''ငြိမ်းချမ်းရေးအဆိုပြုချက်က ကိယက်ဗ် အတွက် နောက်ဆုံးကမ်းလှမ်းချက်မဟုတ်ဘူး'' - ဒေါ်နယ်ထရမ့်

ဗီဒီယို ပုံစာ, Watch: Trump says Ukraine proposal is not his final offer
    • ရေးသားသူ, ရာရိုဆလော့လုကီ
    • ရာထူးတာဝန်, BBC News
  • ဖတ်ရန်အချိန်: မိနစ် ၃

ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်က ကိယက်ဗ်အတွက် သူ့ရဲ့ နောက်ဆုံးကမ်းလှမ်းမှုမဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

ဥရောပ၊ ကနေဒါနဲ့ ဂျပန်တို့က ခေါင်းဆောင်တွေက အမေရိကန်ရဲ့ အဲဒီအစီအစဥ်ဟာ "တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်ချက်'' ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ "နောက်ထပ်ထည့်သွင်းလုပ်ဆောင်ရမယ့်အချက်တွေ လိုအပ်မယ်'' လို့ မှတ်ချက်ပေးကြပါတယ်။

အခု အမေရိကန်အဆိုပြုတဲ့ အစီအစဥ်အရဆို ယူကရိန်းစစ်တပ်ရဲ့ နယ်စပ်ပိုင်စိုးနိုင်မှုက အကန့်အသတ်ရှိသွားနိုင်သလို ယူကရိန်းအတွက် တခြားစိုးရိမ်စရာတွေရှိလာနိုင်တာကြောင့် ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်နဲ့ ယူကရိန်းတို့က လုံခြုံရေးအရာရှိတွေ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ဇလန်းစကီး ကတော့ ထရမ့်ရဲ့ အစီအစဥ်က မော်စကိုအတွက် အခွင့်သာနေတယ်လို့ မြင်ပြီး အမေရိကန်ရဲ့ ဖိအားကြောင့် ယူကရိန်းဟာ သမိုင်းမှာ အခက်အခဲဆုံးအချိန်နဲ့ ရင်ဆိုင်နေရတယ်လို့ သတိပေးထားပါတယ်။

ထရမ့်က ယူကရိန်းကို အချက် ၂၈ ချက်ပါ အစီအစဉ်ကိုလက်ခံဖို့ နိုဝင်ဘာ ၂၇ ရက်အထိ အချိန်ပေးထားပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကတော့ ဒါက စစ်ပွဲအဆုံးသတ်ပြေလည်မှုရဖို့အတွက် အခြေခံအဆင့် ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။

သမ္မတထရမ့်ကတော့ လက်ရှိ သူ့ရဲ့ ၂၈ ချက်ပါ မူကြမ်းအစီအစဉ်ဟာ ယူကရိန်းအတွက် သူ့ရဲ့ "နောက်ဆုံးကမ်းလှမ်းမှုမဟုတ်ဘူး" လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

"တစ်နည်းမဟုတ် တစ်နည်း (စစ်ပွဲ) ပြီးသွားအောင် လုပ်ရမှာပါ။ အဲဒါကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်" လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂျီနီဗာက ယူကရိန်းအရေး လုံခြုံရေးအရာရှိတွေ တွေ့ဆုံပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရို၊ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နဲ့ ဗြိတိန်နိုင်ငံအမျိုးသားလုံခြုံရေးအကြံပေး ဂျွန်နသန်ပိုဝဲလ်တို့ တက်ရောက်မှာဖြစ်ပါတယ်။

စနေနေ့က တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ကို ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ စပိန်၊ ဗြိတိန်၊ ဂျာမနီနဲ့ နော်ဝေ ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အီးယူ ထိပ်တန်းအရာရှိ နှစ်ဦးလည်း လက်မှတ်ထိုးတဲ့အထဲ ပါဝင်ပါတယ်။

