ပီလီ - တနိုင်ငံလုံး စည်းလုံးညီညွတ်စေခဲ့သူ

World Cup

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်းမှာ ဘရာဇီး ပရိတ်သတ်တွေ ပီလီ့ကို ဂုဏ်ပြုခဲ့ကြ

ဘရာဇီးရဲ့ အထင်ပေါ် အကျော်ကြားဆုံး ဘောလုံးသမား ပီလီ ကွယ်လွန်သွားပြီ ဆိုတဲ့ သတင်းကို ကြားပြီး နောက်မှာ ဆွာပေါ်လို မြို့က အဲလ်ဘတ်အိုင်းစတိုင်း ဆေးရုံရဲ့ ပြင်ပကို ဘောလုံးပရိသတ်တွေ တစစနဲ့ စုရုံး ရောက်ရှိလာကြပါတယ်။

တချို့က ပီလီ ဆန်းတို့စ် အသင်းမှာ ကစားစဉ်က ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ပါတဲ့ အင်္ကျီတွေ ဝတ်ထားကြပါတယ်။ ဆေးရုံရဲ့ အပြင်မှာလည်း ထာဝရ ဘောလုံးဘုရင်ကြီး ပီလီ ဆိုတဲ့ စာတန်းပါတဲ့ အလံကြီးတခုကို ချိတ်ဆွဲထားပါတယ်။

ဒီလို စိတ်မကောင်းစရာ နေ့တနေ့ကို မလွဲမသွေ ဖြတ်သန်းရတော့မှာကို ဘရာဇီးပြည်သူတွေ ရင်တမမနဲ့ မျှော်လင့်ထားကြပြီး ဖြစ်ပါတယ်။ မကြာသေးခင် သီတင်းပတ်တွေ အတွင်းကပဲ ပီလီရဲ့ သမီး ဖြစ်သူ ကယ်လီ နာစီမန်တိုက အင်စတာဂရမ်ပေါ်မှာ သူ့ ဖခင်ရဲ့ ပရိတ်သတ်တွေကို ပီလီရဲ့ အခြေအနေနဲ့ ပတ်သက်လို့ တင်ပေးနေခဲ့ပါတယ်။

ပေါ်တူဂီ ဘာသာနဲ့ "O Rei" လို့ ခေါ်ပြီး ဘုရင်ကြီးလို့ အဓိပ္ပာယ်ရတဲ့ ပီလီ နဲ့ ပတ်သက်သမျှ သူတင်သမျှကိုလည်း လူတွေက ဂရုတစိုက် စောင့်ကြည့်ခဲ့ကြပါတယ်။

ကြိုတင် မျှော်မှန်းထားကြပေမယ့် တကယ် သေဆုံးခဲ့ပြီ ဆိုတဲ့ သတင်း ထွက်လာတော့လည်း အတော်ကို တုန်လှုပ်သွားခဲ့ပါတယ်။

ဆေးရုံဘက်ကလည်း ပီလီဟာ သူခံစားနေရတဲ့ အူမကြီး ကင်ဆာနဲ့ ပတ်သက်ဆက်စပ်ပြီး တခြားကိုယ်တွင်း အင်္ဂါတွေပါ အလုပ်မလုပ်နိုင်တော့တာကြောင့် ကွယ်လွန်ခဲ့ရပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ သာမန် ဆေးရုံရဲ့ ထုတ်ပြန်ချက်မျိုးထက် ပိုပါတယ်။ အားလုံးချစ်ခင် လေးစားကြတဲ့ ဘောလုံး ဘုရင်ကြီး ပီလီရဲ့ မိသားစုဝင်တွေ၊ ပရိသတ်တွေအားလုံးနဲ့ ထပ်တူထပ်မျှ ခံစားရတဲ့ အကြောင်းကို ဖော်ပြထားပါတယ်။

ဒါကို ကြည့်ရင်ပဲ ပီလီဟာ ဘရာဇီး နိုင်ငံသားတွေအတွက် ဘယ်လောက် အရေးပါတယ်ဆိုတာ သိနိုင်ပါတယ်။ ပီလီဟာ ကမ္ဘာပေါ်က ဘောလုံး ပရိသတ်တွေ အတွက် ဂန္ထဝင်မြောက် ဘောလုံးသမားကြီး ဖြစ်ပေမယ့် ဘရာဇီး ပြည်သူတွေအတွက်တော့ ဒီထက်မက ပိုတယ်လို့ ဆိုရမှာပါ။

