အမေရိကန်က နှင်ထုတ်ခဲ့သူတွေကို ပနားမားက ဇိမ်ခံဟိုတယ်တစ်ခုမှာ ပို့ထား

နိုင်ငံရွှေ့ပြောင်းအခြေချသူတွေ ဒီကယ်ပိုလစ် ဟိုတယ်ထဲကနေ အပြင်က လူတွေ အာရုံစိုက်မိအောင် ကြိုးစားနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ကနေ နှင်ထုတ်ခံခဲ့ရသူတေ ဒီကယ်ပိုလစ် ဟိုတယ်ထဲကနေ အပြင်ကလူတွေ အာရုံစိုက်မိအောင် ကြိုးစားနေ
    • ရေးသားသူ, ဆီဆီလီယာ ဘာရီယာ၊ ဆန်တီယေဂို ဗန်နီဂက်စ် အီ အိန်ဂျယ် ဘာမြူဒက်စ်
    • ရာထူးတာဝန်, ဘီဘိစီ မွန်ဒိုသတင်းဌာန

"ကယ်ကြပါ" လို့ ရေးထားတဲ့ စာရွက်တစ်စောင်ကို ကိုင်ဆောင်မြှောက်ပြရင်း ပနားမားစီတီးမြို့ ဒီကယ်ပိုလစ်စ် ဇိမ်ခံဟိုတယ်ကြီးတစ်ခုရဲ့ အခန်းပြတင်းဝကနေ အမျိုးသမီးလေး နှစ်ဦးက အကူအညီတောင်းနေကြပါတယ်။

ပင်လယ်ပြင်ကို လှမ်းမျှော်ကြည့်နိုင်တဲ့ ဟိုတယ်ခန်းတွေ ရှိရာ အဲဒီဟိုတယ်မှာ သီးသန့် စားသောက်ဆိုင် နှစ်ခု၊ ရေကူးကန် တစ်ခု၊ Spa အပန်းဖြေတဲ့ နေရာနဲ့ သီးသန့်သယ်ယူပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေ ရှိပါတယ်။

ဒါပေမဲ့ ဒီဇိမ်ခံဟိုတယ်ကို အမေရိကန်ကနေ နှင်ထုတ်လိုက်တဲ့ နိုင်ငံရွှေ့ပြောင်းနေထိုင်သူ ၂၉၉ ဦးကို "ယာယီ ထိန်းသိမ်းထားတဲ့" နေရာအဖြစ် အခုအခါ အသုံးပြုနေတယ်လို့ ပနားမား အစိုးရက ပြောပါတယ်။

နှင်ထုတ်ခံခဲ့ရသူတချို့က သူတို့မှာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတယ် ဆိုတာကို ဖော်ပြတဲ့အနေနဲ့ သူတို့ရဲ့ လက်တွေကို မြှောက်ပြီး ကြက်ခြေခတ်ပုံ လုပ်ပြခဲ့ကြပါတယ်။ တချို့ကလည်း သူတို့ရဲ့ "တိုင်းပြည်မှာနေဖို့ မလုံခြုံဘူး" ဆိုတဲ့ စာတန်းနဲ့ သင်္ကေတတွေကို ပြတင်းပေါက်မှန်မှာ ချိတ်ဆွဲပြခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံထဲ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို နှင်ထုတ်ဖို့ ထရမ့်အစိုးရရဲ့ ပေါ်လစီ မူဝါဒအရ ဒီလူတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က လေယာဉ်ခရီးစဉ် ၃ ခုနဲ့ ပနားမားစီတီးမြို့ဆီ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ကနေ နှင်ထုတ်ခံခဲ့ရသူတွေကို ဌာနေတိုင်းပြည်မပို့ခင် ပေါင်းကူးနိုင်ငံအဖြစ် ပနားမားနိုင်ငံမှာထားရှိဖို့ ပနားမားသမ္မတ ဟိုဆေး ရာဟူးလ်မူလီနို က မကြာသေးခင်က ကတိပြုခဲ့ပါတယ်။