ပူးတွဲကြေညာချက်မှာ "ဒီမူကြမ်းထဲက အခြေခံအချက်တွေအပေါ် ထပ်တိုးလုပ်ဆောင်ရမှာတွေ ရှိသေးတယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ အနာဂတ်ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။ နယ်စပ်ရဲ့ နယ်မြေပိုင်စိုးမှုတွေကို အင်အားသုံး ပြောင်းလဲလို့မရဘူးလို့ ရှင်းရှင်းလင်းလင်းသိထားပါတယ်'' လို့ ဖော်ပြထားပါတယ်။

''ယူကရိန်းစစ်တပ်ကို အကန့်အသတ်လုပ်တာမျိုးကို ကျွန်ုပ်တို့ စိုးရိမ်ပါတယ်။ ဒီလိုကန့်သတ်ချက်တွေက ယူကရိန်းအနေနဲ့ အနာဂတ်မှာ ကျူးကျော်မှုတွေနဲ့ ထပ်ပြီးရင်ဆိုင်ရတဲ့အခါ သူ့ကို အင်အားချိနဲ့စေမှာပါ။

"နေတိုးအဖွဲ့အနေနဲ့ အခြေခံအချက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာလည်း ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေ အသီးသီးရဲ့ သဘောတူညီချက် လိုအပ်လိမ့်မယ်'' လို့လည်း ထပ်ဖြည့်ပြောထားပါတယ်။

စနေနေ့က ဂျိုဟန်နက်စ်ဘတ်မှာ ကျင်းပနေတဲ့ G20 ထိပ်သီးအစည်းအဝေးမှာ ဗြိတိန်ဝန်ကြီးချုပ် ကီရာဆတာမာက ဇလန်းစကီးနဲ့ တယ်လီဖုန်းပြောခဲ့ပြီး နောက်မှာ သမ္မတထရမ့်ကို ဖုန်းခေါ်ဆိုခဲ့ပါတယ်။

ထရမ့်နဲ့ ဖုန်းခေါ်ဆိုမှုနဲ့ ပတ်သက်ပြီး ဒေါင်းနင်းလမ်းဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူကတော့ "ဆာကီရာစတာမာအနေနဲ့ G20 ထိပ်သီးအစည်းအဝေးမှာ တက်ရောက်နေတဲ့ ယူကရိန်းရဲ့ မဟာမိတ်တွေနဲ့ ပြုလုပ်နေတဲ့ ဆွေးနွေးမှုတွေကို ထပ်လောင်းပြောကြားခဲ့တယ်'' လို့ ပြောပါတယ်။

''ခေါင်းဆောင်တွေနဲ့ သူတို့အဖွဲ့တွေဟာ နောက်တစ်နေ့ ဂျီနီဗာမှာလုပ်မယ့် အစည်းအဝေးမှာ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် ၂၈ ချက်ကို ဆွေးနွေးကြပါလိမ့်မယ်" လို့ သူကထပ်ဖြည့်ပြောပါတယ်။

ဆာကီရာစတာမာက အမေရိကန်ရဲ့ အစီအစဉ်ထဲမှာ ယူကရိန်းစစ်တပ်အပေါ် ကန့်သတ်မယ့် အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း အစောပိုင်းမှာ ပြောခဲ့သလို "အပစ်အခတ်ရပ်စဲရေးဖြစ်ခဲ့ရင် ယူကရိန်းမှာ သူ့ကိုယ်သူကာကွယ်နိုင်စွမ်းရှိရမယ်ဆိုတဲ့ အချက်က အခြေခံကျကြောင်းလည်း ပြောခဲ့ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် ပေါက်ကြားနေတဲ့ အဆိုပြုချက် ၂၈ ချက်ထဲမှာတော့ ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်း ဒွန်းညက်စ် ဒေသမှာ သူတို့လောလောဆယ် ထိန်းချုပ်ထားနိုင်တဲ့အပိုင်းတွေကနေ ဆုတ်ခွာပေးရပြီး၊ ဒွန်းညက်စ်၊ သူနဲ့ ကပ်ရက်က လူဟန့်စ်ခ်နဲ့ ၂၀၁၄ ခုနှစ်မှာ ရုရှားတို့သိမ်းထားတဲ့ ခရိုင်းမီးယားတို့ကို ရုရှားတွေ ထိန်းချုပ်ခွင့်ပြုရမယ် ဆိုတာမျိုးတွေ ပါရှိနေပါတယ်။

