ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
''ငြိမ်းချမ်းခြင်းပြောပြီးမှ တနိုင်းကို ဗုံးကြဲတာ ကချင်ပြည်နယ်နေ့ လက်ဆောင်လို့ မှတ်ယူရမလိုပဲ'' - KIA
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသဝဏ်လွှာကို ပေးပို့ခဲ့ပြီး နောက်တစ်ရက်၊ ဇန်နဝါရီ ၁၁ ရက်မှာ စစ်တပ်က ကချင်ပြည်နယ်ထဲက ကမ္ဘာကျော် ဟူးကောင်းချိုင့်ဝှမ်းရှိရာ တနိုင်းမြို့နယ်ထဲကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေးတွေမှာ သဘောထားကွဲလွဲတာတွေ လျော့နည်းပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီနဲ့ လွှတ်တော်လမ်းကြောင်းပေါ်ရောက်အောင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့သဝဏ်လွှာမှာ ပြောခဲ့တာပါ။
ဒီလိုပြောပြီး နောက်ရက်မှာပဲ တနိုင်းမြို့နယ်ထဲမှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA) သိမ်းပိုက်ထားတဲ့ လပူခနဲ့ စန်လွန် ရွှေနဲ့ ပယင်းမှော်လုပ်ကွက်တွေထဲကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
"ငြိမ်းချမ်းခြင်းဆိုပြီး သဝဏ်လွှာပို့ပြီးမှ အခုလိုလုပ်တာက ကချင်ပြည်နယ်နေ့ အမှတ်တရ လို့ မှတ်ယူရမလို ဖြစ်နေပါတယ်"လို့ KIA ပြန်ကြားရေး တာဝန်ရှိခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။
တနိုင်းမြို့ထဲမှာ တိုက်ပွဲဖြစ်တာတွေ မရှိဘဲ ပုံမှန်ပဲ သွားလာလှုပ်ရှားနေကြချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ တနိုင်းမြို့ခံတွေကလည်း ပြောပါတယ်။
ဘီဘီစီနဲ့ အဆက်အသွယ်ရတဲ့တနိုင်းမြို့သားတချို့ရဲ့ အပြောအရဆိုရင် အခုတစ်ခေါက် ဗုံးကြဲမှုဟာ ၂၀၂၂ ခုနှစ်တုန်းက ဖားကန့်မြို့နယ်ထဲမှာ စစ်တပ်က ညအချိန် လေကြောင်းကနေ ဗုံးကြဲလို့ လူ ၆၀ ထက်မနည်းသေဆုံးခဲ့တဲ့ အနန့်ပါ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်ကိုလည်း ပြန်အမှတ်ရစေပါတယ်။
စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်၊ ကံဆီးရွာအနီးက အနန့်ပါအရပ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်ညပိုင်းတုန်းက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် KIO ဖွဲ့စည်းမှုနှစ်ပတ်လည်နေ့အကြို ဖျော်ဖြေပွဲကို တက်ရောက်နေတဲ့ KIO အမှုထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့တာဖြစ်ပါတယ်။
အနန့်ပါကို စစ်တပ်က ဗုံးကြဲချိန်တုန်းက ဗုံးကျရောက် ပေါက်ကွဲပြီးမှ လေယာဥ်သံ ကြားခဲ့ရတာလို့ အဲဒီဖြစ်ရပ်တုန်းက အသက်ရှင်ကျန်ရစ်ခဲ့သူတွေကို ဘီဘီစီကို ပြောပြခဲ့ပါတယ်။
အခုလည်း ရွှေနဲ့ ပယင်းမှော်တွေရှိရာ တနိုင်းမြို့နယ်ထဲကို စစ်တပ်ဗုံးကြဲမှုဟာ အဲဒီတုန်းက အခြေအနေနဲ့ ဆင်တူတယ်လို့ တနိုင်းမြို့ခံတွေက ပြောပါတယ်။
"တိုက်ပွဲဖြစ်သံလည်း ဘာမှမကြားဘူး။ နေ့လယ် ၁၁ နာရီလောက် ကျွန်တော်တို့က ထမင်းစားနေကြတုန်း ဗုံးကျပေါက်ကွဲတဲ့ အသံကို အရင်ကြားတာ၊ ပြီးမှ လေယာဉ်သံကို ကြားရတာ" လို့ မြို့ခံက ပြောပါတယ်။
ဗုံးကြဲခံရတဲ့ နေရာက တနိုင်းမြို့နဲ့ မိုင် ၂၀ ဝန်းကျင်လောက် ဝေးပေမဲ့ ဗုံးကြဲသံနဲ့ တိုက်လေယာဉ်သံကိုတော့ သိသိသာသာ ကြားရခဲ့ကြရပါတယ်။
