ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗန်းမော်၊မိုးမောက် ခမရ ၄၃၇ ထိုးစစ်က KIA အတွက် ဘယ်လောက်အရေးကြီးလဲ
ရှမ်းမြောက်ဒေသ၊ လားရှိုးမြို့ မှာ ကိုးကန့်တပ် - MNDAAရဲ့ မြို့သိမ်းတိုက်ပွဲ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်တွေနဲ့ MNDAA တို့ ကြား တိုက်ပွဲပြင်းထန်နေချိန်မှာပဲ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာလည်း စစ်ရေးပြန်တင်းမာလာပါတယ်။
ဇူလိုင်လပထမပတ်အတွင်း မြစ်ရေထိုးတက်ပြီး ရေကြီးရေလျှံမှုသဘာဝဘေးကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ကချင်ပြည်နယ်မှာ ဇွန်လနှောင်းပိုင်းကစလို့ ဇူလိုင် ဒုတိယပတ်လောက်အထိ စစ်ရေးအခြေအနေ ငြိမ်သက်နေခဲ့ပါတယ်။
တစ်လဝန်းကျင်အကြာ တိုက်ပွဲငြိမ်သက်ခဲ့တဲ့နောက် ဒုတိယမြို့တော် ဗန်းမော်မြို့အနီး ဗန်းမော်ခရိုင်ထဲက မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA တပ်က ဇူလိုင်လ ၂၄ ရက်က စတင်ပြီး တစ်ကျော့ပြန် ထိုးစစ်ဖော်ဆောင်လိုက်ပါတယ်။
KIA နဲ့ အတူ အာရက္ခတပ်တော်- အေအေ ၊KPDF ပူးပေါင်းတပ်ဖွဲ့တွေလည်းပါဝင်တယ်လို့ မြေပြင်စစ်ရေးရင်းမြစ်ကပြောပါတယ်။
၄၃၇ တပ်ဟာ ဗန်းမော်နဲ့ ၇ မိုင်ပဲ အကွာအဝေးရှိတဲ့ စစ်ကောင်စီ ရဲ့ တပ်စခန်းကြီဖြစ်ပါတယ်။
ခမရ ၄၃၇ တပ်ရင်းအပြင် ဗန်းမော်တက္ကသိုလ်အနောက်ဖက်ခြမ်းတစ်ကြောကျေးရွာတွေနဲ့ မိုးမောက်၊မံစီတကြောမှာတိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးရင်းမြစ်ကပြောပါတယ်။
ခမရ ၄၃၇ နဲ့ ကေအိုင်အေ ထိုးစစ်
ခမရ ၄၃၇ တပ်စခန်းဟာ မိုးမောက်မြို့နယ်ထဲက နောင်လိုက်နဲ့ တာပိန်မြစ်တံတား နှစ်ခုအကြား တစ်မိုင်ခန့်အကွာမှာရှိတဲ့ စစ်တပ်ရဲ့ ဆယ်စုနှစ်တစ်ခုအကြာ သက်တမ်းရှည်တပ်စခန်းကြီးဖြစ်ပါတယ်။
ကေအိုင်အေ ဒီစခန်းကြီးကိုသိမ်းပြီး ဗန်းမော်မြို့ အထိ စစ်ရေးရည်မှန်းချက်ရှိနေတာပါ။ ဧရာဝတီမြစ်ကြောင်းကိုအားထားတဲ့ရေလမ်းကြောင်းရှိနေသလို ကုန်းလမ်းကြောင်းကလည်းတရုတ်ဘက်ခြမ်းအထိ ကုန်သွယ်ရေးလမ်းကြောင်းရှိနေပါတယ်။
၄၃၇ တပ်စခန်းကြီးဟာ ဗန်းမော်မြို့ရဲ့လုံခြုံရေးစခန်းဖြစ်နေသလို အင်အားစုဖွဲ့မှုရာနဲ့ချီနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့စခန်းဖြစ်လို့ ဒီစခန်းကိုရရေး ကေအိုင်အေ က လနဲ့ချီကြာထိုးစစ်ဆင်နေရတာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ် - KIAရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
'' ၄၃၇ ကတော့ လက်နက်ကြီးတွေတပ်ထားတဲ့ အခိုင်အမာတည်ဆောက်ထားတဲ့တပ်စခန်းကြီးဖြစ်တယ်။ ဗန်းမော်လုံခြုံရေးအတွက်ကတော့ ၄၃၇ ကျသွားရင် စစ်ကောင်စီအတွက်လုံခြုံရေးမရှိတော့ဘူးလို့ ပြောလို့ရတယ်'' လို့ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။
စစ်တပ်ကလည်း ခမရ ၄၃၇ ကိုလက်လွှတ်ရရင် ဗန်းမော်မြို့ ကိုခြိမ်းခြောက်နိုင်တဲ့အထိဖြစ်လာနိုင်လို့ ဗန်းမော်ဘက်ကနေ တင့်ကားတွေ၊ လက်နက်ကြီးတွေ၊ ဒရုန်း အပါအဝင် လေကြောင်း သုံးတိုက်ခိုက်တာတွေကိုလုပ်နေပါတယ်။
