ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မင်းပြား - တလင်းမှာစုထားတဲ့ ကောက်လှိုင်းစည်းထောင်ချီ မီးရှို့ခံရ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် နဂရာကျေးရွာအုပ်စု ပေါက်တော (မွတ်ဆလင်) ကျေးရွာအနီး တလင်းပြင်မှာ စုပုံထားတဲ့ ကောက်လှိုင်းစည်း တစ်ထောင်ကျော်ခန့် ဒီဇင်ဘာ ၂၃ ရက်နေ့ညက မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီကောက်လှိုင်းစည်းတွေဟာ ပေါက်တောကျေးရွာက တောင်သူ နော်မလာကိန်းဆိုသူ ပိုင်ဆိုင်တာဖြစ်ပြီး ရိတ်သိမ်းထားတဲ့ စပါးတွေကို ခြွေလှေ့ဖို့အတွက် တလင်းပြင်မှာစုပုံထားတဲ့အချိန်မှာ အခုလိုလာရောက်မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရတာ ဖြစ်တယ်လို့ ကျေးရွာတာဝန်ခံ ဦးရွှေဒူလာမိန်က ပြောပါတယ်။
"၂၃ ရက်နေ့ ည ၉ နာရီကျော်လောက်မှာ မီးရှို့ခံလိုက်ရတာပါ။ စပါးခင်း ဝါး ၈၀၀ ကျော်ကနေ ရိတ်သိမ်းထားတဲ့စပါးစည်း တွေကို မီးရှို့သွားခဲ့တာပါ။ ပိုင်ရှင်က နောက်ထပ်တလင်းတစ်ခုမှာ စပါးလှည့်နေလို့ အဲ့ဒီမှာ စောင့်အိပ်နေတယ်။ ဒီဘက်မှာက အစောင့်မရှိဘူး။"လို့ ပေါက်တောကျေးရွာတာဝန်ခံ ဦးရွှေဒူလာမိန်က ပြောပါတယ်။
အဲဒီမီးရှို့မှုနဲ့ပတ်သက်ပြီး မီးရှို့ဖျက်ဆီးခဲ့သူတွေလို့ ယူဆရတဲ့ မွတ်ဆလင်သုံးဦးကို တိုင်တန်းထားတယ်လို့ ကျေးရွာတာဝန်ခံက ပြောပါတယ်။
အဲ့ဒီသံသယရှိတဲ့သူ သုံးဦးမှာ သူနဲ့ပုဂ္ဂိုလ်ရေးအရ အချင်းများထားတဲ့သူ တွေဖြစ်ကြပြီး တိုင်ကြားခံထားရသူ သုံးဦးအနက် ပေါက်တောကျေးရွာသား ကိုအူလူယာဆိုတဲ့ လူငယ်တစ်ဦးကို ရက္ခိုင့်တပ်တော် အေအေဘက်က ခေါ်ယူစစ်ဆေးနေတယ်လို့ ဦးရွှေဒူလာမိန်က ပြောပါတယ်။
နော်မလာကိန်းဟာ အဲ့ဒီလယ်မြေတွေကို သိမ်တောင်ကျေးရွာက ရခိုင်တိုင်းရင်းသားတစ်ဦးဆီကနေ တစ်ဧကကို တစ်နှစ်မှာ စပါးတောင်း ၁၂၀ စီ သီးစားခပေးပြီးတော့ လယ် ၇ ဧက ခန့် ငှားရမ်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ တောင်သူတွေစပါးရိတ်သိမ်းနေတဲ့ကာလဖြစ်ပြီး မင်းပြားမြို့နယ်အပြင် မြောက်ဦး၊ ဘူးသီးတောင်၊ ကျောက်ဖြူစတဲ့ မြို့နယ်တွေအတွင်းမှာလည်း အခုလိုမျိုး တောင်သူတွေရိတ်သိမ်းထားတဲ့ ကောက်လှိုင်းစည်းတွေကို မီးရှို့ဖျက်ဆီးမှုတွေလည်း ဆက်တိုက်ဖြစ်ပွားလာနေပါတယ်။
အခုလ ၂၁ ရက် ညကလည်း ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာအုပ်စု ကင်းဒါးမွတ်ဆလင် ကျေးရွာက ရိတ်သိမ်းထားတဲ့ကောက်လှိုင်းစည်း ၇၀၀ ခန့် မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။
