ဒရုန်းတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ဖောက်ခွဲမှုတွေ - တင်းမာမှုမြင့်လာတဲ့ကိုရီးယားအခြေအနေ

    • ရေးသားသူ, ဂျိုဝယ် ဂူအင်တို
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားပေးပို့သည့်နေရာ, စင်္ကာပူ
    • ရေးသားသူ, ဂျူနာ မွန်း
    • ရာထူးတာဝန်, ဘီဘီစီ ကိုရီးယားဘာသာဌာန
    • ရေးသားပေးပို့သည့်နေရာ, ဆိုးလ်မြို့

တောင်ကိုရီးယားရဲ့ ဒရုန်းတွေက မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းတဝိုက် ဝဲပျံခဲ့တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံကြားမှာ တင်းမာမှု တစ်စတစ်စမြင့်တက်လာတာ လနဲ့ချီကြာနေပြီဖြစ်ပါတယ်။

မောင်းသူမဲ့ဒရုန်းတွေနဲ့ ဝါဒဖြန့်စာရွက်တွေ ကျဲဖြန့်ခဲ့တာက လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ပွဲတွေအထိ ဦးတည်စေနိုင်တဲ့ရန်စမှုတခု ဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

တောင်ကိုရီးယားကို စွပ်စွဲမှုတွေလုပ်ပြီးနောက်မှာတော့ နယ်စပ်မှာ သူ့ရဲ့နယ်မြေပိုင်နက်ကို ထိပါးမှုတွေရှိလာရင် နယ်ခြားစောင့်တပ်တွေက ပစ်ခတ်ဖို့ပြင်ဆင်ထားတယ်လို့ ပြုံယမ်းက ပြောပါတယ်။ ပြုံယမ်းအစိုးရဘက်က အဲဒီလို ခြိမ်းခြောက်ပြောဆိုမှုတွေနောက်မှာ တောင်ကိုရီးယားဘက်ကလည်း သူတို့နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ပါက မြောက်ကိုရီးယားအုပ်စိုးသူအုပ်စုကို အဆုံးသတ်မယ်လို့ သတိပေး ပြောဆိုလာပါတယ်။

ဒီလိုနှစ်ဖက်အပြန်အလှန်ပြောဆိုမှုတွေနောက်မှာ အင်္ဂါနေ့ကတော့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နယ်စပ်ကို ဆက်သွယ်ထားတဲ့ ရထားလမ်းနဲ့ ကားလမ်းတွေကို မြောက်ကိုရီးယားက စတင် ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ တောင်ကိုရီးယားဘက်က အတည်ပြုပါတယ်။

ဒီဖောက်ခွဲမှုအပြီး မြောက်ကိုရီးယားလူငယ် ၁.၄ သန်းကလည်း စစ်မှုထမ်းဖို့ စာရင်းလာပေးကြတယ်လို့ မြောက်ကိုရီးယားဘက်က ပြောလာပါတယ်။

ကိုရီးယားနှစ်နိုင်ငံကြားမှာ အပြန်အလှန် ဆက်တိုက်တုံ့ပြန်မှုတွေကနေ ပေါက်ကွဲသံတွေဖြစ်လာပါတယ်။ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ နံပါတ်တစ် ရန်သူဖြစ်တယ်ဆိုတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းရဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ပြောဆိုချက်ထွက်လာပြီး နောက်မှာ ဒီတင်းမာမှုတွေက ပိုပြီးဆိုးဝါးပြင်းထန်လာတာပါ။

တောင်မြောက် ကိုရီးယားနှစ်နိုင်ငံကြား လက်ရှိ ဘာတွေဖြစ်နေလဲ

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အောက်တိုဘာလ ၁၁ ရက်တုန်းကတော့ အဲဒီကာလ သီတင်း ၂ ပတ်အတွင်း တောင်ကိုရီးယားကနေ မြောက်ကိုရီးယားမြို့တော် ပြုံရမ်းဘက်ဆီ ဒရုန်းတွေ ဆက်တိုက် စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီဒရုန်းတွေကနေ ''ကောလဟလတွေနဲ့ အဓိပ္ပါယ်မရှိတဲ့သွေးထိုးစာတွေ'' ပါတဲ့ လက်ကမ်းစာစောင်တွေ ကြဲချခဲ့တယ်လို့လည်း ဆိုပါတယ်။