ပနားမား စီတီးမြို့က ဟိုတယ်ပြတင်းဝမှာ အဝတ်တွေ လှမ်းထားတာ လှမ်းတွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပနားမား စီတီးမြို့က ဟိုတယ်ပြတင်းဝမှာ အဝတ်တွေ လှမ်းထားတာ လှမ်းတွေ့ရ

ဒါပေမဲ့လည်း အမေရိကန်နိုင်ငံထဲကနေ နှင်ထုတ်ခံခဲ့ကြရတဲ့ အိန္ဒိယ၊ တရုတ်၊ ဥဘက်ကစ္စတန်၊ အီရန်၊ ဗီယက်နမ်၊ တူရကီ၊ နီပေါ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံတွေက နိုင်ငံရွှေ့ပြောင်းအခြေချသူ ၂၉၉ ဦးထဲက ၁၇၁ ဦးကပဲ သူတို့ရဲ့ မူလ နေရပ်နိုင်ငံတွေကို ပြန်သွားဖို့ သဘောတူခဲ့ကြပါတယ်။ ကျန်တဲ့သူတွေအတွက်ကတော့ အနာဂတ်အရေးက မသေချာလှပါဘူး။

ပနားမားအစိုးရရဲ့ အဆိုအရ ဒီလူတွေကို ဒါရီယန်ပြည်နယ်မှာရှိတဲ့ စခန်းတစ်ခုမှာ လွှဲပြောင်းထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစခန်းဟာ အမေရိကန်နိုင်ငံထဲ တောလမ်းကနေ ဖြတ်ကျော်ဝင်လာကြတဲ့ နိုင်ငံရွှေ့ပြောင်း အခြေချသူတွေကို ယာယီထိန်းသိမ်းထားတဲ့ နေရာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေ ဒီဟိုတယ်ကို ရှောရှောရှူရှူ ဝင်ထွက်သွားလာနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ ဟိုတယ်အဆောက်အဦ အတွင်းအပြင်မှာ လက်နက်အပြည့်ကိုင်ဆောင်ထားကြတဲ့ ပနားမား လေကြောင်း၊ ရေကြောင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေကြတာ တွေ့ရပါတယ်။

ဟိုတယ်ပြတင်းပေါက်တစ်ခုမှာ အဝတ်တွေလှမ်းထားတာကို လမ်းမပေါ်ကနေ တွေ့နိုင်ပါတယ်။ လှမ်းထားတဲ့ အဝတ်တွေထဲမှာ အမေရိကန် ဘတ်စကက်ဘောချန်ပီယံ ကိုဘီဘရန်ယန့်ဝတ်တဲ့ နံပတ် ၂၄ စာတမ်းနဲ့ အဝါရောင်ဘတ်စကက်ဘောအသင်း အင်္ကျီတစ်ထည်လည်း ပါပါတယ်။

နောက်ပြတင်းပေါက်တစ်ခုမှာတော့ လူကြီးအုပ်စုတစ်စုနဲ့အတူ ကလေး သုံးယောက်က အကူအညီ တောင်းခံတဲ့ သင်္ကေတအဖြစ် သူတို့ လက်ဖဝါးထဲ လက်မထည့်ဆုပ်ထားတဲ့ပုံတွေကို လုပ်ပြခဲ့ကြပါတယ်။ ပြတင်းပေါက်မှန်ပေါ်မှာလည်း "ကူညီကြပါဦး" ဆိုတဲ့ စာတန်းကို စာလုံးအနီတွေနဲ့ ရေးထားပါတယ်။

အမျိုးသမီးငယ်လေး နှစ်ယောက်ကလည်း "အာဖဂန်မိန်းကလေးငယ်တွေကို ကယ်ဆယ်ကြပါ" လို့ရေးထားတဲ့ စာရွက်တွေကို သူတို့မျက်နှာပေါ်ကွယ်ပြီး ပြတင်းပေါက်မှန်ကနေ လှမ်းပြခဲ့ကြပါတယ်။

