ရုရှားကျူးကျော်လာနိုင်ခြေအတွက် ပိုလန်အရပ်သားတွေဘယ်လိုပြင်ဆင်နေလဲ

- ရေးသားသူ, ဝေလ် ဘာရွန်
- ရာထူးတာဝန်, ဘီဘီစီ သတင်း
- ရေးသားပေးပို့သည့်နေရာ, ဝါကလောမြို့၊ ပိုလန်နိုင်ငံ
အသစ်ဖြည့်စွက်ချက် - ယူကရိန်းနိုင်ငံ၊ အရှေ့ပိုင်းနဲ့ကပ်လျက်က ပိုလန်လေပိုင်နက်ထဲကို ရုရှားရဲ့ဒရုန်းတွေ စက်တင်ဘာလ ၁၀ ရက်မှာ ဝင်ရောက်ခဲ့လို့ ပိုလန်နဲ့ နေတိုးတိုက်လေယာဉ်တွေက ရုတ်တရက်ပျံတက်ပြီး ပစ်ချခဲ့ရတယ်လို့ ပိုလန်ဝန်ကြီးချုပ်က ပြောပါတယ်။
ပိုလန်ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တာကြောင့် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေကလည်း ဒါဟာ မော်စကိုရဲ့ရန်စမှုလို့ ဝေဖန်ပါတယ်။
တဖက်မှာလည်း ဒါဟာ အမေရိကန်ပါဝင်တဲ့နေတိုးအဖွဲ့အနေနဲ့ မော်စကိုအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို မော်စကိုဘက်က အကဲစမ်းမှုလို့ အကဲခတ်တချို့က ဒီဖြစ်ရပ်ကို သုံးသပ်ပါတယ်။
ဒါပေမဲ့ နေတိုးအဖွဲ့ဝင် ပိုလန်ဟာ ရုရှားက တိုက်ခိုက်လာနိုင်ခြေကို သူ့နည်းသူ့ဟန် ဘယ်လို တုံ့ပြန်မလဲဆိုတာကို အစောပိုင်းကတည်းက ပြင်ဆင်တာတွေ လုပ်ထားပါတယ်။
ရုရှားကျူးကျော်လာနိုင်ခြေကို ပိုလန်အရပ်သားတွေဘယ်လိုပြင်ဆင်နေကြလဲဆိုတာကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ပိုလန်နိုင်ငံ၊ ရော့စလောင်းမြို့အနီးက စစ်ရေးလေ့ကျင့်ကွင်းတစ်ခုမှာ ပိုလန်အရပ်သားတွေ သေနတ်ရဖို့ တန်းစီနေကြပါတယ်။ သူတို့ လက်ထဲ သေနတ်ရပြီးရင်တော့ သေနတ်ပစ် လေ့ကျင့်ကြမှာပါ။
"သေနတ်ထဲ ကျည်အပြည့်ဖြည့်ပြီးပြီဆို ပစ်ဖို့အသင့်ပဲလား " လို့ မျက်နှာမှာ ဆေးရောင်တချို့ သုတ်လိမ်းထားတဲ့ ပိုလန်စစ်သားတစ်ဦးက သင်တန်းသားတွေကို ညွှန်ကြားနေပါတယ်။
(စစ်ဆင်ရေးလေ့ကျင့်ခန်းတွေမှာ စစ်သည်တပ်သားတွေက သူတို့ မျက်နှာကို ဆေးရောင်တခုခုနဲ့ ခြယ်သပြီး စစ်ရေးလေ့ကျင့်လေ့ရှိပါတယ်။)
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သက်ကြီး၊သက်ငယ်၊ အမျိုးသား၊ အမျိုးသမီးနဲ့ မိဘတွေနဲ့ သားသမီးတွေအားလုံး လေ့ကျင့်ကွင်းကို ရောက်နေကြတာပါ။