ကင်ဂျုံအွန်းရဲ့ လက်ရုံးဖြစ်သူ ညီမ ကင်ယိုဂျွန်းကတော့ နောက်ထပ်ဒီလိုဒရုန်းပျံသန်းမှုတွေဆက်လုပ်လာမယ်ဆိုရင် ''ထိတ်ဖွယ်ရာအကျိုးဆက်တွေ ရှိလာမယ်'' လို့ ဆိုးလ်ကို သတိပေးပါတယ်။ နောက်ပိုင်းမှာတော့ ရန်စတယ်ဆိုပြီးစွပ်စွဲထားတဲ့အဲဒီလုပ်ရပ်တွေနောက်ကွယ်မှာ တောင်ကိုရီးယားဘက်က ''စစ်ဘက်လူဆိုးတွေ''ရှိနေတယ်ဆိုတဲ့ ''တိကျတဲ့သက်သေ''တွေ ရှိထားတယ်လို့လည်း သူကပြောပါတယ်။

ကောင်းကင်မှာ ဒရုန်းတွေ ပျံသန်းနေတယ်လို့ဆိုတဲ့ ခပ်ဝါးဝါးဓာတ်ပုံ တချို့ကို မြောက်ကိုရီးယားက ထုတ်ပြန်သလို လက်ကမ်းစာစောင်တွေပါတယ်ဆိုတဲ့ ဓာတ်ပုံတွေကိုလည်း ထုတ်ပါတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားကို ဒရုန်းတွေ ပျံသန်းခဲ့တယ်ဆိုတာကို ပထမပိုင်းတုနး်က ငြင်းဆိုခဲ့ပေမဲ့ တောင်ကိုရီးယား စစ်ရေးချုပ်ကတော့ ပြုံရမ်းရဲ့ စွပ်စွဲချက်တွေကို နောက်ပိုင်းမှာ ဝန်ခံတာ ငြင်းဆိုတာမျိုး မရှိခဲ့ပါဘူး။

မြောက်ကိုရီးယားဘက်ခြမ်းဆီကို မိုးပျံပူပေါင်းတွေသုံးပြီး လက်ကမ်းစာစောင်တွေ ကြဲလေ့ရှိတဲ့ တက်ကြွလှုပ်ရှားသူတွေကပဲ ဒီ ဒရုန်းတွေကို ပျံသန်းစေခဲ့တာလို့ဆိုပြီး ဒေသခံတွေက ခန့်မှန်းသုံးသပ်တာတွေလည်း ရှိနေပါတယ်။

မြောက်ကိုရီးယားလွတ်လပ်ရေးလှုပ်ရှားမှုညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် ပါ့ခ်ဆန်ဟတ်ကတော့ မြောက်ကိုရီးယားဘက်ကို ဒရုန်းတွေကျူးကျော်ဝင်ရောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ''မြောက်ကိုရီးယားကို ကျွန်တော်တို့ ဒရုန်းတွေ မလွှတ်ခဲ့ဘူး'' လို့ ပြောပါတယ်။

တနင်္လာနေ့တုန်းကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ မြောက်ကိုရီးယားစစ်ဘက် အကြီးအကဲတွေ၊ နိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးဝန်ကြီးတွေ၊ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။

အဲဒီမှာ ကင်ဟာ ''စစ်ရေးဆိုင်ရာ လုပ်ဆောင်ချက် အသင့်ဖြစ်ဖို့''နဲ့ ''စစ်မက်ဟန့်တားရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှု ပြုလုပ်ဖို့'' အရာရှိတွေကို ညွှန်ကြားခဲ့ပါတယ်။

တောင်ကိုရီးယား စစ်ရေးချုပ်ရုံး ဆက်သွယ်ရေးအရာရှိ လီဆန်ဂျွန်းကတော့ မြောက်ကိုရီးယားဟာ ကိုရီးယားနှစ်နိုင်ငံကို ဆက်ထားတဲ့လမ်းတွေကို အသေးစားဖောက်ခွဲမှုပြုလုပ်တာမျိုးလို ''ရန်စမှုအနည်းငယ်'' ပြုလုပ်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

