ကလေးလက်ထဲကို သေနတ်ရောက်သွားတဲ့ ကြမ္မာဆိုး

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်မှာ အသက် ၁၃ နှစ် ယောက်ျားလေးတစ်ဦးက အတန်းဖော် ၈ ယောက်နဲ့ ကျောင်းစောင့်တဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ထင်မှတ်မထားတဲ့ ဖြစ်ရပ် တခု ဖြစ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် လူတဦးချင်းစီရဲ့ လက်နက် ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီး မတည်ငြိမ်သေးတဲ့ ဘော်လကန်နိုင်ငံမှာ မေးခွန်းထုတ်စရာ၊ မီးမောင်းထိုးပြစရာ ဖြစ်လာပါတယ်။
မေလ ၃ ရက်နေ့ မနက်ပိုင်း ဘဲလ်ဂရိတ်မြို့လယ်မှာရှိတဲ့ ဗလာဒီဆလပ် ရစ်နီကာ မူလတန်းကျောင်းမှာရှိတဲ့ ကျောင်းသားတစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
သမိုင်းဘာသာသင်တဲ့ အခန်းထဲကို သူက ဝင်သွားပြီး ဆရာကို ပစ်ခတ်ခဲ့တယ်လို့ သူ့ အတန်းဖော်တွေက ပြောပါတယ်။ ဆရာကို ပစ်ပြီးတဲ့နောက် အတန်းဖော်တွေဘက် လှည့်လာတယ်လို့ ဆိုပါတယ်။
ဒါဟာ ဆာဘီးယားမှာ ပထမဆုံး ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုလို့ ပညာရေး ဝန်ကြီးက ပြောပါတယ်။
ဒီလို ပစ်ခတ်မှုကြောင့် နိုင်ငံတဝန်း အကြီးအကျယ် အံအားသင့်ခဲ့ပြီး ဒီတိုက်ခိုက်မှု ဘယ်လို ဖြစ်ခဲ့သလဲဆိုတဲ့အပေါ် မေးခွန်းတွေ အများကြီး ထုတ်နေတယ်လို့ သိရပါတယ်။
မေလ ၅ ရက်ကနေ စပြီး နိုင်ငံတဝန်း ဝမ်းနည်း ပူဆွေးတဲ့ ကာလကို ၃ ရက် သတ်မှတ်တယ်လို့လည်း ကြေညာခဲ့ပါတယ်။
ကလေးလက်ထဲကို သေနတ် ဘယ်လို ရောက်သွားတာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိမ်က မီးခံသေတ္တာထဲမှာ သိမ်းထားတဲ့ ဖခင်ရဲ့ သေနတ်ကို ပစ်ခတ်တယ်လို့ သံသယရှိခံရသူက ယူဆောင်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သေနတ်က မှတ်ပုံတင်ထားပြီး တရားဝင်လိုင်စင် ရှိတယ်လို့ ဆိုပါတယ်။
ဆားဘီးယားမှာ အသက် ၁၈ နှစ်ကျော်တဲ့သူတိုင်း လက်နက်ငယ်တွေ၊ အမဲလိုက်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို ဝယ်ယူနိုင်ပြီး တာဝန်ရှိသူတွေက သက်ဆိုင်ရာ လိုင်စင်တွေ ထုတ်ပေးပါတယ်။
