နည်းဗျူဟာအဆင့်နျူးကလီးယားတိုက်ပွဲအတွက် မြောက်ကိုရီးယားရဲ့ သရုပ်ပြလေ့ကျင့်မှု

မြောက်ကိုရီးယားအစိုးရက လောလောဆယ်ပြုလုပ်ခဲ့တဲ့ မစ်ဇိုင်းဒုံးကျည်စမ်းသပ်မှုတွေဟာ တောင်ကိုရီးယားကို နျူးကလီးတိုက်ခိုက်မှုအတွက် သရုပ်ပြလေ့ကျင့်မှုအဖြစ်ပြုလုပ်ခဲ့တာလို့ သူတို့ကဆိုပါတယ်။

 မြောက်ကိုရီးယားဟာ ၅ နှစ်ကြာကာလအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် နျူးကလီးယားလက်နက် စမ်းသပ်မှု ပြန်လည်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ထောက်လှမ်းရေး သတင်းထွက်ပေါ်လာပြီးနောက်မှာ မြောက်ကိုရီးယားအစိုးရက အခုလို ထုတ်ဖော်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

 အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်ခဲ့ကြတဲ့ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ လတ်တလောသီတင်းပတ်တွေအတွင်းမှာပဲ မစ်ဇိုင်းစမ်းသပ်ပစ်လွှတ်မှု ၇ ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။

 အဲဒီမစ်ဇိုင်းတွေဟာ နည်းဗျူဟာအဆင့် နျူးကလီးယားလက်နက်တွေ တပ်ဆင် အသုံးပြုနိုင်အောင် ဒီဇိုင်းလုပ်တည်ဆောက်ထားတာလို့ မြောက်ကိုရီးယား အစိုးရမီဒီယာက တနင်္လာနေ့မှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

 အဲဒီလက်နက်တွေဟာ တိုက်ပွဲအတွင်းမှာ အသုံးပြုဖို့ ရည်စူးထားတဲ့ တာတိုပစ်လက်နက်ငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မစ်ဇိုင်းတွေကို ပစ်ခတ်လေ့ကျင့်ခဲ့ရာမှာ အသေးစားပုံဖော်ထားတဲ့ ထိပ်ဖူးအတုတွေကို အစားထိုးတပ်ဆင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

 တောင်ကိုရီးယား စစ်အခြေစိုက်စခန်း၊ ဆိပ်ကမ်း၊ လေဆိပ်တွေကို သရုပ်ပြလေ့ကျင့်တိုက်ခိုက်ရာမှာ အောင်မြင်မှုရခဲ့တယ်လို့လည်း သူတို့ကဆိုပါတယ်။ ဒီမစ်ဇိုင်းလေ့ကျင့်မှုတွေဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို သတိပေးလိုက်တာလို့လည်း ပြောပါတယ်။

 တောင်ကိုရီးယား သတင်းဌာန KNCA ကထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ စမ်းသပ်မှုတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်နေတာ တွေ့မြင့်ရပါတယ်။

 မြောက်ကိုရီးယားအနေနဲ့ နျူးကလီးယားလက်နက် အသုံးပြုလို့ ဘာအကျိုးအမြတ်မှ ရစရာမရှိဘူးလို့ တောင်ကိုရီးယား သမ္မတ ယွန်းဆောက်ယူက ဆိုပါတယ်။

 “မြောက်ကိုရီးယားဟာ နျူးကလီယားလက်နက်ကို ဆက်လက်လုပ်ဆောင်နေပြီး တောင်ကိုရီးယားကိုသာမက ကမ္ဘာကိုပါခြိမ်းခြောက်နေပါတယ်။ နျူးကလီးယားလက်နက်ကနေ ဘာမှ အကျိုးအမြတ်ရစရာမရှိဘူးလို့ ယုံကြည်ပါတယ်” လို့ သူကဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ နျူးကလီးယားလက်နက်ကို နောက်ဆုံးစမ်းသပ်ခဲ့ပြီး ရပ်တန့်ထားခဲ့ရာကနေ မကြာမီမှာ မြောက်ကိုရီးယားဟာ စမ်းသပ်မှု ပြန်လုပ်လိမ့်မယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။

