ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့ အနီး လက်နက်ကြီးကျ

 မြန်မာ တရုတ်နယ်စပ်က ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော် ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက မုန်လိုင်ခက်ရွာ အနီးတစ်ဝိုက်ကို မနေ့ညက လက်နက်ကြီး ၄ ကြိမ်ထက်မနည်း ကျရောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညက ၁၂ နာရီ နဲ့ တစ်နာရီ ဝန်းကျင်မှာ ရွာအနီးကို လက်နက်ကြီးကျခဲ့တာဖြစ်ပြီး လက်နက်ကြီးကျပြီးနောက် စစ်ကောင်စီစစ်လေယာဉ်တွေ နှစ်ကြိမ်ထက်မနည်း ပျံဝဲနေတာတွေ့ရကြောင်းလည်း သူက ပြောပါတယ်။

လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး သတင်းအသေအချာမသိရသေးကြောင်းနဲ့ ရွာလူကြီးတွေကတော့ သတိထားကြဖို့ လိုက်လံ သတိပေးတာတွေရှိတယ်လို့ သူတို့ကပြောပါတယ်။

လက်နက်ကြီး ကျရောက်ပြီးတဲ့နောက်မှာ စစ်လေယာဉ် ဝဲနေလို့ ဒေသခံ အချို့ဟာ မနေ့ညက နေ့အိမ်တွေမှာ မအိပ်ရဲကြဘဲ တစ်ညလုံးနီးပါ ဗုံးခိုကျင်းနဲ့ ဘေးလွတ်မယ်ထင်ရာနေရာ အချို့ကို ရွှေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။

မုန်လိုင်ခက် ကျေးရွာဟာ လိုင်ဇာမြို့အနီး မှာရှိပြီး လိုင်ဇာကို ဆိုင်ကယ်နဲ့ သွားရင် ၅ မိနစ်အတွင်းရောက်တဲ့ ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလက်နက်ကြီး ကျရောက်တာဟာ ၂၀၂၂ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်ပြီး လိုင်ဇာမြို့အနီးကို စစ်ကောင်စီဘက်က တိုက်ခိုက်မှု လုပ်လာမှာကို ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။

လက်နက်ကြီး ကျမှာကိုကြောက်လို့ မုန်လိုင်ခက်ရွာ ဒေသခံတွေ ကတုတ်ကျင်းထဲမှာပဲ အောက်တိုဘာ ၂၉ ရကနေ့ညက ညအိပ်ခဲ့ရတဲ့အကြောင်း ဒေသခံအမျိုးသမီးတစ်ဦး ကပြောပါတယ်။

လိုင်ဇာအနီး လက်နက်ကြီး ကျတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပစ်ခတ်တာလို့ ကချင်ဒေသခံတွေက ပြောပေမဲ့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။

ကချင်လွတ်လပ်ရေးတပ်မတော် ဌာနချုပ်တည်ရှိရာ လိုင်ဇာကို အရင် ၂၀၁၃ ဝန်းကျင်ကလည်း စစ်တပ်ဘက် ပစ်ခတ်မှုတွေရှိခဲ့လို့ ဒဏ်ရာရသူအချို့ရှိခဲ့ပြီးနောက် အဲဒီအချိန်က တာဝန်ယူထားတဲ့ သမ္မတ ဦးသိန်းစိန်က လိုင်ဇာကို တိုက်မှာမဟုတ်ဘူးလို့ပြောပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖိတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်၊ ကံဆီးရွာအနီးက အဲဒီနေရာကို အောက်တိုဘာလ ၂၃ ရက်ညပိုင်းတုန်းက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကေအိုင်အို ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့အကြို ဖျော်ဖြေပွဲကို တက်ရောက်နေတဲ့ ကေအိုင်အို အမှုထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါအရပ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆၀ ကျော်အထိ မြင့်တက်လာတယ်လို့ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ကေအိုင်အေက ပြောခဲ့ပါတယ်။

အစောပိုင်းမှာ သေဆုံးသူ ၅၀ ထက်မနည်းရှိတယ်လို့ ကေအိုင်အို ဘက်ကပြောပေမဲ့ နောက်ပိုင်းမှာ သေဆုံးသူ ၆၂ ဦးထိ စာရင်းကောက်ယူရရှိထားတယ်လို့ ကေအိုင်အို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ကေအိုင်အေ တပ်မဟာမှူး၊ ဒုတပ်မဟာမှူးတွေလည်း ပါဝင်တယ်လို့ သူကပြောပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပါ၊ မပါ ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူကလည်း ၆၂ ဦးအထိရှိလာပြီး ကေအိုင်အေ ဘက်က ဆေးဝါးကုသပေးနေပေမဲ့ ပြည့်စုံတဲ့အနေအထား မဟုတ်ဘူးလို့ ဆိုပါတယ်။

 ကချင်ပြည်နယ် အတွင်း စုဖွဲ့လှုပ်ရှားတဲ့ ကေအိုင်အေတပ်ဖွဲ့တွေဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတိုင်းအတွင်းက မြစ်ကြီးနား ဗန်းမောက် ကသာ ထီးချိုင့် ကားလမ်းကြောင်းနဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ၂၀၂၂ ခုနှစ် အတွင်း အစိုးရဌာနဆိုင်ရာ ရုံး အဆောက်အဦများနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အင်အားသုံးပြီး ၇၈ ကြိမ်ခန့် နှောက်ယှက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၁ ရက်နေ့ နဲ့ ၂၃ ရက်နေ့တွေမှာ မိုးမောက်မြို့နယ်အတွင်း တပ်မတော်စခန်းတွေနဲ့ လုံခြုံရေးစခန်းတွေကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တဲ့ အတွက် ကေအိုင်အေတပ်မဟာ ၉ နယ်မြေကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်း စစ်ကောင်စီကို ထောက်ခံတဲ့ သတင်းမီဒီယာ ချန်နယ်တွေမှာ စစ်ကောင်စီတပ်တွေဟာ မိုးမောက်မြို့နယ်ထဲက ကေအိုင်အေ တပ်မဟာ ၁၅ ဌာနချုပ်ကို သိမ်းလိုက်ပြီဆိုပြီး သတင်းထုတ်ပြန်တာကို တွေ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လ ၃ ရက် ညပိုင်းမှာပဲ ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့အနီးမှာလည်း လက်နက်ကြီးကျည် ၆ လုံးထက်မနည်း ကျခဲ့တယ်လို့ ကေအိုင်အေပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောခဲ့ပါတယ်။

လိုင်ဇာကို ပစ်မှတ်ထား ပစ်ခတ်တာမျိုးတွေကို ၂၀၂၁ ဇူလိုင်လနဲ့ သြဂုတ်လတုန်းက စစ်ကောင်စီတပ် ဘက်က ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်ထဲမှာတော့ မနေ့က ပထမဆုံး လိုင်ဇာအနီးကို ပစ်ခတ် ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။

 ဒါ့အပြင် ကချင်ပြည်နယ်ထဲက ဖားကန့် နဲ့ မိုးမောက်မြို့က ကေအိုင်အေထိန်းချုပ်တဲ့ တပ်စခန်းတွေအပါအဝင် ကေအိုင်အေထိန်းချုပ် နယ်မြေတချို့မှာ အခုရက်ပိုင်း တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အပြင် တပ်အင်အားတွေ လည်း တိုးချဲ့ ပို့ထားတဲ့အတွက် စစ်ရေး အရှိန်မြင့် လာနိုင်တယ်လို့လည်း ဒေသခံတွေက ယူဆနေကြပါတယ်။