လာမယ့် တနင်္ဂနွေနေ့မှာ သမ္မတအဖြစ် ကျမ်းကျိန်တော့မယ့် လူဝဇ် အင်နာစီးယိုး လူလာ ဒါ ဆေးလ်ဗားက ပီလီ ဘောလုံး ကစားတာကို မျက်ဝါးထင်ထင် မြင်ခဲ့ရဖူးလို့ အင်မတန်မှ ဂုဏ်ယူမိတယ်၊ တကယ်တော့ သူမြင်ရတာ ဘောလုံး ကစားတာတောင် မဟုတ်ဘူး ဘောလုံး ရသ ပြပွဲ တခုပါပဲလို့ တင်စားခဲ့ပါတယ်။

ဘရာဇီးကို ကမ္ဘာက သိအောင်လုပ်နိုင်တဲ့ လူ ခပ်နည်းနည်းပဲ ရှိတယ်လို့ သူက တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။ ဆက်လက်ပြီး ဒီလို နံပါတ် ၁၀ ဝတ် ဘောလုံးသမားမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့ ဆိုထားပါတယ်။

ဘရာဇီး ပြည်သူတွေအတွက်လည်း ပီလီ ဆိုတာ အဓိပ္ပာယ်တခုလို ပဲ ဖြစ်ပါတယ်။ သက်ကြီး ဝါကြီးတွေက သူ့ကို ဘောလုံးသမား အဖြစ် မှတ်မိကြသလို ငယ်ရွယ်တဲ့ မျိုးဆက်တွေဆိုရင်လည်း သူ့ရဲ့ အံ့မခန်းတဲ့ ဘောလုံးပညာတွေအကြောင်း နားထောင်ရင်း ကြီးပျင်းခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သေချာတာက ဒီဘောလုံးကို ချစ်တဲ့ နိုင်ငံကြီး စည်းလုံး ညီညွတ်ဖို့ သူလုပ်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပီလီ

ဓာတ်ပုံ ရင်းမြစ်, AFP VIA GETTY IMAGES

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘရာဇီးဟာ ဘောလုံး နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်းကဆို သူတို့ လက်ရွေးစင် အသင်း ကစားတဲ့ ပွဲကို ကြည့်နိုင်ဖို့ အလုပ်တွေက နားရက်တောင် ပေးခဲ့ကြပါတယ်။ ပီလီ ကိုယ်တိုင် ကလည်း ဆေးရုံကုတင်ပေါ်ကနေ အားပေးခဲ့ပါတယ်၊ အနိုင်ရစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲပြီးလို့မှ ဘာမှ မကြာသေးခင်မှာ ကိုယ်တိုင် ကမ္ဘာ့ဖလား ၃ ကြိမ် ရခဲ့ဖူးတဲ့ သူ့ကွယ်လွန်ခြင်းဟာ စိတ်ထိခိုက်စရာ အဖြစ်ထက်ကို ပိုပါတယ်။

မကြာသေးတဲ့ သီတင်းပတ်တွေက စပြီး ပီလီ့ အခြေအနေက ပိုဆိုးလာနေပြီ ဆိုတဲ့ သတင်းတွေနဲ့ အတူ ဘရာဇီး ပြည်သူတွေလည်း သူ့အကြောင်းတွေကို ပိုပြီး စဉ်းစားမိလာကြပါတယ်။ ဘောလုံးကို စိတ်မဝင်စားပါဘူး ဆိုတဲ့လူတွေကတောင်မှ သူ့ကို ဘုရင်ကြီးလို့ ခိုင်းနှိုင်း လာခဲ့ကြပါတယ်။ 