ဒါအပြင် လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ယူကရိန်းတောင်ပိုင်း ခါဆွန်ဒေသနဲ့ ဇာပိုရီရှားဒေသတွေက နယ်စပ်တွေကို လက်ရှိ ရောက်နေတဲ့အနေအထားအတိုင်းထားဖို့ အချက်တွေလည်းပါဝင်ပါတယ်။ အဲဒီ ဒေသနှစ်ခုလုံးကို လက်ရှိမှာ ရုရှားက တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ အဆိုပြုချက်မူကြမ်းမှာ ယူကရိန်းရဲ့ စစ်အင်အားကို တပ်ဖွဲ့ဝင် ၆ သိန်း အထိပဲ ထားရှိဖို့ ကန့်သတ်ထားပြီး ဥရောပတိုက်လေယာဉ်တွေကို ယူကရိန်း အိမ်နီးချင်း ပိုလန်မှာပဲ ချထားဖို့ ပါဝင်ပါတယ်။

အပြန်အလှန်အဖြစ် ယူကရိန်းအတွက် "ယုံကြည်စိတ်ချရတဲ့ လုံခြုံရေး အာမခံချက်တွေ" ရရှိမယ်လို့ မူကြမ်းအဆိုပြုချက်ထဲ ပါပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။ ရုရှားက သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို မကျူးကျော်ဘူးလို့ "မျှော်လင့်ရတယ်" လို့ပါဝင်ပြီး နေတိုးကလည်း အင်အားကို ထပ်မံချဲ့ထွင်မှာမဟုတ်ကြောင်းလည်း အဲဒီအချက်တွေထဲပါရှိပါတယ်။

အစီအစဥ်ထဲမှာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းပြီး "ကမ္ဘာ့စီးပွားရေးအင်အားထဲကို ရုရှားလည်း ပြန်လည်ပေါင်းစည်းပါဝင်နိုင်မယ်" ဆိုတဲ့အချက်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေပါဝင်တဲ့ G7 (စက်မှုထိပ်သီး ၇ နိုင်ငံ) အဖွဲ့ထဲ ရုရှားပြန်လည်ဝင်ရောက်နိုင်ပြီး G8 ပြန်ဖြစ်လာရေးတို့ကိုလည်း အကြံပြုထားပါတယ်။

From left to right: European Council President António Costa, UK Prime Minister Sir Keir Starmer, France's President Emmanuel Macron and Finland's President Alexander Stubb at the G20 summit in Johannesburg, South Africa. Photo: 22 November 2025

ဓာတ်ပုံ ရင်းမြစ်, PA

ဓာတ်ပုံ ပုံစာ, From left to right: European Council President António Costa, UK Prime Minister Sir Keir Starmer, France's President Emmanuel Macron and Finland's President Alexander Stubb

သောကြာနေ့တုန်းကတော့ ထရမ့်က ဇလန်းစကီးက အမေရိကန်ရဲ့ အဆိုပြုချက်တွေကို "နှစ်သက်ရလိမ့်မယ်" လို့ ဆိုပြီး အဲဒီလိုမှ မဟုတ်ရင် ယူကရိန်းနဲ့ ရုရှားတို့ ဆက်လက်တိုက်ခိုက်နေမှာပဲလို့ပြောကြားခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ယူကရိန်း သမ္မတက နိုင်ငံကို စကားပြောခဲ့တဲ့အထဲမှာ ယူကရိန်းဟာ "အလွန်ခက်ခဲတဲ့ ရွေးချယ်မှုတစ်ခု ကြုံတွေ့ရနိုင်ပြီး ဂုဏ်သိက္ခာဆုံးရှုံးခြင်း ဒါမှမဟုတ် အဓိကမိတ်ဖက်ကို ဆုံးရှုံးခြင်းတို့ ဖြစ်လာနိုင်တယ်" လို့ ပြတ်ပြတ်သားသား သတိပေးပြောဆိုထားပါတယ်။