အမေရိကန်ကနေ နှင်ထုတ်ခံခဲ့ရပြီး ပနားမားစီတီးမြို့ကို အပို့ခံခဲ့ရသူ နှစ်ဦးက သူတို့ကို အကူအညီပေးကြဖို့ ပန်ကြားနေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ကနေ နှင်ထုတ်ခံခဲ့ရပြီး ပနားမားစီတီးမြို့ကို အပို့ခံခဲ့ရသူ နှစ်ဦးက သူတို့ကို အကူအညီပေးကြဖို့ ပန်ကြားနေပုံ

"အရမ်းကြောက်နေတယ်"

ပနားမားနိုင်ငံမှာ နှစ်အတော်ကြာ နေနေတဲ့ အီရန် အမျိုးသမီးတစ်ဦးက ဟိုတယ်တွင်းက နိုင်ငံရွှေ့ပြောင်းအခြေချသူတွေထဲက တစ်ယောက်နဲ့ သူအဆက်အသွယ် ရခဲ့ကြောင်းနဲ့ သူတို့ကို အီရန်ကို ပြန်ပို့နိုင်ဖွယ်ရှိတာမို့ အကြီးအကျယ် ကြောက်နေကြကြောင်း ဘီဘီစီကို ပြောပြပါတယ်။

ပနားမားစီတီးမြို့ ဟိုတယ်မှာ သီးသန့် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရွှေ့ပြောင်းအခြေချသူတစ်ဦး ဟိုတယ်တွင်းကနေ လှမ်းရိုက်ထားတယ်ဆိုတဲ့ ပုံ
ဓာတ်ပုံ ပုံစာ, ပနားမားစီတီးမြို့ ဟိုတယ်မှာ သီးသန့် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရွှေ့ပြောင်းအခြေချသူတစ်ဦး ဟိုတယ်တွင်းကနေ လှမ်းရိုက်ထားတယ်ဆိုတဲ့ ပုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီအီရန်အမျိုးသမီးက ဖာရဆီဘာသာ စကားပြန်တစ်ဦးအနေနဲ့ ကူညီပေးမယ်ဆိုပြီး ဟိုတယ်ကို သူသွားခဲ့ကြောင်း၊ ဒါပေမဲ့ စကားပြန် ရှိထားပြီးသားလို့ ဟိုတယ်က သူ့ကို ပြောကြောင်း ပြောပြပါတယ်။ ဟိုတယ်ထဲက သတင်းအရင်းအမြစ်တွေအရတော့ စကားပြန်ရှိတယ် ဆိုတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီကယ်ပိုလစ်စ်ဟိုတယ်အပြင်ကလူတွေနဲ့ အဆက်အသွယ် လုပ်ခွင့် မပြုဘူးလို့ သတင်းတွေအရ သိရပြီး ဝှက်ထားတဲ့ မိုဘိုင်းဖုန်းတစ်လုံးနဲ့ အဆက်အသွယ်လုပ်ခဲ့ရာမှာ ဟိုတယ်ထဲမှာ "အရွယ်မရောက်သေးသူ အတော်များများ ပိတ်မိနေတယ်" "ရှေ့နေငှားခွင့် မရသလို အစားစားဖို့တောင် ဟိုတယ်ခန်းထဲကနေ ပေးမထွက်ဘူး"ဆိုပြီး သူနဲ့အဆက်အသွယ်ရခဲ့သူက သူ့ကို ပြောပြတယ်လို့ အဲဒီအီရန်အမျိုးသမီးက ပြောပါတယ်။

အမေရိကန်နိုင်ငံထဲကနေ နှင်ထုတ်ခံခဲ့ရသူတွေအကြောင်းကို သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့အပြီးမှာ လုံခြုံရေးတွေ တင်းကျပ်လိုက်ပါတယ်။ အဲဒီနိုင်ငံရွှေ့ပြောင်းအခြေချသူတွေကို အင်တာနက်သုံးခွင့် ပိတ်ပစ်လိုက်တယ်လို့ အီရန်အမျိုးသမီးက ပြောပြပါတယ်။

