ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကေအိုင်အေရဲ့ ဗန်းမော်ထိုးစစ် လနဲ့ချီကြာလာတာ ဘာကြောင့်လဲ
ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)နဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်ထဲက ဗန်းမော်မြို့ စစ်မျက်နှာပြင်ကို တိုက်လာတာ ဧပြီလကုန်ပိုင်းမှာ ၄ လကျော်လို့ ၅ လထဲတောင် ဝင်လာနေပါပြီ။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ ပြည်နယ်မြို့တော် မြစ်ကြီးနားပြီးရင် ဒုတိယမြို့တော်တဲ့ ဗန်းမော်ဟာ ပထဝီအနေ အထားအရ အခရာကျလို့ စစ်တပ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တစ်ခုကိုတောင် ဖြန့်ကြက်ထားတဲ့မြို့ဖြစ်ပါတယ်။
မတ်လကုန်ပိုင်း ငလျင်ကြောင့် ယာယီအပစ်ရပ်မယ်လို့ ကေအိုင်အေက ကြေညာခဲ့အပြီး ဗန်းမော်စစ်ရေးငြိမ်နေရာကနေ ဧပြီ ၂၅ ရက်မှာတော့ အလုံးအရင်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ဗန်းမော်စစ်ရေး သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဗန်းမော်တိုက်ပွဲ ဘာကြောင့် လနဲ့ချီကြာမြင့်နေတာပါလဲ။ စစ်တပ်က ဘယ်လိုခုခံနေပါသလဲ။
တိုင်းစစ်ဌာနချုပ် အငယ်စားအဆင့်ရှိတဲ့ ဗန်းမော်
ဗန်းမော်မြို့ဟာ ကချင်၊ ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်း အစပ်ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းသင့်တဲ့ စစ်ရေး၊ စီးပွားရေးအချက်အခြာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ဒါအပြင် ဗန်းမော်ဟာ ပြည်နယ်မြို့တော် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေထဲမှာလည်းပါဝင်ပါတယ်။
တဖက်မှာတော့ ကချင်ပြည်နယ်ထဲက ဧရာဝတီမြစ် အရှေ့ခြမ်းတလျှောက်မှာ ကေအိုင်အေသိမ်းယူဖို့ ကျန်ရှိနယ်မြေကို ကြည့်ရင်လည်း ဗန်းမော် သာကျန်နေတော့တဲ့အနေအထား ဖြစ်ပါတယ်။
ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေဟာ ၅ လကြာလာတဲ့ တိုက်ပွဲအတွင်း ဗန်းမော်အခြေစိုက် ခြေလျင် တပ်ရင်း(ခလရ ၂၃၆)၊ အမြောက်တပ်(၃၆၆)၊ သံချပ်ကာတပ်(၅၀၁၄)၊ တင့်ကားတပ်(၇၀၀၆)နဲ့ ကာကင်းစခန်းတွေကို သိမ်းထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)ကစလို့ ခြေမြန်တပ်တွေ၊ စစ်လက်နက်ပစ္စည်းတပ်စု၊ ဆက်သွယ်ရေးတပ်ရင်း၊ ဆေးတပ်ရင်း၊ ထောက်ပို့တပ်၊ ပင်မအလုပ်ရုံ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းစတဲ့ တပ်ရင်းတပ်ခွဲ ၁၀ ခုထက်မနည်းကို စစ်တပ်က ဗန်းမော်မှာ ဖြန့်ကြက်ထားပါတယ်။
