ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်မှာ မိုးခေါင်လို့ လယ်ဧက ၅ သောင်းခန့်ပျက်စီး
ရခိုင်ပြည်နယ်အတွင်း အခု ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ မိုးခေါင်ခဲ့တဲ့အတွက်ကြောင့် စပါးခင်းတွေပျက်စီးခဲ့ရပြီး အဲ့ဒီပျက်စီးသွားခဲ့တဲ့ စပါးခင်းတွေကို ပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘူးလို့ တောင်သူတွေက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်မှာ အခုနှစ် မိုးဦးကာလက မိုးရွာသွန်းမှု အနည်းငယ်ကောင်းမွန်ခဲ့ပြီး ဝါဆိုလပြည့်နေ့ နောက်ပိုင်းကစလို့ မိုးလုံးဝ မရွာသွန်းဘဲ နေခဲ့ရာကနေ အခု ဝါခေါင်လလယ်လောက်မှာ ပြန်လည် ရွာသွန်းလာခဲ့တာ ဖြစ်ပါတယ်။
စပါးတွေကို စိုက်ပျိုးထားပြီးတဲ့အချိန် မိုးခေါင်မှုနဲ့ ကြုံခဲ့ရတဲ့အတွက် လှောင်ထားတဲ့ရေတွေ ခမ်းခြာက်ကာ အပူရှိန်ကြောင့် စပါးပင်တွေ အပူလောင်ပြီးတော့ သေဆုံးတာတွေဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
တချို့ ထွန်ယက်ပြီး လယ်ကွက်တွေမှာလည်း ရေမရှိတာကြောင့် အချိန်ကြာမြင့်စွာစောင့်နေခဲ့ရပြီး အခုမိုးပြန်ရွာတဲ့အခါမှ ထွန်ယက်ပြီး စတင်စိုက်ပျိုးခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ တောင်သူတွေကပြောပါတယ်။
မိုးခေါင်ရေရှားမှုကြောင့် ရခိုင်တစ်ပြည်နယ်လုံးမှာ ပျက်စီးခဲ့ရတဲ့ လယ်မြေဧကပေါင်း ပျမ်းမျှအားဖြင့် ၅ သောင်းလောက်အထိရှိနေနိုင်တယ်လို့တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။
စပါးပင်တွေ အပူလောင်ပြီးတော့ သေဆုံးတာတွေဖြစ်
နေရာအများစုတို့မှာတော့ စိုက်ပျိုးလို့ မရနိုင်ကြတော့သလို မိုးဦးကစိုက်ပျိုးခဲ့ပြီး တချို့တစ်ဝက်ပျက်စီးသွားတဲ့ စပါးခင်းတွေမှာဆိုရင်လည်း မြေလွှာမာကြောနေတဲ့အတွက် ပျိုးစပါးတွေကို ဖာထေးလို့မရတော့တာကြောင့် ဒီတိုင်းပဲ လက်လွှတ်ထားကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် လက်မဆိပ်ကျေးရွာက တောင်သူဦးထွန်းလှစိန်က ပြောပါတယ်။
ဦးထွန်းလှစိန်ဟာ လယ်မြေဧကအများအပြား လုပ်ကိုင်သူဖြစ်ပြီး သူ့အသက် ၆၀ ကျော်အတွင်း အခုနှစ်လို မိုးခေါင်ရေရှားဖြစ်တဲ့ နှစ်တွေမကြုံခဲ့ရဖူးဘူးလို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့စပါးပင်တွေလည်း အပူဒဏ်ခံခဲ့ရတာကြောင့် နီရဲကာ အပင်မလှတော့တဲ့အတွက် သားမပွားနိုင်တော့ဘဲ မသေရုံတမယ်သာ ကျန်တော့တယ်လို့ တောင်သူတွေက ပြောဆိုပါတယ်။