အဲဒီပြောဆိုချက်ဟာ မြောက်ကိုရီးယားက တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံကို ဆက်ထားတဲ့ ဂျီယွန်နဲ့ ဒွန်ဟဲလမ်းမတွေမှာ ပေါက်ကွဲမှုတွေဖြစ်အပြီး ထွက်လာတာဖြစ်ပါတယ်။

ဒီလမ်းမကြီး နှစ်လမ်းစလုံးဟာ အကောင်းပကတိအတိုင်းမဖြစ်နေတာကြာပြီဖြစ်ပေမဲ့ အဲဒီလမ်းတွေကို ဖျက်ဆီးပြတာဟာ ကင်ဂျုံအွန်းအနေနဲ့ တောင်ကိုရီးယားနဲ့ညှိတာနှိုင်းတာမလုပ်ချင်ဘူးဆိုတာကို ပြသနေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

အဲဒီဖောက်ခွဲမှုတွေဖြစ်အပြီးမှာတော့ တောင်ကိုရီးယားစစ်တပ်ဟာ အင်အားပြသဖို့ မြောက်ကိုရီးယားနဲ့ နယ်စပ်က တောင်ကိုရီးယားဘက်ခြမ်းမှာ လက်နက်ပစ်ခတ်မှုတွေပြုလုပ်ထားပြီး မြောက်ကိုရီးယား ကို စောင့်ကြည့်မှုလည်း တိုးလုပ်ထားတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

နာရီပိုင်းအကြာမှာတော့ မြို့တော်ဆိုးလ် ပတ်ပတ်လည်အထိ ထိစပ်နေတဲ့ ဂျီယွန်စီရင်စုနယ်အစိုးရက နယ်စပ်မှာ မြောက်ကိုရီးယားဆန့်ကျင်ရေးဝါဒဖြန့်စာတွေ မြောက်ကိုရီးယားဘက်ကို လူတွေက စေလွှတ်တာမျိုးမဖြစ်အောင် ဟန့်တားဖို့ တောင်မြောက်ကိုရီးယားနယ်စပ် တစ်လျှောက်က နေရာ ၁၁ နေရာကို ''အန္တရာယ်ဇုန်တွေ''အဖြစ် သတ်မှတ်လိုက်ပါတယ်။

"မြောက်ကိုရီးယားဘက်ခြမ်းကို လက်ကမ်းစာစောင်တွေ ကြဲတဲ့လုပ်ရပ်ဟာ စစ်ဘက်ဆိုင်ရာပဋိပက္ခဖြစ်နိုင်တဲ့အထိ အလွန့်အလွန်အန္တရာယ်ကြီးတဲ့လုပ်ရပ်အဖြစ် ဂျီယွန်စီရင်စုနယ်က သတ်မှတ်ထားပါတယ်'' လို့ အဲဒီစီရင်စုနယ် ဒုတိယအုပ်ချုပ်ရေးမှူး ကင်ဆန်းဂျွန်က ပြောပါတယ်။

အဲဒီလိုလက်ကမ်းစာစောင်တွေ ဖြန့်ကြဲတာဟာ ''ကျွန်တော်တို့ရဲ့ ဒေသခံတွေရဲ့ အသက်အိုးအိမ်နဲ့ လုံခြုံမှု'' ကို ခြိမ်းခြောက်မှုဖြစ်လာစေနိုင်တယ်လို့ သူက ထပ်လောင်းပြောသလို ''ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးဟာ မြန်မြန်ဆန်ဆန်ယိုယွင်းလာနေတယ်''လို့ ပြောထားပါတယ်။

ဒါက ဘာသဘောဆောင်လဲ

ဒရုန်းတွေ မြောက်ကိုရီးယားမြို့တော်အထိ ရောက်တယ်ဆိုတဲ့ဖြစ်ရပ်ဟာ နိုင်ငံကို ဆန့်ကျင်တဲ့ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်ဆိုတဲ့အခြေအနေမျိုးပေါ်အောင်လုပ်ပြီး ပြည်တွင်းမှာ ထောက်ခံမှု တိုးလုပ်ဖို့ လုပ်နေတာလို့ အကဲခတ်တွေက ယူဆပါတယ်။

