မေလ ၂၉ ရက် ထိပ်တန်းသတင်းများ- ရေလယ်ကျွန်းဒေသ ကူနီရွာမှာ အရပ်သား ၂ ဦး၊ မဲကုန်းရွာမှာ အရပ်သား ၁ ဦး သတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, ရေလယ်ကျွန်းသတင်း
ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြားမှာရှိပြီး ရွာပေါင်း ၄၀ ကျော်ရှိတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ကူနီရွာမှာ အရပ်သား ၂ ဦးနဲ့ မဲကုန်းရွာမှာ အရပ်သား ၁ ဦး သေဆုံးတယ်လို့ ဒေသခံ တွေက ဘီဘီစီကို ပြောပါတယ်။
မဲကုန်းရွာနဲ့ ကိုကြီးကျော်နတ်ပွဲကျင်းပတဲ့ ကူနီရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက ဒီနေ့ မေလ ၂၉ ရက်မှာ ဝင်ရောက်ချိန် အဲဒီဒေသခံတွေ ပစ်ခတ်သတ်ဖြတ်ခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
‘‘ကူနီရွာက ၂ ဦးသတ်ဖြတ်ခံရတယ်။ ၁ ဦးက ရွာထဲမှာမွေးထားတဲ့သူ့ဝက်တွေကို အစာဝင်ကျွေးရင်း အသတ်ခံရတာ။ နောက် ၁ ဦးက စစ်ရှောင်ရင်းမိလို့ အသတ်ခံရတာ။ ခြုံပြောရင် တစ်ကျွန်းလုံးမှာ မီးအရှို့မခံရတဲ့ရွာဆိုတာ မရှိတော့ဘူး။ စစ်ဘေးရှောင်ရတဲ့လူတွေက သူတို့ ဟိုဘက် လာရင် ဒီဘက်ပြေး၊ ဒီဘက်လာရင်ဟိုဘက်ပြေး ရှောင်ရင်းနဲ့ စားဖို့သောက်ဖို့ မဆင်မပြေကြတော့ဘူး။ သောက်ရေကအစလို အပ်နေတယ်။ အတော်လေး ဒုက္ခရောက်နေပြီ။ ကူညီကြပါဦး’’ လို့ ဒေသကာကွယ်ရေးခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မဲကုန်းကျေးရွာမှာ ရွာထဲ မီးဝင်ငြှိမ်းတဲ့ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသလို ဒေသခံ အချို့လည်း ဖမ်းဆီးခံရပြီး အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ ရေလယ်ကျွန်းသတင်းက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ရေလယ်ကျွန်းဒေသကို အင်အား ၁၀၀ ကျော်တဲ့စစ်ကြောင်း ၂ ကြောင်းနဲ့ ဝင်ရောက်နေတာ သီတင်းတစ်ပတ်နီးပါးအထိ ရှိနေပြီဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံတွေအခေါ် စစ်ကောင်စီထောက်ခံတဲ့ပျူစောထီး ပူးပေါင်းစစ်ကြောင်းကြောင့် မနေ့ မေလ ၂၈ ရက် တစ်နေ့တည်းမှာတင် ချင်းယားရွာက ဒေသခံနေအိမ် ၆၅ လုံး၊ ညောင်မွှေးပင်ရွာက နေအိမ် ၃၂ လုံး၊ မြေစွန်းရွာက နေအိမ် ၁၄ လုံး၊ ကိုင်းရွာကနေအိမ် ၃၅ လုံး၊ မိုးကွဲရွာမှာ နေအိမ် အလုံးရေ ၃၀ နီးပါး၊ မိုးဖြူရွာက နေအိမ် ၁၀ လုံးနီးပါး မီးရှို့ခံထားရတယ်လို့လည်း ရေလယ်ကျွန်း သတင်းက ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ကတော့ ရေလယ်ကျွန်းဒေသထဲက စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဖားကန့်မှာ ရေမဆေးကျောက်ရှာသူ ၅၀ နီးပါးကို စစ်တပ်ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဟာ မှော်မောင်းလျန် ကျေးရွာအုပ်စုက ကျောက်စိမ်းလုပ်ကွက်မှာ ရေမဆေးကျောက်ရှာဖွေနေသူ ၅၀ ခန့်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ မော်ဝမ်းလေးနဲ့ မှော်မောင်းလျန်ကို မေလ ၂၇ ရက်ည၊ ၉ နာရီခန့်မှာ သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး ဒီလူတွေကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ကျောက်စိမ်းတောင်ထဲမှာ ဖမ်းထားတယ်။ ဟိုနေ့က ရေမဆေး(ကျောက်ရှာသူ)သမား ၅၀ ဖမ်းသွားတာက မှော်ဝမ်းလေးဘက်ကနေလာတာ။ ကုမ္ပဏီလုပ်ကွက်ထဲကတော့ ဘယ်လောက်ဖမ်း သွားလဲဆိုတာ အတိအကျပြောဖို့ခက်တယ်။ ဖမ်းဆီးထားသူတွေကို သူတို့လိုချင်တဲ့သူတွေနဲ့ ဓာတ်ပုံနဲ့တိုက်စစ်ရှာတယ်။ မသင်္ကာသူဆိုရင်ဖမ်းတယ်။ တချို့ကို ပြန်လွှတ်ပေးတာလည်းရှိတယ်’’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မှာ အခုလိုစစ်ကြောင်းထိုး ဖမ်းဆီးတာ၊ လူအစုလိုက်ဖမ်းဆီးတာတွေကို စစ်ကောင်စီတပ်ဘက်က ဆက်တိုက်လုပ်လာတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောထားပါတယ်။
အရာတော်မှာ တစ်ပတ်အတွင်း အရပ်သား ၇ ဦးသတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, အရာတော်ပို့စ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အခုသီတင်းပတ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သား ၇ ဦး သတ်ဖြတ်ခံရပြီး နေအိမ်ရာချီ မီးရှို့ခံခဲ့ရသလို ကာကွယ်ရေးစခန်းတစ်ခုလည်း စီးနင်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မေလ ၂၄ ရက်မှာ တောင်မွှာကျေးရွာကို ဝင်ရောက်ချိန် မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၄၀ နီးပါး မီးလောင်ခဲ့ပြီး သက်ကြီးရွယ်အို ၄ ဦး၊ သက်လတ်ပိုင်းအမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့သူတွေဟာ ဒေါ်ခင်စိန် (၈၀) နှစ်၊ ဦးလှဌေး (၇၀) နှစ်၊ ဦးရာညွန့် (၇၀)နှစ်၊ဒေါ်အေးထုပ် (၆၀)နှစ်တို့ဖြစ်ပြီး အသက် ၃၀ အရွယ် ကိုမင်းမင်းတို့ဖြစ်ပါတယ်။
‘‘ကိုမင်းမင်းက ကျောမှာ သေနတ် ၂ ချက်၊ ပခုံးမှာ သေနတ် ၂ ချက် ဒဏ်ရာနဲ့ သေဆုံးတာတွေ့ရတယ်။ သူတို့ဖမ်းထားချိန်မှာ ထွက်ပြေးလို့ ပစ်ခတ်ခံရတာပါ။ သေဆုံးတဲ့လူကြီးပိုင်း တစ်ယောက်က လက်နက်ကြီးစ မှန်ပြီး ဆုံးတာ၊ တစ်ယောက်က လက်နက်ကြီးသံ လန့်ပြီးဆုံးတာ။ အဖွား နှစ်ယောက်ကတော့ နေအိမ်မီးရှို့ခံရချိန်မှာ မီးထဲ ပါသွားခဲ့တာ’’လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ကျေးရွာထဲက မထွက်ခွါခင်မှာပဲ အဲဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ မေလ ၂၄ ရက်တစ်နေ့တည်းမှာတင် ကြွေပန်းကန်ရွာမှာ ညအိပ်ပြီး အဲဒီရွာက နေအိမ် ၉ လုံး၊ မေလ ၂၅ ရက်မှာ မန်ကျည်းတောက်ရွာကို ဝင်ပြီး အဲဒီရွာက နေအိမ် ၂၉ လုံး မီးရှို့ခံရပြီး ဒေသခံအမျိုးသမီးတစ်ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် မနေ့ မနက်ပိုင်းတုန်းကလည်း အရာတော်မြို့နယ်ထဲက ကမ်းပြူနဲ့ ဝါးရောင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၅၀ ခန့်ဟာ ဒေသကာကွယ်ရေးစခန်းတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အရာတော်ပို့စ်သတင်းမှာ သီးခြား ဖော်ပြပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကမ်းပြူရွာခံ ၆ ဦးနဲ့ ကမ်းပြူရွာအနီးက ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးကာ ကာကွယ်ရေးစခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဒေသခံတွေကိုတော့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ အရာတော်နယ်ထဲက စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဟစ်ဟော့အဆိုတော် ဗျူဟာကို ဒီကနေ့ ချုပ်ရက်ရမန်ယူရုံးထုတ်မယ်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ဖမ်းဆီးခံထားရတဲ့ ဟစ်ဟော့အဆိုတော် ဗျူဟာကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅ (က) နဲ့ ရန်ကုန် မြောက်ဒဂုံရဲစခန်းမှာ အမှုဖွင့်အရေးယူထားပြီး ဒီကနေ့ မေ ၂၉ ရက်မှာ မြောက်ဒဂုံတရားရုံးမှာ ချုပ်ရက် ရမန်ယူ ရုံးထုတ်မယ်လို့ မိသားစုဝင်တဦးကပြောပါတယ်။
လက်ရှိအခြေအနေအရ အဆိုတော်ဗျုဟာရဲ့ ကျန်းမာရေးကောင်းမွန်ပြီး စစ်ကြောရေးမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာအနည်းငယ်တော့ရှိပေမဲ့ ဆိုးဆိုးရွားရွားတော့မရှိဘူးလို့ ဆိုပါတယ်။
အဆိုတော်ဗျူဟာကို ရန်ကုန် မြောက်ဒဂုံနေအိမ်မှာ မေလ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးတာဖြစ်ပြီး မြောက်ဒဂုံရဲစခန်းမှာထိန်းသိမ်းထားတယ်လို့ ယူဆရတယ်လို့မိသားစုဝင်အချို့ကပြောပါတယ်။
တေးသံရှင်ဗျုဟာ ဟာ ပြီးခဲ့တဲ့ရက်က သူ့ရဲ့ ဆိုရှယ်စာမျက်နှာမှာ လျှပ်စစ်မီးပြတ်တောက်မှုကို ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်နဲ့ နှိုင်းယှဥ် ဝေဖန်ခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။
မြဝတီမြို့တောင်ဘက်က စစ်ကောင်စီစခန်းတွေတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Federal Wings
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ပိုင်းက စစ်ကောင်စီတပ်ရဲ့တပ်စခန်းတွေကို ကရင်အမျိုး သားအစည်းအရုံး-ကေအဲန်ယူ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNU/KNLA)(၂၀၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)တပ်ရင်း (၈)နဲ့ Federal Wings ဒရုန်းပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ ဝေါလေဗျူဟာကုန်း၊ မော်ခီးစခန်းနဲ့ ကနဲလေးစခန်းတွေကို ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့ကစလို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း ကနဲလေးစခန်းက တပ်ရင်းမှူး ၁ ဦးအပါအဝင် ၉ ဦးသေဆုံးတယ်လို့ မြေပြင်မှာရှိတဲ့ KNDO တပ်ရင်း ၈ အရာရှိထံကနေ သတင်းရရှိတယ်ဆိုပြီး Federal Wings ဒရုန်းအဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။
