ဒေါ်နယ်ထရမ့် - အမေရိကန်ကို နိုင်ငံခြားရေး အထီးကျန်လမ်းပေါ် ဆွဲခေါ်နေလား

ပနာမားမှာ ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပနာမားမှာ ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်

အမေရိကန် သမ္မတ ရွေးကောက်ပွဲ နိုင်ထားတဲ့ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံတကာ ပဋိပက္ခတွေကနေ အမေရိကန်ကို ကင်းကင်းနေစေမယ့် သဘောထားမျိုး အမြဲပဲ ပြောနေခဲ့ပါတယ်။

သူ အိမ်ဖြူတော်ကို တကျော့ပြန် ပြန်ရောက်လာပြီ ဆိုရင် ယူကရိန်းကို စစ်ရေး အထောက်အပံ့ မပြုတော့ပဲ နေသွားဖွယ် ရှိမယ့် ရပ်တည်ချက်မျိုးဟာ အမေရိကန်ကို အရင်းအချာ မဟာမိတ် နိုင်ငံတွေနဲ့ ကင်းကွာစေနိုင်တယ်လို့ အကဲခတ်တွေက ရှုမြင်ကြပါတယ်။

အဲဒီလို ယူကရိန်း စစ်ရေး တင်မက၊ ကုန်သွယ်ဘက် မိတ်ဖက် နိုင်ငံတွေနဲ့ပါ မျက်နှာပျက်စေမယ့် သွင်းကုန် အခွန်တိုးကောက်တာမျိုး၊ အမေရိကန် ပြည်တွင်း ကုန်ထုတ်လုပ်မှု အပေါ်မှာပဲ အဓိက ပြန်မှီခိုသွားမယ် ဆိုတဲ့ လမ်းကြောင်းမျိုး တွေဟာ ထရမ့်ရဲ့ အထီးကျန် နိုင်ငံခြားရေးမူကို မီးမောင်းထိုး ပြသနေပါတယ်။

အခု တခါမှာတော့ ပိုပြီးတော့တောင် ခက်ထန် ရန်လိုတဲ့ နိုင်ငံခြားရေး မူဝါဒမျိုးတွေ ထရမ့်ဆီကနေ ကြားလာရပါတယ်။ ပထမဆုံး ကနေဒါနဲ့ ပတ်သက်ပြီး အပြောင်အပျက်လိုလိုနဲ့ ကနေဒါ ဆိုတာ အမေရိကန်ရဲ့ နောက်တိုးပြည်နယ် တစ်ခုပဲလို့ ဆိုပါတယ်။

အမေရိကန် သင်္ဘောတွေ အတွက် မရှိမဖြစ် ပနားမား တူးမြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် သင်္ဘောတွေ အတွက် မရှိမဖြစ် ပနားမား တူးမြောင်း

အခု ရက်ပိုင်းတွေ မှာပဲ ထပ်ပြောလာတာက ပနားမား တူးမြောင်း အရေးနဲ့ ဂရင်းလန် အရေးတို့ ဖြစ်ပါတယ်။ ပနားမား တူးမြောင်းကို အမေရိကန်က ပြန်လည် ထိန်းချုပ် စီမံခန့်ခွဲမယ် ဆိုပြီး ထရမ့်က ခြိမ်းခြောက်ပါတယ်။

အဲဒီ စကားကြောင့် ပနားမားမှာ လူတွေ ဒေါသထွက် အုံကြွလာကြပါတယ်။ အမေရိကန် သံရုံးရှေ့ ဆန္ဒပြတာတွေ၊ ထရမ့်ပုံကို မီးရှို့တာမျိုးတွေ ပြုလုပ်ကြပါတယ်။

မြောက်အမေရိက အစွန် အာတိတ် ဝင်ရိုးစွန်း ကျွန်းတစ်ခု ဖြစ်ပြီး ဒိန်းမတ် ဘုရင့်နိုင်ငံထဲက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ဖြစ်တဲ့ ဂရင်လန်ကျွန်းနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန် ပိုင် ဖြစ်ချင်တယ် လို့ သူ ပထမတခါ သမ္မတ ဖြစ်တုန်းက ပြောဖူးထားတာကို အခု ထပ်ကျော့ ပြောလာပါတယ်။