ကေအိုင်အေက ဗန်းမော်၊ မိုးမောက်၊ မံစီ ဒေသတွေကိုထိန်းချုပ်ထားပြီး လက်ကျန်စစ်ကောင်စီတပ်ရင်းနေရာတွေကို အပြီးသတ်သိမ်းပိုက်ဖို့အတွက် ထိုးစစ်ဆင်လိုက်တာဖြစ်ပါတယ်။
မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်း၊ မံစီ ခမရ ၆၀၁ တပ်ရင်း၊ ခမရ ၃၁၉ တပ်ရင်းနေရာတွေကို ပြီးခဲ့တဲ့ မေလကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းအင်အားအသုံးပြုပြီး ကာကွယ်ခဲ့ပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ ၄၃၇ ကို သိမ်းပိုက်ဖို့ကြိုးစားရတာ အခက်အခဲတွေရှိတယ်လို့ ပြောပါတယ်။
'' ဗန်းမော်နဲ့ ၇မိုင်ပဲ ဝေးတယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့ အလုပ်လုပ်တဲ့နေရာမှာ တော်တော်လေး စစ်ရေးအခြေအနေအရအခက်အခဲတွေရှိပါတယ်''
ကေအိုင်အေအတွက် လိုင်ဇာ - ဗန်းမော် လမ်းကြောမှာ ပြီးခဲ့တဲ့လတွေကတိုက်ခဲ့တဲ့ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ကုန်လော စတဲ့ဒေသတွေနဲ့ မတူတဲ့အခြေအနေတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
ဘီဘီစီရဲ့ မြေပြင်စစ်ရေး ရင်းမြစ်ကတော့ ခမရ ၄၃၇ ဟာ နယ်မြေနဲ့ စစ်ရေးဗျူဟာအရ အရေးကြီးတဲ့နေရာမှာရှိနေတာကြောင့် ကေအိုင်အေအတွက် တခြားဒေသတွေထက် ပိုခက်ခဲနေတာလို့ သုံးသပ်ပြပါတယ်။
'' ၄၃၇ က စစ်တပ်အတွက်လည်း အရေးကြီးတော့ ပိုခက်တယ်။ ကေအိုင်အေ ဗန်းမော်ကိုဝင်ဖို့ အတွက် ခမရ ၄၃၇ က အဟန့်အတားဖြစ်နေတာ။ သူက မိုးမောက်နဲ့ ဗန်းမော် လမ်းကြောင်းမှာဆိုရင် လွယ်ဂျယ် ကနေ မိုးမောက် ၊ မိုးမောက်ကနေမှ ဗန်းမော်ဘက်ကို သွားတဲ့ တစ်လျှောက်မှာရှိတာဆိုတော့ အဲဒီလမ်းပိုင်းလမ်းကြောတစ်ခုလုံး အတွက်အရေးကြီးတဲ့ တပ်စခန်းပဲ'' လို့ မြေပြင်စစ်ရေး ရင်းမြစ်က ရှင်းပြပါတယ်။
ဒါအပြင် ခမရ ၄၃၇ ဆက်ရှိနေရင် ကေအိုင်အေနေရာအများစုသိမ်းထားတဲ့ မိုးမောက်အပြင် လိုင်ဇာအထိ လုံခြုံရေးခြိမ်းခြောက်နိုင်လို့ ဒီစခန်းကိုရဖို့ ကေအိုင်အေက ကြိုးစားနေတာလို့ မြေပြင်စစ်ရေးရင်းမြစ်ကသူ့အမြင်ကို ပြောပါတယ်။
'' မိုးမောက်အပြင် လွယ်ဂျယ်၊ မိုင်ဂျာယန်တို့ကို ထပ်ပြီး စစ်တပ်က အင်အားပြန်တိုးချဲ့လာရင် အဲဒီနေရာတွေကို တပ်က ပြန်ခြိမ်းခြောက်လာနိုင်တယ်။ဒါကြောင့် ကေအိုင်အေအတွက်လည်း ၄၃၇ ရဖို့က အရေးကြီးနေတာ'' လို့ စစ်ရေးရင်းမြစ်ကပြောပါတယ်။
နှစ်ဖက်တပ်တွေကြားထိခိုက်ကျဆုံးမှုတွေရှိ
စစ်ကောင်စီက ဒီစခန်းကို လက်မလွှတ်ရဖို့ လေကြောင်းနဲ့ လက်နက်ကြီးကို အဓိကအားပြုသုံးနေပြီး တပြိုင်နက်တည်းမှာပဲ လေယာဥ် ၃ စီးထက်မနည်းသုံးပြီး တိုက်ခိုက်နေတာလို့ မြေပြင်မှာရှိနေတဲ့ စစ်ရေးရင်းမြစ်ကပြောပါတယ်။
ဇူလိုင် ၂၄ ရက် ကေအိုင်အေ ထိုးစစ်ဆင်တဲ့နေ့မှာပဲ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် KIA နဲ့ ပူးပေါင်းတပ်တွေက တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရသေဆုံးတာရှိခဲ့ပါတယ်။
