မြေမြှုပ်မိုင်းကြောင့် ကမ္ဘာမှာထိခိုက်သေဆုံးသူ အများဆုံး မြန်မာဖြစ်လာ

ပလက်စတစ်မြေမြှုပ်မိုင်း၊ မိုင်းကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသူတို့ရဲ့ သရုပ်ဖော်ပုံ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာဟာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးသူစံချိန်သစ်နဲ့ ကမ္ဘာမှာ ထိပ်ဆုံးနိုင်ငံဖြစ်လာပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့်သေဆုံးဒဏ်ရာရသူ ၁,၀၀၃ ဦး အထိရှိခဲ့တယ်လို့ မြေမြှုပ်မိုင်းလှုံ့ဆော်ရေး အဖွဲ့ (ICBL) က ထုတ်ပြန်ပါတယ်။

မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ အများဆုံးနေရာမှာ ၃ နှစ်ဆက်တိုက် ရပ်တည်ခဲ့တဲ့ ဆီးရီးယားကို မြန်မာက ကျော်တက်သွားတာဖြစ်ပါတယ်။

“ဒါဟာ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ယူကရိန်းနိုင်ငံတွေထက်ပိုများပြားတဲ့ပမာဏ” လို့ ICBL အဖွဲ့ ဦးဆောင်သူတွေက နိုဝင်ဘာ ၂၀ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလုပ်တဲ့ ၂၀၂၄ မြေမြှုပ်မိုင်းစောင့်ကြည့် အစီအရင်ခံစာ ထုတ်ပြန်ပွဲမှာ ပြောပါတယ်။

ကရင်ပြည်နယ်ထဲမှာ မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားသူတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကရင်ပြည်နယ်ထဲမှာ မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားသူတစ်ဦး

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံပေါင်း ၅၃ နိုင်ငံမှာ မြေမြုပ်မိုင်းပေါက်ကွဲမှု ၅၇၅၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၂ ထောင်နီးပါးသေဆုံးခဲ့ပြီး ၃၆၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဘန်အဖွဲ့ က ထုတ်ပြန်ပါတယ်။

အဲဒီ သေဆုံးဒဏ်ရာရသူတွေထဲမှာ အရပ်သား ၈၄ ရာခိုင်နှုန်း ထိခိုက်ခဲ့ပြီး ၃၇ ရာခိုင်နှုန်းဟာ ကလေး သူငယ်တွေ ဖြစ်ပါတယ်။

မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL ဟာ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုရထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

မြန်မာဟာ မြေမြှုပ်မိုင်းတွေကို ဆက်သုံးနေသလို တိုးသုံးလာတာ တွေ့ရတယ် လို့ ICBL အဖွဲ့ရဲ့ ၂၀၂၃ အောက်တိုဘာကနေ ၂၀၂၄ အောက်တိုဘာလအထိလုပ်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ရေးပါတယ်။

ဆီးရီးယားနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် လူ ၉၃၃ ဦးသေဆုံးဒဏ်ရာရခဲ့ပြီး မြန်မာနောက်မှာ ဒုတိယလိုက်တဲ့ နိုင်ငံဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အာဖဂန်နစ္စတန်နဲ့ ယူကရိန်းနိုင်ငံတွေမှာ ထိခိုက်သေဆုံးသူ ၅၀၀ ကျော်စီ ရှိနိုင်တယ်လို့ ICBL က ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ‌ပေါင်း ၃၃ နိုင်ငံဟာ မိုင်းအသုံးပြုမှု တားမြစ်မှုဆိုင်ရာ သဘောတူညီချက် (Mine Ban Treaty) မှာ လက်မှတ်ရေးမထိုးထားကြပါဘူး။

မြန်မာစစ်တပ်က မြေမြှုပ်မိုင်းတွေကို ဘယ်လိုသုံးနေလဲ

လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းနားမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီထောင်ထားတဲ့ မိုင်း ၇၈ လုံးအထိရှိ

ဓာတ်ပုံ ရင်းမြစ်, မြောက်ယမားအဖွဲ့

ဓာတ်ပုံ ပုံစာ, လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းနားမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီထောင်ထားတဲ့ မိုင်း ၇၈ လုံးအထိရှိ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ မြေမြှုပ်မိုင်းတွေကို အကြိမ်ကြိမ် အသုံးပြုခဲ့တယ်လို့ ICBL က ပြောပါတယ်။