တောင်ကိုရီးယားကို ရည်ညွှန်းပြီး ''သီးခြားနိုင်ငံတွေ'' လို့ဆိုတဲ့ အသုံးအနှုန်းသုံးစွဲတာ၊ ''တစ်ပြည်တည်းသားချင်းတွေ'' နဲ့ ''ပြန်လည်ပေါင်းစည်းရေး'' ဆိုတဲ့ စကားလုံးတွေကို ဖယ်သုံးတာကတော့ ဒီဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဘူဆန်မှာရှိတဲ့ ဒေါင်အ တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံနဲ့ သံတမန်ရေး သင်ကြားနေတဲ့ ပါမောက္ခ ကန်ဒုန်ဝမ်က ပြောပါတယ်။

''မြောက်ကိုရီးယားအုပ်စိုးသူအစုအဖွဲ့က အကြောက်တရားနိုင်ငံရေးကို အများကြီး မီခိုနေရတယ်။ ပြီးတော့ ပြည်ပရန် ဆိုတာမျိုးလည်း သူတို့ လိုအပ်နေတာပေါ့လေ'' လို့ ပါမောက္ခ ခန်က ပြောပါတယ်။ တင်းမာမှုတွေ မြင့်တက်လာတဲ့အခါတိုင်းမှာ အုပ်စိုးသူအစုအဖွဲ့အပေါ် သစ္စာရှိလာကြအောင် ပြည်ပခြိမ်းခြောက်မှုတွေကို မြောက်ကိုရီးယားက ပြောလေ့ရှိတယ်''

တစ်ဖက်ကလုပ်လို့ တစ်ဖက်က တုံ့ပြန်တယ်ဆိုတဲ့ ကိုရီးယားနှစ်နိုင်ငံကြားက အခြေအနေဟာ ဘယ်ဘက်ကမှ အရင်ဆုံးအလျှော့မပေးလိုတာကို ပြသနေတယ်လို့လည်း အကဲခတ်တွေက သုံးသပ်ပါတယ်။

''အခုအခြေအနေမှာ ဘယ်ဘက်ကမှ နည်းနည်း နောက်ဆုတ်လိုက်တာမျိုး ပြသချင်တာမရှိဘူး'' လို့ ဆိုးလ်မြို့မှာရှိတဲ့ မြောက်ကိုရီးယားလေ့လာရေးတက္ကသိုလ်က ပါမေက္ခ ကင်ဒုန်ယက်က ပြောပါတယ်။

အပြန်အလှန်မယုံကြည်မှုလည်း ရှိနေတာကြောင့် တောင်ကိုရီးယားအနေနဲ့ ''ဒီအကျပ်အတည်းကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ဗျူဟာကျကျစဥ်းစားဖို့ လိုအပ်တယ်'' လို့လည်း ပါမောက္ခ ကင်က ထပ်လောင်းပြောပြပါတယ်။

ကိုရီးယားနှစ်နိုင်ငံ စစ်ပွဲကို ဦးတည် ပြီလား

လက်ရှိအခိုက်အတန့်မှာတော့ မဖြစ်သေးပါဘူးလို့ အကဲခတ်တွေက ပြောပါတယ်။

''အခုအခြေအနေက စစ်ဖြစ်လောက်တဲ့အဆင့်အထိ တင်းမာလာနိုင်တယ်ဆိုတာမျိုးတော့ မထင်သေးပါဘူး။ မြောက်ကိုရီးယားဟာ ပြည်တွင်းက စည်းလုံးညီညွတ်မှုကို ခိုင်မာအောင်လုပ်ဖို့ စစ်ရေးထိပ်တိုက်တွေ့မှုကို အမြတ်ထုတ်နေတာ'' လို့ ပါမောက္ခ ခန်က ပြောပါတယ်။