"ဒီကနေ့ဟာ ကျွန်တော်တို့ သမိုင်းမှာ အခက်ခဲဆုံးအချိန်တွေထဲက တစ်ခုဖြစ်တယ်" လို့ ဇလန်းစကီးက ပြောကြားခဲ့ပြီး အမေရိကန်နဲ့ သူတို့ရဲ့အစီအစဥ်အပေါ် "အပြုသဘောဆောင်" လိုက်ပါဆောင်ရွက်ဖို့ ကတိပြုထားပါတယ်။

စနေနေ့ကတော့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် နောက်ပိုင်းမှာ ရုရှား ပါဝင်လာတာပဲ ဖြစ်ဖြစ် အနာဂတ်ဆွေးနွေးပွဲတွေမှာ ယူကရိန်းညှိနှိုင်းရေးအဖွဲ့ကို သူ့ရုံးရဲ့ အကြီးအကဲ အန်ဒရီရာမက်က ဦးဆောင်မယ်လို့ ဇလန်းစကီးက ကြေညာခဲ့ပါတယ်။

"ယူကရိန်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေက သိကြပါတယ်။ ရုရှားလက်က တတိယမြောက် ကျူးကျော်တိုက်ခိုက်မှုတွေဖြစ်မလာအောင်၊ ယူကရိန်းအပေါ် နောက်ထပ် ထိုးနှက်လာနိုင်ခြေတွေကို ကာကွယ်တားဆီးဖို့ ဘာလုပ်ရမယ်ဆိုတာ အတိအကျ သိပါတယ်" လို့ သမ္မတက သူ့ရဲ့ လူမှုကွန်ရက်ကနေ ရုပ်သံဖိုင်နဲ့ ပြောဆိုထားပါတယ်။

ရုရှားဘက်က ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ ကိယက်ဗ်က အမေရိကန်လုပ် ခေတ်မီလက်နက်တွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်အပေါ်မှာ အကြီးအကျယ်မှီခိုနေရပါတယ်။ ဝါရှင်တန်က ထောက်ပံ့ပေးနေတဲ့ ထောက်လှမ်းရေးသတင်းအချက်အခက်တွေကိုလည်း ယူကရိန်းက အားကိုးနေရတာပါ။

မော်စကိုဘက်ကတော့ အမေရိကန်ရဲ့ အစီအစဉ်ကို လက်ခံရရှိထားကြောင်း သောကြာနေ့က သမ္မတ ပူတင်က အတည်ပြုထားပေမဲ့ အမေရိကန်နဲ့ အသေးစိတ် မဆွေးနွေးရသေးကြောင်း ပြောပါတယ်။

မော်စကိုအနေနဲ့ "ပြောင်းလွယ်ပြင်လွယ် အခြေအနေကို" ပြသဖို့ ဆန္ဒရှိသလို တဖက်မှာလည်း ဆက်တိုက်သွားဖို့အတွက် အသင့်ပဲလို့ ပူတင်ကထည့်ပြောထားပါတယ်။

သမ္မတ ပူတင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို အလုံးစုံကျူးကျော်စစ်ပွဲစတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတွေက စစ်ပွဲတွေအတွင်း ရုရှားတပ်ဖွဲ့ဝင်တွေ ကျဆုံးမှုများတယ်လို့ သတင်းတွေရှိနေပေမဲ့ ယူကရိန်းအရှေ့တောင်ပိုင်းဒေသမှာလည်း ရုရှားတပ်တွေ ဖြည်းဖြည်းချင်း ဝင်ရောက်နေရာယူနေပါတယ်။