ဒါကြောင့်လည်း ဗန်းမော်ဟာ မြန်မာစစ်တပ်ရဲ့တပ်ဖြန့်ကြက်ချထားမှုအရကြည့်ရင် တိုင်းစစ်ဌာနချုပ် အငယ်စားအဆင့်လို့ သတ်မှတ်ခံရပါတယ်။
တစ်ချိန်တည်းမှာပဲ တကျော့ပြန် ပြင်းထန်လာတဲ့ ဗန်းမော်ထိုးစစ်မှာ ကေအိုင်အေ ပူးပေါင်းတပ်တွေဟာ ဗန်းမော်ရဲ့အကြီးဆုံးတပ် စခန်းဖြစ်တဲ့ စကခ ၂၁ ၊ ခြေမြန်တပ်ရင်း(ခမရ ၄၇)နဲ့ စစ်တပ်တပ်စွဲထားတဲ့ ဗန်းမော်တက္ကသိုလ်တို့ကို တိုက်နေတာဖြစ်ပါတယ်။
ပူးပေါင်းတပ်တွေဟာ စကခ ၂၁ ထဲကို ဒီနှစ် မတ် ၈ ရက်တုန်းကလည်း အလုံးအရင်းနဲ့ ဝင်တိုက်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ ဒုတိယ တစ်ကြိမ် ဖြစ်ပါတယ်။
"ပူးပေါင်းတပ်တွေက မြို့နေရာအများစုကို ထိန်းထားပါတယ်။ သူတို့(စစ်တပ်)က တပ်စခန်းတွေပဲကျန် တာ။ အခုက အဲဒီတပ်စခန်းတွေကို တိုက်တာ၊ ဟုတ်တယ်" လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က ဧပြီ ၂၅ ရက် ကေအိုင်အေရဲ့ တကျော့ပြန် ထိုးစစ်ကို လက်နက်ကြီး၊ လေကြောင်းနဲ့ ဒရုန်း သုံး ကာ အပြင်းအထန် ခုခံတာတွေ လုပ်နေတာကြောင့် နှစ်ဖက်အထိအခိုက်များနေတယ်လို့ ဗန်းမော် စစ်ရေးအခြေအနေတွေဖော်ပြနေတဲ့ ဗန်းမော်ကင်းထောက်အဖွဲ့က ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။
ဒီအတောအတွင်း ဗန်းမော်က စစ်တပ် ကာကင်းစခန်း ၅ ခုကို ပူးပေါင်းတပ်တွေက သိမ်းထားတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဆိုပါတယ်။
စကခ ၂၁ ရဲ့ ဗဟိုကင်းနေရာကို ကေအိုင်အေ ပူးပေါင်းတပ်တွေ ဝင်ရောက်နိုင်ပြီး တပ်ရင်းမှူးနဲ့ သုံ့ပန်း တချို့ဖမ်းမိထားတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက ကေအိုင်အေကို ဆက်သွယ်နေပါတယ်။
ဗန်းမော်မြို့ လက်မလွှတ်ရရေး စစ်တပ်က ဘယ်လို့ တုံ့ပြန်နေလဲ
စစ်ကောင်စီတပ်ဟာ တိုက်ပွဲမှာ အသာစီးရဖို့ ဗန်းမော်တိုက်ပွဲနယ်မြေအတွင်း ဒရုန်းတွေကို ပိုသုံးလာ တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောကြပါတယ်။
"ဗန်းမော်တိုက်ပွဲ ဘာလို့ကြာနေလဲဆိုရင်တော့ ဒရုန်းတွေ အသားကုန် သုံးလာလို့ အထိအခိုက်များလို့ပဲ။ နောက်တစ်ခုက အပစ်ရပ်ကာလရှိခဲ့တာကြောင့်လည်း ပါတယ်" လို့ ဗန်းမော်စစ်မြေပြင် အခြေ အနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
"ဒရုန်းကြောင့်ပဲ သူတို့ တောင့်ခံနိုင်တဲ့ ကာလရှည်တာလို့ ပြောရမယ်။ အခု တိုက်နေတဲ့ စကခ ၂၁ နဲ့ တက္ကသိုလ်ထဲကနေ ဒရုန်းတွေ တက်လာတာ။ အိမ်တစ်အိမ်မှာ လူအရိပ် အယောင်မြင်ရင်ကို ကြဲတာပဲ" လို့ လည်း သူက ပြောပါတယ်။