တခါ ဆားဘီးယားရဲ့ ဥပဒေအရ သေနတ်ပိုင်ဆိုင်ဖို့ လိုအပ်တယ်ဆိုတာ ခိုင်မာတဲ့ အကြောင်းပြချက်နဲ့ ဆေးပညာဆိုင်ရာ အစီရင်ခံစာ ပြဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် လိုင်စင် ထုတ်ပေးပြီးရင် ဆရာဝန်က သေနတ်ပိုင်ရှင်ရဲ့ ကျန်းမာရေး ရာဇဝင်ကို စောင့်ကြည့်စစ်ဆေးပြီး ထောက်ခံချက်မှာ သင့်တော် သလို ပြောင်းလဲပေးရပါတယ်။
၂၀၂၂ ခုနှစ်မှာ ဆားဘီးယားက လူတွေပိုပြီး လိုင်စင်နဲ့ သေနတ် ကိုင်ဆောင်နိုင်ဖို့ ဒီဥပဒေကို ပြောင်းလဲခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ဘယ်လို အကျိုးသက်ရောက်မှုရှိသလဲဆိုတဲ့ တရားဝင် အထောက်အထားတော့ မရှိပါဘူး။
လွတ်လပ်တဲ့ သုတေသန အဖွဲ့ ဘဲဂရိတ် လုံခြုံရေးမူဝါဒဆိုင်ရာ ဆင်တာက ပရီဒရက် ပက်ထရိုဗစ် (Predrag Petrovic)က ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့အကြားမှာ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် လစ်ဟာတာတွေ ရှိနေတယ်လို့ ဘီဘီစီ ဆားဘီးယား ဌာနကို ၂၀၂၂ ခုနှစ်က ပြောပါတယ်။
ဆားဘီးယားမှာ သေနတ် ပြဿနာ ရှိလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယခင်ယူဂိုဆလားဗီးယား ပြိုကွဲပြီးနောက်က စစ်တပ်ပြိုကွဲတာနဲ့ ၁၉၉၀ နောက်ပိုင်း ဆယ်စုနှစ်ကြာ စစ်ပွဲတွေကြောင့် သန်းချီတဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ စာရင်းပျောက်နေပါတယ်။
၂၀၀၈ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ငယ် စစ်တမ်းအရဆိုရင် ဒီဒေသမှာရှိတဲ့ နိုင်ငံသားတွေဆီမှာ ရဲနဲ့ စစ်တပ်ဖွဲ့ဝင်တွေထက် ၉ ဆ လက်နက်ငယ်တွေ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။
ဆားဘီးယားမှာဆိုရင် နိုင်ငံသား ၁၀၀ အတွက် လက်နက် ၄၀ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
မကြာခင်က ထုတ်ပြန်ထားတဲ့ တခြား အစီရင်ခံစာတွေမှာ ဆားဘီးယားနဲ့ အိမ်နီးချင်း မွန်တီနီဂရိုး နိုင်ငံတွေမှာ လက်နက်ပိုင်ဆိုင်မှုက ဥရောပမှာ အမြင့်ဆုံးလို့ ဆိုပါတယ်။ ဒါပေမဲ့ လက်နက်က ပြဿနာတခုဆိုတဲ့ အပေါ် အားလုံးက သဘောမတူ ဖြစ်နေပါတယ်။
ဘဲဂရိတ် လုံခြုံရေးမူဝါဒဆိုင်ရာ စင်တာက လက်ထောက် ညွှန်ကြားရေးမှူး ဘိုဂျန် အဲလက်က "လက်နက်ပိုင်ဆိုင်ခွင့်က ပြဿနာလို့ ကျွန်တော်မပြောပါဘူး" လို့ပြောပါတယ်။
