ဖင်လန် နေတိုးအဖွဲ့ဝင် ဖြစ်လာလို့ နေတိုးနဲ့ ရုရှား နယ်နိမိတ်ထိစပ်မှု နှစ်ဆတိုးလာ

ပေါကာဘီလ်၊ ဘီဘီစီသတင်း

OLIVIER MATTHYS/EPA-EFE/REX/SHUTTERSTOCK

ဓာတ်ပုံ ရင်းမြစ်, OLIVIER MATTHYS/EPA-EFE/REX/SHUTTERSTOCK

ဓာတ်ပုံ ပုံစာ, နေတိုးဌာနချုပ်ရှေ့မှာ ဖင်လန်နိုင်ငံရဲ့ အဖြူရောင်နဲ့ အပြာရောင်ရောထားတဲ့ အလံကို လွှင့်ထူဖို့ အလံတိုင်အလွတ်တစ်ခု အဆင်သင့်လုပ်ထား

၃၁ နိုင်ငံမြောက် အဖွဲ့ဝင်သစ်အဖြစ် နေတိုးအဖွဲ့က လက်ခံလိုက်တဲ့ ရုရှားနိုင်ငံရဲ့ အနောက်ဘက် အိမ်နီးချင်း ဖင်လန်နိုင်ငံရဲ့အလံကို ဘယ်ဂျီနိုင်ငံ ဘရပ်ဆဲလ်မြို့ နေတိုးဌာနချုပ်မှာ မကြာခင်နာရီပိုင်းအတွင်း လွှင့်တင်တော့မှာ ဖြစ်ပါတယ်။

အဲ့ဒီအလံတင်ပွဲ အခမ်းအနားကို ဖင်လန်သမ္မတ ဆောင်လီနင်နစ်စတို၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတွေ တက်ရောက်လာကြမှာပါ။

ယူကရိန်းကို ရုရှားက အလုံးစုံ မကျူးကျော်ခင် နေတိုးရဲ့ နယ်ပယ်ချဲ့ထွင်မှုကို ထပ်ခါတလဲလဲ စောဒကတက်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက်က ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ဝင်သစ် ဖြစ်လာတာ သူ့အတွက် ဆုတ်ယုတ်မှုတစ်ခုဖြစ်လာမှာ သေချာပါတယ်။

အခုဆို နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ရုရှားနိုင်ငံတို့ ထိစပ်နေတဲ့ နယ်နိမိတ်က နှစ်ဆအထိ တိုးလာပါပြီ။

ဖင်လန်နိုင်ငံဟာ အရှေ့ဘက်မှာ ရုရှားနဲ့ ၈၃၂ မိုင် ထိစပ်နေပါတယ်။

ဆွီဒင်နိုင်ငံ ကလည်း ရုရှားရဲ့ယူကရိန်းကို ကျူးကျော်စစ်ကြောင့် နေတိုးအဖွဲ့ထဲဝင်ဖို့ ပြီးခဲ့တဲ့မေလက တရားဝင် လျှောက် ထားပြီးပါပြီ။

ဖင်လန်နဲ့ဆွီဒင် နှစ်နိုင်ငံစလုံးဟာ အရင်တုန်းက ဘက်မလိုက်မူဝါဒကို ချမှတ်ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားစစ်တပ်ရဲ့ ပိုမိုရက်စက်ကြမ်းကြုတ်လာတာတဲ့ အနေအထားကို ကာကွယ်ချင်ကြပါတယ်။ ဒါကြောင့်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရရင် တဖွဲ့လုံးတိုက်ခိုက်ခံရသလို သဘောထားတယ်ဆိုတဲ့ နေတိုးအဖွဲ့ရဲ့ ပဋိဉာဉ်အပိုဒ် ၅ ကို သဘောကျပြီး အဖွဲ့ဝင်သစ်ဖြစ်ဖို့ ကြိုးစားလာကြ တာပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရုရှားရဲ့ ယူကရိန်း ကျူးကျော်တိုက်ခိုက်မှုဟာ နေတိုးအဖွဲ့ထဲဝင်ဖို့ ဖင်လန်ပြည်သူလူထုရဲ့ သဘောထားအမြင်ကို ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားစေခဲ့ပါတယ်။

