန်းကျင်က ကျန်နေတဲ့ စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်မယ်လို့ ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။
လက်ရှိမှာ အေအေ အနေနဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ မင်းပြား စတဲ့ ရခိုင်က မြို့ ၅ မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ပြောထားပါတယ်။
ဒါအပြင် မင်းပြားမြို့က တစ်ခုတည်းကျန်တဲ့ စစ်တပ်စခန်းဖြစ်တဲ့ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်က ခြောက်ရက်မြောက် ထိုးစစ်ဆင်နေပြီးတိုက်ခိုက်နေဆဲလို့လည်း သိရပါတယ်။
ပုဏ္ဏားကျွန်းမြိုက ခမရ (၅၅၀) ကိုလည်း ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ လည်းဆိုပါတယ်။
တစ်ဖက်မှာလည်း အေအေသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ ရခိုင်တောင်ပိုင်းဒေသက ရမ်းဗြဲမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာတွေဆက်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်ဒေသတွင်းစစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ အခုရက်ပိုင်းအတွင်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မြို့သိမ်းတိုက်ပွဲတွေထက် နေပြည်တော်ကိုသာထိုးဖောက်မယ်လို့ KNU ပြော

ဓာတ်ပုံ ရင်းမြစ်, KNU
စစ်ကောင်စီက သူတို့ လက်လွှတ်လိုက်ရတဲ့မြို့တွေကို တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ အုပ်ချုပ်လို့မရအောင်လုပ်တာကြောင့် မြို့သိမ်းတိုက်ပွဲတွေထက် စစ်ကောင်စီအုပ်ချုပ်နေတဲ့ နေပြည်တော်ကို ထိုးဖောက်ဖို့သာ စဉ်းစားချက်ရှိတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်တဲ့ ပဒိုစောတောနီးရဲ့ စစ်ဆင်ရေးနယ်မြေတွေကိုသွားရောက်ခဲ့တဲ့ အကြောင်း မေးမြန်းခန်းမှာထည့်ပြောတာဖြစ်ပါတယ်။
KNU ရဲ့ ရှေ့တန်းနေရာတွေဖြစ်တဲ့ တပ်မဟာ ၆ မှာဆိုရင် အာရှလမ်းတလျှောက်၊ တပ်မဟာ ၃ ဆိုရင် ကျောက်ကြီး၊ ရွှေကျင်မြို့တွေနဲ့ ရန်ကုန်-မန္တလေး ရထားလမ်းနားအထိ ရွာပေါင်း ၆၀ ကျော်အပြင် မဒေါက် ၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ဖြူးမြို့အထိ၊ တပ်မဟာ ၁ ဆိုရင် ဘားအံမြို့ပေါ်အထိ KNU ရဲ့ တပ်တွေ သွားလာနိုင်တဲ့အထိ နယ်မြေထိန်းချုပ်နိုင်တာ ကျယ်ပြန့်လာတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။
“မြို့သိမ်းတိုက်ပွဲတွေလုပ်ဖို့ လုံးဝအာရုံမလာဘူး၊ ဘာလို့ဆိုတော့ မုန်းတို့၊ ဇရပ်ကြီးတို့ကိုကြည့်၊ ဇရပ်ကြီးမှာဆို ဘယ်လောက်မှမကြာဘူး တောင်ငူကနေ လေကြောင်းရောက်လာတယ်။ လူထုရောဘာရော လုံးဝမတွေးဘူးလေ။ ဒါမျိုးဆို မြို့သိမ်းထားတဲ့သူတွေ ပြန်စဉ်းစားရမယ်လေ။ ကျွန်တော်တို့ကတော့ သိပ်ပြောစရာမလိုဘူး၊ ကိုယ့်ကိုထိခိုက်မှုနည်းမယ့်အလုပ်ကိုလုပ်မယ်။ နောက်ပြီး သူ့ရဲ့ အရှိုက်ရှိတဲ့နေရာ ဖောက်မှာပဲ။ ဒီတော့လုပ်စရာရှိတာတွေကို သေသေသပ်သပ်နဲ့ လုပ်သွားမှာပဲ။ ကြွားစရာလည်း မလိုဘူး ဒီအပိုင်းမှာ”လို့ သူက ထည့်ပြောထားပါတယ်။
ဒ့ါအပြင် KNU နယ်မြေချဲ့ထွင်နိုင်တဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲပြီး စွန့်ခွာသွားပြီး မြေမြုပ်မိုင်းတွေကို ထောင်ထားခဲ့တာကြောင့် ရွာတွေထဲကို မဝင်ရဲတာတောင် ရှိတယ်လို့ ဆိုပါတယ်။
သူသွားရောက်ခဲ့တဲ့ ရှေ့တန်းနေရာတွေမှာဆိုရင် စစ်ကောင်စီတပ်တွေဟာ တပ်ဝင်းအပြင်ကနေ လုံးဝအပြင်မထွက်ဘဲ တပ်ဝန်းထဲမှာသာ ခံစစ်အနေနဲ့ ရှိနေကြတယ်လို့ပြောပါတယ်။
“ဘားအံမြို့ဟာ KNU ရဲ့ တပ်မဟာ ၁ ထဲမှာပါတယ်။ ကျနော်တို့အဖွဲ့တွေရဲ့ကားတွေ တပ်ဖွဲ့ဝင်တွေက ပေတစ်ရာလမ်းတွေပေါ်အထိ သွားချင်သလိုသွားနိုင်ချိန်မှာ အာဏာသိမ်းစစ်တပ်က အပြင်လုံးဝမထွက်ရဲဘဲ သူ့ရဲ့ခံစစ်အနေနဲ့ တပ်ဝင်းထဲမှာပဲ နေနေတယ်”လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကြား တိုက်ပွဲတွေကြောင့် KNU နယ်မြေအတွင်းမှာတင် စစ်ဘေးရှောင်ပြည်သူ ၇၆၄၀၀၀ ကျော်ရှိနေတယ်လို့သိရပါတယ်။ တဖက်မှာလည်း ကရင်ပြည်နယ်တွင်းစစ်ရှောင် ဒုက္ခသည်တိုးလာလို့ KNU အနေနဲ့ စစ်ရှောင်တွေအတွက် ထိရောက်ဘေးကင်းနိုင်တဲ့ အစီအစဥ်တွေလုပ်ပေးဖို့လိုတယ်ဆိုပြီး မြေပြင်စစ်ရှောင်အရေး လုပ်ကိုင်သူအချို့က ပြောထားပါတယ်။