နိုင်ငံရွှေ့ပြောင်းအခြေချသူတွေကို ထိန်းသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒီကယ်ပိုလစ်စ် ဟိုတယ်ကိုရော၊ ပနားမား အစိုးရကိုပါ ဘီဘီစီက စုံစမ်းမေးမြန်းခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့လည်း ပနားမား လူထု လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ဖရန့်ခ်အက်ဘရီဂို ကတော့ နိုင်ငံရွှေ့ပြောင်းအခြေချသူတွေကို ဟိုတယ်ထဲကနေ ထွက်ခွင့်မပြုဘူးဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တုံ့ပြန် ပြောဆိုခဲ့ရာမှာ '' ပနားမားအစိုးရအနေနဲ့ ပြည်သူတွေ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှု ရှိရေးကို အာမခံဆောင်ရွက်ပေးသွားရမှာဖြစ်တယ်'' လို့ ပြောခဲ့ပါတယ်။

သီတင်းပတ်ကုန်ရက်ပိုင်းက ဆိုရှယ်မီဒီယာတွေမှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုထဲမှာ အဲဒီနိုင်ငံရွှေ့ပြောင်းအခြေချသူတွေထဲက တစ်ဦးက နယ်စပ်ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံထဲ ဝင်သွားခဲ့အပြီး သူတို့ထိန်းသိမ်းခံခဲ့ရပုံ၊ သူတို့ကို တက္ကဆက်ပြည်နယ်ဆီ ခေါ်သွားမယ်လို့ ပြောခဲ့ပေမဲ့ ပနားမားနိုင်ငံကို ရောက်လာခဲ့ရပုံတွေကို ဖာရဆီဘာသာနဲ့ ပြောပြနေတာကို တွေ့ရပါတယ်။

အဲဒီဗီဒီယိုထဲက အမျိုးသမီးက တကယ်လို့ အီရန်နိုင်ငံကို ပြန်ပို့ခံရမယ်ဆိုရင် အစိုးရရဲ့ အရေးယူ အပြစ်ပေးတာကို ခံရနိုင်တဲ့အတွက် သူ့မှာ အသက်အန္တရာယ် ရှိတယ်လို့ ပြောခဲ့ပါတယ်။

သူ့အနေနဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ရှေ့နေငှားခွင့် မရှိဘဲ နိုင်ငံရေးခိုလှုံခွင့် တောင်းဖို့ က ခက်ခဲလှပြီး အထူးသဖြင့် နိုင်ငံထဲက နှင်ထုတ်ခံထားရသူတွေကို ရှေ့နေငှားခွင့်မျိုးပေးမှာမဟုတ်ဘူးလို့ ပနားမား အစိုးရက ထုတ်ဖော်ကြေညာထားပြီး ဖြစ်တာမို့ ပိုတောင် အခက်အခဲတွေ့လာနိုင်သေးတယ်လို့ လို့ အကဲခတ်တွေက ပြောပါတယ်။

အမေရိကန်နိုင်ငံထဲကနေ နှင်ထုတ်လိုက်တဲ့ နိုင်ငံရွှေ့ပြောင်း အခြေချသူတွေကို ထိန်းသိမ်းထားတဲ့ ဟိုတယ်ကို ပနားမား လေကြောင်း၊ ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံထဲကနေ နှင်ထုတ်လိုက်တဲ့ နိုင်ငံရွှေ့ပြောင်း အခြေချသူတွေကို ထိန်းသိမ်းထားတဲ့ ဟိုတယ်ကို ပနားမား လေကြောင်း၊ ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေ

ယာယီ ထိန်းသိမ်းထားမှု

အဲဒီလူတွေကို ပနားမား အာဏာပိုင်တွေရဲ့ စောင့်ရှောက်မှုအောက်မှာ ယာယီဆက်ထိန်းသိမ်းထားမယ် လို့ ပနားမား လူထု လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ဖရန့်ခ်အက်ဘရီဂို က ပြောပါတယ်။

"ဒီနိုင်ငံရွှေ့ပြောင်း အခြေချသူတွေကို ဒီမှာ ဆက်ထားထားမှာ ဖြစ်ပါတယ်။ သူတို့ကို စောင့်ရှောက်ကာကွယ်ဖို့အတွက် ပနားမားအစိုးရက ယာယီ ဆက်ထိန်းသိမ်းထားမယ် ဆိုတာကို အမေရိကန်အစိုးရနဲ့ ပနားမား အစိုးရအကြား သဘောတူထားတယ်"လို့ သူက ပြောပါတယ်။

