ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဌာနချုပ် လိုင်ဇာအနီး စစ်ကောင်စီ အင်အားတိုးချဲ့ ပြီး စစ်ရေးဖိအားပေးလာ
အောက်တိုဘာလနဲ့ နိုဝင်ဘာလပထမပတ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ် KIA ရဲ့ ဌာနချုပ်လိုင်ဇာမြို့အနီး နဲ့ ကေအိုင်အေ တပ်မဟာတွေရှိတဲ့နေရာတွေကို စစ်ကောင်စီဘက်ကနေ တိုက်ခိုက်ပစ်ခတ်တာတွေပိုတိုးလုပ်လာတယ်လို့ ဒေသခံတွေနဲ့ KIA ဘက်ကဖြေဆိုချက်တွေအရတွေ့ရပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ ကဆိုရင် အသိပေးအကြောင်းကြားထားတာကို မသိကျိုးကျွန်ပြုတာကြောင့် ဆိုပြီး ကချင်လွတ်လပ်ရေးတပ် KIA ကို ပြန်လည်တုံ့ပြန်မှုတွေလုပ်မယ့်အကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ဦးတည်တိုက်ခိုက်နေတဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေမှာ ကေအိုင်အေ မပါဝင်ဖို့သတိပေးထားတဲ့အကြောင်းပြောထားပါတယ်။
စစ်တပ်ဘက်ကအပြောမှာ တပ်စခန်းတွေကို မတိုက်ခိုက်ဖို့ အကြိမ်ကြိမ် KIA ကို ဆက်သွယ်ခဲ့ပေမဲ့ သာလွန်အင်အားသုံးပြီး အလစ်အငိုက်တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေး ကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ကိုယ်တိုင်သွားကြည့်ရှုခဲ့တာတွေကိုထောက်ပြထားပါတယ်။
ဒါအပြင် မြန်မာ - တရုတ်နယ်စပ်အနီးမှာ လက်နက်၊ ခဲယမ်းစက်ရုံတွေ တည်ဆောက်ပြီးအကြမ်းဖက်လုပ်ငန်းတွေလုပ်ဖို့ နောက်ကွယ်ကနေ အားပေးနေတာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
အဲဒီလိုထုတ်ပြန်ပြီးနောက်မှာပဲ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးမှာရှိတဲ့ ခါယာတောင်နဲ့ ဘွန်ရယ်တောင်က တပ်စခန်းတွေမှာ စစ်ကောင်စီဘက်က အင်အားတိုးချဲ့ဖြည့်တင်းလာတယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ဘီဘီစီကို ပြောပါတယ်။
“ဗန်းမော်ဘက်ကနေလာတဲ့ စစ်ကြောင်းတွေက ခါယာတောင်တို့ ဘွန်ရယ်တောင်တို့ဘက်ကို တော်တော်လေး အင်အားဖြည့်ထားတယ်။ မြစ်ကြီးနားဘက်ကတော့ မလိ၊ ဂျာဂု နဲ့ ကဂန်ဘက်ကို အင်အားဖြည့်ထားတာကို ကြားရပါတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
ဘာကြောင့် KIA ကို တုံ့ပြန်မယ်လို့ စစ်တပ်ထုတ်ပြောတာလဲ
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ နဘတ်ကြီး စခန်း၊ ၁၉ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နမ့်ကွတ် စခန်နဲ့ ၂၀ ရက်နေ့မှာတော့ လိုင်လွမ်စခန်းတို့ကို KIA က အပြီးသိမ်းခဲ့တဲ့အကြောင်း ဘီဘီစီနဲ့ သီးသန့်အင်တာဗျူးမှာ ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဦးဆောင်လှုပ်ရှားတဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အပိုင် မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဂန်ဒေါင်ယန်တပ်စခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့သလို စစ်တပ်ရဲ့ မလိယန်စခန်း ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
ဒါအပြင် ၁၀၂၇ စစ်ဆင်ရေး အဖြစ် လှုပ်ရှားနေတဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတလျှောက်က တိုက်ပွဲတွေမှာလည်း ရက္ခိုင့်တပ်တော် AA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ခရိုင်တပ်ရင်းတွေသာမက ကချင်လွတ်လပ်ရေးတပ် KIA လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောထားပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့က စစ်ကောင်စီရဲ့ KIA အပေါ် ပြန်လည်တုံ့ပြန်မယ့်ဆိုတဲ့ထုတ်ပြောမှုနဲ့ ပတ်သက်လို့ KIA ရဲ့ သဘောထားကို ဗိုလ်မှူးကြီးနော်ဘူကို ဘီဘီစီကမေးခဲ့ပေမဲ့ မှတ်ချက်ပြုဖို့ ငြင်းဆိုခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး မစတင်မီရက်ပိုင်းအလိုက ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ကို ဘီဘီစီက သီးသန့်အင်တာဗျူးမေးမြန်းခဲ့ချိန်မှာတော့ KIA အနေနဲ့ စခန်းသိမ်းဖို့ ရည်ရွယ်ချက်မရှိဘဲ စစ်ကျွံလာတဲ့အခါ တိုက်ရင်းနဲ့ပဲ တိုက်ပွဲတွေဖော်လိုက်တာလို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ နိုဝင်ဘာ ၃ ရက်နေ့ ထုတ်ပြန်ပြီးနောက်ပိုင်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်တာလည်းရှိသလို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေခဲ့တယ်လို့ ဒေသခံတွေကရော KIA ကပါ ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့မှာတော့ လိုင်ဇာမြို့အနီး ကို လက်နက်ကြီးနှစ်လုံး၊ တရုတ်နယ်နိမိတ်ထဲကိုတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကေအိုင်အေဘက်ကအတည်ပြုပါတယ်။
“မနေ့ နေ့လယ် ၁၁ နာရီလောက်မှာ တရုတ်ဘက်ကို လက်နက်ကြီး တစ်လုံးကျပါတယ်။ သုံးယောက်ထိတာ မှ တစ်ယောက်ကတော့ သေဆုံးပြီး နှစ်ယောက်တော့ ဆေးရုံမှာ ဆေးကုသနေရတယ်လို့ကြားပါတယ်”
လိုင်ဇာမြို့နဲ့ ထိစပ်နေတဲ့ တရုတ်နယ်နိမိတ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ခဲ့တဲ့အကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အခုလိုပြောခဲ့တာပါ။
ဒီလိုကျရောက်ပေါက်ကွဲမှုအပေါ် တရုတ်ဘက်က တုံ့ပြန်မှုနဲ့ ပတ်သက်လို့ သူ့အနေနဲ့ မသိရှိထားဘူးလို့လည်းဆက်ပြောပါတယ်။ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းအထိ တစုံတရာ ထုတ်ပြောတာမတွေ့ရပါဘူး။
ဖြစ်စဉ်ဖြစ်ခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာပဲ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့မရသလို တရုတ်အာဏာပိုင်တွေဘက်ကလည်း ထုတ်ပြန်ပြောဆိုမှုကိုမတွေ့ရသေးပါဘူး။
လိုင်ဇာမြို့ထဲ ကျရောက်ခဲ့တဲ့ လက်နက်ကြီး နှစ်လုံးကြောင့် အရပ်သားလူနေအိမ်တွေ ပျက်စီးခဲ့ပြီး လူထိခိုက်တာတွေ မရှိဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ စိုးရိမ်ချက်ရှိနေပြီး နီးစပ်ရာကျေးရွာတွေနဲ့ လုံခြုံမယ့်နေရာတွေဆီ ရွှေ့ပြောင်းနေကြပါပြီ။
“ဒေသခံတွေက IDP (စစ်ရှောင်စခန်း) ရှိတဲ့ ရွာတွေနဲ့ မိုင်ဂျာယန်ဘက်ကို ရှောင်တိမ်းနေကြတယ်” လို့ လက်ရှိ လိုင်ဇာ အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ကေအိုင်အေဘက်ကလည်း ဒေသခံတွေလုံခြုံရေးအတွက် အသိပညာပေးတာတွေလုပ်ပေးနေတယ်လို့ ပြောပြီး စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ရာလမ်းကြောင်းတွေနဲ့ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာပေါ် မဖြန့်ဝေဖို့ လိုင်ဇာမြို့ခံတွေကို KIA က သတိပေးထားတယ်လို့လည်း နီးစပ်သူတွေဆီက သိရပါတယ်။
ဒီလို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းနဲ့ ၅ ရက်နေ့ မနက်အစောပိုင်းတွေအထိ စစ်ကောင်စီတပ်ဘက်က လိုင်ဇာအနီး ကို လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ပြောကြပါတယ်။
“ဒီနေ့ ( နိုဝင်ဘာ ၅ ရက်) ကတော့ ငြိမ်နေပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ လုံခြုံမယ့်နေရာရွှေ့ပြောင်းနေကြတာပေါ့” လို့ လိုင်ဇာမြို့ခံ တွေအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို အခုလိုပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ၁၀၂၇ စစ်ဆင်ရေး အနေနဲ့ ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့မြောက်ပိုင်းညီနောင်သုံးဖွဲ့ ရှမ်းမြောက်မှာ တိုက်ပွဲဖော်ပြီး စစ်ကောင်စီစခန်း ၁၀၀ နီးပါးနဲ့ မြိုးလေးမြို့ကို သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ပြောဆိုနေချိန်မှာ ဒီအဖွဲ့တွေနဲ့ မဟာမိတ်ဖြစ်တဲ့ KIA အပေါ် စစ်တပ်ဘက်က စစ်ရေးဖိအားပေးနေတာလားဆိုတဲ့ယူဆချက်တွေလည်းစစ်ရေးအကဲခတ်တချို့မှာရှိနေပါတယ်။