“ဒီနှစ်တော့ အခက်အခဲတွေ အများကြီးရှိတယ်။ လယ်သမားတွေကတော့။ မိုးကမရွာဆိုတော့ မြေတွေကွဲအက်ပြီး အကုန်လုံး စပါးပင်တွေ လောင်သွားတယ်။ အခုပျိုးစိုက်တော့လည်း မြေက တအားမာနေတော့ ဆူးထိုးပြီးစိုက်ရတဲ့ အနေအထားတွေရှိတယ်။”လို့ တောင်သူ ဦးထွန်းလှစိန်က ပြောပါတယ်။
လယ်ဧက အများအပြား ပိုင်ဆိုင်ပြီး သွင်းအားစုတွေအတွက် ငွေကြေးအရင်းအနှီး စိုက်ထုတ်နိုင်တဲ့ တောင်သူကြီးတွေမှာတော့ ကျန်ရှိတဲ့စပါးတွေကို လက်ရှိ မိုးရေပြန်လည်ရရှိလာခဲ့တဲ့ကာလမှာ ဓာတ်မြေဩဇာတွေသုံးပြီး ရနိုင်သလောက် ပြုပြင်နေကြပေမယ့် လယ်ဧကနည်းနည်းပါးပါးသာလုပ်ကိုင်ကြတဲ့ တောင်သူတွေအတွက်ဆိုရင် တော်တော်လေးကို အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။
မြေဩဇာကျွေးထားတဲ့ စပါးခင်းတွေလည်း နှစ်တိုင်းလို အပင်မသန်တော့ဘဲ ဖြစ်နေကြပြီး မြေဩဇာဈေးနှုန်းတွေကလည်း တစ်အိတ်ကို ကျပ် ၁သိန်း ၁သောင်းနှုန်း ပေးဝယ်နေရတာကြောင့် လိုသလို အသုံးမပြုနိုင်တဲ့ အခက်အခဲတွေ ဖြစ်နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။
ကုန်ဈေးနှုန်းမြင့်မားမှုတွေကြောင့် သွင်းအားစု စရိတ်တွေကိုလည်း လယ်သမားအများစုက စိုက်ထုတ်နိုင်ခြင်းမရှိကြဘူးလို့ သိရပါတယ်။
အခုလို ရခိုင်ပြည်နယ်အတွင်း တောင်သူတွေရဲ့ မရှိမဖြစ်လိုအပ်တဲ့ မြေဩဇာတွေကို ဝယ်ယူရတဲ့အခါမှာလည်း လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေတွေကြောင့် ဝယ်ယူဖို့အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မိုးပြန်ရွာသွန်းနေပေမယ့် မြေလွှာတွေမာကြောနေတာကြောင့် လယ်ကွင်းတွေမှာ ဖိနပ်စီးပြီးသွားလာနေလို့ရတဲ့ အနေအထားဖြစ်နေတယ်လို့ တောင်သူ ဦးထွန်းလှစိန်က ပြောပါတယ်။
စပါးပင်တွေမလှသလို လိုအပ်တဲ့သွင်းအားစုတွေကိုလည်း မထည့်သွင်းနိုင်တဲ့အတွက် အခုနှစ် စပါးထွက်နှုန်းက သိသိသာသာလျော့နည်းမှာဖြစ်ပြီး ယခင်နှစ်တွေကထက် အခက်အခဲတွေနဲ့ ကြုံရနိုင်ခြေရှိနေတယ်လို့ တောင်သူတွေနဲ့ သမဂ္ဂတို့က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစလို့ တောင်သူတွေရဲ့ အခက်အခဲမျိုးစုံတွေကြောင့် စပါးစိုက်ပျိုးဧက လျော့နည်းလာနေတာဖြစ်တယ်လို့ တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။