လက်နက်နဲ့ တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်နိုင်အောင်ဘယ်လိုတုံ့ပြန်တိုက်ခိုက်ရမလဲဆိုတာ သိထားကြဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ သူတို့အားလုံး အဲဒီကိုရောက်နေကြတာဖြစ်ပါတယ်။
စနေနေ့မနက်ခင်းတိုင်းလေ့ကျင့်ရေးရှိပါတယ်။
"စစ်တပ်နဲ့ လေ့ကျင့်ခြင်း" လို့ နာမည်ပေးထားတဲ့ ဒီသင်တန်းမှာ သေနတ်ပစ်ခတ်နည်း သာမက လက်နက်မဲ့ လူအချင်းချင်းတိုက်ခိုက်ရေးစွမ်းရည်၊ ရှေးဦးသူနာပြုစုနည်းနဲ့ ဓာတ်ငွေ့ကာ မျက်နှာဖုံးအသုံးပြုပုံတွေကိုပါ သင်ကြားပေးပါတယ်။
"အခုအချိန်က အရမ်းကို အန္တရာယ်များတဲ့ အချိန်ရောက်နေပြီ။ ကျွန်တော်တို့အဆင်သင့်ဖြစ်ထားဖို့လိုတယ်" လို့ စစ်လေ့ကျင့်ခန်းစီမံကိန်းတာဝန်ရှိသူ ဗိုလ်ကြီး အဒမ် ရှယ်လီစ်ကီးက ပြောပါတယ်။
"ရုရှားရဲ့ စစ်ရေး ခြိမ်းခြောက်မှုရှိနေလို့ အဲဒီအတွက်ပြင်ဆင်နေရတာပါ"။ လို့ သူကဖြည့်ပြောပါတယ်။
ရုရှားကျူးကျော်လာနိုင်ခြေကို စိုးရိမ်လို့ စစ်သင်တန်း တက်ရောက်ဖို့ စာရင်းပေးထားတဲ့ သာမန်ပိုလန်အရပ်သားအရေအတွက်က အစိုးရဘက်က လက်ခံနိုင်တဲ့ပမာဏထက် ကျော်လွန်နေပါပြီ။
ဒါကြောင့်ပိုလန်အစိုးရကလည်း ဒီအစီအစဥ်ကို ထပ်တိုးချဲ့ဖို့လုပ်နေပါတယ်။
ဗိုလ်ကြီး ရှယ်လီစ်ကီးကတော့ အရွယ်ရောက်ပြီးသား ပိုလန် အမျိုးသားတိုင်း ဒီစစ်သင်တန်း ကိုတက်ရောက်သင်ကြားခွင့်ရမှာပါလို့ ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံးနဲ့ နယ်စပ်ထိစပ်နေတဲ့ ပိုလန်အတွက် အခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံ့ ဂျီဒီပီ (ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး) ၅ ရာခိုင်နှုန်းခန့် ပိုတိုးသုံးစွဲမှာဖြစ်ပါတယ်။
အဲဒါက နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲမှာစစ်ရေးအသုံးစရိတ်အတွက်သုံးစွဲမှု ပမာဏအများဆုံးဖြစ်ပါတယ်။

"ဒေသတွင်းမှာ အင်အားအကြီးဆုံးစစ်တပ်" တည်ဆောက်ဖို့ ပိုလန်က ရည်ရွယ်ထားတယ်လို့ ပိုလန် ဝန်ကြီးချုပ်ဒေါ်နယ် တက်စ်ခ်က မကြားသေးခင်ကမှ ပြောထားပါတယ်။
