ရေပန်းစားနေတဲ့တရုတ်ဘောလုံးပွဲက လယ်သမား၊ကျောင်းသားဘောလုံးကြယ်ပွင့်များ

ဓာတ်ပုံ ရင်းမြစ်, BBC/Katherina Tse
- ရေးသားသူ, စတီဖင်မက်ဒေါနယ်
- ရာထူးတာဝန်, ဘီဘီစီ(တရုတ်)
ကွေ့ကျိုးရွာ၊ စူပါလိဂ်ဘောလုံးပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားဖွယ်ဗိုလ်လုပွဲညကို ကြည့်ဖို့ ရွန်းဂျန်း ဘောလုံးကွင်းထဲမှာ ထောင်နဲ့ချီတဲ့ပရိသတ်တွေ ကြိတ်ကြိတ်တိုးနေပါတယ်။
ဒီလို အုံးအုံးကျွတ်ကျွတ်ဖြစ်နေတဲ့ ရွာလိဂ်ဘောလုံးပွဲရဲ့ ဗိုလ်လုပွဲနေ့မှာတော့ ဒုန်မံရွာအသင်း နဲ့ ဒန်ရှန်းရွာအသင်းတို့က ယှဉ်ပြိုင်ကစားကြမှာပါ။
ဒီလို ရွာအဆင့်လိဂ်မှာ ပါဝင်ကြတဲ့အသင်းသားဘောလုံးသမားတွေက လယ်သမားတွေ၊ ကျောင်းသားတွေ ဒါမှမဟုတ် ကုန်စုံဆိုင်ပိုင်ရှင်တွေဖြစ်ပါတယ်။ သူတို့ကိုတိုင်းရင်းသားရိုးရာဝတ်စုံတွေနဲ့ ဗုံတွေတီးခတ်ပြီး အားပေးနေကြတဲ့ ပရိသတ်တွေရဲ့ ပုံရိပ်တွေလူမှုကွန်ရက်မှာ ပျံ့နှံ့ လာရာကနေ သူတို့ကို လူသိများလာပြီး ရွာစူပါလိဂ်ကထင်ရှားလာတာပါ။
ဒီရုပ်သံတွေရဲ့အားက နိုင်ငံတဝှမ်းကလူတွေကို ကိုယ်တိုင်ကိုယ်ကျဘောလုံးပွဲကို အပတ်စဉ်ပိတ်ရက်တိုင်းလာကြည့်ချင်အောင် ဆွဲဆောင်နိုင်တဲ့အထိ အားကောင်းခဲ့ပါတယ်။
ဝင်ကြေးအခမဲ့ဘောလုံးပွဲဖြစ်ပေမယ့် ခရိုင်မြို့တော် ကွေ့ရန်ကလာမယ်ဆိုရင် တောင်တွေ ဖြတ်မောင်းပြီး ၃ နာရီကြာမယ့် ခရီးလမ်းမှာ တစ်စိတ်တစ်ပိုင်း ခြေလျင်ခရီးလည်း နှင်ရမှာပါ။
ပြီးခဲ့တဲ့ ၁၂ လလုံး တရုတ်ခရီးသွားသန်းနဲ့ချီက အဲဒီဘောလုံးပွဲကိုတခဲနက်အားပေးဖို့အတွက် ခြေလျင်ခရီးနှင်ခဲ့ကြတာကြောင့် နိုင်ငံပိုင်မီဒီယာတွေကဖော်ပြတဲ့ တရားဝင်အချက်အလက်တွေအရကြည့်ရင် ခရီးသွားလုပ်ငန်းဝင်ငွေကို ၇၅ ရာခိုင်နှုန်းအထိတိုးတက်စေခဲ့ပါတယ်။
တည်းစရာဟိုတယ်အသေးစားတွေပဲရှိတော့ ပွဲကာလရာသီချိန်ဆိုဘွတ်ကင်တွေပြည့်နေတာကများပါတယ်။
ဒါက အခြေခံလူတန်းစားတစ်ရပ်ရဲ့အောင်ပွဲပါပဲ။

ဓာတ်ပုံ ရင်းမြစ်, BBC/Katherina Tse
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီကွေ့ကျိုးရွာက တရုတ်မှာ ဆင်းရဲမွဲတေမှုအမြင့်ဆုံးဒေသအဆင့်ကနေလွတ်မြောက်ပြီလို့ ကြေညာဖို့ ကျန်နေတဲ့ဒေသထဲကတစ်ခု ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က ဒီခရိုင်ထဲကကျေးလက်ဒေသတွေမှာ လူတစ်ဦးရဲ့ နှစ်စဉ်ပျမ်းမျှအသားတင်ဝင်ငွေက အမေရိကန် ဒေါ်လာ ၁,၃၅၀ပဲ ရှိပါတယ်။
အခု ဘောလုံးအသင်းသစ်ဖွဲ့စည်းလိုက်တဲ့ ၂ နှစ်ဝန်းကျင်လောက်မှာတော့ ဒီဒေသကို ပြုပြင်ပြောင်းလဲ ပေးနိုင်တဲ့ အောင်မြင်မှုတွေ ဆောင်ကြဉ်းလာခဲ့ပါပြီ။
ဘောလုံးသမားတွေကိုယ်တိုင်လည်း မယုံနိုင်အောင်ဖြစ်နေကြဆဲပါ။