ဂရင်းလန်ဟာ ရောင်းဖို့ မဟုတ်ဘူး ဆိုပြီး ဂရင်းလန် အာဏာပိုင်တွေက အခု တကြိမ်မှာလည်း ခါးခါးသီးသီး တုံ့ပြန်ပါတယ်။ ဂရင်းလန် ဆိုတာ ဂရင်းလန် ပြည်သူတွေ ပိုင်တဲ့ နေရာ ဆိုပြီး အဲဒီ ဒေသရဲ့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ထရမ့်ဟာ ပနားမား တူးမြောင်းအရေး၊ ဂရင်းလန် ကျွန်း အရေးတွေ ပြောနေပေမယ့် တကယ် လက်တွေ့မှာ အမေရိကန် ထိန်းချုပ်မှုအောက် သွပ်သွင်းဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲလို့ နိုင်ငံတကာ အကဲခတ်တွေက ဆိုပါတယ်။

တကယ် ဖြစ်နိုင် မဖြစ်နိုင် ဆိုတာထက် အခုလို အပြောတွေဟာ ထရမ့်ရဲ့ "အမေရိကန် ပထမ" ဆိုတဲ့ ကုန်သွယ်ရေးနဲ့ အမျိုးသား အကျိုးစီးပွား လုံခြုံရေး ဆိုင်ရာ ရည်မှန်းချက်ဟာ အမေရိကန် ပြည်တွင်းမှာသာမက အမေရိကန် ပြည်ထောင်စု နယ်နမိတ် အပြင်ဘက်ထိအောင် ထွက်ပြီး လက်ရုံးခွန်အား ဆန့်တန်းပြလိုတဲ့ သဘောထားကို ဖော်ပြနေတယ်ဆိုတဲ့ သုံးသပ်မှုမျိုးတွေ ပေါ်ထွက် လာစေပါတယ်။

ပနားမားတူးမြောင်းနဲ့ အမေရိကန် - တရုတ် အားပြိုင်ပွဲ

တရုတ်နဲ့ ဆက်ဆံရေး ကောင်းနေတဲ့ ပနားမား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နဲ့ ဆက်ဆံရေး ကောင်းနေတဲ့ ပနားမား
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပနားမားတူးမြောင်းကို ဖြတ်တဲ့ အမေရိကန် သင်္ဘောတွေဟာ ပနားမား အာဏာပိုင်တွေထံ ဖြတ်သန်းခကြေးကို မကြားဝံ့ မနာသာ အဆမတန် ပေးနေရတယ် ဆိုပြီး ထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ် တနင်္ဂနွေ၊ အရီဇိုးနား ပြည်နယ်မှာ လုပ်တဲ့ ကွန်ဆားဗေးတစ် ညီလာခံ တစ်ခုမှာ ပြောခဲ့ပါတယ်။

ပနားမား တူးမြောင်းကို ၂၀ ရာစု အစောပိုင်းမှာ အမေရိကန်က အဓိက တာဝန်ယူ ဖောက်လုပ် တည်ဆောက်ခဲ့တာ ဖြစ်ပြီး၊ ၁၉၇၀ ပြည့်ကျော်နှစ် တွေ အထိ အပြည့်အဝ ထိန်းချုပ် ကိုင်တွယ် ခဲ့တာ ဖြစ်ပါတယ်။

ပနားမား နိုင်ငံကို စာချုပ်စာတန်းနဲ့တကွ တူးမြောင်း ထိန်းချုပ်ခွင့်ကို အမေရိကန်က လွှဲပြောင်း ပေးထားခဲ့ပြီး ဖြစ်ပေမယ့်၊ ထရမ့်က အမေရိကန် သင်္ဘောတွေ အခုပုံ အတိုင်း မတန်တဆ ပေးပြီး ဖြတ်သန်းနေရမယ် ဆိုရင် အမေရိကန် လက်ထဲ တူးမြောင်း ပြန်အပ်ဖို့ တောင်းဆိုကောင်း တောင်းဆိုရလိမ့်မယ်လို့ ဆိုသွားပါတယ်။