လေယာဥ်တွေဝယ်ဖို့၊ သင်္ဘော၊ အမြောက်တွေနဲ့ အမေရိကန်က ဒုံးကျည်တွေ၊ ဆွီဒင်နဲ့ တောင်ကိုရီးယားက စစ်သုံးလက်နက်တွေကို ဝါဆောအနေနဲ့ စိတ်လွတ်လက်လွတ်အသုံးပြုဖို့ရှိနေပါတယ်။
ဒါရွတ်ဇ် က စစ်သင်တန်းထဲက သင်တန်းသားတစ်ယောက်ဖြစ်ပါတယ်။
စစ်သင်တန်းတက်ရတဲ့ သူ့ရည်ရွယ်ချက်ကတော့ စစ်ပွဲတွေဖြစ်လာရင် သူ့နိုင်ငံအတွက် စေတနာ့ဝန်ထမ်းစစ်သည်အဖြစ် တာဝန်ထမ်းဆောင် တိုက်ခိုက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။
"တကယ်လို့ ပိုလန်ကိုတိုက်ခိုက်လာခဲ့လို့ရှိရင် ဦးဆုံးတိုက်ခိုက်ပေးသူဖြစ်ချင်တယ်'' လို့ ဒါရွတ်ဇ်က ပြောပါတယ်။
ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ကာကွယ်ဖို့အတွက် ပြင်ဆင်သင့်တယ်ဆိုတာကို သမိုင်းကနေ သင်ကြားခဲ့ရပြီးပြီ။ ဘယ်တစ်ဦးတစ်ယောက်အပေါ်ကိုမှ မမှီခိုနိုင်ဘူး။ မဟာမိတ်ဆိုတာကလည်း ဒီကနေ့ အတူရှိနေပေမဲ့ နောက်တစ်နေ့မှာ အကုန်ကွဲပြဲသွားနိုင်တာပဲ'' လို့ သူက မှတ်ချက်ပြုပါတယ်။
"တိုက်ခိုက်ခံလာရရင် ကာကွယ်နိုင်ဖို့ ပိုလန်သားအားလုံးနီးပါး လက်နက်ကိုင်ကြလိမ့်မယ်။ နိုင်ငံကို ကာကွယ်ဖို့ အတွက်အဆင့်သင့်ဖြစ်နေကြပြီ"လို့ နောက်ထပ် သင်တန်းသား ဘာတက်က သူ့ရဲ့ဓါတ်ငွေ့ကာမျက်နှာဖုံးကိုဖယ်လိုက်ပြီး ပြောပါတယ်။
အာဂတ်တာ ဆိုတဲ့ မိန်းကလေးငယ်ကလည်း သူ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ စစ်သင်တန်းတက်နေသူပါ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် ပြန်လည်ရွေးကောက်ခံရမှုဟာ ကမ္ဘာကို ပိုပြီးတော့စိုးရိမ်မှုတွေဖြစ်စေတယ်လို့ သူကပြောပါတယ်။
"သူ(ထရမ့်)က ဥရောပထဲကနေ ထွက်ချင်နေတာ။ အဲဒါကြောင့် ဘေးကင်းလုံခြုံမှုလျော့နည်း လာတယ်လို့ ခံစားရတယ်။ တကယ်လို့ရုရှားကတိုက်ခိုက်လာပြီး ကျွန်မတို့ကဘာမှ မပြင်ဆင်ထားခဲ့ဘူးဆိုရင်၊ ကျွန်မတို့က သူတို့ရဲ့အကျဉ်းသားတွေအဖြစ်ကိုရောက်သွားမှာပဲ"

ဒေါ်နယ်ထရမ့်နဲ့ သူရဲ့အစိုးရအဖွဲ့ရဲ့ ထုတ်ဖော်ပြောဆိုချက်တွေက ဝါဆော အာဏာပိုင်တွေအကြား နက်နဲတဲ့ စိုးရိမ်မှုကိုဖြစ်စေခဲ့ပါတယ်။
ဥရောပလုံခြုံရေးအတွက်အမေရိကန်က အဓိက အားထားရတဲ့နိုင်ငံအဖြစ် ရှိတော့မှာ မဟုတ်သလို ဥရောပအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ အဲဒီအတွက် အကုန်အကျခံ ဖို့တာဝန် ရှိသင့်တယ်လို့ အိမ်ဖြူတော်က ပြောထားပါတယ်။