'' အဲဒီ စခန်းကို မေလကတည်းက ကေအိုင်အေ ရဖို့ ခက်နေတယ်ဆိုတာက လေယာဥ်ပစ်ကူကြောင့်ပဲ။ တကယ်က ၂၄ ရက်နေ့ကတည်းက ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေ ဝင်နိုင်ခဲ့တယ်။ လေယာဥ်လာတာနဲ့ ပြန်ဆုတ်ခဲ့ရတယ်။ သူကတိုက်ဖို့နေရာအတွက်ရှောင်ဖို့နေရာမရှိဘူး'' လို့ မြေပြင်စစ်ရေးရင်းမြစ်ကပြောပါတယ်။
ဒါအပြင် ဗန်းမော်မြို့နဲ့ ၂ မိုင်ကျော် အကွာက တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးက ဗန်းမော် တက္ကသိုလ်ထဲမှာ စုဖွဲ့ထားပါတယ်။
ကေအိုင်အေရဲ့ ဇူလိုင် ၂၄ ရက်ထိုးစစ်မတိုင်ခင် ဇူလိုင် ၁၅ ရက်က စစ်ကောင်စီတပ်အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ တင့်ကား ၅ စီးက ဗန်းမော်မြို့ကနေ မိုးမောက်မြို့နယ်ဘက်ကို တက်သွားခဲ့သေးတယ်လို့ ဒေသတွင်း KNG သတင်းကဖော်ပြထားပါတယ်။
အဲဒီ စစ်ကောင်စီ စစ်ကြောင်းကို လမ်းခုလပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ရက်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
မိုးမောက် မြို့ ၆ မိုင်၊ ၇ မိုင်နဲ့ ဂျေအိန်ကျေးရွာအနီးတဝိုက်မှာ KIA တပ်တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး တင့်ကားပါတဲ့ စစ်ကြောင်းက ပြန်ဆုတ်သွားတယ်လို့ KIA သတင်းအရင်းအမြစ်ကပြောတဲ့အကြောင်း KNG ကဖော်ပြထားပါတယ်။
ဘီဘီစီရဲ့ ဒေသခံစစ်ရေးရင်းမြစ်ကတော့ ဗန်းမော်၊မံစီကိုလက်မလွှတ်ရဖို့ စစ်တပ်က အပြင်းအခန် ခုခံနေတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ်မှာ ၂၀၂၄ မတ်လ ၇ ရက်ကစလို့ ကချင်လွတ်လပ်ရေးတပ် KIA ကထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
ဒီထိုးစစ်ကာလအတွင်း ဒီတိုက်ပွဲတွေကို ဦးစီးတဲ့ ကေအိုင်အေ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး R.ခေါင်လွမ်း ( ရုတ်ချောင်ခေါင်လွမ်း) နာတာရှည်အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းနေရာမှာ ဒုဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာက စစ်ဦးစီးချုပ်ဖြစ်လာပါတယ်။
၂၀၂၄ ဇူလိုင်လနှောင်းပိုင်း ကချင်ထိုးစစ်ပြန်စချိန်မှာ ဗန်းမော် - မြစ်ကြီးနား- ဝိုင်းမော်စစ်ရေးအခြေအနေတင်းမာနေပါတယ်။
ကချင်ထိုးစစ် ၄ လအတွင်းမှာ ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေဟာ မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နဲ့ ဝိုင်းမော်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းကြီး/ငယ် စုစုပေါင်းတစ်ရာကျော်ခန့်ကို သိမ်းပိုက်ထားပါတယ်။
ကချင်တစ်ပြည်နယ်လုံးမှာ စစ်တပ်စခန်း၊ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်စခန်းအပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၁၁၀ ကျော်ကိုသိမ်းပိုက်ထားတယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
လက်နက်ခဲယမ်းအပြည့်အစုံ၊ အမြောက်ကုန်းအပါအဝင် တပ်ဖွဲ့အင်အားရာနဲ့ချီရှိတဲ့ စစ်ဗျူဟာကုန်းနဲ့ စစ်စခန်းကုန်းကြီးက ၁၅ ခုထက်မနည်းသိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။