အထူးသဖြင့် မိုဘိုင်းလ်ဖုန်းတာဝါတိုင်တွေ၊ ဓာတ်ငွေ့ ပိုက်လိုင်းတွေနဲ့ အခြေခံအဆောက်အဦတွေရဲ့ ပတ်ဝန်းကျင်မှာ မိုင်းတွေကို တိုးမြှင့်ထောင်တာဖြစ်ပါတယ်။

ရခိုင်၊ ကချင်၊ ကရင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာစစ်တပ်ရဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေကိုလည်း ICBLအဖွဲ့က အသေးစိတ်ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA)က ထိန်းချုပ်နယ်မြေပိုများလာတာကြောင့် မြို့တော် စစ်တွေမြို့တဝိုက်မှာ စစ်ကောင်စီတပ်က မိုင်းတွေထောင်ထားတယ်လို့ မြို့ခံသတင်းအရင်းအမြစ်တွေ ကို ကိုးကားပြီး ICBL အဖွဲ့က ပြောပါတယ်။

ဒါအပြင် မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်မှာရှိတဲ့ နတ်မြစ်ကမ်းဘေးနဲ့ ဘူသီးတောင်မြို့နယ်တွေမှာ စစ်ကောင်စီက မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့လည်း ICBL အဖွဲ့က ပြောပါတယ်။

မြန်မာစစ်တပ်သုံးတဲ့ မြေမြှုပ်မိုင်းအမျိုးအစား ၃ မျိုးထက်မနည်းရှိနေပြီး ခြေလျင်၊ခြေမြန်တွေမှာ လူသတ်မိုင်း လို့ခေါ်တဲ့ M14 မိုင်းနဲ့ M2 မိုင်းတွေကို အဓိကထားပြီး သုံးတယ်လို့ မြန်မာစစ်တပ်အရာရှိ ဟောင်းတွေက ပြောပါတယ်။

“မိုင်းဆိုတာ မအိပ်သောကင်းသမား လို့ စစ်ဘက်မှာ ခေါ်တယ်။ မိုင်းကွဲသံကြားရင် လူကို နိုးကြားစေတယ်” လို့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်ခဲ့တဲ့ ဗိုလ်ကြီးဇင်ယော် က ဘီဘီစီ ကိုပြောပါတယ်။

"ခြေချောင်းဖြုတ်သူ" မိုင်း ဆိုတာ ဘယ်လိုမျိုးလဲ

ကရင်ပြည်နယ်က ခြေတုလုပ်တု လုပ်ငန်းခွင်တစ်နေရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကရင်ပြည်နယ်က ခြေတုလုပ်တု လုပ်ငန်းခွင်တစ်နေရာ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အေအေ နဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ သံတွဲနဲ့ မောင်တောမြို့ တွေရဲ့ အဝင်အထွက်နေရာတွေ၊ တံတားနဲ့ စွန့်ခဲ့ရတဲ့ စစ်စခန်းနေရာတွေမှာ မြေမြှုပ်မိုင်း(M2)နဲ့ စွန့်လွှတ်မိုင်း(M14) တွေထောင် ထားခဲ့တယ်လို့ အေအေ က ၂၀၂၄ ဇူလိုင် က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါအပြင် အေအေ သိမ်းပိုက်ထားတဲ့ မြို့တွေမှာရှိတဲ့ စစ်ကောင်စီ အခြေစိုက် တပ်စခန်းတွေ၊ ဗျူဟာဌာနချုပ်တွေ၊ လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေတွေ မှာ မိုင်းတွေထောင်ခဲ့တာကြောင့် အရပ်သားတွေ အသက်သေဆုံးတာနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာတွေဖြစ်နေတယ်လို့လည်း အေအေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသုံးတဲ့ M14 မိုင်းဟာ ထောင်ထားပြီးရင် ပြန်ရှာရတာခက်ခဲပေမဲ့ အသက်မဲ့အောင် ပြန်လုပ်ရတာလွယ်တယ် လို့လည်း ဗိုလ်ကြီးဇင်ယော် သူက ပြောပါတယ်။