"နေတိုးအဖွဲ့နိုင်ငံတွေက ငွေကြေးမထည့်ဝင်ရင် ကျွန်တော် သူတို့ကို ကာကွယ်ပေးမှာ မဟုတ်ဘူး" လို့ သမ္မတ ထရမ့်က ဒီလပိုင်းအတွင်း ပြောထားတာဖြစ်ပါတယ်။
"အမေရိကန်တပ်တွေဟာ ဥရောပမှာ "ထာဝရတည်ရှိနေလိမ့်မယ်" ''ရှိနေမှာပဲ'' လို့ ဥရောပအနေနဲ့ မယူဆထားသင့်ဘူး" လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီဟက်ဆတ် ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ပိုလန်နိုင်ငံ ခရီးစဥ်အတွင်းမှာ ပြောခဲ့ပါသေးတယ်။
လက်ရှိ ပိုလန်မှာ အမေရိကန်စစ်သား တစ်သောင်းစခန်းချထားပေမယ့် ပိုလန်အရှေ့ဘက်ပိုင်း ရက်ဇ်ဇောမြို့ ရဲ့ အဓိက စစ်အခြေစိုက်စခန်းကို ရုပ်သိမ်းနေပြီလို့ ဝါရှင်တန်က ကြေငြာထားပါတယ်။
အဲဒီစစ်သားတွေကို ပိုလန်နိုင်ငံအတွင်းမှာ ပြန်လည်နေရာချထားပါလိမ့်မယ်လို့ အာဏာပိုင်တွေကပြောပေမယ့် နိုင်ငံအတွင်း စိုးရိမ်စိတ်တွေ ပိုတိုးလာကြပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇလန်းစကီးအပေါ် သိသာပေါ်လွင်တဲ့ ရန်လိုမှုနဲ့ ရုရှားသမ္မတအပေါ် နွေးထွေးတဲ့ စကားအသုံးအနှုန်းပြောဆိုမှုတွေကသာ ပိုလန်တွေရဲ့ စိုးရိမ်မှုတွေကို ပိုတိုးစေတာပါ။
ပိုလန်က ပြင်သစ်နဲ့ ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်တွေကို လာမယ့်ရက်ပိုင်းမှာလက်မှတ် ထိုးဖို့ ရှိနေပါတယ်။ ဗြိတိန်နဲ့လည်း နောက်ထပ် ကတိကဝတ်တွေကို သဘောတူဖို့ လုပ်ဆောင်နေတာမျိုး ရှိပါတယ်။
ဝါဆောအနေနဲ့ သမိုင်းစဥ်ဆက်ဝါရှင်တန်ရဲ့ အင်အားကြီးစစ်တပ်နဲ့ ချည်နှောင်မှုကနေ ခပ်ကင်းကင်းနေနိုင်ဖို့လည်း လှုပ်ရှားနေပါတယ်။
အဲဒါကလည်း ပြင်သစ်စစ်တပ်ရဲ့ "နျူကလီးယား ထီးရိပ်အောက်" မှာခိုလှုံမယ့် သဘော ပိုလန်ဘက်ကပြောဆိုချက်ကြောင့်လို့ ကောက်ချက်ချနိုင်တာပါ။