ကိုယ့်မူလနိုင်ငံကို မပြန်လိုတဲ့သူတွေအနေနဲ့ တတိယနိုင်ငံ တစ်ခုခုကို သွားဖို့ ရွေးချယ်ရလိမ့်မယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

ဒါဆိုရင်တော့ နိုင်ငံရွှေ့ပြောင်းအခြေချရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) တို့က အဲဒီလူတွေကို ရွှေ့ပြောင်းအခြေချရေးမှာ တာဝန်ယူဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အာဖဂန် အမျိုးသမီးငယ်တွေအတွက် အကူအညီ တောင်းခံနေကြတဲ့ နိုင်ငံရွှေ့ပြောင်း အမျိုးသမီးငယ်လေး နှစ်ဦး

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အာဖဂန် အမျိုးသမီးငယ်တွေအတွက် အကူအညီ တောင်းခံနေကြတဲ့ နိုင်ငံရွှေ့ပြောင်း အမျိုးသမီးငယ်လေး နှစ်ဦး

ဒီကယ်ပိုလစ်စ်ဟိုတယ်မှာ အဲဒီ နိုင်ငံရွှေ့ပြောင်းအခြေချသူတွေကို ထားထားရတာက အဲဒီဟိုတယ်ဟာ သူတို့ကို လက်ခံထားနိုင်လောက်အောင် နေရာကျယ်ကျယ်ဝန်းဝန်း ရှိတဲ့အတွက် ဖြစ်တယ်လို့ အက်ဘရီဂို က ပြောပါတယ်။

ဒီလိုမျိုး နိုင်ငံရွှေ့ပြောင်းအခြေချသူတွေ လေယာဉ်နဲ့ ထပ်ရောက်လာဖို့ နောက်ထပ်သဘောတူထားတာမျိုးမရှိတဲ့အတွက် နိုင်ငံရွှေ့ပြောင်းအခြေချသူတွေ ထပ်ရောက်လာဖို့ မရှိဘူးလို့ ပနားမား ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပနားမားတူးမြောင်းရဲ့ အချုပ်အခြာ အာဏာကို ပြန်သိမ်းမယ်ဆိုတဲ့ ထရမ့်ရဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေကြောင့် တင်းမာမှုတွေတိုးပွားနေချိန်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာ ရူဘီယိုက ပနားမားနိုင်ငံကို သွားရောက်ခဲ့အပြီးမှာပဲ အမေရိကန်ကနေ နှင်ထုတ်လိုက်သူတွေအတွက် ပေါင်းကူးနိုင်ငံအဖြစ် ဆောင်ရွက်ပေးမယ်လို့ ပနားမားအစိုးရက သဘောတူခဲ့တာဖြစ်ပါတယ်။

နိုင်ငံရွှေ့ပြောင်းအခြေချရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM)ရဲ့ ပြောခွင့်ရသူကတော့ အမေရိကန်နိုင်ငံကနေ နုင်ထုတ်ခံရသူတွေအတွက် လိုအပ်တဲ့ အားပေးကူညီမှုတွေကို သူတို့အဖွဲ့က ကြီးကြပ်ဆောင်ရွက်ပေးနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"နှင်ထုတ်ခံခဲ့ရသူတွေကို အကူအညီပေးဖို့အတွက် သက်ဆိုင်ရာ ဒေသခံတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အတူပူးပေါင်းဆောင်ရွက်နေပြီး ကိုယ့်မူရင်းနိုင်ငံဆီ ကိုယ့်သဘောဆန္ဒအလျောက် ပြန်ဖို့ ပန်ကြားလာသူတွေကို ကူညီဆောင်ရွက်ပေးနေသလို ကိုယ့်နိုင်ငံ မပြန်ချင်သူတွေကိုလည်း တခြား လုံခြုံစိတ်ချရမယ့် လမ်းတွေ ရှာပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်" လို့ သူကပြောပြပါတယ်။