“ကျွန်တော်တို့က M2 မိုင်းကျတော့ ဗိန်းမုန့်မိုင်းလို့ခေါ်တယ်။ သူကထောင်ပြီးရင် စွန့်မိုင်း အနေနဲ့ထားခဲ့ ရတာ။ ချင်းပြည်တောင်ပိုင်းဘက်မှာ ကျွန်တော်ကိုယ်တိုင် အလုံးရာနဲ့ချီထောင်ခဲ့ဖူးတယ်'' လို့ စစ်ဘက် အရာရှိဟောင်း တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

ICBL အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၂၄ မြေမြှုပ်မိုင်းစောင့်ကြည့် အစီအရင်ခံစာပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့သဘောထားကို သိနိုင်အောင် ဘီဘီစီအနေနဲ့ ဆက်သွယ်နေဆဲဖြစ်ပါတယ်။

M14 အမျိုးအစား မြေမြှုပ်မိုင်းတစ်လုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, M14 အမျိုးအစား မြေမြှုပ်မိုင်းတစ်လုံး

မြန်မာစစ်တပ်ဟာ မြေမြှုပ်မိုင်းတွေအသုံးပြုတဲ့နေရာမှာ မှတ်တမ်းတွေထားရှိပြီးမှ အသုံးပြုတာလို့ ဘီဘီစီ ကို ၂၀၂၂ အစောပိုင်းက ဖြေကြားထားဖူးပါတယ်။

CDM ဗိုလ်ကြီးဇင်ယော် ကတော့ နေပြည်တော်စစ်ရုံးကိုတင်ပြတဲ့ မိုင်းအရေအတွက်နဲ့ မိုင်းထောင်ထားတဲ့ နေရာတွေဟာ လက်တွေ့ မြေပြင်အခြေအနေတွေနဲ့ မကိုက်ညီဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။

“မိုင်းထောင်ထားတဲ့နေရာတွေကို မိုင်းမြေပုံဆိုပြီး အပေါ်ကိုပြန်တင်ခိုင်းတယ်။ ဒါပေမဲ့လည်း တခါတ‌လေကျတော့လည်း ပိုထောင်ထားတဲ့နေရာတွေရှိတယ်။ တခါတလေတော့လည်း အသုံးစာရင်းပြပြီး လျော့ထောင်ထားတဲ့နေရာတွေရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တပ်စခန်းတွေတိုက်ခံရတာပိုများလာတော့ မိုင်းသုံးတာအရမ်းများလာတာ" လို့ CDM ဗိုလ်ကြီးဇင်ယော်က ဘီဘီစီ ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသုံးတဲ့ M14 လူသတ်နင်းမိုင်းကို ခြေချောင်းဖြုတ်သူ "Toepopper" လို့ နာမည်ပြောင်ခေါ်တယ်လို့ စစ်လက်နက်နဲ့မိုင်း တွေအကြောင်းတွေကိုရေးသားမျှဝေနေတဲ့ Tactical Arms Review Myanmar လူမှုကွန်ယက်စာမျက်နှာက ရေးသားပါတယ်။

ဒါအပြင် ၅၆ မမ /၂.၂ လက်မ အချင်းရှိပြီး အမြင့် ၄၀ မမ ရှိတဲ့ M14 မိုင်းကို "ankle mine" နာမည်နဲ့ခေါ်သေးတယ်လို့လည်း ပြောပါတယ်။

“ခြေကျင်း၀တ် ပြတ်စေတဲ့မိုင်း” လို့ Tactical Arms Review Myanmar အဖွဲ့က ပြောပါတယ်။

နိုင်ငံတကာမှာသုံးနေတဲ့ အမေရိကန်ထုတ် M14 အမျိုးအစား မြေမြှုပ်မိုင်းတစ်လုံးဟာ အမေရိကန်ဒေါ်လာ ၇၀ ဝန်းကျင်ရှိတယ်လို့ လည်း စစ်ရေးအကဲခပ်တွေက ပြောပါတယ်။

စစ်ကောင်စီဟာ တင့်ဖျက်မိုင်းလို့ခေါ်တဲ့ ပေါင် ၃၀၀ ကျော်အလေးချိန်နဲ့ဖိမိမှပေါက်ကွဲတဲ့မိုင်းနဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ခုန်ပျံမိုင်းတွေကိုလည်း သုံးတယ်လို့ မြန်မာစစ်တပ်ဖွဲ့ဝင်‌ဟောင်း တွေရဲ့ သုံးသပ်ချက်တွေလည်းရှိပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေပါသုံးလာတဲ့ မြေမြှုပ်မိုင်း

