ချာလီကာ့ခ် ပစ်ခတ်ခံရမှု - အန္တရာယ်လမ်းဆုံမှာ အမေရိကန် ဘာလို့ရောက်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Justin Sullivan၊ Getty Images၊ Charly Triballeau၊AFP via Getty Images
- ရေးသားသူ, ကတ်တီ ကေ
- ရာထူးတာဝန်, အမေရိကန်ဆိုင်ရာအထူးသတင်းထောက်
အမေရိကန်အတွက် ရက်စက်ကြမ်းတမ်းတဲ့ သီတင်းပတ်ပါ။ ဒီလို မုန်းတီးမှုတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ ကြားကနေ ဒီနိုင်ငံ လွတ်မြောက်နိုင်ပါ့မလားလို့ တွေးနေသူဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။
အမေရိကန်သမိုင်းမှာ အပြင်းထန်ဆုံးလုပ်ကြံသတ်ဖြတ်မှုတွေထဲက တစ်ခုဖြစ်သွားတဲ့နောက်မှာ ယူးထားပြည်နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံရေး ပြင်းထန်မှုတွေကို လျှော့ချကြဖို့ အမေရိကန်ပြည်သူတွေကို တောင်းပန်ခဲ့ပါတယ်။
ဒါပေမဲ့ ချာလီကာ့ခ်ရဲ့ သေဆုံးမှုနောက်မှာ အမေရိကန်က အဲဒီလမ်းကို ရွေးမယ်လို့ ထင်သလားဆိုရင် အများစုက မထင်ကြဘူး။
အနည်းဆုံး အခုလောလောဆယ်တော့ မဖြစ်နိုင်ပါဘူး။
ဝမ်းနည်းစရာတစ်ခု အပြီးမှာ ညီညွတ်ရေးလမ်းကို မရွေးခဲ့တဲ့ အဖြစ်တွေက အမေရိကန်ရဲ့ လတ်လတ်ဆတ်ဆတ်သမိုင်းမှာ အများကြီးပါ။
ပြီးခဲ့တဲ့ ၁၄ နှစ်က ဒီမိုကရက်တစ် အမျိုးသမီး လွှတ်တော်အမတ်တစ်ယောက် အရီဇိုးနားမှာ ခေါင်းကို ပစ်ခတ်ခံရပြီးနောက်မှာလည်း မညီညွတ်ခဲ့ကြပါဘူး။
ရီပတ်ဘလီကန် လွှတ်တော်အမတ်တစ်ယောက် ဘေ့စ်ဘောလေ့ကျင့်နေတုန်း အသတ်ခံရတဲ့ ပြီးခဲ့တဲ့ ၈ နှစ်ကလည်း မဖြစ်ခဲ့ပါဘူး။
ကမ္ဘာ့ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်ရချိန်မှာတောင် အမေရိကန်ပြည်သူတွေဟာ မစည်းလုံးခဲ့ကြပါဘူး။
တကယ်တော့ ကိုဗစ်က အကွဲအပြဲတွေကို ပိုဆိုးသွားစေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, OLIVIER TOURON/AFP via Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အကြောင်းရင်းက ရိုးရှင်းပေမဲ့ ပြောင်းလဲဖို့က ခက်ပါတယ်။
အမေရိကန်နိုင်ငံရေးကို တွန်းအားပေးတဲ့ မက်လုံးတွေ၊အကျိုးအမြတ်တွေဟာ သွေးပူအောင်လုပ်တဲ့ လူတွေနဲ့ ပလက်ဖောင်းတွေကိုပဲ ဆုပေးပြီး တင်းမာမှုတွေကို လျှော့ချပေးသူတွေကိုတော့ ဆုမချပါဘူး။
