ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင် နဲ့ မြောက်ကိုရီးယား စစ်ဖြစ်လာနိုင်တဲ့ အခြေအနေရှိလား
တောင်ကိုရီးယားမှာ သဘောထားတင်းမာတဲ့ အမြင်ရှိတဲ့ သမ္မတသစ်က စတင်တာဝန်ယူဖို့ ပြင်ဆင်နေတဲ့အချိန်မှာ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်ကလည်း လက်နက်တွေ အလျင်အမြန် စမ်းသပ်နေပါတယ်။
မအောင်မြင်တဲ့ နျူကလီးယား ဆွေးနွေးပွဲတွေအပြီး နှစ်နဲ့ချီ ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်တဲ့ အခြေအနေကြောင့် ကိုရီးယားကျွန်းဆွယ်ရဲ့အခြေအနေကလည်း တင်းမာမှုတွေ မြင့်တက် လာနေပါတယ်။
“ပုဆိန်ရဖို့ တွေးထားပေမယ့် သယ်ရတာ အရမ်းခက်မယ့် အခြေအနေဖြစ်လို့ ဒါကြောင့် ဓားတစ်ချောင်းပဲယူသွားဖို့ ဆုံးဖြတ်လိုက်တယ်"
တောင်နဲ့မြောက်စစ်ဖြစ်လာရင် ထွက်ပြေးဖို့ သူစီစဥ်ထားတဲ့ အသေးစိတ်အစီအစဉ်ကို ဂျန်က အလင်းရောင်မှိန်မှိန် ကော့တေးဘားတစ်ခု ရဲ့ ညဉ့်နက်ပိုင်းအချိန်မှမှာ ဂျန်က ပြန်ပြောပြပါတယ်။
ဆိုးလ်မှာနေထိုင်တဲ့ တောင်ကိုရီးယားနိုင်ငံသားတစ် ယောက်အနေနဲ့ မြောက်ကိုရီးယားက တိုက်ခိုက်လာခဲ့ရင် ဘာလုပ်ရမယ်ဆိုတာ သူ အတိအကျသိပါတယ်။
လက်နက်တွေနဲ့ စတိုက်လာပြီဆိုရင် မော်တော်ဆိုင်ကယ် နှစ်စီးနဲ့ပြေးဖို့ သူစီစဥ်ထားတယ်။ တစ်စီးက သူ့အတွက်၊နောက်တစ်စီးက သူ့အစ်ကို။ သူတို့ မိဘတွေကိုတော့ ဆိုင်ကယ်နှစ်စီးရဲ့ နောက်ခုံတွေမှာ တင်ခေါ်သွားမှာပါ။
ဒီလိုနည်းနဲ့ မြောက်ကိုရီးယားကနေ တံတားတွေကို ဗုံးမကြဲခင် မြို့ရဲ့ မြစ်ကို အမြန်ဖြတ်ပြီး ဆိပ်ကမ်းမပျက်စီးခင် ကမ်းရိုးတန်းကို ရောက်အောင်သွားနိုင်ဖို့ သူ စဥ်းစားထားပါတယ်။
တစ်ညနေခင်းမှာ သူနဲ့ သူ့အစ်ကိုတို့ ထိုင်ပြီး မြေပုံကြည့်၊ သွားမယ့်လမ်းကြောင်းဆွဲ၊ သူတို့ လမ်း ခွဲပြီးသွားရရင် သစ်ပင်တွေမှာ ဖဲကြိုးတွေချည်ပြီး အမှတ်အသားလုပ်ဖို့ ကိုလည်း သဘောတူထား ပြီးသားပါ။
ဒါကတော့ လွန်ခဲ့တဲ့ငါးနှစ်က အခြေအနေပါ။ အဲ့ဒီ အချိန်တုန်းက မြောက်ကိုရီးယားက အမေရိကန်ကိုရောက်အောင် လှမ်းပစ်နိုင်တယ်ဆိုတဲ့ နျူကလီးယား ဒုံးကျည်တွေကို အသည်းအသန် စမ်းသပ်နေပြီး သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တုံ့ပြန်မယ်လို့ပြောပြီး ဒေါသတကြီးနဲ့ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။
အဲ့ဒီတုန်းကဆိုအခြားလူတွေ အများစုထက် သူက ပိုစိုးရိမ်ခဲ့တယ်လို့ ဂျန်က ဝန်ခံပါတယ်။ မည်သို့ပင်ဆိုစေကာမူ အဲ့ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့နှစ်ပေါင်း ခုနှစ်ဆယ် နီးပါးက ပြီးဆုံးသွားခဲ့တဲ့ မြောက်ကိုရီးယားနဲ့ စစ်ပွဲအပြီး စစ်ပြန်ဖြစ်တော့မယ်လို့ တောင်ကိုးရီးယားအများစု ခံစားခဲ့ရတာဖြစ်ပါတယ်။
