နွံကန်နဲ့မြေစာပုံပြိုတာကို မထိန်းနိုင်လို့ အသက်တွေပေးနေရဆဲ ကျောက်စိမ်းမြေ

(စိတ်အနှောင့်အယှက် ဖြစ်နိုင်စရာ ဖော်ပြချက်မျိုး ပါဝင်ပါသည်)

Jade Land - ကျောက်စိမ်းမြေလို့ ကမ္ဘာကျော်တဲ့ ကချင်၊ ဖားကန့်မြေဟာ သယံဇာတတွေထွက်သလို ကျောက်စိမ်းတူးလို့ ဖြစ်လာတဲ့ နွံကန်တွေ မြေစာပုံတွေ မကြာခဏပြိုကျလို့ လူသေဆုံးမှုများတဲ့ ဒေသလည်းဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက် မနက် ၁ နာရီကျော် အချိန်မှာ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးမှာ ရတနာအဓိပတိ ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်က နွံကန်ပေါက်ပြီး အိမ်ခြေ ၇၀ ကျော် မြေစာနုန်းတွေဖုံးခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ မြေစာပုံပြိုကျမှုဖြစ်ခဲ့တဲ့ စပေါ့ရွာက တစ်ထပ်အိမ်တွေနဲ့ တဲအိမ်တွေကို မြေစာပုံက နုန်းမြေတွေက ဖုံးလွှမ်းသွားတာကိုတွေ့ရပါတယ်။

ကျောက်စိမ်းလုပ်ကွက်တွေ တူးဖော်မှုတားမြစ်ထားတဲ့ ဖားကန့်မှာ လုပ်ကွက်တွေဆက်လည်ပတ်နေသလို မကြာခဏဖြစ်နေတဲ့ မြေစာပုံပြိုကျတာနဲ့ နွံကန်ပေါက်တာတွေကိုလည်း ထိန်းချုပ်နိုင်တာမျိုးမရှိ ဖြစ်နေပါတယ်။

အိမ်ခြေ ၅၀ လောက် မြေဖုံးသွားတဲ့နေရာက ရှာဖွေကယ်ဆယ်ရေး

အဲဒီပြိုကျမှုဖြစ်ခဲ့တဲ့ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီလုပ်ကွက်ကနေ နွံကန်ရှိတဲ့မြေစာပုံနဲ့ ကျေးရွာအကြားကို အကျယ် ပေ ၂၀ ၊ အမြင့် ၁၀ ပေရှိတဲ့ မြေသားတမံနဲ့ ကာထားပါတယ်။

ဒါပေမဲ့ မြေစာနွံကန်ပြိုကျချိန်မှာတော့ တမံတွေက ခံနိုင်ရည်မရှိဘဲ ရွာထဲကို မြေတွေပြိုကျခဲ့တာလို့ မြေပြင်ကို ရောက်ခဲ့တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

"အပေါ်မှာ ထပ်ဖို့ထားတဲ့ မြေစာတွေရဲ့ အားကို မခံနိုင်တော့ နွံကန်က ရွာဘက်ကို ပေါက်ထွက်လာတာ၊ ကြားမှာ ကာထားတဲ့ တမံလည်း ကျိုးကျသွားတာ၊ အခုဆို တပြင်လုံး နွံတွေချည်းဖြစ်နေတယ်"လို့ နွံကန်ပြိုကျတဲ့ နေရာကို ရောက်ရှိခဲ့တဲ့ ဖားကန့်မြို့ခံက သူမြင်ခဲ့တဲ့အခြေအနေကိုပြောပြပါတယ်။

မြေစာနုန်းတွေထဲကနေ အသက် ၂ နှစ်ကနေ ၉ နှစ်အရွယ် ကလေး ၃ ယောက်၊ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၅ ယောက် စုစုပေါင်း ၁၂ ယောက် ကို ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းအထိကယ်ဆယ်ရေးအဖွဲ့တွေက ရှာတွေ့ထားပါတယ်။ ပျောက်ဆုံးနေသူတွေ ဆက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပြီး ရှာဖွေရေးတွေလည်း ဆက်လုပ်နေပါတယ်။

ဇန်နဝါရီလ ၁၄ ရက် နောက်ဆုံးရတဲ့အချက်အလက်အရ သေဆုံးရုပ်အလောင်း ၁၅ လောင်းတွေ့ ထားပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။