တော်လှန်ရေးတပ်ဖွဲ့ဝင်များရဲ့ လက်လုပ်မိုင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်လုပ်မိုင်းများ

၂၀၂၄ ဇန်နဝါရီလကနေ ဇွန်လအတွင်း မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်တွေပေါက်ကွဲမှုကြောင့် ကလေး ၄၃ ဦးအပါအဝင် အရပ်သား ၁၀၂ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၅၉၀ ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ (ယူနီဆက်) က ထုတ်ပြန်ထားပါတယ်။

မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်တွေပေါက်ကွဲမှုဖြစ်တဲ့ နေရာတွေထဲမှာ ရှမ်းပြည်နယ်မှာ အများဆုံးဖြစ်ပြီး ၂၄ ရာခိုင်နှုန်းအထိရှိခဲ့သလို စစ်ကိုင်းတိုင်းမှာ ၁၇ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ၁၂ ရာခိုင်နှုန်းအထိရှိတယ်လို့လည်း ယူနီဆက်က ပြောပါတယ်။

ဒါအပြင် ကချင်၊ ချင်း၊ မွန်၊ ကယား(ကရင်နီ)၊ ကရင်ပြည်နယ်တွေနဲ့ ရန်ကုန် ၊မန္တလေး၊ တနင်္သာရီ၊ နေပြည်တော် နဲ့ မကွေးတိုင်းတွေမှာ ပေါက်ကွဲမှု အကြိမ် ၁၈၀ အထိရှိခဲ့ပြီး ၃၂၅ ဦးထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်းနားမှာ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်း (၇၈)လုံး သိမ်းဆည်းရမိတယ်လို့ မြောက်ယမား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ က ၂၀၂၂ သြဂုတ်လ က ထုတ်ပြန်ခဲ့ပါတယ်။

တဖက်မှာလည်း လူသေစေနိုင်တဲ့မိုင်းတွေကို အသုံးပြုတာဟာ မြန်မာစစ်တပ်တင် မကဘဲ အတိုက်အခံ အင်အားစုတွေကလည်း ၂၀၂၃-၂၀၂၄ ခုနှစ်တွေမှာ လက်လုပ်မိုင်းတွေသုံးလာတယ်လို့ ICBL အဖွဲ့က ထုတ်ပြောပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ က လူသေစေနိုင်တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု ထိန်းချုပ်ရေး သဘောတူညီမှုမှာ မြန်မာနိုင်ငံဆိုင်ရာကုလအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က ပါဝင်မဲပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ဦးကျော်မိုးထွန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုပြီး ကုလသမဂ္ဂ အစည်းအဝေးတွေကို တက်နေတာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင် မြန်မာ၊ လာအို၊ ဗီယက်နမ်နဲ့ စင်္ကာပူနိုင်ငံတွေဟာလည်း လူသေစေ နိုင်တဲ့ မိုင်းအသုံးပြုမှုတားမြစ်စာချုပ်တွေကို လက်မှတ်ထိုးဖို့ငြင်းဆန်ထားကြပါတယ်။

နေ့စဥ် စစ်ရေးပဋိပက္ခကြီးထွားနေတဲ့ အစ္စရေး၊ အီရန်နဲ့ ဆီးရီးယားနိုင်ငံတွေအပါအဝင် ဆယ်စုနှစ်နဲ့ချီပြီး စစ်ရေးတင်းမာနေတဲ့ တောင်-မြောက်ကိုးရီးယားနှစ်နိုင်ငံလုံးကလည်း မိုင်းအသုံးပြုမှုတားမြစ်ထားတဲ့ နိုင်ငံတကာ ကတိကဝတ်တွေမှာ ပါဝင်တာမျိုးမရှိပါဘူး။

ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ်တွေမှာ စစ်ကျန်မိုင်းတွေ အပြီးသတ်ရှင်းလင်းနေချိန်မှာပဲ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံကတေ့ာ ကမ္ဘာပေါ်မှာ မိုင်းကြောင့် အသက်ဆုံးရှုံးရဆုံး နေရာကို ရောက်လာနေတယ် လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။