"တရားမဝင် သေနတ်တွေ သိမ်းယူဖို့ အစိုးရက တတ်နိုင်သလောက် လုပ်ခဲ့ပါတယ်၊ ပုံမှန် သက်ညှာခွင့်နဲ့ နိုင်ငံတကာ အကူအညီတွေလည်း ရှိနေပါတယ်"လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဆားဘီးယားမှာ သေနတ်တွေ ပြန့်နေတယ်ဆိုတာက ငြင်းလို့ မရပါဘူး။
ရာစုနှစ်များစွာ ပဋိပက္ခတွေရဲ့ ဗဟိုဖြစ်ခဲ့တဲ့ ဘော်လကန်မှာ ဆယ်စုနှစ်များစွာ လက်နက်တွေရဲ့ အရင်းအမြစ် ဖြစ်နေပါတယ်။ အိမ်ထောင်စုအတော်များများမှာ အမွေအနေနဲ့ လက်နက်တွေ ရှိထားပါတယ်။
"အရင် နှစ် ၃၀ က ဘော်လကန်မှာ လူမှုစီးပွားရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပဋိပက္ခနဲ့ စစ်ပွဲတွေ ထပ်ဖြစ်မယ်ဆိုပြီး နှုတ်နဲ့ နိုင်ငံရေးသမားတွေက မကြာခဏ ဆိုသလို ခြိမ်းခြောက်နေပါတယ်၊ ဒါက လူတွေအများစုကို လက်နက် မအပ်ချင်တော့ဘဲ တခုခုဖြစ်ရင် ဆိုတဲ့ အနေနဲ့ ထားထားပါတယ်" လို့ ဘဲဂရိတ် လုံခြုံရေးမူဝါဒဆိုင်ရာ ဆင်တာက ပရီဒရက် ပက်ထရိုဗစ်က ၂၀၂၂ ခုနှစ်က ဘီဘီစီ ဆားဘီးယားကို ပြောပါတယ်။
ဆားဘီးယားမှာ တရားမဝင် လက်နက် ခန့်မှန်းခြေအားဖြင့် ၂၀၀, ၀၀၀ ကနေ ၁ သန်းလောက်ရှိ နိုင်ပါတယ်။
" ဒါတွေက ၁၉၉၀ နောက်ပိုင်း စစ်ပွဲလက်ကျန်နဲ့ ၂၀ ရာစုထဲမှာ ဒေသတွင်းမှာ ဖြစ်ခဲ့တဲ့ အမျိုးမျိုးသော ပဋိက္ခတွေဆီကနေ လက်နက်တွေ ဖြစ်ပါတယ်" လို့ ပက်ထရိုဗစ်က ပြောပါတယ်။
လက်နက်တွေ ပြန်အပ်ဖို့ အမျိုးမျိုးသော စည်းရုံးလှုပ်ရှားမှုတွေ ရှိပေမဲ့ နိုင်ငံသား အတော်များများက လက်နက် ပြန်မအပ်ချင်ဘူးဆိုတာ ကောက်ခံထားတဲ့ စစ်တမ်းတွေက ပြနေတယ်လို့ ပက်ထရိုဗစ်က ပြောပါတယ်။
"နိုင်ငံရေး မတည်ငြိမ်မှု အပြင် ယောက်ကျ်ားဆန်ဖို့ဆိုတဲ့ ယဥ်ကျေးမှုအရ လက်နက်ကို အဆင့်အတန်းတခုဆိုပြီး သတ်မှတ်ထားတယ်" လို့ သူက ဆိုပါတယ်။
ဘော်လ်ကန်မှာရှိတဲ့ လက်နက်နဲ့ လူဦးရေ
ဆားဘီးယား- လူ ၁၀၀ အတွက် လက်နက် ၄၀ လက်ရှိ၊
မွန်တီနီဂရိုး-လူ ၁၀၀ အတွက် လက်နက် ၄၀ လက်ရှိ၊
ဘော့စနီးယား ဟာဇီဂိုးဗီးယား- လူ ၁၀၀ အတွက် လက်နက် ၃၁ လက်ရှိ၊
မြောက်မက်ဆီဒိုးနီးယား- လူ ၁၀၀ အတွက် လက်နက် ၃၀ လက်ရှိ၊
ကိုဆိုဗို- လူ ၁၀၀ အတွက် လက်နက် ၂၄ လက်ရှိ၊
ခရိုအေးရှား-လူ ၁၀၀ အတွက် လက်နက် ၂ လက်ရှိ၊
အယ်လ်ဘေးနီးယား- လူ ၁၀၀ အတွက် လက်နက် ၁.၅ လက်ရှိ၊
အရင်းအမြစ်- Global Small Arms Survey, World Population Review