ပနားမားကို မသမာသူတွေ လက်ထဲ အရောက်မခံ နိုင်ဘူးလို့လည်း ထရမ့်က ဆိုပြီး သူ ရည်ညွှန်းတဲ့ မသမာသူ ဆိုတာ တရုတ်ကို ရည်ညွှန်းတာ ဖြစ်ကြောင်းလည်း ထရမ့်က ထင်ရှားစေပါတယ်။ ပနားမား တူးမြောင်းကို အမေရိကန်ပြီးရင် ဒုတိယမြောက် အသုံးပြုဆုံး နိုင်ငံဖြစ်တဲ့ တရုတ်လည်းပဲ မျက်စိကျနေတယ် ဆိုတာဟာ သိသာ ထင်ရှားနှင့်ပြီး အချက် ဖြစ်ပါတယ်။

ထရမ့်ရဲ့ စကားကြောင့် အထက်မှာ ဆိုခဲ့သလို ပနားမား နိုင်ငံထဲမှာ လူတွေ အုံကြွလာပြီး ထရမ့် ဆန့်ကျင်ရေး၊ အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်လာပါတယ်။

အမေရိကန် တွေကို ရည်ညွှန်းတဲ့ "ဂရင်ကို" ဆိုတဲ့ စပိန် စကားလုံးကို သုံးစွဲလို့ …. ကျူးကျော်သူ ဂရင်ကိုတွေ ထွက်သွား ဆိုပြီး ဆန္ဒပြသမားတွေ ဟစ်ကြွေး နေခဲ့ကြပါတယ်။

"ဒေါ်နယ်ထရမ့် ဆီက လာတဲ့ ခြိမ်းခြောက်မှုကို ကြည့်ရင် သူဟာ ကျနော်တို့ တိုင်းပြည်ပကို သူ ပိုင်တယ်လို့ ထင်မှတ် နေဟန် တူပါတယ်။ ပနားမား ပြည်သူတွေဟာ ပနားမားနဲ့ သက်ဆိုင်တဲ့ ပိုက်နက် နေရာတွေကို ပြန်လည် အရယူ နိုင်စွမ်း ရှိတာ သမိုင်းမှာ သက်သေထူခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း ကျနော်တို့ အလျှော့ပေး၊ အရှုံးပေးမှာ မဟုတ်ပါဘူး" ဆိုပြီး ဟိုဂေး ဂုဇမန် ဆိုတဲ့ ဆန္ဒပြ သမားတစ်ယောက်က ဆိုပါတယ်။

ပနားမား တူးမြောင်းဟာ တရုတ်နဲ့ ယှဉ်ပြိုင်ရေးမှာ အမေရိကန် အတွက် အတော်အရေးပါတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု နိုင်ငံခြား ဆက်ဆံရေး ကောင်စီ အဖွဲ့က လက်တင်အမေရိကပိုင်းဆိုင်ရာ သုတေသီ ၀ီလ် ဖရီးမင်းက ထောက်ပြပါတယ်။

ပစိဖိတ် ဒေသတလွှားနဲ့ ကုန်သွယ်ရေး သက်သက် အတွက်သာမက၊ တကယ်လို့များ ထိုင်ဝမ် အရေးကြောင့် ဖြစ်ဖြစ် တရုတ်ပြည်မကြီးနဲ့ အမေရိကန် စစ်ရေး အရကို ထိပ်တိုက် တွေ့လာရပြီဆိုရင် ပနားမား တူးမြောင်းဟာ အရေးအပါဆုံး နေရာမှာ ရှိလာလိမ့်မယ်လို့ မစ္စတာ ဖရီးမင်းက ဆိုပါတယ်။

စစ်သင်္ဘောတွေ အပါအဝင် အာရှ ပစိဖိတ် ဒေသမှာ အမေရိကန် နေရာချလိုသမျှ ရေကြောင်းဆိုင်ရာ အားလုံးဟာ ပနားမား တူးမြောင်း အပေါ် မှီခိုရမှာ ဖြစ်တယ်လို့ မစ္စတာ ဖရီးမင်းက ပြောပါတယ်။