ဝေါလေဗျူဟာကုန်းနဲ့ မော်ခီးစခန်းတို့မှာ ထိခိုက်မှုတွေရှိပေမဲ့ အထိအခိုက်စာရင်းကို အတည်မပြု နိုင်သေးဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် စစ်တပ်က မော်ခီးစခန်းနီးနားက ပနွယ်ဖိုးကလိုးရွာကို ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း ထိမှန်သလို စစ်ကောင်စီတပ်ဟာ အနီးနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့လည်း Federal Wings အဖွဲ့က ပြောထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ဝေါလေ၊ မော်ခီးနဲ့ ကနဲလေးစခန်းတွေ တိုက်ခိုက်ခံရမှုကို တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒီးမော့ဆို ဆေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, KRU
ဒီးမော့ဆိုဆေးတပ်ဖွဲ့က တော်လှန်ရေးရဲဘော်နဲ့ ရဲမေ ၄ ဦးဟာ ပြီးခဲ့တဲ့ မေလ ၂၇ ရက် တိုက်ပွဲမှာ ဆေးတပ်သားတာဝန်ယူဆောင်ရွက်နေတုန်းမှာ ဒီးမော့ဆို ဆေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု(KRU)က ပြောပါတယ်။
အဲဒီဆေးတပ်ဖွဲ့ဝင် ၄ ဦးဟာ မကယ်ရိုလင်း ခိုင်လင်း၊ မအိန်ဂျလာ၊ ကိုဘော့စကိုနဲ့ ကိုမြထွေးတို့ ဖြစ်ပြီး မနေ့ မေလ ၂၈ ရက်မှာပဲ သူတို့ရဲ့စျာပနကိုပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
သူတို့ဟာ ဆေးသင်တန်း အမှတ် ၂ မှာ ဆေးတပ်သားတွေအနေနဲ့ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး ရှေ့တန်းမြေပြင်မှာရော၊ နောက်တန်းမြေပြင်မှာပါ ရဲဘောတွေအတွက်၊ စစ်ရှောင်စခန်းတွေအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်တာဝန်ထမ်းဆောင်ခဲ့သူတွေလို့ ကရင်နီဆေးအထောက် အကူပြုအဖွဲ့(Dove KK)ကလည်း ဝမ်းနည်းကြောင်းထုတ်ပြန်ပါတယ်။
(ကယား) ကရင်နီဒေသထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ မြို့နယ်အားလုံးနီးပါးမှာ နေ့စဥ်နီးပါး တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေလည်း ပြုလုပ် နေပါတယ်။
မေလ ၂၇ ရက်တုန်းကလည်း ရှမ်း-ကယား(ကရင်နီ)နယ်စပ်၊ မိုးဗြဲမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လောင်းလုံးမှာ အရပ်သား ၂၀ ကျော် ဖမ်းဆီးစစ်ဆေးခံနေရ

ဓာတ်ပုံ ရင်းမြစ်, BNI
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ မေ ၂၄ ရက်ကစပြီး စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စစ်ဆေးတာတွေရှိလို့ ၅ရက်အတွင်း မြို့ခံတွေဆက်တိုက် စစ်ဆေး ဖမ်းဆီးခံထားရပြီး အနည်းဆုံး ၅ ဦးကတော့ ပြန်မလွတ်သေးတာကိုအတည်ပြုထားနိုင်တယ်လို့ လောင်းလုံး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကသိရပါတယ်။