"ထရမ့်က ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် ကိုယ်တိုင်စီမံဖန်တီးမှုပိုလုပ်စေချင်တာမျိုး ဖိအားပေးခဲ့တာလို့ထင်တယ်" လို့ ပိုလန်ရဲ့ နေတိုးအဖွဲ့ဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်လည်းဖြစ်၊ ကာကွယ်ရေးဆိုင်ရာ သမ္မတရဲ့အကြံပေးလည်းဖြစ်သူ သောမတ်ဇ် ဆာ့ဇ်ကော့စကီးက ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်အပေါ် ရေရှည်အလုံးစုံ မှီခိုလို့မရဘူးဆိုတာမျိုးဖော်ပြတဲ့ လက္ခဏာကြောင့် ပိုလန်ပျက်သုဥ်းဖို့အထိတော့ အမေရိကန်က လုပ်နိုင်မှာမဟုတ်တာကြောင့် ကိုယ်ပိုင်လုပ်နိုင်စွမ်းတိုးတက်ဖို့လုပ်ထားဖို့ထက် အခြားရွေးချယ်စရာ မရှိဘူးလို့ သမ္မတအကြံပေးက ပြောပါတယ်။
"ဥရောပကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိတဲ့ ရန်လိုမှုတွေကို ရုရှားကဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့က ပထမဆုံးသော ဥရောပရဲ့ တံခါးမှူးတွေဖြစ်ပါလိမ့်မယ်" လို့ မစ္စတာ ဆာ့ဇ်ကော့စကီးက ပြောပါတယ်။
ပိုလန်ဟာ ပထဝီနိုင်ငံရေးအခြေအနေနဲ့ သမိုင်းအတွေ့အကြုံအရ "အားလုံးရဲ့ ပထမဆုံး အင်အားကြီးစစ်တပ် " ကို အချိန်တိုအတွင်း တည်ဆောက်နိုင်မယ်လို့ သူကယုံကြည်ထား ပါတယ်။

ရုရှားသိမ်းပိုက်မှုရဲ့ နာကျင်ခြင်း အမွေအနှစ်တွေဟာ ဒီနေရာရဲ့ နေရာတိုင်းမှာခံစားလာရနိုင်ပါတယ်လို့ စစ်သမီးဟောင်း အသက် ၉၈ နှစ်အရွယ် ဝန်ဒါထရက်ဂျစ်စတော့စကာ က ပြောပါတယ်။
ပိုလန်အစိုးရ သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာနေထိုင်နေတဲ့ ဝန်ဒါထရက်ဂျစ်စတော့စကာက
စတာလင်နဲ့ ဟစ်တလာအကြား မကျူးကျော်ရေးစာချုပ် ချုပ်ဆို သဘောတူညီမှုရခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုနဲ့ နာဇီဂျာမနီတို့ ပိုလန်ကိုတိုက်ခိုက်ခဲ့ကြတဲ့ အချိန် ၁၉၃၉ ခုနှစ်က ရုရှားတပ်တွေရဲ့ ပိုလန်ကို ကျူးကျော်မှုကို ပြန်ပြောပြပါတယ်။
"၁၉၃၉ ခုနှစ် ကျွန်မ ၁၂ နှစ်သမီးတုန်းကပါ။ ရုရှားတွေနဲ့ ပတ်သက်ပြီး ကျွန်မအဖေက အရမ်းကို စိုးရိမ်ခဲ့တာကိုမှတ်မိတယ်" လို့ ဝန်ဒါက ပြန်ပြောပြပါတယ်။
"ရုရှားတွေ ကျွန်မတို့ကိုတိုက်မယ်ဆိုတာသိခဲ့တယ်။ ဂျာမနီက ကျွန်မတို့ကို တိုက်တဲ့အချိန် ရုရှားကလည်း အကျိုးအမြတ်ရယူခဲ့တယ်''လို့ သူက ဒုတိယကမ္ဘာစစ်သမိုင်းကြောင်းနဲ့ ချိန်ထိုးပြောပြပါတယ်။