နောက်တော့ ထူးခြားမှုတွေ ဆက်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်က အသစ်ရွေးချယ်ခံရတဲ့ တောင်ကိုရီးယား သမ္မတသစ် မွန်ဂျေအင်းက ထရမ့်ကို ကင်ဂျုံအန်းနဲ့ တွေ့ဆုံဖို့ ဆွဲ ဆောင်စည်းရုံးနိုင်ခဲ့ပါတယ်။
အဲ့ဒီတွေ့ဆုံမှုဟာ အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် တစ်ယောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။သမိုင်းဝင် ထိပ်သီးအစည်း အဝေးတွေ ဖြစ်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို စွန့်လွှတ်ဖို့ သဘောတူခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်း ရေးရတော့မယ်ဆိုတဲ့ မျှော်လင့် ချက်တွေလည်းဖြစ်လာခဲ့ပါတယ်။
မြောက်ကိုရီးယားကပြေးလာတဲ့ ဒုက္ခသည်တွေရဲ့သား သမ္မတ မွန်ဟာ မြို့တော်ပြုံယမ်းကို ရောက်ရှိလာပြီး ရန်သူရဲ့ လက်ကို ဆုပ်ကိုင်၊ ပြည့်ကျပ်နေတဲ့ အားကစားကွင်းကြီး တစ်ခုထဲကို ဝင်လာချိန်မှာတော့ ကြည့်နေတဲ့သူတွေကို စိတ်လှုပ်ရှားမှုတွေ ဖြစ်စေခဲ့ပါတယ်။
ကြည့်နေတဲ့ ပရိသတ်တွေဆို ဘာလုပ်ရမှန်းတောင် မသိတဲ့အထိဖြစ်သွားကြတယ်လို့ အဲ့ဒီတုန်းက သမ္မတရဲ့ အကြံပေး ပါမောက္ခ မွန်ချွန်အင်က ပြန်ပြောပြပါတယ်။သူတို့ရန်သူလို့ အရင်က ပြောခဲ့ကြတဲ့ ဒီလူက ငြိမ်းချမ်းရေးကို အဆိုပြုပြီး သူတို့မြေပေါ်ကိုရောက်နေပါပြီ။ပြီးတော့ ရုတ်တရက် မြောက်ကိုရီးယား ပရိသတ် တစ်သိန်းငါးသောင်းဆီက ကျယ်လောင်တဲ့ လက်ခုပ်သံတွေလည်း ထွက်လာပါတယ်။ “ကြည့်ရတာ အံ့သြစရာကောင်းတယ်၊ ဒါဟာ ကျွန်တော့် အတွက် စိတ်လှုပ်ရှားမှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့ အချိန်ပါ”လို့ ဆိုပါတယ်။
ဒါပေမဲ့ သမ္မတမွန် ရာထူးက ထွက်သွားတော့ အဲဒီတုန်းက မျှော်လင့်ချက်တွေ ပြန် ပျောက်ကွယ်ကုန်ပါတယ်။၂၀၁၉ ခုနှစ်က အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြားက နျူသဘောတူညီချက်ပျက်သွားတော့ ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေလည်း ပျက်ကုန်ပါတယ်။
အခြေအနေက အဲဒီကတည်းက ရှေ့မတိုး နောက်မဆုတ် ဖြစ်ခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားက အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေကို ဆက် လက်တီထွင်နေပြီး စမ်းသပ်မှုတွေလည်း ဆက်တိုက် ဆက်လုပ်နေပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကပ်ရောဂါနဲ့ ဖြစ်နေတဲ့ ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာက လူတွေက မြောက်ကိုရီးယားကို သိပ်အာရုံမစိုက်နိုင်ကြပါဘူး။
