တပ်ထဲ ခွဲခြားခံရလို့ ကန်စစ်သား ထွက်ပြေးတာလို့ မြောက်ကိုရီးယားပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်တပ်သား ထရာဗစ် ကင်းဟာ အမေရိကန်စစ်တပ်ထဲက ''လူသားမဆန်တဲ့ညှင်းပန်းနှိပ်စက်မှုနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု''ကြောင့် ပြီးခဲ့တဲ့လတုန်းက နယ်စပ်ဖြတ်ကျော်ခဲ့တာလို့ဆိုပြီး မြောက်ကိုရီးယားက ပြောလာပါတယ်။
အသက် ၂၃ နှစ်အရွယ် အမေရိကန်တပ်သား ကင်းဟာ ဧည့်လမ်းညွှန်ပါတဲ့ခရီးစဥ်အတွင်း ပြီးခဲ့တဲ့ဇူလိုင်လ ၁၈ ရက်တုန်းက တောင်ကိုရီးယားနယ်စပ်ကနေ မြောက်ကိုရီးယားဘက်ကို ဖြတ်ကျော်ခဲ့တာဖြစ်ပါတယ်။
တပ်သားကင်းကတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်တာကို ဝန်ခံထားပြီး မြောက်ကိုရီးယားမှာ ခိုလှုံချင်တာကြောင့်လို့ ပြောထားတဲ့အကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနကဖော်ပြပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က ပထမဆုံးလူသိရှင်ကြားထုတ်ပြောလာတဲ့အချက်တွေနဲ့ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သေးတဲ့အကြောင်း အမေရိကန်ဘက်က ပြောထားပါတယ်။
KCNA ထုတ်ပြန်ချက် တစ်ခုတည်းမှာသာ အခုလိုပြောဆိုချက်တွေ ပါရှိနေတာဖြစ်ပါတယ်။
တဖက်မှာလည်း နယ်စပ်ကို ဖြတ်သွားပြီးကတည်းက ရုပ်မမြင်ရ၊ အသံမကြားရဖြစ်နေတဲ့ ဒီတပ်သားရဲ့အခြေအနေကိုလည်း စိုးရိမ်စိတ်တွေ တိုးလာနေကြပါတယ်။
အမေရိကန်ဘက်ကတော့ တပ်သား ကင်း ပြန်လွတ်လာရေးအတွက် မြောက်ကိုရီးယားစစ်တပ်နဲ့ တိုက်ရိုက်ဖုန်းလိုင်းလည်းရှိသလို တောင်၊မြောက် နှစ်နိုင်ငံနယ်စပ်ကိုလည်း စီမံနေတဲ့ ကုလသမဂ္ဂကွပ်ကဲရေးရုံးရဲ့ အကူအညီကို ယူနေပါတယ်။
မြောက်ကိုရီးယားဘက်က ဗုဒ္ဓဟူးနေ့က ပြောကြားချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် အရာရှိတစ်ဦးကတော့ တပ်သား ကင်းတစ်ယောက် ဘေးကင်းကင်းနဲ့ နေအိမ်ပြန်လာနိုင်ရေး ''ရနိုင်တဲ့လမ်းကြောင်းတွေ အားလုံးကနေ'' ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားကတော့ ဒီတပ်သားအရေး ဘယ်လိုလုပ်သွားမယ်ဆိုတဲ့အစီအစဥ်မျိုး သတင်းမထုတ်ပြန်ပေမဲ့ တပ်သားဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ''တရားမဝင်'' ဝင်ရောက်လာတယ်ဆိုတဲ့အချက်ကို ဝန်ခံထားတယ်လို့ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
KCNA ထုတ်ပြန်ချက်မှာတော့ ဒီတပ်သားကို တရားစွဲဆိုတာ၊ အပြစ်ပေးတာမျိုး လုပ်၊ မလုပ်ကို မပြောထားသလို အဲဒီတပ်သား ဘယ်မှာရှိနေတယ်ဆိုတာကိုလည်း ထုတ်ပြောထားတာ မရှိပါဘူး။
''စုံစမ်းမှုအတွင်းမှာ ထရာဗစ် ကင်းဟာ အမေရိကန်စစ်တပ်အတွင်းမှာ လူသားမဆန်တဲ့ညှင်းပန်းနှိပ်စက်မှုနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုအပေါ် ခံစားချက်မကောင်းတာကြောင့် DPRK (မြောက်ကိုရီးယား)ကို လာဖို့ ဆုံးဖြတ်ခဲ့တာလို့ ဝန်ခံထားတယ်''ဆိုပြီး KCNA သတင်းမှာဖော်ပြပါတယ်။