တစ်နိုင်ငံလုံးအနေနဲ့ကြည့်ရင် နိုင်ငံရေး အလယ်အလတ်လမ်းထက် ကိုယ့်ကိုနိုင်ငံရေး ထောက်ခံသူတွေကို ဆွဲဆောင်နိုင်တဲ့ မူဝါဒတွေ၊ မိန့်ခွန်းတွေနဲ့ ရွေးကောက်ပွဲဝင်မှသာ အနိုင်ရနိုင်ခြေ ပိုများပါတယ်။ (ဒါဟာ မဲဆန္ဒနယ်မြေတွေကို နိုင်ငံရေးအရ တစ်ဖက်စောင်းနင်း ခြယ်လှယ်နိုင်မှုရဲ့ ဝမ်းနည်းစရာ ရလဒ်တစ်ခုပါပဲ။ အမေရိကန်ရဲ့ အလုပ်မဖြစ်တဲ့၊ ကွဲပြားနေတဲ့ နိုင်ငံရေးစနစ်ရဲ့ မူလအပြစ်ကြီးပါပဲ)။
အလားတူပဲ မီဒီယာမှာလည်း နိုင်ငံရေးနဲ့ပတ်သက်ပြီး သုံးသပ်ပြောဆိုသူတွေဟာ ပိုပြီး အစွန်းရောက်တာနဲ့ ဒေါသထွက်အောင် လှုံ့ဆော်တဲ့အတွက် ဆုချခံရပါတယ်။ အဲဒါကတော့ အာရုံစိုက်မှုတွေ ပိုရဖို့နဲ့ နောက်ဆုံးမှာတော့ ကြော်ငြာဝင်ငွေ ပိုရဖို့အတွက် နည်းလမ်းပါပဲ။
ဒီလိုမျိုး တွန်းအားပေးတဲ့ ပုံစံကြောင့် ယူးထားပြည်နယ်အုပ်ချုပ်ရေးမှူး စပန်ဆာကော့ခ်ဟာ အမေရိကန်မှာ ခြွင်းချက်တစ်ရပ် ဖြစ်နေတာပါပဲ။

ဓာတ်ပုံ ရင်းမြစ်, REUTERS/Cheney Orr
ချာလီကာ့ခ် အသတ်ခံရပြီးနောက်မှာ သူက အမေရိကန်ပြည်သူတွေကို "အင်တာနက်က ထွက်ပါ၊ ဖုန်းပိတ်ပါ၊ မြက်ခင်းထဲ ထွက်ပါ၊ မိသားစုဝင်တစ်ယောက်ကို ဖက်ပါ၊ အပြင်ထွက်ပြီး လူမှုအသိုင်းအဝိုင်းမှာ ကောင်းတာလုပ်ပါ" လို့ တိုက်တွန်းခဲ့ပါတယ်။
သူပြောတာက အင်မတန် ပညာသားပါပြီး မှန်ကန်နေပါတယ်။ အကွဲအပြဲတွေကြားထဲမှာ ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းမှုတစ်ခုပါပဲ။
၁၉၆၀-၇၀ ပြည့်လွန်နှစ်တွေနဲ့ ဒီနေ့ခေတ် ယှဉ်ပြိုင်ခြင်း
အမေရိကန်မှာ အကွဲအပြဲတွေနဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၆၀ လောက်က အမေရိကန်ဟာ ပြည်တွင်းစစ်ဆင်နွှဲပြီး အချင်းချင်းတိုက်ခဲ့ကြရာကနေ နောက်ပိုင်းမှာ ဘယ်တုန်းကမှ တကယ် မရပ်သွားခဲ့ပါဘူး။
၁၉၆၀ ပြည့်လွန်နှစ်တွေက ၅ နှစ်တာ ကာလအတွင်းမှာ အမေရိကန်သမ္မတတစ်ယောက် အသတ်ခံခဲ့ရပြီးနောက် သမ္မတလောင်း မဲဆွယ်စည်းရုံးရေးမှာ သူ့ရဲ့ ညီဖြစ်သူလည်း အသတ်ခံခဲ့ရပါတယ်။