၁၉၄၄ ခုနှစ် ဝါဆောအုံကြွမှုအတွင်း စက်သေနတ်ကိုဝှေ့ယမ်းနေတဲ့ စစ်သားဝတ်စုံနဲ့ ဝန်ဒါရဲ့ ဓါတ်ပုံတစ်ပုံ စင်တစ်ခုပေါ်မှာ ရှိနေပါတယ်။ စစ်ကြောင့် ပျက်စီးယိုယွင်းမှုတွေရှိနေတဲ့ မြို့ထဲမှာ ပိုလန် မြေအောက်တိုက်ခိုက်ရေးသမားတွေက ဂျာမနီစစ်တပ်ကို ပြန်လည်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ဂျာမနီကို တိုက်ထုတ်နိုင်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်အပြီး ဆိုးရွားတဲ့နေ့တွေနောက်မှာတော့ မော်စကို ကို ထောက်ခံတဲ့ အာဏာရှင်ကို ဆိုဗီယက်ပြည်ထောင်စုက ပိုလန်မှာ တင်မြှောက်ခဲ့ပါတယ်။ မော်စကို သြဇာလွှမ်းမိုးတဲ့ ပိုလန်က အဲဒီအုပ်ချုပ်မှုက ၁၉၈၉ ခုနှစ်အထိ ကြာခဲ့ပါတယ်။
လတ်တလောမှာတော့ သာမန်အရပ်သားပိုလန် အမျိုးသားနဲ့ အမျိုးသမီး ၂၁၆,၀၀၀ ကို ပိုလန်စစ်တပ်အတွင်း ထည့်သွင်း ဖွဲ့စည်းထားနိုင်ပါပြီ။
အစိုးရကတော့ အရေအတွက် ၅ သိန်းအထိကို တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ထား တယ်လို့ ပြောပါတယ်။ အရန်တပ်ဖွဲ့ဝင်တွေအပါအဝင်ဖြစ်တဲ့ အဲဒီ စစ်အင်အားပမာဏဟာ အမေရိကန်ပြီးရင် နေတိုးမှာ ဒုတိယအင်အားအကြီးဆုံး စစ်တပ်ဖြစ်လာဖို့အတွက်လို့ ဝါဆောက ဆိုပါတယ်။

ပိုလန်အနေနဲ့ သူရဲ့စစ်တပ်ကို ပြန်တည်ဆောက်နေတာက ကောင်းတဲ့အချက်လားလို့ ဘီဘီစီက မေးတဲ့အခါ မှာတော့ ဝန်ဒါက "ဒါပေါ့။ ကောင်းတယ်။ ရုရှားရဲ့ရန်လိုမှုတွေက သမိုင်းထဲမှာရေးထိုးထားခဲ့ပြီးသား။ အာဏာပိုင်တွေက အမြဲတမ်းအဲဒီလိုတွေပဲ" လို့ သူက သက်ပြင်းချရင်းပြောပြပါတယ်။
"တစ်ခုခုဖြစ်လာမှာကိုစောင့်ကြည့်နေရတဲ့ နိုင်ငံမျိုးထက် လက်နက်ကောင်းတွေတပ်ဆင်ထားနိုင်တဲ့ နိုင်ငံဖြစ်ရတာပိုကောင်းတယ်။ ဘာလို့လဲဆိုရင် လက်နက်တွေက အရေးကြီးတဲ့အင်အားဆိုတာကို အမှတ်ရနေတဲ့ စစ်သားတစ်ယောက်ဖြစ်ခဲ့လို့ပဲ" လို့ သူကဆိုပါတယ်။
ဒုတိယကမ္ဘာစစ်အဆုံးသတ်ပြီး ရှစ်နှစ်ကြာကတည်းက ပိုလန်နိုင်ငံသားတွေဟာသူတို့ရဲ့ အိမ်နီးချင်း ရုရှား အပေါ် မျက်လုံးဒေါက်ထောက်ကြည့်နေကြရပြီး စိုးရိမ်ပူပန်စိတ်ရှိပါတယ်။
ပိုလန်နိုင်ငံတောင်ဘက်မှာတော့ လူအများစုလိုလားတဲ့ ဗုံးဒဏ်ခံတဲ့အဆောက်အဦကို ကုမ္ပဏီတစ်ခုက ဆောက်လုပ်ထားပါတယ်။