ဆွိဒင် နေတိုးအဖွဲ့ထဲ ဝင်ရေးမှာတော့ စတော့ဟုမ်းမြို့မှာ ကာ့ဒ်စစ်သွေးကြွတွေကို ဆွီဒင်အစိုးရက လမ်းပေါ်ထွက်ဆန္ဒပြခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြီး တူရကီသမ္မတ ရီဆက်တေယစ် အာဒိုဂန်ရဲ့ စွပ်စွဲကန့်ကွက်မှုကြောင့် ဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ခွင့် လျှောက်လွှာ လမ်းမှာ တစ်နေပါတယ်။

ဟန်ဂေရီကလည်း ဆွီဒင်ကို နေတိုးအဖွဲ့ထဲ ပါ၀င်ဖို့ ခွင့်မပြုသေးပါဘူး။

ဖင်လန်နိုင်ငံရဲ့ နေတိုး ဝင်ခွင့်လမ်းကြောင်းဟာ တစ်နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်။ အင်္ဂါနေ့ မှာပြုလုပ်မယ့် အလံတင် အခမ်းအနားကတော့ ၁၉၄၉ခုနှစ် နေတိုးအဖွဲ့ တည်ထောင်တဲ့ ၇၄ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ သွားတိုက်ဆိုင်နေပါတယ်။

ဖင်လန် နိုင်ငံခြားရေးဝန်ကြီး ပက်ကာဟာဗစ်စတိုက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကင်ကို ဝင်ခွင့်စာရွက်တွေ လွှဲပြောင်းပေးပြီးရင် ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ဝင် တရားဝင် ဖြစ်လာပါပြီ။

"ဒီနေ့ဟာ တကယ့် သမိုင်းဝင်နေ့တစ်နေ့၊ နေတိုး မဟာမိတ်အဖွဲ့အတွက် ထူးခြားတဲ့နေ့ပါ"လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစ် စတိုတန်ဘဂ်က အခမ်းအနားမစမီ ပြောကြားခဲ့ပါတယ်။

“ဖင်လန်နိုင်ငံဟာ စွမ်းဆောင်ရည်ရှိတဲ့ မဟာမိတ်နိုင်ငံကောင်းပါ။ ကျွန်တော်တို့အဖွဲ့ရဲ့ တန်ဖိုးတွေကို မျှဝေယူပြီး၊တခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ နေတိုးအဖွဲ့ အမေရိကန် သံအမတ်ကြီး မစ္စ ယူလီယန် စမစ်က ဘီဘီစီကို ပြောပါတယ်။

ဇူလိုင်လမှာ လစ်သူယေးနီးယားနိုင်ငံမှာကျင်းပမယ့် နေတိုးထိပ်သီးအစည်းအဝေးမှာ ဆွီဒင်နိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သူက ပြောပါတယ်။

ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂရက်ရှ်ကိုက ဖင်လန်နိုင်ငံကို နေတိုးအဖွဲ့ ဝင်အသစ်လက်ခံပြီး အဲ့ဒီမှာနေတိုးတပ်တွေ လာချထားမယ်ဆိုရင် ရုရှားကလည်း သူတို့ နိုင်ငံ လုံခြုံရေးအတွက် နောက်ထပ်ခြေလှမ်းသစ်တွေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းကလည်း ဘယ်လာရုစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဘောရစ် ဂရစ်လဗ်က ရုရှား နိုင်ငံရဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့ ဘီလာရုစ်နိုင်ငံ အနောက်ဘက်နယ်စပ်အနီးမှာ ရုရှားရဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ရွှေ့ပြောင်းထားမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးက ရုရှားရဲ့ နျူကလီးယားလက်နက် အသုံးပြုမှု အနေအထား အပြောင်းအလဲ တစ်စုံတစ်ရာ မတွေ့ရသေးဘူးလို့ ပြောထားပါတယ်။