အနန့်ပါဖြစ်စဥ်နဲ့ မတူတာကတော့ တနိုင်းကို စစ်တပ်က နေ့အလင်းရောင်ရှိနေချိန်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပယင်းတွေထွက်လို့ ကမ္ဘာကျော်တဲ့ ဟူးကောင်းချိုင့်ဝှမ်းရှိရာ တနိုင်းမြို့နယ်ထဲကို စစ်တပ်က အခုတစ်ကြိမ်ဗုံးကြဲမှုကတော့ လူပေါင်း ၂၀ နီးပါးသေဆုံးတယ်လို့ ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG) က ဘီဘီစီကို ပြောပါတယ်။
တနိုင်းကို ဘာကြောင့် လေကြောင်းကနေ ဗုံးကြဲတာလဲ
တကယ်တော့ တနိုင်းမှာရှိတဲ့ ပယင်းနဲ့ ရွှေလုပ်ကွက်နေရာတွေဟာ KIA က ပြီးခဲ့တဲ့ ၉ နှစ်ဝန်းကျင်က လက်လွှတ်လိုက်ရတဲ့ နေရာတွေဖြစ်တဲ့အတွက် စစ်ကောင်စီ ဆီကနေ KIA က ပြန်တိုက်ယူတယ်လို့ ဆိုနိုင်ပါတယ်။
စစ်တပ်က သိမ်းပိုက်ချိန်ကာလဖြစ်တဲ့ ၂၀၁၇ ခုနှစ်မှာဆိုရင် တနိုင်းမြို့ထဲက ရွှေနဲ့ပယင်းမှော်တွေကို နိုင်ငံတော်က တရားဝင်ခွင့်ပြုထားတာ မရှိတဲ့အတွက် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်မယ့်အကြောင်း ၂၀၁၇ ဇွန်မှာ ရဟတ်ယာဉ်ပေါ်ကနေ စာတွေကြဲချခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ပယင်းနဲ့ ရွှေလုပ်ကွက်တွေမှာ စစ်တပ်က ဝင်ပြီးနေရာယူခဲ့ကြပြီးနောက် ၂၀၂၄ ခုနှစ် မေ မှာ KIA က သိမ်းပိုက်လိုက်တာကြောင့် ပြန်ပြီးလက်လွှတ်လိုက်ရတာပါ။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာတော့ စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ ရွှေနဲ့ ပယင်းလုပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။
ဗုံးကျရောက်ပေါက်ကွဲတဲ့ နေရာက အရပ်သား ၁၈ ယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ ဓာတ်ပုံတွေထဲမှာဆိုရင် မီးလောင်ကျွမ်းခံထားရတဲ့ ရုပ်အလောင်းတွေ၊ အမိုးလုပ်ထားတဲ့ အစိမ်းရောင် မိုးကာပြင် အောက်မှာ မိုးကာတွေနဲ့ပတ်ထားပြီး ပလတ်စတစ်ကြိုးတွေနဲ့ ချည်ထားတဲ့ ရုပ်အလောင်းတွေ တန်းစီနေတာကို တွေ့ရပါတယ်။
မီးလောင်လက်စနဲ့ ပြိုပျက်နေတဲ့ တဲအိမ်တွေလည်း ရှိနေပါတယ်။
တချို့ရုပ်အလောင်းတွေက လူတစ်ယောက်စာ အရပ်အပြည့်ရှိပေမဲ့ တချို့ရုပ်အလောင်းတွေကတော့ ခါးဝက်လောက် သာသာတွေပဲ ဖြစ်နေပါတယ်။
ရွှေနဲ့ပယင်း လုပ်ကွက်တွေဖြစ်တာကြောင့် တနိုင်းမြို့နယ် ဒေသခံတွေသာမက တခြားမြို့နယ်တွေက လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ရှိတဲ့နေရာပါ။
"သေဆုံးသူတွေက ဘယ်သူတွေ၊ ဘယ်ကလဲဆိုတာတော့ မသိရဘူး၊ အမျိုးသား၊ အမျိုးသမီး ၊ ကလေးတွေပါ ပါတယ်လို့တော့ သိရတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒဏ်ရာရထားတဲ့သူတွေကိုတော့ KIA က ဆေးကုပေးနေတယ်လို့ သိရပါတယ်။
နယ်မြေဆုံးရှုံးမှုကို လက်မခံနိုင်တာ ဖြစ်သလို သယံဇာတကနေ ရနေတဲ့ ဝင်ငွေတွေ လျော့ပါးသွားတာကို မကြည်ဖြူတာကြောင့် စစ်ကောင်စီက အခုလို ဗုံးကြဲတာလို့ KIA နဲ့ နိုင်ငံရေးသုံးသပ်သူတွေက မှတ်ချက်ပေးကြပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကဆိုရင် ဒီမှော်နေရာတွေဟာ KIA ပြန်ပြီး မသိမ်းပိုက်ခင်က စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာတွေဖြစ်တယ်လို့ ပြောပါတယ်။