လနဲ့ချီကြာလာတဲ့ ဗန်းမော်တိုက်ပွဲအတွင်း ဒရုန်းကြောင့် ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေမှာ ထိခိုက်ကျဆုံးတာတွေများခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီကတော့ ဗန်းမော်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သတင်းပတ်တွေအထိ တစုံတရာ ထုတ်ပြောတာ မရှိသေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဧပြီ ၂၅ ရက်နဲ့ ၂၆ ရက်မှာ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်က ဒရုန်းတွေ အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ရုပ်သံတွေနဲ့ တကွ ဖော်ပြ ရေးသားနေကြပါတယ်။
လေကြောင်းကင်းလှည့် ပျံသန်းတာနဲ့ လေကြောင်းတိုက်ခိုက်တာရှိသလို လေကြောင်းကနေလည်း နေ့စဉ်ထောက်ပံ့ရေးပစ္စည်းတွေ ချပေးနေတယ်လို့ သိရပါတယ်။
စစ်တပ်က ဗန်းမော်မှာ ဧပြီ ၂၇ ရက် တစ်ရက်တည်းမှာတင် လေကြောင်းကနေ ဗုံးကြဲမှု ၃ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်တပ်ဟာ ဗန်းမော်မှာ တပ်မ ၈၈ နဲ့ မိုးမိတ်က ဆုတ်လာတဲ့တပ်တွေကို ပေါင်းပြီး ခံစစ်အင်အားပေါင်းထားတာရှိတယ်လို့ ပြောပါတယ်။
ဘီဘီစီရဲ့ စစ်ရေးအရင်းအမြစ်ကလည်း ဗန်းမော်မှာ စစ်တပ်ရဲ့ ခံစစ်အနေအထားကောင်းပြီး စစ်လက်နက်ပစ္စည်းစုံတာလည်းတွေ့ရတယ်လို့ ဆိုပါတယ်။
ဗန်းမော်နဲ့မတူ စစ်တပ်က စစ်ကြောင်းပြန်ထိုးနေတဲ့ဖားကန့်
ဗန်းမော်နဲ့ မိုင် ၁၂၀ ကျော်အကွာ ကချင်ပြည်နယ်ထဲက ကျောက်စိမ်းမြေ ဖားကန့်မှာတော့ ကေအိုင်အေ ထိန်းချုပ်နေရာတွေကို စစ်တပ် ပြန်လည်ထိုးစစ်ဆင်နေပါတယ်။
ဖားကန့်မှာ စစ်တပ်ဟာ မြို့ပေါ်နေရာကိုသာ အင်အားအနည်းအကျဉ်းနဲ့ထိန်းချုပ်ထားတယ်လို့ မြေပြင်အခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။
ဖားကန့်ကို စစ်တပ်က ထိုးစစ်ဆင်တာဟာ ဗန်းမော်လို စစ်ရေးအရ အရေးပါလို့မဟုတ်ဘဲ သယံဇာတကြောင့်ဖြစ်တယ်လို့ နယ်မြေအခြေအနေသိရှိသူတွေက သုံးသပ်ပါတယ်။
"ဖားကန့်ကို လက်လွှတ်ရရင် သူတို့(စစ်တပ်)အတော်အထိနာ မှာပေါ့။ လုပ်ကွက်ကတစ်ခုကို အနည်းဆုံး သိန်း ၅ထောင် ရနေတာ။ လုပ်ကွက်က ရာနဲ့ချီရှိနေတာ။ ဒါကလုပ်ကွက်ကို ပိုက်ဆံတောင်းတာပဲရှိ သေးတယ်။ ကိုယ်တိုင် ဝင်လုပ်တာ မပါသေးဘူး" လို့ နယ်မြေအခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။
ကေအိုင်အေထိန်းချုပ်ထားတဲ့ ဖားကန့်လမ်းကြောတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ထိုးစစ်ဆင်နေပါတယ်။