“ရခိုင်ဒေသအတွက်တော့ တော်ရုံနဲ့ ဆန်စပါးလိုအပ်ချက်က မကျဆင်းနိုင်ဘူး။ ဒီနှစ်ကတော့ ထူးထူးခြားခြား တော်တော်လေးကို ကျဆင်းသွားတာကြောင့် ကျွန်တော်တို့ ဖူလုံမှုကတော့ အခက်အခဲဖြစ်လိမ့်မယ်လို့ထင်တယ်။လုံလောက်တဲ့အနေအထား ရှိလိမ့်မယ်လို့ တွေးလို့မရဘူး။ တော်တော်လေးကို ကျဆင်းမယ်လို့ ထင်ရတယ်။”လို့ ဦးကျော်ဇံက သုံးသပ်ပါတယ်။
အထူးသဖြင့် မိုးခေါင်ရေရှာမှုကို ပြင်းပြင်းထန်ထန်ခံနေရတာကတော့ ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေဖြစ်ပြီး တောင်းပိုင်းကတော့ ခံရတာနည်းပါးတယ်လို့ သိရပါတယ်။
ရခိုင်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခန့်အတွင်း စပါးစိုက်ပျိုးမြေဧကပေါင်း ၁၀ သိန်းခွဲလောက်ထိရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ၈ သိန်းလောက်သာ စပါးစိုက်ပျိုးကြပြီး အခုကာလမှာတော့ အခြေအနေအမျိုးမျိုးတို့ကြောင့် ပိုမိုလျော့နည်းလာနေသလို အခုနှစ်မှာတော့ မိုးခေါင်ရေရှားမှုကြောင့် ရခိုင်တစ်ပြည်နယ်လုံးမှာ ပျက်စီးခဲ့ရတဲ့ လယ်မြေဧကပေါင်း ပျမ်းမျှအားဖြင့် ၅ သောင်းလောက်အထိရှိနေနိုင်တယ်လို့တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။
ပြည်နယ်အတွက် စားသုံးဖို့လိုအပ်တဲ့ဆန်ပမာဏကတော့ ရရှိမှာဖြစ်ပေမယ့် ပြည်သူတွေရဲ့ ဝင်ငွေကတော့ ကျဆင်းသွားနိုင်ပြီး အကျပ်အတည်းတွေနဲ့ ကြုံရမှာ သေချာနေတယ်လို့ တောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စပါးပေါ်တဲ့ကာလမှ တောင်သူတွေက စပါးတောင်း တစ်ရာကို ကျပ်ငွေ သုံးသိန်းနဲ့ရောင်းချခဲ့ကြရပြီး လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း စပါးတောင်းတစ်ရာကို ကျပ် ၇ သိန်းအထိဈေးပေါက်နေပေမယ့် တောင်သူတွေလက်ထဲ စပါးတွေမရှိကြတော့ဘူးလို့ပြေပါတယ်။
ယခင်ကလိုမျိုး တောင်သူတွေဟာ သူတို့ရဲ့လယ်မြေတွေကို ကျွဲနွားတွေနဲ့ ကိုယ်တိုင်ထွန်ယက် ရိတ်သိမ်းကြတာမျိုးမဟုတ်ဘဲ စက်တွေကိုအသုံးပြုနေကြတာကြောင့် အခုနှစ်မှာ စက်သုံးဆီဈေးနှုန်းမြင့်မားမှုတွေ၊ ရိတ်သိမ်းစရိတ်မြင့်မားမှုတွေကြောင့် သွင်းအားစုစရိတ်တွေများပြီး တွက်ခြေမကိုက်ဖြစ်နေကြတာဖြစ်ပါတယ်။
စပါးအထွက်နှုန်းတွေ လျော့နည်းမှာဖြစ်ပေမယ့် ခုနှစ်စပါးပေါ်ချိန်မှာ တောင်သူတွေအနေနဲ့ စပါးဈေးကောင်းရရှိမှုအခြေအနေကလည်း နိုင်ငံရေးအခြေအနေတွေနဲ့ သက်ဆိုင်သလို ပြည်ပဝယ်လိုအားကောင်းဖို့နဲ့ ကုန်သည်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာပေါ် မူတည်တယ်လို့ တောင်သူဦးထွန်းလှစိန်က ပြောပါတယ်။