အဲဒီကာလအတွင်းမှာပဲ နိုင်ငံရဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေးခေါင်းဆောင် ၂ ဦးလည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေမှာ သမ္မတ ဂျရယ် ဖို့ဒ်ဟာ ၂ ကြိမ်တိုင်တိုင် ပစ်ခတ်ခံခဲ့ရပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ရော်နယ် ရီဂင်ဟာ သူ့ရဲ့ ကားဆီ လမ်းလျှောက်သွားနေတုန်း ကျည်ဆန် မှန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Heritage Space/Heritage Images via Getty Images
ပြီးတော့ မနှစ်ကပဲ ထရမ့်ဟာလည်း ပန်ဆယ်ဗေးနီးယားပြည်နယ်က သေနတ်သမားတစ်ဦးရဲ့ မအောင်မြင်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုက သားကောင်ဖြစ်ခဲ့ပါသေးတယ်။ ဖလော်ရီဒါပြည်နယ်က သေနတ်သမားတစ်ဦးရဲ့ ဒုတိယမြောက် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီအမှုရဲ့ စစ်ဆေးစီရင်မှုကို ကာ့ခ် အသတ်ခံရတဲ့ သီတင်းပတ်မှာ စခဲ့ပါတယ်။
ဒါပေမဲ့ ဒီခေတ်ကို ၁၉၆၀ ပြည့်လွန်နှစ်တွေနဲ့ ၇၀ ပြည့်လွန်နှစ်တွေနဲ့ ကွာခြားစေတာကတော့ အုပ်ချုပ်ရေးမှူး ကော့ခ် စိုးရိမ်နေတဲ့အရာပါပဲ။
သူဟာ အမေရိကန်ပြည်သူတွေကို ပိုပြီး ကွဲပြားသွားစေမယ့် အရာတွေကို သေသေချာချာ ရှောင်ပြီး ပြောဆိုခဲ့ပေမဲ့ ဒီဝမ်းနည်းစရာအဖြစ်အပျက်အတွက် သူ ထင်ထင်ရှားရှား အပြစ်တင်နေတဲ့ လူမှုမီဒီယာကုမ္ပဏီတွေအပေါ်မှာတော့ သိမ်သိမ်မွေ့မွေ့ မလုပ်ခဲ့ပါဘူး။
"လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်အတွင်းမှာ ကျွန်တော်တို့ မြင်ခဲ့တွေ့ခဲ့ရတဲ့ လုပ်ကြံသတ်ဖြတ်မှုတိုင်းနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတိုင်းမှာ လူမှုမီဒီယာတွေက တိုက်ရိုက်ပါဝင်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ကော့ခ်က တနင်္ဂနွေနေ့မှာ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
"ကင်ဆာ" ဆိုတဲ့စကားလုံးဟာ အမေရိကန်လူ့အဖွဲ့အစည်းအပေါ် ဆိုရှယ်မီဒီယာရဲ့သက်ရောက်မှုကို ဖော်ပြဖို့ အားနည်းလွန်းတဲ့ စကားလုံးဖြစ်နိုင်တယ်လို့ သူက ဆက်ပြီးပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anna Moneymaker/Getty Images
နည်းပညာကုမ္ပဏီအများစုဟာ သူတို့ရဲ့ တာဝန်တွေအတွက် တိတ်ဆိတ်နေခဲ့ကြပါတယ်။
ဒါပေမဲ့ X ရဲ့ ဘီလျံနာသူဌေး အီလွန်မက်စ်ကတော့ "အစွန်းရောက်လက်ဝဲသမားတွေဟာ ချာလီကာ့ခ်ကို သွေးအေးအေးနဲ့ သတ်ဖြတ်မှုကို ဂုဏ်ပြုခဲ့ကြတယ်" လို့ ပြောပါတယ်။