''အမေရိကန်လူမှုအသိုက်အဝန်းက သာတူညီမျှ မဖြစ်မှုကို တံလျှပ်ကို ရေထင်သလို ထင်ခဲ့တာကြောင့်လို့ ပြောပြီး တတိယနိုင်ငံအဖြစ် မြောက်ကိုရီးယားနိုင်ငံမှာ ခိုလှုံဖို့ ဆန္ဒရှိတဲ့အကြောင်းလည်း ပြောထားပါတယ်''
တပ်သား ကင်းဟာ တရားမဝင် ဝင်ရောက်လာခဲ့တယ်ဆိုတဲ့ မြောက်ကိုရီးယား ထုတ်ပြန်ချက်ကို ကြည့်ရင် ကာယကံရှင်က နေချင်ပါတယ်ဆိုရင်တောင် မြောက်ကိုရီးယားဘက်က ကင်းကို လက်ခံမယ့် အခြေအနေ မမြင်ရဘူးလို့ International Crisis Group ပညာရှင်အဖွဲ့က အကြီးတန်းအကြံပေး ခရစ္စတိုဖာ ဂရင်းက ပြောပါတယ်။
''အံ့သြစရာတော့ မရှိပါဘူး။ သူ(တပ်သားကင်း)အနေနဲ့ သူ့ရဲ့နိုင်ငံရေးစံနှုန်းတွေကို သူတို့(မြောက်ကိုရီးယား)ဆီအရောက်မှာ ဆုံးရှုံးခံလိုက်သလိုမျိုးပေါ့ '' လို့ မစ္စတာ ဂရင်းက ပြောပါတယ်။
လက်ရှိမှာ မြောက်ကိုရီးယားဟာ ထရာဗစ် ကင်း တစ်ယောက် အမေရိကန်ကို ပြန်လာနိုင်ရေး ညှိနှိုင်းဆွေးနွေးတာ မြန်မြန်ဆန်ဆန်လုပ်ဦးမှာ မဟုတ်ဘူးလို့လည်း သူက ထပ်လောင်းပြောပါတယ်။
''သူတို့(မြောက်ကိုရီးယား)က နိုင်ခြေရှိတဲ့အဖွဲ့လို့ယူဆရတဲ့ဘေကျင်းနဲ့ မော်စကိုဘက်ကို လူသိရှင်ကြား အတော်လေး ယိမ်းခဲ့ကြပြီးပြီ။ ဒါကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်တွေ အတွင်းမှာ ပြုံယမ်းကို အဲဒီနှစ်နိုင်ငံစလုံးက ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ လာခဲ့တာက ပြသနေတယ်။ ဒါကြောင့် မြောက်ကိုရီးယားအနေနဲ့ ထရာဗစ် ကင်းကိစ္စကို အမေရိကန်နဲ့ မြန်မြန်ဖြေရှင်းဖို့ လုပ်မယ်ဆိုတာမျိုးတွေးရင်တော့ မှားလိမ့်မယ်'' လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တပ်သား ကင်းဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကတည်းက အမေရိကန်စစ်တပ်ထဲရောက်နေသူဖြစ်ပြီး ထောက်လှမ်းရေးကျွမ်းကျင် တစ်ဦးဖြစ်ပါတယ်။ သူဟာ အလှည့်ကျတာဝန်ထမ်းဖို့ တောင်ကိုရီးယားကို ရောက်နေခဲ့တာပါ။
နယ်စပ်ကို မဖြတ်ကျော်ခင်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် တောင်ကိုရီးယားမှာ ၂ လကြာ ထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်မှာ ပြန်လွတ်လာခဲ့သူဖြစ်ပါတယ်။
သူဟာ တပ်တွင်း စည်းကမ်းထိန်းသိမ်းရေးကို ရင်ဆိုင်ဖို့ အမေရိကန်ကို လေယာဥ်နဲ့ ပြန်ရဖို့ရှိနေတာဖြစ်ပေမဲ့ လေဆိပ်ကနေ ထွက်လာနိုင်ခဲ့သလို တောင်နဲ့ မြောက်ကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်(DMZ) ကို လှည့်လည်ပြသတဲ့ခရီးစဥ်မှာ လိုက်ခဲ့ပါတယ်။