“စစ်ပွဲကြီးတစ်ခုလုံးကို မြောက်ကိုရီးယားဘက်က စတင်နိုင်စွမ်းကိုတော့ ကျွန်တော် သံသယရှိတယ်။ ပဋိပက္ခတစ်ခုကနေ ဆောင်ကျဥ်းလာမယ့် ကြီးမားတဲ့အကျိုးဆက်တွေကိုလည်း မြောက်ကိုရီးယား အုပ်စိုးသူတွေ ကောင်းကောင်းသတိရှိတယ်လေ'' လို့ ပါမောက္ခ ကင်က ပြောပါတယ်။

ဒရုန်းတွေ ပျံသန်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အပြန်အလှန် တုံ့ပြန်မှုတွေဟာ ''ပါးစပ်အပြော'' လောက်နဲ့ပဲ ပြီးသွားနိုင်ခြေရှိတယ်လို့ ဆိုးလ်မြို့က ကိုရီးယားတက္ကသိုလ်မှာရှိတဲ့ မြောက်ကိုရီးယား လေ့လာချက်ကို သင်ကြားနေတဲ့ ပါမောက္ခ နမ်ဆွန်းဝုခ် က ပြောပါတယ်။

ဘာကြောင့်လဲဆိုရင် ဆိုးလ်နဲ့ ပြုံယမ်းဟာ စစ်ပွဲကြီးတစ်ခုဖြစ်လာတဲ့အခါ ဆုံးရှုံးမှုဒဏ်ကို ခံနိုင်မှာမဟုတ်ဘူးလို့ ပါမောက္ခ နမ်က ပြောသလို ''ဒီတော့ နျူကလီးယားလက်နက်တွေအသုံးလာနိုင်ခြေကလည်း နည်းပါတယ်'' လို့ ဆိုပါတယ်။

ဆိုတော့ ပိုကျယ်ပြန့်တဲ့အခင်းအကျင်းက ဘာပါလဲ

တကယ်တော့ ကိုရီးယားစစ်ပွဲ ၁၉၅၃ ခုနှစ်မှာ အဆုံးသတ်တဲ့အခါ ငြိမ်းချမ်းရေးစာချုပ်တစ်ရပ် မချုပ်ဆိုရသေးတာကြောင့် ကိုရီးယားနှစ်နိုင်ငံဟာ စစ်ဖြစ်နေဆဲလို့ပြောရင်လည်း ပြောနိုင်ပါတယ်။

အမှန်တကယ် လက်တွေ့မကျဘူးဆိုပေမဲ့ မြောက်ကိုရီးနိုင်ငံရယ်လို့ စဖြစ်လာကတည်းက တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေးဟာ အဓိက အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကင်က တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေးကို ဇန်နဝါရီလမှာ စွန့်လွှတ်ခဲ့ပါတယ်။

ကင်ဟာ မြောက်ကိုရီးယားနိုင်ငံကို ဗလာဒီမီယာ ပူတင်ဦးဆောင်မှုအောက်က ရုရှားနိုင်ငံနဲ့ ပိုနီးကပ်ဆောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကပဲ တဖက်မှာ တောင်ကိုရီးယားနဲ့ မဟာမိတ်တွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ အနောက်နိုင်ငံတွေနဲ့ သူ့ကြားက ဆက်ဆံရေး လျော့သွားအောင် တွန်းပို့စေခဲ့ပါတယ်။

ပြီးတော့ သိသာတဲ့အချက်က မြောက်ကိုရီးယားဟာ တရုတ်နဲ့ ကာလရှည် မဟာမိတ်ဖြစ်နေခဲ့ပြီး အရေးအပါဆုံး မဟာမိတ်လည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားမြို့တော်အထိ ဒရုန်းတွေ ပျံသန်းလာတယ်ဆိုတဲ့ဖြစ်ရပ် ထွက်လာတဲ့အခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရသူကတော့ ကိုရီးယားကျွန်းဆွယ်မှာ ''ပဋိပက္ခတွေ ပိုမြင့်တက်လာတာမျိုးကို ရှောင်ရှားကြဖို့'' သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေ အားလုံးကို တောင်းဆိုတယ်လို့ အင်္ဂါနေ့မှာ တိုက်တွန်းပါတယ်။

တဖက်မှာလည်း အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ စတင်နေချိန်မှာပဲ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုမြင့်တက်လာတာဖြစ်ပါတယ်။