"လူသတ်တာကို ဂုဏ်ပြုတဲ့ ဆိုးသွမ်းတဲ့ အစွန်းရောက်သမားတွေနဲ့ ညီညွတ်ရေးဆိုတာ မဖြစ်နိုင်ပါဘူး" လို့လည်း သူက ပြောပါတယ်။
သူက ဆိုရှယ်မီဒီယာရဲ့ သက်ရောက်မှုနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေကိုလည်း ဖြေရှင်းခဲ့ပါတယ်။
ဒီအပတ်အစောပိုင်းမှာ "X ပေါ်က ဆွေးနွေးမှုတွေဟာ တစ်ခါတစ်ရံ အဆိုးဘက်ကို ရောက်သွားနိုင်ပေမဲ့ဆွေးနွေးမှုတစ်ခု ဖြစ်ပေါ်နေတာကတော့ ကောင်းတဲ့အရာပါ" လို့ ရေးခဲ့ပါတယ်။
'ဒါက ဆိုးရွားတဲ့အိမ်ထောင်ရေးတစ်ခုလိုပါပဲ'
နိုင်ငံရေးနဲ့ ဆိုရှယ်မီဒီယာ ရောထွေးနေတဲ့ ဒီစနစ်ရဲ့ အားနည်းချက်တွေဟာ ဘယ်သူ့ကို ထောက်ခံသည်ဖြစ်စေ နိုင်ငံရေးကို စိတ်အားအထက်သန်ဆုံးသူတွေကိုတောင် စိုးရိမ်စေပါတယ်။
ဒီသီတင်းပတ်အစောပိုင်းမှာ ချာလီကာ့ခ်ရဲ့ အဖွဲ့အစည်းဖြစ်တဲ့ Turning Point USA ရဲ့ ယူးထားပြည်နယ်တက္ကသိုလ်ဌာနခွဲရဲ့ ဥက္ကဋ္ဌ ၁၉ နှစ်အရွယ် ကိတ်တလင်း ဂရစ်ဖစ်က "ဆိုရှယ်မီဒီယာဆိုတာ လူ့အဖွဲ့အစည်းအတွက် တကယ်ကို ခက်ခဲတဲ့အရာတစ်ခု ဖြစ်နေပါတယ်" လို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။
"နိုင်ငံရေးယုံကြည်ချက်တွေနဲ့ အမြင်မတူသူတစ်ယောက်နဲ့ စကားစမြည်ပြောဖို့တောင် မဖြစ်နိုင်တော့ပါဘူး။ အဲဒါက ရိုးရိုးသားသားပြောရရင် ဝမ်းနည်းစရာပါပဲ" လို့ ပြောပါတယ်။
ကာ့ခ်က သူ့ကိုယ်သူ လွတ်လပ်စွာပြောဆိုခွင့်အတွက် ရပ်တည်သူအဖြစ် မြင်ခဲ့ပေမဲ့ သူ့ကို ဝေဖန်သူတွေကတော့ အဲဒီအမြင်နဲ့ သဘောမတူကြပါဘူး။
သူသေဆုံးသွားမှုကတော့ နိုင်ငံကို ယဥ်ကျေးတဲ့ ဆွေးနွေးမှုတွေနဲ့ ပိုဝေးသွားအောင် တွန်းပို့ကောင်း တွန်းပို့နိုင်ပါတယ်။

ဒါပေမဲ့ ကာ့ခ် သေဆုံးပြီး ရက်အနည်းငယ်အတွင်းမှာပဲ နိုင်ငံရဲ့ နိုင်ငံရေးအုပ်စုတွေဟာ ဆန့်ကျင်ဘက် အမြင်တွေဆီကို ပြန်ရောက်သွားခဲ့ကြပါတယ်။
ကာ့ခ်ကို သတ်တဲ့သူက အင်တာနက်ပေါ်က အုပ်စုတွေနဲ့ အုပ်စုလိုက် စကားပြောခန်းတွေကနေ အစွန်းရောက်သွားနိုင်တဲ့ နည်းလမ်းတွေကို စူးစမ်းဖို့ လက်ဝဲဝါဒီ အများအပြားက စိတ်အားထက်သန်နေကြပါတယ်။
လက်ယာသမား အများအပြားကတော့ သံသယရှိသူဟာ လက်ဝဲအုပ်စုရဲ့ အကွက်ချကြံစည်တာ ဟုတ်မဟုတ်ကို ဖော်ထုတ်ဖို့ ပိုအားသာကြပါတယ်။
ဘယ်အုပ်စုကမှ ပြန်လည်သင့်မြတ်ရေးတို့၊ ကုစားရေးတို့ကိုတော့ အလေးထားမယ့်ပုံ မပေါ်ပါဘူး။
