ပလက်ဝ တိုက်ပွဲ လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်

အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပြီး ကျောင်းအပ်ပြန်လက်ခံတဲ့ မေလ ၂၆ ရက်နေ့မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရက္ခိုင်တပ်တော် အေအေ နဲ့ မြန်မာတပ်မတော်တို့ ဒီက‌နေ့ မနက် ၁၀ နာရီခန့်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ပလက်ဝ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပလက်ဝဟာ ရခိုင်ပြည်နယ်နဲ့ နီးကပ်စွာတည်ရှိပြီးတော့ အခုတိုက်ပွဲဖြစ်တဲ့နေရာဟာ ပလက်ဝမြို့ အဘောင်သားကျေးရွာ ဆူးပုတ်တောင်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သူက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်သံတွေ ညနေပိုင်းအထိကြားနေရပြီးတော့ လက်နက်ကြီးသံတွေကြောင့် ပလက်ဝမြို့ပေါ် ကကျောင်းအပ်လက်ခံမယ့် ဆရာမအချို့ အိမ်ကို ပြန်သွားခဲ့ကြတယ်လို့ ဒေသခံတွေထံက တစ်ဆင့် သိရပါတယ်။

ပလက်ဝမြို့ဟာ ကုလားတန်မြစ်ဘေးမှာရှိပြီး ရေကြောင်းသွားလာရေးကို အဓိကထား သွားလာကြကြောင်းနဲ့ တိုက်ပွဲတွေကြောင့် ကုလားတန်မြစ်ထဲမှာ ရေကြောင်း သွားလာမှုတွေ မရှိသလောက်ဖြစ်သွားတယ်လို့ ပြောကြပါတယ်။

တိုက်ပွဲဖြစ်တဲ့ နောက်ဆုံးအခြေအနေ အသေးစိတ်မသိရပေမဲ့ ပလက်ဝမြို့ အခြေစိုက်တပ်ရင်းက ဆူးပုတ်တောင်ဘက်ကို ဒီကနေ့ ညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလုပ်နေကြောင်းလည်း ‌ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ ပလက်ဝ တိုက်ပွဲနဲ့ ပတ်သက်လို့ အေအေဖက်ကရော မြန်မာစစ်တပ်ဘက်ကပါ သတင်းထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရခိုင်မှာတိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို အေအေဘက်က ဒေသခံတွေကို သတိပေးခဲ့သလို အေအေဟာ ရခိုင်မှာတိုက်ပွဲခေါ်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပလက်ဝမြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတဲ့ အတွက် မြို့ခံတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ ညပိုင်းကတော့ ရခိုင်ပြည်နယ်က မြောက်ဦးမြို့ပေါ်မှာ သေနတ်သံတွေ ပြန်ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေရပ်သွားခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလနောက်ပိုင်း တစ်နှစ်ကျော်အတွင်း မြောက်ဦးမြို့မှာ သေနတ်သံတွေ ပြန်ကြားခဲ့ရတာဖြစ်ပါတယ်။

အခုမေလ ၂၆ ရက်နေ့မှာတော့ ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်လာတဲ့ အခြေအနေကို ရောက်လာတာဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ရက္ခိုင့်တပ်တော် အေအေဟာ ရခိုင်မှာ အုပ်ချုပ်‌ရေးယန္တရားတည်ဆောက်နေပြီး စစ်ကောင်စီဘက်ကတော့ တားဆီးပိတ်ပင်တာတွေ ကုန်စည် စီးဆင်းမှုကို စစ်ဆေးတာ အေအေနဲ့ ဆက်စပ်သူလို့ ယူဆတဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးတာတွေ ပြီးခဲ့တဲ့လတွေက စပြီး လုပ်လာခဲ့ပါတယ်။

ရက္ခိုင်တပ်တော်ဘက်က တာဝန်ရှိသူ တစ်ယောက်ကို လွှတ်ပေးဖို့ကိစ္စ ၊ ရက္ခိုင့်တပ်တော်တာဝန်ရှိသူ တစ်ယောက်ကို အပစ်ရပ်စဲရေးနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုဖို့၊ ကုန်စည်စီးဆင်းတာတွေ ကန့်သတ်တာကို ဖြေလျှော့ပေးဖို့ စတဲ့ကိစ္စတွေမှာ အေအေဘက်က တောင်းဆိုတာရှိခဲ့ပြီး မြန်မာစစ်တပ်ဘက်က အပြုသဘောတုံ့ပြန်တာ မတွေ့ရဘူးလို့လည်း အေအေရဲ့ နိုင်ငံရေးမှူး ဦးဦးလှစောက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက ဖိတ်ခေါ်ပြီးတွေ့ဆုံနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း အေအေဘက်က တက်ရောက်ခြင်းမရှိခဲ့ပါဘူး။

စစ်တပ်ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုအပါအဝင် အေအေ နယ်မြေတွေထဲအထိ လုပ်ဆောင်တဲ့ ဖမ်းဆီးမှု၊ ဒေသခံတွေအပေါ်သယ်ယူပို့ဆောင်ရေး၊ ရိက္ခာလမ်းပိတ်ဆို့ တာတွေကြောင့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်တာလို့ အေအေပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောခဲ့ပါတယ်။

စစ်တပ်နဲ့တော့ အရင်ကတည်းက ထားခဲ့ကြတဲ့ Gentleman Agreement နဲ့သာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကို ရပ်တန့်ထားတာဖြစ်ပြီး အခြားသဘော တူညီမှု တစ်စုံတစ်ရာကိုစာချုပ် စာတမ်းလက်မှတ်ရေးထိုး သဘောတူထားတာ မရှိဘဲ အေအေအနေနဲ့ ရပ်တည်နေတာလို့ သိရပါတယ်။

အခု ဒီကနေ့ ပလက်ဝမှာ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလ မတိုင်မီ ရခိုင်မှာ တိုက်ပွဲဖြစ်ပွားစဥ် ပစ်ခတ်တဲ့ ပုံစံဖြစ်နေတာကြောင့် ဒေသခံတွေက ဒေသမှာ စစ်ပြန်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

အခု မေလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာတွေမှာ ရှာဖွေမှု၊ စစ်ဆေးမှုတွေကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီ ရုံးစိုက်ရာ စစ်တွေမြို့နယ်အပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ တောင်ကုတ် စတဲ့မြို့နယ်တွေ အတွင်းမှာလည်း ကျေးရွာတချို့တို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စစ်ဆေးမှု ပြုလုပ်တာတွေကို မေလဆန်းက ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ လက်ရှိစစ်ရေးပြင်ဆင်မှုတွေဟာ ၂၀၂၀ တိုက်ပွဲတွေကာလထက် ပိုများပြီး ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့ ရခိုင်နယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့မှာ စစ်ကောင်စီတပ်တွေ အများအပြား နေရာယူထားတာကို တွေ့ရကြောင်း ပလက်ဝ မြို့ခံတစ်ဦးက ပြောပါတယ်။