အမှိုက်ထုပ်တွေကို မိုးပျံပူဖောင်းတွေမှာ ချိတ်ပြီး တောင်ကိုရီးယားထဲကို ပြုံယမ်းဘက်ကပို့

မြောက်ကိုရီးယား နိုင်ငံဟာ တောင်ကိုရီးယား ထဲကို အမှိုက်သရိုက် အညစ်အကြေးတွေ သယ်လာတဲ့ မိုးပျံပူဖောင်း အလုံးပေါင်း ၂၆၀ ထက် မနည်း လွှတ်တင် ဖြုတ်ချခဲ့ပါတယ်။

ဒီ ဖြစ်ရပ်ကြောင့် တောင်ကိုရီးယား ထဲမှာ လုံခြုံရေး ဆိုင်ရာ စိုးရိမ်ချက်တွေ ထွက်ပေါ်လာပြီး လူတွေ အိမ်ထဲမှာပဲ နေကြဖို့ သတိပေးချက်တွေကို တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အဖြူရောင် ပူဖောင်းတွေ၊ ပလတ်စတစ်အိတ်တွေကို တွေ့ရင် သွားပြီး ထိတာ ကိုင်တွယ်တာမျိုး မလုပ်ဖို့ တောင်ကိုရီးယား စစ်တပ်က လူအများကို သတိပေးပါတယ်။

အဲဒီ အိတ်တွေထဲမှာ ရွံရှာစက်ဆုပ်ဖွယ် အညစ်အကြေးတွေ၊ အမှိုက်သရိုက်တွေ ထည့်ထားတယ်လို့ တောင်ကိုရီးယား စစ်တပ်က ဆိုပါတယ်။

အဲဒီလိုမျိုး အိတ်တွေ သယ်ထားတဲ့ မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယား ၉ ပြည်နယ် ရှိတဲ့ အထဲ ၈ ပြည်နယ်မှာ တွေ့ခဲ့ရပါတယ်။

ကိုရီးယား စစ်ပွဲဖြစ်ခဲ့တဲ့ ၁၉၅၀ ပြည့်ကျော် နှစ်တွေကတည်းက စလို့ တောင်-မြောက် နှစ်နိုင်ငံစလုံးက သူတို့ရဲ့ ဝါဒဖြန့်ချီရေး လုပ်ဆောင်မှုတွေမှာ မိုးပျံပူဖောင်းတွေ သုံးပြီး တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် လွှတ်တင် နေခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ် နေရာတွေမှာ တောင်ကိုရီးယား တက်ကြွ လှုပ်ရှားသူတွေက ဝါဒဖြန့် စာစောင်တွေနဲ့ တခြား အမှိုက်သရိုက်တွေ လာပြီးချတာမျိုးတွေ မကြာခန ပြုလုပ်နေတဲ့ အတွက် လက်တုန့်ပြန် သွားမယ်လို့ ပြီးခဲ့တဲ့ ရက် အနည်းငယ်တုန်းကပဲ မြောက်ကိုရီးယားဘက်က ပြောထားပါတယ်။

“စက္ကူစ အစုတ်အပြတ် အပုံလိုက်တွေ၊ အညစ်ကြေး အမှိုက်သရိုက်တွေ မကြာခင်ပဲ ရီပတ်ဘလစ်အော့ဖ် ကိုရီးယား ROK ရဲ့ နယ်စပ်နဲ့ သူတို့ရဲ့ နိုင်ငံထဲ ပြန့်ကျဲ သွားစေ့ရမယ်။ ဒါတွေကို ဖယ်ရှားဖို့ ဆိုတာ ဘယ်လောက် အားစိုက်ရတယ် ဆိုတာ သူတို့ ကိုယ်တိုင်ကြုံရစေ့မယ်” ဆိုပြီး မြောက်ကိုရီးယားရဲ့ ကာကွယ်ရေး ဒုဝန်ကြီးက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကပဲ ပြောဆိုခဲ့ပါတယ်။

ကိုရီးယား သမ္မတ နိုင်ငံ ROK ဆိုတာ တောင်ကိုရီးယားရဲ့ တရားဝင် နာမည် ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နာမည်ကတော့ ဒီမိုကရက်တစ် ကိုရီးယား ပြည်သူ့ သမ္မတ နိုင်ငံ အတိုကောက် DPRK ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ နှောင်းပိုင်းမှာတော့ တောင်ကိုးရီးယား ဆိုးလ်မြို့တော်ရဲ့ မြောက်ဘက်ပိုင်းမှာ နေကြသူတွေရဲ့ ဖုန်းတွေထဲ ဒေသန္တရ အာဏာပိုင်တွေက ပေးပို့တဲ့ သတိပေးစာတွေ ဝင်လာပါတယ်။ အဲဒီထဲ အိမ်ပြင်ထွက်တာတွေ မဖြစ်မနေ အခြေအနေမှသာ လုပ်ကြဖို့၊ တတ်နိုင်သလောက် အိမ်ထဲမှာပဲ နေကြဖို့ ရေးထားပါတယ်။