ကာမိုင်း - ဖားကန့်လမ်းပိုင်းက ရေကာတာရွာမှာ စစ်ကောင်စီ၊ ပြည်သူ့စစ်၊ ရှမ်းနီအမျိုးသားများတပ် (SNA) အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းနဲ့ ကေအိုင်အေတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။
ဒီလမ်းပိုင်းဟာ ကေအိုင်အေတပ်တွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဖားကန့်ကို ပြန်ရရေးအတွက် အင်းတော်ကြီး၊ တနိုင်း တို့ဘက်ကနေလည်း စစ်ကြောင်း တွေထိုးလာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူက ဘီဘီစီကိုပြောပါတယ်။
"ဒီနေ့ မနက်ပိုင်း ကာမိုင်းအထွက် မအူပင်မှာ ထပ်တက်လာတဲ့စစ်ကြောင်းကို မိုင်းဆွဲနိုင်တာရှိတယ်။ ဖားကန့်သည် ကာမိုင်းလမ်းကြောင်းက ထောက်ပံ့ပို့ဆောင်တာ၊စစ်အင်အားဖြည့်တင်းတာလုပ်မရတော့ ဘူး။ အင်းတော်ကြီးဘက်က လုံးတုံကလာလို့ရတဲ့လမ်းကို ပိတ်နိုင်ရင် ဒါက ခံစစ်လုံးဝအသေဖြစ်သွားမယ်" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
ဖားကန့် - ကာမိုင်းလမ်းပိုင်း တိုက်ပွဲကြောင့် ကျေးရွာ ၆ ရွာက ဒေသခံ ၁,၀၀၀ ဝန်းကျင် စစ်ရှောင်နေကြ ရတယ်လို့ ကချင်ဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။
တစ်ဖက်မှာလည်း ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှာစခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီနှစ် ၂၀၂၅ မိုးရာသီမတိုင်ခင်မှာ အပြီးဖြတ်နိုင်ဖို့ လိုတယ်လို့ ရှေ့တန်းရောက် ဘီဘီစီရဲ့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
"မြေပြင်အနေအထားအရလည်း ကျည်ကွယ်မျက်ကွယ်မဟုတ်တဲ့ အနေအထားက တိုက်ရတော့ မိုးတွင်းဆို နေထိုင်ဖို့ ခက်မယ်။ ကျန်းမာရေးရှိမယ်။အချိန်ကြာရင် တပ်သားအင်အား၊ ငွေအင်အားဆုံးရှုံးတယ်။ ဒါကြောင့် ဒီတစ်ခါအပြီးဖြစ်ဖို့ များတယ်" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဗန်းမော် စစ်ရေး အလှည့်အပြောင်းဟာ စကခ ၂၁ ကို စစ်တပ်နဲ့ ပူးပေါင်းတပ်တွေ ဘယ်သူက ဆက်ပြီး ထိန်းချုပ်နိုင်မလဲဆိုတာအပေါ် မူတည်တယ်လို့ အကဲခတ်နဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
"စကခ ၂၁ ရရင်တော့ ကျန်တဲ့ စခန်းတွေသိမ်းရတာ မခက်တော့ဘူး" လို့ ဘီဘီစီရဲ့ စစ်ရေးအရင်း အမြစ်ကပြောပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်ကလည်း ဒီအချက်နဲ့ အမြင်တူပါတယ်။
"တကယ်လို့သာ (စကခ ၂၁) ဗဟိုကင်းကို သိမ်းထားနိုင်ပြီဆိုရင် စစ်သဘောအရ ဒီစခန်း ကျပြီ။ ဗဟိုကင်းက စစ်သဘောအရဆို အချက်အချာမြေပေါ့။ တိုက်သူ ခံသူ နှစ်ဦးလုံးအတွက် အသက်သမျှအရေးကြီးတဲ့ မြေပဲ"