"အခု စစ်တပ်မရှိတော့ဘူး။ KIA က တိုက်လို့ ထွက်သွားရပြီ၊ သူတို့စွန့်ခွာပြီးတဲ့နေရာကို ပြန်ဖျက်ဆီးတတ်တာ တချက်၊ ပြည်သူတွေရှိမှန်းသိရက်နဲ့ ဗုံးကြဲတာက သူတို့ အုပ်ချုပ်ခွင့်မရတော့လို့ လုပ်တာ၊ ပြီးတော့ ကေအိုင်အေထိန်းချုပ်ထားတဲ့အခါမှာ သူတို့ ဝင်ငွေရပေါက်ကျဆင်းလို့ အနှောင့်ယှက်ပေးတာ ဖြစ်နိုင်ပါတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်ကောင်စီက သူလက်လွှတ်လိုက်ရတဲ့ နေရာတွေမှာ စီးပွားရေးလုပ်ကွက်တွေ ဆက်မလုပ်နိုင်အောင် ဗုံးကြဲတာသာမက အရပ်သားတွေ ရှိတဲ့နေရာလည်း လေကြောင်းကနေ ဗုံးကြဲနေတာတွေက ရှေ့ဖြစ်ရပ်တွေမှာလည်း ထင်ထင်ရှားရှား ရှိခဲ့တာကို နိုင်ငံရေးသုံးသပ်သူတွေက ထောက်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ သယံဇာတ တူးဖော်ရာ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း စစ်တပ်ဟာ ၂၀၁၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ်၊ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ထဲက နေရာအချို့ကို လေကြောင်းကနေ ဗုံးအလုံးရေ ၁၀ လုံးထက်မနည်းကြဲချခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အပြီးမှာ တနိုင်းက ရွှေနဲ့ ပယင်းလုပ်ကွက်ထဲကို စစ်တပ် ဗုံးကြဲမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တော့ ဒီနှစ်နေရာစလုံးကို လေကြောင်းကနေ ဗုံးကြဲတာနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်မပြောသေးပါဘူး။
လက်ရှိ တနိုင်းအခြေအနေနဲ့ စိုးမိုးနိုင်မှု
တနိုင်းမြို့နယ် တစ်ခုတည်းမှာသာ ရှိပေမဲ့ ဗုံးကြဲခံရတဲ့နေရာက မြို့အပြင်ဘက် KIA စိုးမိုးနေရာဖြစ်ပြီး တနိုင်းမြို့ပေါ်မှာတော့ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပါတယ်။
တနိုင်းမြို့ပေါ်မှာတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်က ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ-တနိုင်း) ရှိနေပါတယ်။
အဲဒီ ဒကစ အောက်မှာတော့ အမှတ် (၈၆)၊ (၂၃၈)၊ (၃၁၈) ၊ (၂၉၇)၊ (၂၆၀) ခြေလျင်နဲ့ မြေမြန်တပ်ရင်းတွေ ရှိနေပါတယ်။
မြို့နယ်ထဲမှာ လူ ၂၀ နီးပါး သေဆုံးတဲ့ လေကြောင်း ဗုံးကြဲမှုမဖြစ်ခင် သီတင်း ၂ ပတ်နီးပါးတုန်းကတော့ စစ်ကောင်စီတပ်ရဲ့ ဒကစမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ ဒု-ဒကစမှူးနဲ့ အရာရှိကြီးတွေဟာ မြို့ထဲမှာ ကျင်းပတဲ့ ၅ ရက်ကြာ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်တဲ့အောင်ပွဲကို တက်ရောက်ကြတဲ့အကြောင်း မြို့ခံတွေက ဓာတ်ပုံတွေနဲ့တကွ လူမှုကွန်ရက်ပေါ် ရေးတင်ပါတယ်။
မှော်လုပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲပြီးနောက်ပိုင်းမှာလည်း တနိုင်းမြို့အတွင်းမှာ ပုံမှန်သွားလာနေကြပြီး ဒကစ အနီးဝန်းကျင်မှာတော့ လုံခြုံရေးတွေ တင်းကျပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ ကိုးကန့်၊ တအာင်းနဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ထိန်းချုပ်တဲ့ မြို့နယ်ဒေသတွေဆီကို စက်သုံးဆီတွေ သယ်ဆောင်ရောင်းဝယ်တဲ့ ကား (၂၂) စီးအပါအဝင် ဆီဂါလံပေါင်း ခြောက်သောင်းကျော်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဖမ်းဆီးတဲ့အထဲမှာ KIA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ၊ တနိုင်းမှာရှိတဲ့ ရွှေနဲ့ပယင်းမှော်လုပ်ငန်းတွေကို ပို့ဆောင်ရောင်းချမယ့်ဆီတွေပါဝင်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကျူးလွန်သူ လို့ စွပ်စွဲခံရသူ (၁၇) ယောက်ကိုလည်း အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅) နဲ့ စစ်ကောင်စီက အရေးယူထားပါတယ်။