"အဲဒီလူတွေကို ထိန်းသိမ်းထားမှု ဒါမှမဟုတ် အသွားအလာ ကန့်သတ်ထားမှုတွေမှာတော့ IOM အဖွဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိပါဘူး။ နှင်ထုတ်ခံခဲ့ရသူအားလုံး နိုင်ငံတကာ စံချိန်နဲ့အညီ သိက္ခာရှိရှိ ဆက်ဆံခံရရေးအတွက် IOM အဖွဲ့ အနေနဲ့ အထူးကြိုးစားဆောင်ရွက်ပေးနေပါတယ်"လို့ သူက ရှင်းပြပါတယ်။

ပနားမား လူထုလုံခြုံရေး ဝန်ကြီး ဖရန့်ခ် အက်ဘရီဂို က အဲဒီနိုင်ငံရွှေ့ပြောင်းအခြေချသူတွေကို သူတို့ရဲ့ လုံခြုံရေးအတွက် "ယာယီ ထိန်းသိမ်းထားတာ" ဖြစ်တယ်လို့ ပြော

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပနားမား လူထုလုံခြုံရေး ဝန်ကြီး ဖရန့်ခ် အက်ဘရီဂို က အဲဒီနိုင်ငံရွှေ့ပြောင်းအခြေချသူတွေကို သူတို့ရဲ့ လုံခြုံရေးအတွက် "ယာယီ ထိန်းသိမ်းထားတာ" ဖြစ်တယ်လို့ ပြော

အမေရိကန်အခြေစိုက် နိုင်ငံရွှေ့ပြောင်းအခြေချမှု မူဝါဒ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ရဲ့ ထိပ်တန်းသုတေသီ မူဇာဖာခစ်ရှ်တီ က အမေရိကန်ကနေ ပြန်ပို့ခံရသူအတော်များများကို မူရင်းတိုင်းပြည်တွေက ပြန်လက်ခံလေ့ မရှိကြဘူးလို့ ဆိုပါတယ်။

"ဒီလိုပြန်လက်ခံဖို့အတွက် အဲဒီနိုင်ငံအစိုးရတွေနဲ့ သံတမန်ရေးအရ ညှိနှိုင်းမှုတွေ မပြတ်လုပ်ရလေ့ ရှိတယ်"လို့ သူက ဘီဘီစီကို ပြောပါတယ်။

"ဒီလူတွေကို ပနားမားနိုင်ငံကို ပို့လိုက်ခြင်းအားဖြင့် ဒီကိစ္စထဲမှာ အမေရိကန် ပါစရာမလိုတော့ဘူး" လို့ သူကပြောပါတယ်။ "ဒီလို ညှိနှိုင်း ပြောဆိုမှုတွေမှာ ကြီးကြပ်ဆောင်ရွက်ဖို့နဲ့ ဒီလူတွေကို အဲဒီမူရင်းတိုင်းပြည်တွေက ပြန်လက်ခံလာအောင် လုပ်ဖို့က ပနားမားအစိုးရအတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။"

ဒီသီတင်းပတ်တွင်းမှာ အမေရိကန်နိုင်ငံကနေ ပြန်ပို့လိုက်တဲ့ နိုင်ငံရွှေ့ပြောင်းသူတွေကို တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းလည်း ကော့စတာရီကာနိုင်ငံကို ရောက်ရှိလာမယ်လို့ ယူဆရပါတယ်။

ကော့စတာရီကာနိုင်ငံ ဟာ အမေရိကန်ကနေ နှင်ထုတ်လိုက်တဲ့ နိုင်ငံရွှေ့ပြောင်းအခြေချသူရဲ့ မရေရာတဲ့ ခရီးလမ်းမှာ ပေါင်းကူးနိုင်ငံအဖြစ် ဆောင်ရွက်ပေးဖို့ အမေရိကန်အစိုးရနဲ့ သဘောတူထားတဲ့ အမေရိကအလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ဘီဘီစီ ပါရှန်းဌာနက ရှေဒါ ဟူရှ်မန်ဒီ က နောက်ထပ် ဖြည့်စွက်ရေးသားထားပါတယ်။