အစိုးရ မအောင်မြင်ခဲ့ဘူးဆိုရင်ကောလို့ ပရော်ဖက်ဆာ မွန်ချွန်အင်းကိုမေးတော့ "မအောင်မြင်ရင်လည်း စစ်ဖြစ်မယ်လို့ မထင်ဘူး! " လို့ပြန်ဖြေခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးရဲ့ အကြီးမားဆုံး အကျပ်အတည်းတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေးကိစ္စကို မွန်ရဲ့ တောင်ကိုရီးယား အစိုးရက ငါးနှစ်ထိန်းထားနိုင်ခဲ့တယ်လို့ အကြောင်းပြချက် ပေးပါတယ်။
မြောက်ကိုရီးယားကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းပေါ်ရောက်လာအောင် ဘယ်လို မက်လုံးတွေ ရရှိစေမယ်ဆိုတာလည်း ပြခဲ့ပါတယ်။ပြဿနာက မြောက်ကိုရီး ယား စေ့စပ်ညှိနှိုင်းရေးမှူးတွေကို လက်ဗလာနဲ့ ပြန်ခိုင်းခဲ့တာက မြောက်ကိုရီးယားအစိုးရအတွက် အလွန်အရှက်ရစေပြီး သေချာပေါက်နီးပါး အပြစ်ပေးခံရမယ့် ပြစ်မှုဖြစ်တယ်လို့လည်း သူက ယုံကြည်ထားပါတယ်။
မြောက်ကိုရီးယားတွေ ဆွေးနွေးပွဲပြန်စဖို့ သမ္မတမွန်ဂျေအင် တတ်နိုင်သလောက်ကြိုးစားခဲ့ပေမယ့် အဲ့လိုလုပ်ဆောင်ခဲ့တာကိုလည်း ကမ္ဘာပေါ်က အရက်စက်ဆုံး အာဏာရှင်တွေထဲက တစ်ဦးကို အလျှော့ပေးကျေနပ်အောင်လုပ်တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။
"သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး ရယ်မောနေကြတဲ့ပုံတွေ မြင်လိုက်ရတော့ တုန်တုန်ယင်ယင်တောင်ဖြစ်သွားတယ်"လို့ ဆိုးလ်မြို့လယ်က သူ့ ရုံးခန်းကနေ ကြုံလိုက်ရတာကို ဟန်နာဆောင်းကလည်း အမှတ်ရနေဆဲပါ။သူ့ရဲ့ မြောက်ကိုရီးယားက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့အချက်အလက်တွေစုဆောင်းနေတဲ့ အဖွဲ့က မြောက်ကိုရီးယားက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆယ်စုနှစ်နှစ်ခုကျော် ခြေရာခံလေ့လာနေတာပါ ။လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။
လူ့အခွင့်အရေးဆိုတာဟာ ကင်ဂျုံအန်းရဲ့ အားနည်းချက် တစ်ခုဖြစ်တယ်လို့ ဟန်နာက ရှင်းပြပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကို စိတ်မသက်မသာမဖြစ်ရအောင် သမ္မတမွန် ရဲ့ကြိုးပမ်းမှုက သူတို့ကိုအခက်အခဲတွေတွေ့စေခဲ့တယ်လို့ သူကပြောပါတယ်။
ဟန်နာတို့ အဖွဲ့က မြောက်ကိုရီးယားက ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေ ပထမသုံးလမှာနေတဲ့ ပြန်လည်နေရာချထားရေးစင်တာ Hanawon မှာ တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
သူတို့ ပြောတဲ့ သက်သေခံချက်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ပတ်သက်ပြီး မှတ်တမ်းတင်ဖို့ကိစ္စအတွက် အရေးကြီးပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ပတ်ဝန်းကျင်က တောင်ကိုရီးယား အစိုးရဟာ သူတို့ကို အဲ့ဒီစင်တာထဲ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့တဲ့အတွက် အထောက်အထားတွေ ဆက်မစုဆောင်းနိုင်တော့ပါဘူး။