သူဟာ ဆန်းတို့စ် တသင်းတည်းမှာပဲ နှစ်ရှည်လများ ကစားခဲ့တဲ့ အင်မတန် ဘရာဇီးဆန်တဲ့ ဘောလုံးသမားလို့ ဆိုကြပါတယ်။ တကယ်တော့ ဘရာဇီးရဲ့ သူရဲကောင်းလည်း ဖြစ်သလို တမျိုးသားလုံးရဲ့ ဂုဏ်ယူစရာလည်း ဖြစ်တဲ့ ပီလီ့ကို

၁၉၆၁ ခုနှစ်မှာ အဲဒီတုန်းက သမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Janio Quadros က တမျိုးသားလုံးရဲ့ တန်ဖိုးထားစရာ နိုင်ငံ့ ရတနာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒါကြောင့် သူ့ကို ပြည်ပ ကလပ်တွေမှာ ကစားဖို့ ရောင်းချခြင်း မလုပ်နိုင်တော့ပါဘူး။

လူမျိုး၊ အသားအရောင်ခွဲခြားမှုနဲ့ ဆင်းရဲချမ်းသာ အဆင့်အတန်း ခွဲခြားမှုတွေ သိပ်များတဲ့ နိုင်ငံမှာ ပီလီလို ဆင်းရဲတဲ့ အလွှာက လာတဲ့ လူမည်း ဘောလုံးသမားတယောက်ရဲ့ အောင်မြင်မှုဟာ အံ့မခန်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပီလီဟာ သူကိုယ်တိုင်က လူမျိုးနဲ့ အသားအရောင် ခွဲခြားမှုနဲ့ ပတ်သက်လို့ သိပ်မပြောတတ်တာကြောင့် ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ဘောလုံးနဲ့ တနိုင်ငံလုံးကို စည်းရုံးပေးခဲ့ပါတယ်။ စည်းလုံးစေခဲ့ပါတယ်။ ဆင်းရဲ နွမ်းပါးတဲ့ ဘရာဇီးလူငယ်တွေအတွက်ပါ ဘဝတက်လမ်းအတွက် ဘောလုံးနဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။

ပီလီဟာ နိုင်ငံရေးနဲ့ ပတ်သက်ရင်လည်း ခပ်မဆိတ် နေတတ်သူဖြစ်ပါတယ်။ တချို့ကလည်း သူ့ လို လွှမ်းမိုးမှု အင်အားကြီးမားတဲ့ လူတယောက်အနေနဲ့ ဒီလိုနေတာ မကောင်းဘူးလို့ ယူဆကြပါတယ်။

ဒါပေမယ့် သူဟာ လှိုင်းထန်တဲ့ နိုင်ငံရေး ကာလတွေကို ဖြတ်သန်းခဲ့ဖူးသူပါ။ အာဏာရှင် လက်အောက်မှာလည်း နေခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဒီလို နိုင်ငံရေးနဲ့ ပတ်သက်ရင် ကြာလေ ကွဲလေ ဖြစ်နေတဲ့ နိုင်ငံမှာ ဒီလို ခပ်မဆိတ် နေခြင်းနဲ့ပဲ သူဟာ နိုင်ငံရေးကို ကျော်လွှားသွားခဲ့တာ နိုင်ခဲ့ပြီး ဘောလုံးကွင်းထဲမှာရော ကွင်းပြင်ပမှာပါ ဘရာဇီးပြည်သူတွေက ချစ်ခင် လေးစားကြတဲ့ ဘုရင်ကြီး တပါး ဖြစ်ခဲ့ရပါတယ်။

သမိုင်းတလျှောက် အကောင်းဆုံး၊ အကြီးကျယ် အခမ်းနားဆုံး ဘောလုံးဘုရင်ကြီး ပီလီကတော့ အားလုံးကို နှုတ်ဆက်သွားခဲ့ပါပြီ။ သူ ပေးခဲ့တဲ့ ဘောလုံးရသတွေ၊ သူ ချန်ခဲ့တဲ့ သမိုင်းမွေတွေနဲ့ အတူ သူ့ပုံရိပ်တွေကတော့ ဘရာဇီးပြည်သူတွေနဲ့ ဘောလုံးပရိတ်သတ်တွေရဲ့ ရင်မှာ အစဉ်ထာဝရ အမြဲ ထင်ကျန်ရစ်နေမှာပဲ ဖြစ်ပါတယ်။