အဲဒီဇုန်ဟာ မြေမြှုပ်မိုင်းတွေ၊ လျှပ်စစ်လွှတ်ထားတဲ့သံဆူးကြိုးတွေ၊ စောင့်ကြည့်ရေးကင်မရာတွေ အပြည့်နဲ့ ကမ္ဘာပေါ်မှာ လုံခြုံရေးအတင်းကျပ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ လက်နက်ကိုင်အစောင့်တွေလည်း ၂၄ နာရီပတ်လုံးရှိနေရမှာဖြစ်ပေမဲ့ မျက်မြင်သက်သေတွေကတော့ တပ်သားကင်း နယ်စပ်ဖြတ်ပြေးသွားတဲ့အချိန်မှာ မြောက်ကိုရီးယားစစ်သားတွေ ရှိမနေခဲ့ဘူးလို့ ပြောပါတယ်။
အမေရိကန်မှာရှိတဲ့ သူ့မိသားစုကတော့ ကင်းဟာ စစ်တပ်ထဲမှာ လူမျိုးရေးခွဲခြားမှုကို ကြုံတွေ့ရတဲ့အကြောင်း ပြောပြထားဖူးတယ်ဆိုပြီး အမေရိကန် မီဒီယာတွေကို ပြောထားဖူးပါတယ်။ တောင်ကိုရီးယားမှာ ထိန်းသိမ်းခံရစဥ်အတွင်း ကင်းရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ ကျဆင်းခဲ့ပုံပေါ်တယ်လို့လည်း သူတို့က ပြောထားပါတယ်။
''ကျွန်မ အိပ်မက်ဆိုးကြီး မက်နေသလိုပါပဲ'' လို့ ကင်းရဲ့ မိခင် ကလော်ဒင်း ဂိတ်စ်က ပြောသလို သတင်းအမြန်သိချင်လှပြီလို့လည်း ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ကွန်မြူနစ်အုပ်ချုပ်မှုအောက်မှာရှိနေသေးတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ပြီး ပြင်ပကမ္ဘာနဲ့ အဆက်အစပ်နည်းကာ လျှို့လျှို့ဝှက်ဝှက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။
ကင်ဂျုံအွန်းဦးဆောင်တဲ့ မြောက်ကိုရီးယားအစိုးရဟာ လူ့အခွင့်ရေးချိုးဖောက်မှုတွေလုပ်နေတယ်လို့ စွပ်စွဲခံရပါတယ်။
အကဲခတ်တွေကတော့ ထရာဗစ် ကင်း ထိန်းသိမ်းခံရမှုဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေး အဆိုးရွားဆုံးဖြစ်နေချိန် မြောက်ကိုရီးယားရဲ့ အမေရိကန်ဆန့်ကျင်ရေးမှာ ပါဝင်လာနေစေတယ်လို့ သုံးသပ်ကြပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ နိုင်ငံတကာရဲ့ ဝေဖန်ခံနေရတဲ့ ပြုံယမ်းအနေနဲ့ အမေရိကန်လူမှုအသိုက်အဝန်းမှာဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုနဲ့ တခြားချို့ယွင်းချက်တွေကို အခုအခြေအနေကတဆင့် အခွင့်ကောင်းယူ ပြောဆိုနိုင်ခြေလည်း ရှိနေပါတယ်။
တဖက်မှာလည်း ကုလမသဂ္ဂလုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားရဲ့လူ့အခွင့်အရေးအခြေအနေတွေ ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ဆွေးနွေးဖို့ရှိနေပါတယ်။
ထရာဗစ် ကင်းနဲ့ပတ်သက်တဲ့ သတင်းမထုတ်ပြန်ခင်မှာပဲ မြောက်ကိုရီးယားမီဒီယာက အမေရိကန်ဦးဆောင်မယ့် ကုလသမဂ္ဂဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။
''အမေရိကန်ဟာ လူမျိုးရေးခွဲခြားမှုတွေနဲ့ သေနတ်ပါတဲ့ရာဇဝတ်မှုတွေကို ပျိုးထောင်နေရုံနဲ့ မကျေနပ် နိုင်ဘဲ ကျင့်ဝတ်နဲ့မညီတဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို တခြားနိုင်ငံတွေအပေါ်မှာ ချမှတ်ဖို့ လုပ်နေတယ်'' လို့ ပါရှိပါတယ်။