လက်တွေ့မှာတော့ အစွန်းရောက်ဝါဒကို လေ့လာသူတွေက လက်ဝဲ-လက်ယာဆိုတာ လက်ရှိအချိန်ရဲ့ အကွဲအပြဲကို ကြည့်ဖို့အတွက် အထောက်အကူ အဖြစ်ဆုံးနည်းလမ်းတောင် မဖြစ်နိုင်ဘူးလို့ ယုံကြည်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Samuel Corum/Getty Images
"လူတွေကို ဘာက ထိန်းချုပ်လို့မရအောင် ဖြစ်စေသလဲဆိုတာကို ရှာဖွေတာက ပိုကောင်းပါတယ်" လို့ ကွဲပြားနေတဲ့ ဒီမိုကရေစီစနစ်တွေကို အထူးပြုလေ့လာတဲ့ ကာနေဂီ နိုင်ငံတကာငြိမ်းချမ်းရေးမြှင့်တင်ရေးအဖွဲ့က သုတေသီ ရေချယ် ကလဲင်ဖဲလ်ဒ်က ပြောပါတယ်။
"သွေးပူတာတွေကို လျှော့ချဖို့ ဆန္ဒရှိဖို့ လိုအပ်ပါတယ်... ပြီးတော့ လူတွေ ပိုပြီး သတ္တိရှိဖို့လည်း လိုအပ်ပါတယ်။"
"လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ စာမျက်နှာတစ်ခုကို ဘယ်လိုလှန်ပြီး အခန်းသစ်တစ်ခုကို ဘယ်လိုဖွင့်မလဲဆိုတာကို အာရုံစိုက်တာက ပိုပြီး အသုံးဝင်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ဆိုးရွားတဲ့ အိမ်ထောင်ရေးတစ်ခုလိုပါပဲ။ အပြန်အလှန်အပြစ်တင်နေရင် အရှုံးပဲ ဖြစ်မှာပါ" လို့ ပြောပါတယ်။
ပြန်လည်သင့်မြတ်ရေးအတွက် ဘာတွေလိုလဲ
အမေရိကန်က အကွဲအပြဲတွေကို လှုံ့ဆော်ပေးနေတာတွေရဲ့ ချုပ်ကိုင်မှုကနေ လွတ်မြောက်နိုင်မလားဆိုတဲ့ မေးခွန်းအတွက်ကတော့ ပြန်လည်သင့်မြတ်ရေးအတွက် အင်မတန်ကြီးမားတဲ့ ခံယူချက်ရှိတဲ့ ခေါင်းဆောင်တစ်ယောက် လိုပါတယ်လို့ ပြောပါတယ်။
နိုင်ငံရေးစာရေးဆရာ ဒေးဗစ် ဒရပ်ကာက "ဒီကနေ ဘယ်လို ရုန်းထွက်ရမလဲဆိုတာ ကျွန်တော် သေချာမသိပါဘူး" လို့ ပြောပါတယ်။
"နှစ်ဖက်စလုံး - ပါတီဆိုတာ နိုင်ငံရေးသမားတွေကိုတင် ပြောတာမဟုတ်ပါဘူး - အပြန်အလှန်စွပ်စွဲပြစ်တင်မှုတွေကို ရပ်တန့်ဖို့ သဘောတူပြီး 'ရပ်လိုက်ပါ' လို့ ပြောဖို့ သဘောတူမယ်ဆိုရင် အထောက်အကူ ဖြစ်ပါလိမ့်မယ်" လို့ ပြောပါတယ်။
"များသောအားဖြင့် သမ္မတတစ်ယောက်ကပဲ ဒါကို လုပ်ပေးနိုင်ပါတယ်။
ဘာတွေကိုတော့ ထိလို့မရဘူးဆိုတာ နှစ်ဖက်စလုံးက သဘောမတူကြရင်၊ ဒါမှမဟုတ် နောက်သမ္မတက ဒါကို မလုပ်ရင်၊ အဲဒီနေရာကို ဘယ်လိုရောက်နိုင်မလဲဆိုတာ မသေချာပါဘူး" လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAUL LOEB/AFP via Getty Images