“ကျွန်တော်တို့က ဘောလုံးအားကစားပညာရှင်အဆင့်လည်းမဟုတ်ဘူး။ ဘောလုံးကစားတာကို ဝါသနာပါတာလောက်ပဲ”
“ရွာစူပါလိဂ်မရှိရင်လည်း ကျွန်တော်တို့ နေ့တိုင်းကန်နေမှာပဲ။ ဘောလုံးသာမရှိရင် ဘဝကလည်းအဓိပ္ပါယ်မရှိဘူးလေ” လို့ ရွာခံရှန်ရန် ပြောပါတယ်။
တစ်ညလုံး ညဆိုင်းဆင်းအလုပ်ဝင်ရတဲ့ ဆေးရုံပြုပြင်ထိန်းသိမ်းရေးဌာနက အသက် ၃၂ နှစ်အရွယ်အလုပ်သမား ''ရှန်''ဟာ ကွင်းထဲမှာတော့ ဒုန်မံရွာအသင်းအတွက် အဓိကတိုက်စစ်မှူးတစ်ဦးပါပဲ။
သူငယ်ငယ်တုန်းက ဘောလုံးကစားရင်မကြိုက်တဲ့ မိဘတွေလည်းအခုချိန်မှာ အမြင်ပြောင်းသွားပြီလို့ သူကပြောပါတယ်။
“ငယ်ငယ်က ဘောလုံးပေးမကစားဘူး။ အားကစားဖိနပ်တွေဆိုလည်းပစ်ထုတ်တယ်။ အခုတော့ သူတို့ ကိုယ်တိုင် အားကစားရုံလာတဲ့လမ်းက ဂိတ်မှာ ရေခဲမုန့်ရောင်းနေကြပြီ” လို့ ရယ်ရင်းပြောပြပါတယ်။
ရွာအားကစားပွဲက ယူဆောင်လာပေးတဲ့ စီးပွားရေးတိုးတက်မှုကြောင့် အကျိုးဖြစ်ထွန်းခဲ့ကြတဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေက ရှန့် မိဘတွေတင် မကပါဘူး။
ဒေသခံအားလုံးက ချက်ချင်းချမ်းသာသွားတာမဟုတ်ပေမယ့် အားကစားပွဲကြောင့် မိသားစုဟိုတယ် လုပ်ငန်းငယ်တွေ၊ စားသောက်ဆိုင်တွေ နဲ့ လမ်ဘေးဆိုင်လေးတွေနဲ့ ဝင်ငွေရပေါက်ရလမ်းတွေဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/Katherina Tse
မနှစ်က ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တဲ့ ကျုံးချန်ရွာက ကစားသမား တုန်းရုံဟန်ဟာ ဘောလုံးကွင်းထဲက အတွေ့အကြုံကောင်းတွေထက်ကျော်လွန်ပြီး ရလဒ်ကောင်းရခဲ့သူတွေထဲကတစ်ဦးပါ။
ဆောက်လုပ်ရေးအလုပ်သမားဟောင်းဖြစ်တဲ့ သူက ဘောလုံးအားကစားမှာ ရေပန်းစားလာပြီး မိသားစုလုပ်ငန်းကိုလည်း အောင်မြင်အောင်ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ တချိန်က အဒေါ်ဖြစ်သူရဲ့ ထမင်းလိပ်ရောင်းတဲ့ ရွန်းဂျန်းက သရေစာမုန့်ဆိုင်လေးမှာ ထမင်းကူလိပ်ပေးခဲ့ရသူပါ။
အခုတော့ သူ့ကိုယ်ပိုင် အထပ်မြင့်စားသောက်ဆိုင်တောင်ဖွင့်နိုင်ခဲ့ပါပြီ။ ဆိုင်နဲ့ကပ်လျက်မှာလည်း သူ့ဘောလုံးအသင်းရဲ့အင်္ကျီ နဲ့ တခြားအမှတ်တရပစ္စည်းတွေရောင်းတဲ့ဆိုင်ပါ တွဲဖွင့်ထားပါသေး တယ်။
“လူတွေက ရွာအသင်းရဲ့ ထူးခြားပြီး စစ်မှန်တဲ့ပုံစံကို ကြိုက်တာဖြစ်မယ်လို့ထင်တယ်”လို့ သူက ဘီဘီစီကို ပြောပါတယ်။
“ကျွန်တော်တို့ ကစားစွမ်းရည်ကြောင့်မဟုတ်တာတော့ သေချာတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား အဆိုတော်တွေ၊အတီးသမားတွေကနေ တကယ်လှိုက်လှိုက်လှဲလှဲနဲ့အားပေးနေတာကို မြင်တွေ့ချင်ကြတယ်။ ခရီးသွားတွေက သဘာဝအတိုင်း တီထွင်ဖန်တီးနိုင်တာတွေကို ကြိုက်ကြ တယ်လေ”