စောင်တွေနဲ့အုပ်ထားတဲ့ ရုပ်အလောင်းတွေနဲ့ မိုးကာပတ်ထားတဲ့ ရုပ်အလောင်းတွေရဲ့ ခေါင်းဘက်ခြမ်းမှာ ကျောက်တုံးတွေပေါ် ဖယောင်းတိုင်တင်ထွန်းထားတဲ့ ရုပ်အလောင်းဓာတ်ပုံတွေ က လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီး မြင်ရသူတွေက သေဆုံးသူတွေကို ကရုဏာသက်ကြတဲ့ မှတ်ချက်တွေလည်း ပေးထားကြပါတယ်။

"အခုရထားတဲ့ အလောင်းတွေက နေအိမ်တွေထဲမှာ ခြေလေးပေါ်နေတာ၊ လက်လေးပေါ်နေတာမျိုး ခန္ဓာကိုယ် တစွန်းတစပေါ်နေတာကို ပြန်ဖော်ထားရတာ၊ နွံထဲမှာ ပေါ်နေတဲ့ အလောင်းတွေဆိုရင်လည်း ကြိုးတွေ၊ ဘာတွေနဲ့ လက်လှမ်းမီသလောက်တွေကို ဆွဲယူထားရတာ၊ လုံးဝမြုပ်သွားတဲ့ အိမ်တွေထဲကလူတွေကိုတော့ ရှာဖို့ ခက်နေတုန်းပဲ" လို့ ဖားကန့်မြို့ခံက ပြောပါတယ်။

အုတ်နဲ့ အခိုင်အမာ ဆောက်ထားတဲ့ နှစ်ထပ်အိပ်တွေဆိုရင်လည်း အောက်ပိုင်းတစ်ထပ်လုံးက နွံတွေထဲမှာ နစ်မြုပ်နေတာလည်း တွေ့ရပါတယ်။

စပေါ့ကျေးရွာက နွံကန်ပြိုကျတဲ့နေရာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတာကြောင့် KIA တာဝန်ရှိသူတွေ၊ လူမှုကူညီရေးအဖွဲ့တွေက မြေကော်စက်တွေနဲ့ အဲဒီနွံတွေကို တူးဖော်ဖယ်ရှားနေကြတယ်လို့ KIA ဘက်က ပြောပါတယ်။

"KIO ရဲ့ တာဝန်ရှိသူတွေက မြေတူးစက်တွေနဲ့တူးပြီး အလောင်းတွေ ပြန်ဖော်ဖို့ ကြိုးစားနေပါတယ်။ သူတို့ဘက်မှာ အခက်အခဲရှိတာက နွံတွေက ပေ ၂၀ လောက်အထိ မြင့်နေတော့ ရှိတဲ့ ယန္တရားတွေနဲ့ လုပ်နေကြရတာပါပဲ"လို့ KIA ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက ပြောပါတယ်။

နစ်မြုပ်သွားတဲ့ နေအိမ်တွေထဲကနေ လူအသေအပျောက်အတိအကျ မသိကြရသေးပေမဲ့ အဲဒီရွာမှာ နေထိုင်ကြသူတွေရဲ့ အရေအတွက်အရ အနည်းဆုံး အယောက် ၅၀ နဲ့အထက် သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲဒီနွံကန် ပေါက်မကျခင်က အန္တရာယ်ရှိနိုင်တာကြောင့် အသုံးမပြုဖို့ KIO အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြိုတင် သတိပေးတာတွေ ရှိခဲ့တယ်လို့ KIA ရဲ့ ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ပေါက်ကျခဲ့တဲ့ နွံကန်ဟာ ရတနာအဓိပတိကုမ္ပဏီက တူးဖော်မှုကြောင့် ကျင်းကြီးဖြစ်နေပြီး အဲဒီကျင်းထဲမှာ ရှိနေတဲ့ နွံတွေအပေါ် စွန့်ပစ်မြေစာတွေဖို့ရင်း ကန်အပိတ်ဖြစ်နေရာကနေ ဘေးကနေတူးဖော်မှုကြောင့် ပေါက်ထွက်ပြီး အနီးက ရွာက အိမ်တွေနစ်မြုပ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နွံကန်ပေါက်ကျတဲ့အချိန်ဟာ မနက်အစောပိုင်း အိပ်နေကြချိန်ဖြစ်သလို တချို့ကတော့ ညပိုင်း အလုပ်လုပ်နေကြတာကြောင့် လွတ်သွားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