ထရမ့်ဟာ အဲဒီလို သမ္မတမျိုး မဟုတ်ပါဘူး။
သူဟာ နိုင်ငံရေးအရ ရန်သူကို တိုက်ခိုက်တဲ့အခါမှာ သူ့ရဲ့ အင်အားအကောင်းဆုံးပုံစံနဲ့ ရှိနေတတ်ပါတယ်။
လက်ဝဲသမားတွေက သူ့ရဲ့ Maga လှုပ်ရှားမှုကို ဖျက်ဆီးပစ်ချင်တယ်လို့ ထရမ့်က ယုံကြည်နေပါတယ်လို့ သူက သုံးသပ်ပါတယ်။
ကာ့ခ် သေဆုံးပြီးနောက်မှာ ထရမ့်ဟာ ယူးထားပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ လုံးဝကွဲပြားတဲ့ ပုံစံ ရှိ ပါတယ်။
နိုင်ငံကို ဘယ်လို ပြုပြင်နိုင်မလဲလို့ မေးတဲ့အခါ သူက "ကျွန်တော် ပြဿနာတက်မှာကို ပြောလိုက်ဦးမယ်၊ ဒါပေမဲ့ ကျွန်တော် ဘာမှ ဂရုမစိုက်ပါဘူး" လို့ ပြောခဲ့ပါတယ်။
"လက်ယာဘက်က အစွန်းရောက်သမားတွေဟာ ရာဇဝတ်မှုတွေကို မမြင်ချင်လို့ အစွန်းရောက်ဖြစ်နေတတ်ကြတာပါ... လက်ဝဲဘက်က အစွန်းရောက်သမားတွေကတော့ ပြဿနာတွေပဲ" လို့ ပြောခဲ့ပါတယ်။
ပြီးတော့ ကာ့ခ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး (စက်တင်ဘာ ၁၁ ရက်နေ့က) သူ့ရဲ့ ဘဲဥပုံရုံးခန်းက ပြောဆိုမှုတွေမှာ သူက "အစွန်းရောက်လက်ဝဲ နိုင်ငံရေးအကြမ်းဖက်မှုဟာ အပြစ်မဲ့တဲ့ လူတွေ အများကြီးကို ထိခိုက်စေပြီး အသက်တွေ အများကြီးကို ဆုံးရှုံးစေခဲ့တယ်" လို့ ထပ်ပြောပါတယ်။
"ဒါက ကောက်ကျစ်တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်သက်သက် မဟုတ်ဘဲ အစွန်းရောက်လက်ဝဲသမားတွေရဲ့ လုပ်ရပ်ဖြစ်တယ်"ဆိုတဲ့ သမ္မတရဲ့ အဲဒီအမြင်ကို တခြား အိမ်ဖြူတော် အရာရှိတွေကလည်း ထောက်ခံပြောဆိုနေကြပါတယ်။
"ဘုရားသခင်ကို သက်သေထားပြီး ပြောရရင် ကျွန်တော်တို့မှာရှိတဲ့ အရင်းအမြစ်တိုင်းကို အသုံးပြုပြီး ဒီကွန်ရက်တွေကို ဖော်ထုတ်ဖို့၊ ဖျက်ဆီးဖို့၊ ဖျက်သိမ်းဖို့နဲ့ အပြီးသတ် ချေမှုန်းပစ်ဖို့အတွက် လုပ်သွားမှာပါ" လို့ ထရမ့်ရဲ့ သမ္မတရုံး ဒုတိယအကြီးအကဲ စတီဖင်မီလာက ပြောပါတယ်။
"ဒါက ဖြစ်လာမှာပါ၊ ပြီးတော့ ချာလီ့အတွက် လုပ်သွားမှာပါ" လို့ ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်မှာ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတ်ဖြတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေအပေါ် လေ့လာမှု အများအပြားကတော့ "လက်ယာ" ဝါဒီတွေက "လက်ဝဲ" ဝါဒီတွေထက် အမှုတွေ ပိုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ ခိုင်ခိုင်မာမာ ကောက်ချက်ချဖို့ကတော့ အချက်အလက်တွေ ပိုလိုနေသေးတယ်လို့ ဆိုပါတယ်။