ထရမ့်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ပနားမား အစိုးရက တရားဝင် တုံ့ပြန်ပါတယ်။ ပနားမား တူးမြောင်းနဲ့ တကွ ဝန်းကျင် နေရာ အားလုံးဟာ ပနားမား နိုင်ငံ ပိုင် ဖြစ်တယ် ဆိုတဲ့ အချက်ဟာ ဆက်လက် တည်တံ့ ခိုင်မြဲသွားမှာ ဖြစ်တယ်လို့ ပနားမား သမ္မတ ဟိုဆေး ရာအူးလ် မူလီနိုက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဂရင်းလန်ကိုရော ထရမ့်ဘာ့ကြောင့် မျက်စိ ကျရသလဲ

အမေရိကန် အာကာသ အခြေစိုက်စခန်း ထားရှိတဲ့ ဂရင်းလန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် အာကာသ အခြေစိုက်စခန်း ထားရှိတဲ့ ဂရင်းလန်

ထရမ့်က ဆိုရှယ်မီဒီယာပေါ် အခုရက်ပိုင်းအတွင်း ရေးသားတာတွေထဲ ဂရင်းလန် အကြောင်း ပါလာပြန်ပါတယ်။ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေး အတွက်နဲ့ ကမ္ဘာလုံး ဆိုင်ရာ လွတ်လပ်ခွင့်တို့ အတွက် ဂရင်းလန်ကို အမေရိကန် ပိုင်ဆိုင်ဖို့၊ ထိန်းချုပ်စီမံနိုင်ဖို့ မဖြေမနေ လိုအပ်တယ်လို့ သူ မှတ်ယူကြောင်း ထရမ့်က ရေးပါတယ်။

ဂရင်းလန်ပေါ်မှာ အမေရိကန်ရဲ့ ဘီတူးဖိခ် Pituffik လို့ နာမည်ပေးထားတဲ့ အာကာသ ဆိုင်ရာ အခြေစိုက်စခန်း အခုထိ ဆက်လက် ရှိနေအ်တယ်။ ဂရင်းလန်ဟာ မြေရှား သတ္တုနဲ့ ရေနံ အပါအဝင် သဘာဝ သယံဇာတ ရင်းမြစ်တွေ ပေါကြွယ်တဲ့ ဒေသလည်း ဖြစ်ပါတယ်။ အာတိတ် စက်ဝိုင်း ကို ထဲဝင်ပြင်ထွက် လက်လှမ်းမှီဖို့ရာ အကောင်းဆုံး အခြေစိုက်သင့်တဲ့ နေရာလည်းပဲ ဖြစ်ပါတယ်။

အဲဒီ ဂရင်းလန်ကို ဗျူဟာမြောက် အရေးပါတဲ့ နေရာ အဖြစ် ရုရှားကလည်း မြင်ထားပါတယ်။ ဂရင်းလန်ကို အမေရိကန်က ငွေပေးပြီး ဝယ်မယ် ဆိုတာမျိုး ၂၀၁၉ တုန်းကလည်း ထရမ့် ပြောခဲ့ပါတယ်။ အခုလည်း ထပ်ပြီး ပြောလာတာမှာ ဂရင်းလန် ဝန်ကြီးချုပ်က "ကျုပ်တို့မြေဟာ အခုလည်း ရောင်းဖို့ မဟုတ်သလို နောင်မှာလည်း ရောင်းမှာ မဟုတ်" ဆိုပြီး တုံ့ပြန်ပါတယ်။

Truth Social လို့ ခေါ်တဲ့ အမေရိကန် ဆိုရှယ်မီဒီယာ တစ်ခုပေါ်က ထရမ့်ရဲ့ အကောင့်မှာ ဆိုရင် ပနားမား တူးမြောင်း အလယ် အမေရိကန် အလံ စိုက်ထားတဲ့ ပုံကို တင်ထားပါတယ်။ တခါ၊ ထရမ့်ရဲ့ ဒုတိယ သားကြီး အဲရစ်ထရမ့်ကလည်း အရင်တွစ်တာ အခု အိတ်ဇ် ပေါ်က သူ့ အကောင့်မှာ အမေဇုံ စျေးဝယ်ခြင်းထဲ ဂရင်းလန်၊ ပနားမားတူးမြောင်းနဲ့ ကနေဒါ တို့ကို ဝယ်ဖို့ ထည့်ထားတဲ့ ပုံကို တင်ထားတာ တွေ့ရပါတယ်။