တပ်မဟာ ၄ ဘက်မှာ နမ့်ဖတ်ကာ၊ တပ်မဟာ ၃ လွယ်ဂျယ်၊မံစီ၊ယောရုံ ပါတယ်။ တပ်မဟာ ၅ နယ်မြေဘက်မှာ ဒေါ့ဖုန်းယန်၊ အုန်းတောပါတယ်။ လိုင်ဇာဌာနချုပ်တွေကိုခြိမ်းခြောက်နေတဲ့ ခါယန်တောင်၊ ဘွမ်ရယ်တောင်စခန်းတွေလည်းပါဝင်ပါတယ်။
မြစ်ကြီးနား - ဗန်းမော်ကားလမ်းပေါ်ကတော့ ဂန်ဒေါင်ယန်၊ ဂီဒေါင်စခန်း၊ ဝိုင်းမော် - ဆဒုံး -ကံပိုင်တည်လမ်းပိုင်းက ဆဒုံးစခန်း၊တပ်မဟာ ၁ မှာ ဆွမ်ပရာဘွမ် စခန်း၊ ဗန်းမော်-လွယ်ဂျယ် ကားလမ်း ပေါ် က စစ်ရေးဗျူဟာမြောက် စိန်လုံ( စိန်လုံကဘား) တပ်စခန်းကြီးတွေပါဝင်ပါတယ်။
လမ်းပိတ် ၊ အင်တာနက်ပြတ်တဲ့ ကချင်ပြည်နယ်
တဖက်မှာလည်း ဗန်းမော်– မန္တလေး ကားလမ်းမကြီးကို မေလ ကစပြီး ပိတ်ထားခဲ့တဲ့အတွက် ဗန်းမော်မြို့နယ်ထဲမှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေး သိသိသာသာမြင့်တက်လာတယ်လို့ ကချင်ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နောက်ပိုင်းစပြီး ဗန်းမော်မြို့အနီးတစ်ဝိုက် နေရာအနှံ့တိုက်ပွဲပြင်းထန်လာတဲ့အတွက်ဗန်းမော်– မန္တလေး ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို နှစ်ဖက်တပ်တွေက ပိတ်ခဲ့တာ ၂ လကျော်ကြာလာပြီဖြစ်ပါတယ်။
ဒီလမ်းကြောင်းကိုရှောင်နိုင်ဖို့ စင်းခမ်း၊ ကသာ၊ ရွေကူဘက်ကနေ ရေလမ်းကြောင်းတွေနဲ့ အခြေခံစားသောက်ကုန်တွေကို ဗန်းမော်ကို သယ်ယူရောင်းဝယ်ကြပေမဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေကမြင့်တက်လို့ ဝယ်ယူသူတွေမှာ စျေး ၂ဆ နဲ့ ၃ ဆပိုပေးဝယ်နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် လဆန်းက ဗန်းမော်မှာ ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် ရေဘေးဒဏ်ကိုခံခဲ့ရတဲ့ဗန်းမော်မှာ လက်ရှိမှာ ကုန်ဈေးနှုန်းဒဏ်တွေကို ရင်ဆိုင်နေရသလို စစ်ရေးအခြေအနေကိုလည်းစိုးရိမ်နေရတယ်လို့ မြေပြင်ဒေသခံတစ်ဦးကပြောပါတယ်။
တချိန်တည်းမှာပဲ ကချင်ပြည်နယ်အတွင်း တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်တောက်နေတာဖြစ်ပါတယ်။
အဲဒီလို ဖုန်းနဲ့အင်တာနက်လိုင်းအားလုံးပြတ်တောက်နေတဲ့အတွက် ကချင်ပြည်နယ်က ဒေသခံတွေအနေနဲ့ ဂရုပြုနေထိုင်ကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က သတိပေးထားပါတယ်။
“စစ်ရေး၊ နိုင်ငံရေးသတင်းတွေကို အချိန်နဲ့ အမျှ သတင်းပေးပို့ဖို့ ခက်ခဲတဲ့အချိန်ကာလဖြစ်နေတယ်။ ဒါကြောင့် သေနတ်သံ ၊ လက်နက်ကြီးသံ၊ စစ်ရေးလှုပ်ရှားမှုအသံတွေကို သတိအနေအထားနဲ့နေဖို့လိုအပ်သလို မိဝမ်းစာအတွက်ဖားရှာငါးရှာကြတဲ့အချိန်မှာလည်းသတိထားသွားလာဖို့ ဂရုပြုစေချင်တယ်'' လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဆက်သွယ်ရေးကွန်ယက်တွေ ပြတ်တောက်နေလို့ လေကြောင်းအသံ ၊ လက်နက်ကြီးသံတွေ အပါအဝင် အချင်းချင်းသတိပေးဆက်သွယ်တဲ့နည်းလမ်းတွေသုံးဖို့လည်း လိုအပ်တယ်လို့ အသိပေးထားပါတယ်။