'သမိုင်းတစ်ပတ်လည်တယ်လို့ ပြောကြတယ် - အဲဒီလို တစ်ခါမှ မဖြစ်ပါဘူး'
အမေရိကန်သမိုင်းထဲက မှောင်မိုက်တဲ့ အချိန်တွေကပဲ ငြိမ်းချမ်းမှုကို အစပျိုးပေးခဲ့တာတွေလို့ ထောက်ပြနေသူတချို့ ရှိပါတယ်။
ရီပတ်ဘလစ်ကန် အမတ်ဟောင်းဖြစ်ပြီး နာမည်ကျော် တီဗီအစီအစဥ် တင်ဆက်သူ ဖြစ်လာတဲ့ ဂျိုးစကားဘိုးက "ဗီယက်နမ်နဲ့ ဝါးတားဂိတ်က ဖြစ်လာခဲ့တဲ့ (၁၉၆၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေအစောပိုင်း) နှစ်တွေလောက် နိုင်ငံရေးအရ မှောင်မိုက်ပြီး အကြမ်းဖက်ခဲ့တဲ့ ကာလဆိုတာ အမေရိကန်မှာ ရှားပါတယ်" လို့ ပြောပါတယ်။
"ဒါပေမဲ့ နိုင်ငံဟာ ရှေ့ဆက်ခဲ့ပြီး နှစ် ၂၀၀ တိုင်ခဲ့ပါပြီ။ အကြမ်းဖက်တဲ့ အကွဲအပြဲတွေကို ကျော်လွန်သွားခဲ့ပါပြီ။
"နောက်လည်း ဒီလို ထပ်ဖြစ်မှာပါ။"

ဓာတ်ပုံ ရင်းမြစ်, CHARLY TRIBALLEAU/AFP via Getty Image
အကောင်းမြင်သူတွေထဲမှာ ဂျော်ဂျီယာပြည်နယ်က ဒီမိုကရက်အမတ် ရာဖယ်လ်ဝါနော့ခ်လည်း ပါပါတယ်။ သူဟာ နိုင်ငံရဲ့ ရာထူးအဆင့်အမြင့်ဆုံး လူမည်းအရာရှိတွေထဲက တစ်ယောက်ပါ။
နိုင်ငံရေးအကြမ်းဖက်မှုကို "ဒီမိုကရေစီကို ဆန့်ကျင်တဲ့" အဆိုးဆုံး အပြုအမူအဖြစ် သူက ရှုတ်ချပါတယ်။ ဒါပေမဲ့ လူမျိုးရေးလို ကိစ္စရပ်တွေမှာ အမေရိကန်က တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတာကိုလည်း ထောက်ပြပါတယ်။
"မိသားစုတစ်ခုရဲ့ ဇာတ်လမ်းဟာ မိသားစုဆုံချိန်မှာ ကိုယ့်ဘာသာ ပြောပြတဲ့ ဇာတ်လမ်းတွေထက် အမြဲပိုရှုပ်ထွေးပါတယ်" လို့ သူက ပြောခဲ့ပါတယ်။
"ကျွန်တော့်အဖေဟာ သူ့ရဲ့ စစ်သားဝတ်စုံကို ဝတ်ထားရင်းတောင် ဆယ်ကျော်သက်တစ်ယောက်အတွက် (ဘတ်စ်ကားပေါ်က) သူ့နေရာကို ဖယ်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်က အထက်လွှတ်တော် အမတ်နေရာမှာ ထိုင်နေပါပြီ" လို့ ပြောပါတယ်။
သူတို့ရဲ့ မျှော်လင့်ချက်က စိတ်အားတက်စရာပါ။ ဒါပေမဲ့ ရှင်းလင်းတဲ့ လမ်းကိုတော့ မမြင်မိသေးပါဘူး။