''စစ်ကြောင်းက မြို့ပေါ်ရော ရွာတွေရော ဝင်ဖမ်းတယ်။ ပြန်လွှတ်တယ် အဲဒီလိုပုံစံနဲ့ ဖြစ်နေတယ်။ ဖမ်းခံရတဲ့ အရေအတွက်ကတော့ များတယ်။ ဒါပေမဲ့ အခု ပြန်လွှတ်တာတွေရောက် စာရင်းရထားတာကတော့ ၅ ဦးကတော့ ဖမ်းခံထားရတုန်းပဲ။ ကျန်တဲ့လူတွေလည်း ထပ်ပြီး စိစစ်နေတယ်။ လောင်းလုံးမြို့ က စမ်းလှမ်းရွာ၊ သဘော့ဆိပ်( မောင်းမကန်) နဲ့ လောင်းလုံးမြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက် ကိုဝင်တယ်'' လို့ လောင်းလုံး ပ.အ.ဖ တာဝန်ရှိသူတဦးကပြောပါတယ်။
ပညစ်ရွာဘက်မှာတော့ ဒေသကာကွယ်ရေးတပ်တွေရှိမယ်ဆိုတဲ့ယူဆချက်နဲ့ တင်းတင်းကျပ်ကျပ် စစ်ဆေးတဲ့ အခြေအနေရှိပြီး ဖမ်းဆီးခံရတာလည်းရှိတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၃ ရက် က လောင်းလုံးမြို့နယ် လဝကရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့နဲ့ ထားဝယ်နဂါးတပ်ခွဲက ဝင်ရောက်စီးနင်းပြီး လဝက ဒုဦးစီးမှူးပစ်သတ်ခံရတဲ့နောက် မြို့ပေါ် နဲ့ ဆက်စပ်ရပ်ကွက်တွေ၊ ရွာတွေကို ဝင်ရောက်စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။
လောင်းလုံးမြို့ ကနေ ပြင်းထိန်ရွာဘက်ကိုသွားတဲ့လမ်း ဒေသအခေါ် (ဘုရားကုန်းတံတား) မှာလည်း စစ်ကောင်စီတပ်သားနဲ့ရဲတွေ လမ်းပိတ်ပြီး အထိုင်ချစစ်ဆေးတာတွေ ပြုလုပ်သလို ရိုက်နှက်ပြီးဖမ်းဆီးခေါ်ဆောင်ခံရသူတချို့ရှိတယ်လို့ မြို့ခံတချို့ကလည်းပြောပါတယ်။
''သဘော့ဆိပ်မှာဆိုရင် စစ်ကြောင်းက နေအိမ်တွေကိုဝင်တယ်။ ရိုက်နှက်တာရှိတယ်။ ဒေသခံတွေထွက်ပြေးတော့ အိမ်ကပစ္စည်းတွေယူတာ။နောက်အိမ်က ဖျက်ဆီးတာတွေလုပ်ခဲ့တယ်'' လို့ ဒေသခံတဦးကပြောပါတယ်။
တနင်္သာရီဒေသတွင်း သတင်းတွေမှာတော့ လောင်းလုံးမြို့နယ်မှာ မေ ၂၄ ရက်ကစလို့ ဖမ်းဆီးစစ်ဆေးခံရသူ ၈၀ ကျော်ရှိနေပြီဖြစ်ပြီး အဲဒီထဲမှာ မြို့ပေါ်က ၉ ဦးထက်မနည်းနဲ့ စမ်းလှမ်းရွာဒေသခံ ၁၁ဦး ရှိတယ်လို့ဖော်ပြပါတယ်။
မိုခါမုန်တိုင်းဒဏ်သင့်သူတွေကို ကူညီဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, EPA
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဝင်ရောက်တိုက်ခတ်သွားတဲ့ မိုခါ မုန်တိုင်းကြောင့် ဒုက္ခရောက်ကြရတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
တနင်္ဂနွေ ဝတ်ပြုဆုတောင်းချိန်မှာ အခုလို တိုက်တွန်းလိုက်တာဖြစ်ပြီး မုန်တိုင်းဒဏ်သင့်ပြည်သူ သိန်း သန်းချီအတွက်လည်း ဆုတောင်းပေးနေတယ်လို့ သူက ပြောပါတယ်။
‘’မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် စာနာကြောင်းပြောကြားလိုသလို လူသားချင်းစာနာမှုအကူအညီတွေရောက်ရှိအောင် လုပ်ဆောင်ကြဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းလို ပါတယ်’’ လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) ကတော့ မုန်တိုင်းဒဏ်သင့်အရပ်တွေ ကို အကူအညီတွေရောက်ရှိဖို့နဲ့ အကူအညီလိုအပ်ချက်မြင့်တက်နေတာကြောင့် အလှူငွေ ထည့်ဝင်လှူ ဒါန်းကြဖို့ တိုက်တွန်းနေပါတယ်။