ဒီဇင်ဘာ ၁၄ ရက် ညမှာလည်း ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာက လယ်သမား ၃ ဦး ရိတ်သိမ်းထားတဲ့ စပါးတွေ တလင်းပြင်မှာပဲ မီးရှို့ခံလိုက်ရသလို ဒီဇင်ဘာ ၁၁ ရက် ညကလည်း မြောက်ဦးမြို့နယ် လောင်းကြက် ကျေးရွာမှာ ရိတ်သိမ်းထားတဲ့စပါးတွေ မီးရှို့ခံရပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာက လယ်ကွင်းပြင်တွေအတွင်း စပါးရိတ်သိမ်းနေတဲ့ ဒေသခံတွေပိုင်ဆိုင်တဲ့ ရိတ်သိမ်းခြွေလှည့်စက်နှစ်လုံးလည်း ဒီဇင်ဘာ ၁၀ ရက် ညက မီးရှို့ဖျက်ဆီးခံရပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့၊ ရွာမရပ်ကွက်မှာရှိတဲ့ မူလတန်း(လွန်)ကျောင်းကိုလည်း မီးရှို့ခံရပါတယ်။
ဒီဇင်ဘာလ ၂၀ ရက် ညအချိန်ကလည်း မြောက်ဦးမြို့နယ်၊ မုချာရွာမှာ လယ်သမားတစ်ဦးပိုင်တဲ့ နွား ငါးကောင်ကို တင်းကုတ်အတွင်းချည်ထားစဉ် ဝင်ရောက်ခုတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။
မင်းပြားမြို့နယ် နဂရာကျေးရွာအုပ်စုအတွင်း ကောက်လှိုင်းစည်း ထောင်ချီမီးရှို့ခံလိုက်ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ အခုလိုမျိုးပြဿနာတွေနောက်ထပ် မဖြစ်လာဖို့အတွက် ကျေးရွာတာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"အခုကတော့ စိုးရိမ်ရတဲ့အနေအထားကိုရောက်လာပြီလေ။ တစ်ယောက်ခံလိုက်ရပြီဆိုတော့ နောက်လယ်သမားတွေအနေနဲ့ လည်း ကိုယ့်ရဲ့စပါးပုံနားမှာ စောင့်နေဖို့အတွက် ကျွန်တော်ကတော့ ကျေးရွာတာဝန်ခံတွေကို ပြောခိုင်းထားပါတယ်။ နောက်ထပ်ဆက်ပြီးတော့ ဖြစ်နိုင်တယ်ဆိုတာကိုလည်း ပြောလို့မရတော့ မဖြစ်လာအောင် ကြိုတင်ကာကွယ်တဲ့အနေအထား ကိုပဲ ပြောခိုင်းထားတာပါ"လို့ နဂရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ တောင်သူတွေအနေနဲ့ မိမိတို့ရိတ်သိမ်းနေဆဲဖြစ်တဲ့ လယ်ကွင်းပြင်ထဲက တလင်းပြင်တွေမှာ ကင်းစောင့်ပြီးအိပ်ကြဖို့အတွကို ကျေးရွာတွေအတွင်း ဆော်ဩထားပြီးဖြစ်တယ်လို့ ပေါက်တောကျေးရွာတာဝန်ခံ ဦးရွှေဒူလာမိန်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဒီလိုမျိုးဖြစ်စဉ်တွေက အခုဒီဇင်ဘာ ဒုတိယအပါတ်လောက်ကစတင်ပြီး ဆက်တိုက်ဆိုသလို ကြုံတွေ့လာနေရတာ ဖြစ်ပါတယ်။
အခုလိုဖြစ်စဉ်တွေဟာ ရခိုင်နဲ့ မွတ်ဆလင်တွေအကြား နှစ်ဖက်သင့်မြတ်နေတဲ့အခြေအနေတွေကို နိုင်ငံရေးအသုံးချမှုတစ်ရပ်အနေနဲ့ လူမျိုးရေးပဋိပက္ခဖြစ်လာအောင် အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိဖန်တီးနေတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် သတိထားနေထိုင်ကြဖို့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ရက္ခိုင့်တပ်တော် အေအေကနေပြီးတော့ အသိပေးကြေညာချက်တစ်စောင့် ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုမျိုးဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်အေအေအနေနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်မှုတွေပြုလုပ်သွားမှာဖြစ်သလို ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း အကာအကွယ်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။