မကြာသေးခင်က ဒီနှစ်အစောပိုင်းမှာ သမိုင်းပညာရှင်နဲ့ ရုပ်ရှင်ဒါရိုက်တာ ကင်ဘာ့န်စ်နဲ့ ပြောခဲ့တဲ့ စကားဝိုင်းတစ်ခုအကြောင်းကို အများကြီး တွေးနေခဲ့ပါတယ်။ အမေရိကန် တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်ကို ကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်မှာပါ။
"လူတွေက သမိုင်းတစ်ပတ်လည်တယ်လို့ ပြောကြတယ်" လို့ ဘာ့န်စ်က ပြောခဲ့ပါတယ်။
"အဲဒါမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။"
ဘာ့န်စ်ကတော့ စာရေးဆရာ မာ့ခ်တွိန်းကို လူအများက ကိုးကားပြောဆိုခဲ့တဲ့ "သမိုင်းတစ်ပတ်လည်တယ်ဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ မကြာခဏဆိုသလို သွားဆင်နေတတ်ပါတယ်" ဆိုတဲ့ ကိုးကားချက်ကို ပိုပြီး နှစ်သက်ပါတယ်။
တစ်နည်းပြောရရင် ပစ္စုပ္ပန်က အတိတ်နဲ့ ဆင်တူသလို ဖြစ်နေရင်တောင်မှ အဖြစ်အပျက်တွေက တစ်ပုံတည်း မဖြစ်ပါဘူး။
ဒီလို တင်းမာချိန်တွေဟာ အမေရိကန်သမိုင်းက တခြား မညီညွတ်တဲ့ ကာလတွေနဲ့ သွားဆင်နေတယ်လို့ ခံစားရပေမဲ့ အဲဒီကာလအတိုင်း ထပ်တူ ပြန်ဖြစ်နေတာတော့ မဟုတ်ပါဘူး။
မှန်ပါတယ်။ အမေရိကန်သမိုင်းဟာ ဒေါသတွေနဲ့ ပဋိပက္ခတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။
ဒါပေမဲ့ အဲဒီစိတ်ခံစားချက်တွေကို လှုံ့ဆော်ပေးတဲ့ ကုမ္ပဏီတွေနဲ့ လူတွေ အကျိုးအမြတ်ရဖို့ ဒီနိုင်ငံရဲ့ လူမှုရေးနဲ့ နိုင်ငံရေးစနစ်တွေက အမြဲတမ်း ဒီလောက်မြန်မြန် လုပ်ခဲ့တာ ဟုတ်မဟုတ်တော့ မသေချာလှပါဘူး။
တစ်ချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုဟာ ပိုပြီး အားကောင်းလာမှာ မဟုတ်ဘဲ ပိုပြီး အားနည်းလာဦးမှာပါ။
ကာကွယ်ရေးဝန်ကြီးဟောင်း ဘော့ဘ်ဂိတ်စ်က တစ်ချိန်က ပြောခဲ့တာက - အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု သုံးခုက တိုးတက်လာတဲ့ တရုတ်၊ အားနည်းသွားတဲ့ ရုရှားနဲ့ နိုင်ငံရဲ့ ပြည်တွင်းအကွဲအပြဲတွေပါ။
အမေရိကန်ရဲ့ အကွဲအပြဲတွေက ဒီမဟာအင်အားကြီးနိုင်ငံကို ဘယ်လောက်အထိ ထိခိုက်စေသလဲဆိုတာကို သူ့ရန်သူတွေက သေချာသိကြပါတယ်။
သူတို့ဟာ လူတွေ ပိုပြီး ကွဲပြားသွားအောင် အွန်လိုင်းပေါ်ကနေ ကြိုးစားကြပါတယ်။
အမေရိကန်တွေကလည်း သူတို့တွေ လွယ်အောင် လုပ်ပေးနေပါတယ်။