ပြိုင်ပွဲစခဲ့တဲ့ မနှစ်ကစလို့ အဲဒီဒေသမှာ လုပ်ငန်းသစ်ပေါင်း ၄,၀၀၀ ကျော် မှတ်ပုံတင်ခဲ့ပြီးဆင်းရဲ နွမ်းပါးတဲ့ တောင်သူလယ်သမားအသိုင်းအဝိုင်းမှာ အလုပ်အကိုင်သစ်ပေါင်း ၁,၀၀၀ ကျော်ကိုဖန်တီးပေးနိုင်ခဲ့တယ်လို့ အစိုးရကထုတ်ပြန်ပါတယ်။
သက်ဆိုင်ရာရွာအသင်းတွေကို အားပေးဖို့ ဘောလုံးပရိသတ်တွေဝင်လာတဲ့ ရိုးရာဝတ်စုံတွေကလည်း ရွာဘောလုံးပွဲကို တမူထူးစေပါတယ်။
ဗိုလ်လုပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ ပန်ဝီးတစ်ယောက် ဒုန်မံရွာအသင်းကို အားပေးဖို့ ပြင်ဆင်ရင်းအားကျိုးမာန်တက်စကားပြောနေချိန်မှာ သူ့ခေါင်းဆောင်းက ချူသံတွေကလည်း တချွင်ချွင်မြည် နေပါတယ်။
“ဘောလုံးပွဲကြည့်ရင် စိတ်အရမ်းလှုပ်ရှားတယ်။ လှုပ်ရှားလွန်းလို့ ကိုယ့်နှလုံးခုန်သံပါ ကိုယ်ပြန်ကြားနေရတယ်။ ကျွန်မတို့ဘက်ကနိုင်ရင်တော့ ပျော်ကြတာပေါ့။ သီချင်းတွေဆို ကလည်းကပေါ့” လို့ ပန်ဝီးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC/Katherina Tse
ဒါပေမယ့် ဒုန်မံအသင်းရဲ့ ပြိုင်ဘက်က ငယ်လည်းငယ်၊ သွက်လည်းသွက်သူတွေနဲ့ဖွဲ့စည်းထားတဲ့ဒန်ရှန်းရွာအသင်းပဲဖြစ်ပါတယ်။
ဒန်ရှန်းအသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူးဖြစ်တဲ့ ပျံကျအလုပ်သမားမိသားစုရဲ့သား လူဂျင်ဖူက အခုမှ အထက် တန်းကျောင်းပြီးခါစပဲရှိပါသေးတယ်။ သူနဲ့ ဆက်ဖ်ဖီဓာတ်ပုံရိုက်ချင်တဲ့ ဒေသခံကလေးငယ်တွေကို ရှက်ပြုံးလေးနဲ့ ပုံအရိုက်ခံနေပါတယ်။
“ကျွန်တော် ဘောလုံးစကစားတုန်းက ဒီလိုဖြစ်လာလိမ့်မယ်မထင်ခဲ့ဘူးဗျ။ ကျွန်တော်တို့ကန်တဲ့ပွဲကို ဒီလို အားပေးကြမယ်လို့လည်း မထင်ခဲ့ဘူး”လို့ သူကပြောပါတယ်။
အဲဒီညမှာ သူတို့အသင်းက ဒုန်မံအသင်းကို အပြတ်အသတ်အနိုင်ယူနိုင်ခဲ့သလို သူက ၂ ဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန်ပြည့်ခရာမှုတ်ချိန်မှာတော့ အနိုင်ရတဲ့အသင်းက အဖျော်ယမကာတွေနဲ့ အချင်းချင်းအောင်ပွဲခံဖြန်းပက်ခဲ့ကြပါတယ်။
ဒါပေမယ့် ရှုံးတဲ့အသင်းကလည်း လက်ချည်းဗလာပြန်ရတာတော့မဟုတ်ပါဘူး။
“ကျွန်တော်တို့ ဝက်နှစ်ကောင်ရတယ်။ မဆိုးပါဘူး” ရှန်ရန်က မချိပြုံးနဲ့ပြောပါတယ်။
အောင်ပွဲခံပါတီကျင်းပချိန်မှာတော့ သူတို့အသင်းဒုတိယပဲ ရခဲ့တယ်ဆိုတာတောင် မေ့နေနိုင်ပါတယ်။
ဒုန်မံရွာရဲ့ လမ်းမကြီးပေါ်မှာ လဟာပြင် ဂုဏ်ပြုညစာစားပွဲ ကျင်းပကြပြီး အစားအသောက်ကတော့ အလျှံပယ်ပါပဲ။
ကစားသမားတွေကို နယ်ခံအဒေါ်ကြီးတွေက ဖက်ကြ၊နမ်းကြ နဲ့ သူတို့ရှုံးသည်ဖြစ်စေ၊နိုင်သည် ဖြစ်စေ၊ ထွက်ရတာဖြစ်စေ အကုန်လုံးက သူရဲကောင်းတွေလိုဂုဏ်ပြုခံကြရပါတယ်။
ကဲ ဒါတွေပြီးရင်တော့ နောက်နှစ်ကျန်ပါသေးတယ်။