နွံကန်ပေါက်ကျမှုကြောင့် မိသားစုလိုက်‌ ပျောက်ဆုံးသွားတာတွေပါရှိတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

"စပေါ့ရွာ ရပ်ကွက် ၃ က နိမ့်တဲ့အပိုင်းမှာရှိနေတာ။ နိမ့်တဲ့အပိုင်းကို မြေအောက်ကနေ ရွေ့ပြီးတော့ ဖောက်ထွက်သွားတာ။ အခု နွံက အပေါ်ကနေ လျှံကျတာမဟုတ်ဘူး။အောက်ကနေ ဖောက်ထွက်လာခဲ့တာ၊ ဖောက်ထွက်ပြီးတော့ ရွာကို တခါတည်း ဗြုံးဆိုဖုံးသွားတာ။ ညဘက်ကြီးဆိုတော့ အိပ်ပျော်နေတဲ့သူတွေ များတာလေ။ ဘာမှန်းမသိလိုက်ပဲ ရုတ်တရက်ကြီး မြေစာအောက် ရောက်သွားတာပေါ့။ ရွှံနွံတွေအောက် ရောက်သွားတာပေါ့။"

နွံကန်ပေါက်ကျမှုကြောင့် ပျောက်ဆုံးသူတွေနဲ့ သေဆုံးသူတွေအပေါ် ကုမ္ပဏီဘက်က ဘယ်လိုတာဝန်ယူဆောင်ရွက်ပေးမယ်ဆိုတာ မသိရသေးပါဘူး။

မြေစာပုံပြို၊ နွံကန်ပြိုတာနဲ့ လက်တွဲနေဆဲ ဖားကန့်

ဖားကန့်ကျောက်စိမ်းလုပ်ကွက်တွေဟာ တွင်းနက်ကြီးတွေတူးပြီး ကျောက်ကြောကိုနှိုက်ပြီး ရှာဖွေကြတာဖြစ်ပါတယ်။

အဲဒီတူးထားတဲ့နေရာတွေက မိုးတွင်းရောက်တဲ့အခါ ရေတွေဝင်ပြီးကန်ဖြစ်ပြီး ကျန်ခဲ့တာတွေ ရှိသလို တချို့ကတော့ ရေတွေကို စုပ်ထုတ်ပြီး အဲဒီနေရာကို ပြန်တူးတာမျိုးရှိပါတယ်။

တချို့ကုမ္ပဏီတွေကတော့ ပြန်မတူးတော့ဘဲ တခြားနေရာကို တူးပြီးတဲ့အခါ ထွက်လာတဲ့ မြေစာပုံတွေကို အစောက ကန်ဖြစ်ပြီးကျန်ခဲ့တဲ့နေရာမှာ ပြန်သွန်ကြပါတယ်။

"ဖားကန့်မှာက နွံကန်ပြိုလို့၊ မြေစာပုံပြိုလို့က တစ်ယောက် နှစ်ယောက် သေတာမျိုးက သိပ်မထူးဆန်းတော့အောင် ခဏခဏ ဖြစ်နေတာ။ အယောက် ၂၀၊ ၃၀၊ ၄၀ မျိုးလို ဆယ်ချီပြီး သေတာမျိုးမှ အာရုံစိုက်ကြတော့တာ"လို့ ဖားကန့်က ကျောက်စိမ်းတူးလုပ်ငန်းခွင်တွေအကြောင်း သိရှိသူက ပြောပါတယ်။

ဘီဘီစီက ရှာဖွေတွေ့ရှိတဲ့ ဖားကန့်မြေပြိုတဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း မြေပြိုမှုပေါင်း ၁၀ ကြိမ်ဝန်းကျင်ထက်မနည်း ရှိခဲ့ပြီး သေဆုံးသူ ၁၉၀ ကျော် ရှိတာ တွေ့ရပါတယ်။

မြေစာပုံပြိုကျတာတွေနဲ့ နွံကန်ပေါက်တာတွေကြောင့် လူသေဆုံးမှုတွေဟာ ဖားကန့်မှာ ပုံမှန်လိုဖြစ်နေတာကြောင့် ကယ်ဆယ်ရှာဖွေရေးတွေကို ၂ ရက် ၃ ရက်ထက် ပိုမလုပ်ကြတာမျိုးရှိလာပါတယ်။