"အဲဒီဗုံးဒဏ်ခံ အဆောက်အဦက နျူကလီးယားဗုံးခံအောင် ဒီဇိုင်းလုပ်ထားသလို လက်နက်နဲ့တိုက်ခိုက်မှုတွေကိုလည်းကာကွယ်နိုင်တယ်" လို့ ShelterPro ရဲ့သူဌေး ဂျနပ်ဇ်ဂျန်ဇီက ပြောပါတယ်။
လေဝင်လေထွက်စနစ်နဲ့ အိပ်ရာတွေ တပ်ဆင်လုပ်ဆောင်ထားတဲ့ ဘန်ကာတွေအနီးကို သူက လိုက်လံပြသပြီး "မနက်ဖြန်ဟာဘာဖြစ်မယ်ဆိုတာ မသိကြတော့ အခုလိုအဆောက်အဦတွေကို ဆောက်လုပ်ထားကြရတာပါဘဲ" လို့ သူကပြောပါတယ်။

အမေရိကန်မှာ ဒေါ်နယ်ထရမ့်တာဝန်ယူတဲ့အချိန်ကတည်းကစလို ဗုံးဒဏ်ခံ အဆောက်အဦတွေ ဆောက်လုပ်ဖို့ လိုအပ်ချက်တွေ တဟုန်ထိုး မြင့်တက်လာခဲ့တယ်လို့ ဂျနပ်ဇ်ကပြောပါတယ်။
"အရင်ကတစ်လလုံးမှ အမှာနည်းနည်းပဲရပေမယ့် အခုတော့ တစ်ပတ်ကို တစ်ဒါဇင်လောက်ကိုရှိနေတယ်" လို့ သူကပြောပါတယ်။
"ကျွန်တော့်ဖောက်သည်တွေက ရုရှားကို ကြောက်ကြတဲ့သူတွေအများစုဖြစ်ပါတယ်။ ပိုလန်ကိုလာပြီးနေတိုးက အကာအကွယ်မပေးနိုင်မှာကို စိုးရိမ်ပူပန်နေကြတာ"
ဒါပေမယ့်လည်း ပိုလန်နိုင်ငံသားတွေ တကယ်ပဲ တိုင်းပြည်ကိုကာကွယ်ဖို့အသင့်ဖြစ်ပြီးလား။ သူတို့ကြောက်ရွံ့မှုတွေကရော တကယ်တမ်းဖြစ်လာလိမ့်မလား။ လတ်တလောလုပ်ခဲ့တဲ့စစ်တမ်းတစ်ခု အရဆိုရင် အရွယ်ရောက်ပြီးသူတွေရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းဟာ စစ်ပွဲဖြစ်လာရင် ကူတိုက်မယ်လို့ဆိုကြ ပြီး သုံးပုံ တစ်ပုံ ကတော့ ထွက်ပြေးကြမယ်လို့ ဖြေကြပါတယ်။
ရော့စလောင်းမြို့က ပိုလန်ကျောင်းသားတစ်ယောက်ကို တကယ်လို့ ရုရှားဘက်က တိုက်ခိုက်လာခဲ့ရင် ကာကွယ်ဖို့အတွက်အဆင့်ဖြစ်နေပြီလားလို့ စကားပြောကြည့်တဲ့အခါ အများစုကတော့ မဖြစ်သေးဘူးလို့ဖြေကြပါတယ်။
"စစ်ပွဲကအရမ်းနီးကပ်နေပေမဲ့ ကျွန်တော်ကတော့ နည်းနည်းလေးဝေးနေသေးတယ်လို့ ခံစားနေရတယ်" လို့ ဆေးကျောင်းသား မာစီရယ်က ပြောပါတယ်။
"တကယ်လို့ရုရှားက တိုက်ခိုက်လာခဲ့ရင်လည်း ကျွန်တော်ထင်တယ်။ ထွက်ပြေးမယ်"
"တိုင်းပြည်ကနေလွတ်မြောက်ရာကိုထွက်ပြေးမယ့် ပထမဆုံးသူဖြစ်ကောင်းဖြစ်သွားနိုင်တယ်" လို့နောက်ထပ် ကျောင်းသားတစ်ဦးဖြစ်တဲ့ စူဇီမွန်ကပြောပါတယ်။
"ဒီမှာ အသေခံလိုက်ဖို့ ထိုက်တန်တယ်လို့ ကျွန်တော်မမြင်ဘူး"