အခုဆို နေတိုးအဖွဲ့ထဲမှာ ဘောလ်တစ်ပင်လယ်ဒေသ အဖွဲ့ဝင်ခုနစ်နိုင်ငံရှိလာနေပြီဖြစ်ပါတယ်။ ရုရှားကို ရုရှားကမ်းရိုးတန်းကနေ စိန့်ပီတာစဘတ်အထိ သီးခြားဖြစ်အောင်လုပ်ဖို့နဲ့ ကလင်နင်ဂရက် နယ်မြေပိုကျဥ်းသွားအောင် ဝိုင်းပတ်ထားသလိုမျိုးတွေ လုပ်နိုင်တော့မှာဖြစ်ပါတယ်။

ဖင်လန်နိုင်ငံနေတိုးထဲဝင်လာတာကို ကြိုဆိုတဲ့ နေတိုးအကြီးအကဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖင်လန်နိုင်ငံနေတိုးထဲဝင်လာတာကို ကြိုဆိုတဲ့ နေတိုးအကြီးအကဲ

နေတိုးအဖွဲ့က ဘယ်လိုအဖွဲ့မျိုးလဲ

နေတိုးအဖွဲ့လို့ ခေါ်တဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ကို အမေရိကန်၊ ယူကေ၊ ကနေဒါနဲ့ ပြင်သစ်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက ၁၉၄၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ တိုက်ခိုက်ခံရပါက နိုင်ငံအချင်းချင်း ကူညီဖို့ သဘောတူထားတဲ့ အဖွဲ့ဝင် ၃၁ နိုင်ငံ ရှိလာတော့မှာပါ။

နေတိုးအဖွဲ့ရဲ့ မူလရည်မှန်းချက်က ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ ရုရှားရဲ့ အင်အားတိုးချဲ့မှုကို စိန်ခေါ်တားဆီးနိုင်ဖို့ ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် အရင်က ဝါဆောစာချုပ်အဖွဲ့ဝင် အရှေ့ ဥရောပနိုင်ငံ အများအပြားကို နေတိုးအဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုခဲ့ပါတယ်။

အရှေ့ဥရောပနိုင်ငံတွေကို အဖွဲ့ဝင်အဖြစ် နေတိုးအဖွဲ့က လက်ခံမှုဟာ သူ့နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်လာနေတယ်လို့ ရုရှားက စောဒကတက်ကန့်ကွက်နေတာ ကြာပါပြီ။ သူ့ပိုင်နက်နယ်မြေကို ထိပါးလာမှာ စိုးရိမ်တဲ့အတွက် နေတိုးအဖွဲ့ထဲဝင်ဖို့ ယူကရိန်းနိုင်ငံရဲ့ တောင်းဆိုမှုကို ရုရှားက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

ဖင်လန်

နေတိုးအဖွဲ့မှာ ယူကရိန်း ဘာလို့မပါတာလဲ

အနာဂတ်တစ်ချိန်ချိန်မှာ သူတို့အဖွဲ့ဝင်ဖြစ်လာနိုင်တယ်လို့ နေတိုးက ယူကရိန်းကို ၂၀၀၈မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးမီက "အမြန်လမ်းကြောင်း"နဲ့ ဝင်ဖို့ အဖွဲ့ဝင်ခွင့် တောင်းဆိုမှုကိုတော့ ငြင်းပယ်ခဲ့ပါတယ်။

နေတိုးပဋိဉာဉ် အပိုဒ် ၅ အရ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ တိုက်ခိုက်ခံရပါက အဖွဲ့ဝင်အားလုံးက ဝိုင်းပြီးခုခံကာကွယ်သင့်တယ်ဆိုတဲ့ အချက်ကြောင့် ဖြစ်ပါတယ်။

တကယ်လို့ ယူကရိန်းနိုင်ငံကသာ အဖွဲ့ဝင်ဖြစ်နေရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စာချုပ်ပါ သဘောတူညီချက်အရ ရုရှားနဲ့ စစ်တိုက်ရတော့မှာပါ။

နေတိုး