ဒါ့အပြင် အမျိုးအမည် မသိ အရာဝတ္တုပစ္စည်းမျိုးတွေ တွေ့လာရရင်လည်း နီးစပ်ရာ ရဲစခန်း ဒါမှမဟုတ် စစ်တပ်ကို အကြောင်းကြားပါ ဆိုပြီးတော့လည်း ပြောထားပါတယ်။

အခုအခါမှာတော့ ဆိုရှယ်မီဒီယာတွေပေါ် တောင်ကိုရီးယား ပြည်သူတွေဟာ သူတို့ တွေ့တဲ့ အရာတွေကို ဓာတ်ပုံ ရိုက်ပြီး တင်နေကြတာမှာ၊ အဖြူရောင် မိုးပျံပူဖောင်းတွေမှာ အိတ်တွေ တန်းလန်း ကြိုးနဲ့ ဆွဲထားတဲ့ ပုံတွေကို တွေ့ရပါတယ်။

အိတ်တွေထဲမှာ ဆိုရင် အိမ်သာသုံး စက္ကူက အစ၊ မြေကြီးခဲ အမည်းတွေ၊ ဓာတ်ခဲဟောင်းတွေ အပြင် တခြား အမှိုက် အမျိုးမျိုးလည်း ပါဝင်ပါတယ်။

တောင်ကိုရီးယား ယွန်းဟပ် သတင်း ဌာနက ရေးတဲ့ သတင်း တစ်ပုဒ်မှာ ဆိုရင် ပြုတ်ကျလာတဲ့ မိုးပျံပူဖောင်းက သယ်လာတာတွေထဲ မစင်လိုမျိုး အညစ်အကြေးထိ ပါတယ် လို့ ဆိုထားပါတယ်။

မြောက်ကိုရီးယား ဘက်က အခုလို ပြုမူတာဟာ နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲလို့ တောင်ကိုရီးယား စစ်တပ်က ပြစ်တင် ရှုတ်ချပါတယ်။

“တောင်ကိုရီးယား ပြည်သူတွေရဲ့ လုံခြုံရေး အပေါ် ပြင်းပြင်းထန်ထန် ခြိမ်းခြောက် အန္တရာယ်ပြုတာမျိုး ဖြစ်တယ်။ မိုးပျံပူဖောင်းတွေကြောင့် တစုံတရာ ဖြစ်တယ် ဆိုရင် မြောက်ကိုရီးယားက အပြည့်အဝ တာဝန် ယူရလိမ့်မယ်။ အခုလို လူမဆန်တဲ့ လုပ်ရပ်၊ အသိဉာဏ် ကင်းမဲ့တဲ့ လုပ်ရပ်မျိုးတွေကို ရပ်တန်းက ရပ်ပါ” ဆိုပြီး တောင်ကိုရီးယား စစ်တပ်က ဆိုပါတယ်။

တောင်ကိုရီးယားဘက်က တက်ကြွ လှုပ်ရှားသူတွေကလည်း ပြုံယမ်း အစိုးအရ ဆန့်ကျင်ရေး စာရွက်စာတမ်းတွေ ပါဝင်တဲ့ မိုးပျံပူဖောင်းတွေ လွှတ်တင်လေ့ ရှိပါတယ်။

အဲဒီ ပူဖောင်းတွေထဲ ငွေကြေး အနည်းငယ် အပါအဝင် မြောက်ကိုရီးယားထဲမှာ ပိတ်ပင်ထားတဲ့ သတင်းမီဒီယာ ဖော်ပြချက်တွေ၊ ချိုကိုပိုင် လို့ ခေါ်တဲ့ သွားရည်စာ ကိတ်မုန့်မျိုးတွေပါ ချိတ်ပေးလေ့ ရှိပါတယ်။ ( ချိုကိုပိုင် Choco Pie လို့ ခေါ်တဲ့ တောင်ကိုရီးယားထုတ် မုန့်ကိုလည်း မြောက်ကိုရီးယားထဲ ပိတ်ထားပါတယ်)

တောင်ကိုရီးယားမှာ ဥပဒေအရတော့ ပြုံယမ်း ဆန့်ကျင်ရေး ဝါဒဖြန့် စာရွက်စာတမ်းတွေ လွှတ်တင်တာကို အရေးယူနိုင်တဲ့ ဥပဒေတစ်ရပ်ကို ၂၀၂၀ ဒီဇင်ဘာ ကတည်းက ဆိုးလ် ပါလီမန်ကနေ အတည်ပြုထားပါတယ်။