"နှစ်ရက် သုံးရက်ကြာလို့ အလောင်းရှာတွေ့ရင်လည်း အနံ့တွေထွက်နေပြီဆိုတော့ ရပ်လိုက်ကြတာပေါ့"လို့ ဖားကန့် ဒေသခံက ပြောပါတယ်။

အခု စပေါ့ ကျေးရွာက နွံနစ်မြှုပ်သွားသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ KIA ဘက်ကတော့ ဘယ်နှစ်ရက်အထိ ရှာဖွေမယ်ဆိုတာ တိတိကျကျ မပြောသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တုန်းက ဖားကန့် ကျောက်စိမ်းလုပ်ကွက် နေရာဟောင်းတွေမှာ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး အစီအစဉ်တွေ လုပ်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာ အဲဒီအစီအစဉ်တွေ မတွေ့ရတော့ပါဘူး။

"NLD အစိုးရလက်ထက်က စိုက်ထားတဲ့ သစ်ပင်တွေတောင် ခုတ်ပစ်လိုက်ကြတယ်" စစ်ကောင်စီရဲ့ ဖမ်းဆီးတာကနေ ပြန်လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။

၂၀၁၉ ခုနှစ် ကိုဗစ်ကာလမှာ ကျောက်စိမ်းတူးဖော်တာတွေကို ရပ်ဆိုင်းခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက် ဖားကန့်မှာ နေ့ရောညပါ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်ပတ်နေပါတယ်။

ကျောက်စိမ်းနယ်မြေကို စစ်တပ်က ထိန်းချုပ်ပြီးနောက်ပိုင်း ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရရှိနေပြီး ကချင်လွတ်လပ်ရေးတပ် - KIA နဲ့လည်း အကျိုးစီးပွားပဋိပက္ခတွေဖြစ်ပွားနေတယ်လို့ Global Witness က ၂၀၂၁ ခုနှစ် ဇွန်လ မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် မတ်လ မှာ လုံးခင်း၊ ဖားကန့် ၊ မော်လူး၊ မော်ဟန် စတဲ့နေရာတွေမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မြေပြင်မှာ တကယ်တမ်း ရပ်နားတာမရှိဘဲ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေက ဆက်ပြီးလည်ပတ်နေခဲ့ပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာမှာ ဖားကန့်ရဲ့ နယ်မြေအများစုကို KIA က ထိန်းချုပ်ခဲ့ပါတယ်။

တူးဖော်မှုတွေရပ်ဖို့ တားမြစ်ထားတဲ့ ဖားကန့်မှာ ဘာကြောင့် မြေပြိုမှုတွေ ထပ်ဖြစ်နေရလဲဆိုတဲ့ ဘီဘီစီ က KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးခွန်းထုတ်ခဲ့ပါတယ်။

"အဲဒီနွံကန်က အန္တရာယ်ရှိတယ်ဆိုပြီး သတိပေးခဲ့တယ်လို့ ပြောပါတယ်။ KIO ရဲ့ မူအရ သဘာဝဘေးမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ မူဝါဒတွေရှိပေမဲ့ လက်တွေ့ ဘယ်လိုလုပ်မယ်ဆိုတာတော့ ကျွန်တော်တို့ သတင်းပြန်ကြားရေးအနေနဲ့ မကြားသိရသေးပါဘူး"လို့ ဖြေပါတယ်။

ဖားကန့်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်နေရာတွေမှာ မြေစာစွန့်ပစ်တာ၊ နွံကန်တွေပြိုမကျအောင် စီမံခန့်ခွဲတာအပါအဝင် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ လိုအပ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ထောက်ပြပါတယ်။

"အခုလိုမလုပ်ရင် နောက်လည်း ထပ်ဖြစ်မှာပဲ၊ စည်းကမ်းနဲ့ မလုပ်ရင် ကိုယ့်အပေါ်မှာပါ ဆိုးကျိုးရှိလာနိုင်တာကို သတိရှိဖို့လိုတယ်" လို့ သူက ပြောပါတယ်။

ဖားကန့်နယ်မြေကို ဘယ်သူပဲ ထိန်းချုပ်ပါစေ သယံဇာတနယ်မြေဖြစ်တဲ့အတွက် သယံဇာတ တူးဖော်ကြတာ မထူးဆန်းပေမဲ့ ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ကို စနစ်တကျပြန်လည်ထိန်းသိမ်းတာမျိုးလုပ်ဖို့ လိုအပ်တယ်လို့ ဦးဒါရှီလဆိုင်းက မှတ်ချက်ပေးပါတယ်။