 ဒါ့အပြင် မစ်ဇိုင်းတွေနဲ့ တပ်ဆင်လို့ရမဲ့ နည်းဗျူဟာအဆင့်လက်နက်သေးတခုခုကိုပါ အခွင့်ကြုံတုန်းမှာ ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ဖောက်ခွဲလိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

 မြောက်ကိုရီးယားဟာ နျူးကလီးယာစွမ်းအင်ကို ပြန်လည်ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မစ္စတာကင်ဂျုံအန်းက ပြီးခဲ့တဲ့လတုန်းက ကြေညာခဲ့ပါတယ်။ ကြိုတင်ကာကွယ်ခုခံရေးအတွက် နျူးကလီယားလက်နက် စတင်အသုံးပြုခွင့်ကိုလည်း ဥပဒေပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ အရင် ဥပဒေဟောင်းမှာက ရန်သူကစတင်တိုက်ခိုက်လာမှသာ တုံ့ပြန်တိုက်ခိုက်ခွင့်ရှိတာဖြစ်ပါတယ်။

 ဒီနှစ်အတွင်းမှာ မစ်ဇိုင်းဒုံးပစ်လွှတ်စမ်းသပ်တာဟာ စုစုပေါင်း အလုံး ၄၀ ရှိသွားပြီဖြစ်တဲ့ အတွက် တနှစ်အတွင်း ပစ်လွှတ်တဲ့အကြိမ်ရေဟာ မှတ်သားလောက်ဖွယ်ရာ တိုးမြင့်လာတာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ပစ်လွှတ်ခဲ့တဲ့ မစ်ဇိုင်းတွေကတော့ တာတိုပစ်တွေဖြစ်ပြီး မြောက်ကိုရီးယားနဲ့ ဂျပန်အကြားပင်လယ်ပြင်မှာ ကျရောက်ခဲ့ပါတယ်။

 ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပစ်လွှတ်ခဲ့တဲ့မစ်ဇိုင်းဒုံးကတော့ တာလတ်ပစ်ပဲ့ထိန်းဒုံးဖြစ်တယ်လို့ လက်နက်ကျွမ်းကျင်သူတွေက ဆိုကြကပါတယ်။

 ဒီနှစ်အတွင်း မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံးလေ့ကျင့်ခန်းတွေထဲမှာ မီးရထားနဲ့ ကားတန်းတွေလို ရွေ့လျားနေတဲ့ ပစ်မှတ်တွေကို ပစ်ခတ်ခြင်းလို့ ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေပါ ပါဝင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

အမေရိကန် အစိုးရက နျူးကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Ronald Reagan ကို ကိုရီယားကျွန်းဆွယ်မှာ နေရာချထားပြီး တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားဟာ စက်တင်ဘာလ ၂၅ ရက်နေ့ကနေ အောက်တိုဘာလ ၉ ရက်နေ့အတွင်းမှာ လက်နက်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 ၂၀၁၈ ခုနှစ် ၂၀၁၉ ခုနှစ်တို့မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ဆွေးနွေးခဲ့စဉ်အခါနဲ့ နှိုင်းစာရင် အခြေအနေဟာ သိသိသာသာပြောင်းလဲသွားတာ ဖြစ်ပါတယ်။

 တောင်ကိုရီးယားမှာ မေလတုန်းက အသစ်ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ယွန်းဆောက်ယူဟာ အရင်သမ္မတထက်မြောက်ကိုရီးယားအပေါ် သဘောထားပြင်းထန်ပြီး အမေရိကန်နဲ့ ပိုမိုနီးနီးစပ်စပ် ဆက်သွယ်တာတွေကြောင့် မြောက်ကိုရီးယားဟာ အခုလို တုံ့ပြန်နေတာလို့လည်း သုံးသပ်သူတွေက ဆိုကြပါတယ်။