နောက်တော့ မြောက်ကိုရီးယားမှာ ကြုံခဲ့ရတဲ့ သူတို့ ရဲ့ အတွေ့အကြုံတွေကို လူသိရှင်ကြား ထုတ်မပြောဖို့ ဖိအားပေးခံနေရတာတွေရှိနေတယ်လို့ မြေက်ကိုရီးယားက ထွက်ပြေး လွတ်မြောက်လာတဲ့ သူတွေကတစ်ဆင့် ဟန်နာ သိခဲ့ရပါတယ်။
မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့သူတွေကို အကူအညီပေးဖို့ တာဝန်ချထားတဲ့ ရဲအရာရှိအချို့ကလည်း သူ့ကို ဖုန်းခေါ်ပြီး"ဒီလိုလုပ်တဲ့ကိစ္စက လုပ်သင့်တဲ့ကိစ္စဆိုတာ သေချာလား"မေးခံခဲ့ ရတာတွေနဲ့လည်း ဟန်နာကြုံခဲ့ရပါတယ်။
သတင်းအချက်အလက်တွေ ပျောက်နေတာ မရတော့တာနဲ့ပတ်သက်ပြီး ဟန်နာက တောင်ကိုရီးယားအစိုးရကို စိန်ခေါ်ပြောဆိုမှုတွေလုပ်ခဲ့ပါတယ်။ “ကင်ဂျုံအန် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အရှက်မကွဲစေဖို့အတွက်ပဲ ရှင်တို့အာရုံစိုက် လုပ်ချင်နေကြတာ။ အဲ့လိုလုပ်တဲ့အတွက် သူလုပ်ခဲ့တဲ့ သူကျုးလွန်ခဲ့ သက်သေအထောက်အထားတွေမရှိတော့ရင် ရှင်တို့ဘာတာဝန်ယူမှာလဲ” လို့ တုံ့ပြန်မေးခဲ့ပါတယ်။
"ယူကရိန်းမှာဖြစ်ပျက်နေတာတွေက ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အဲ့ဒါတွေကို ငါတို့သိနေတယ်"လို့ ဟန်နာက ထောက်ပြပါတယ်။
မြောက်ကိုရီးယားရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး လူသိနည်းနေတာကလည်း ကြောက်စရာ ကောင်းသလိုဖြစ်နေတာပါ။ မြောက်ကိုရီးယားက ကိုယ်တိုင်ချမှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် စည်းမျဥ်းစည်းကမ်းတွေနဲ့ နယ်စပ်ကို ပိတ်ထားပြီး လူတွေကိုလည်း နိုင်ငံအပြင်မထွက်ဖို့ တားမြစ်ထားပါတယ်။
ရှင်းရှင်းလင်းလင်း သိသာနေတာကတော့ ကင်ဂျုံအန်က နျူကလီယားလက်နက်တွေ ဆက်ထုတ်နေပေမယ့် ဒါကို တားဆီးဖို့ နိုင်ငံတကာကလည်း ပိတ်ဆို့အရေးယူမှုတွေ အများအပြားပြုလုပ်နေတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့လက်နက်တွေကလည်း ပိုခေတ်မီလာပြီး အန္တရာယ်လည်း ပို များလာပါတယ်။
၂၀၁၈ ခုနှစ် ထိပ်သီးအစည်းအဝေးတွေ စတင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားက သူတို့ရဲ့ ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည်ကို မတ်လမှာ စမ်းသပ်ခဲ့ပြီး အဲ့ဒီစမ်းသပ်တဲ့ ဒုံးကျည်က အရင်စမ်းသပ်ခဲ့တဲ့ ဒုံးကျည်တွေထက် ပိုအဝေးကြီး ပစ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားနဲ့တောင်ကိုရီးယား နိုင်ငံကြားက ပွေ့ဖက်၊ လက်ဆွဲနှုတ် ဆက်မှုတွေကတော့ ပြီးဆုံးသွားပါပြီ။နိုင်ငံရေး အတွေ့အကြုံမရှိတဲ့ အစိုးရရှေ့နေဟောင်းတစ်ဦး၊ တင်းတင်းမာမာပြောဆိုတတ်တဲ့ သူကို တောင်ကိုရီးယား သမ္မတသစ်အဖြစ် ရွေးကောက် တင်မြှောက်လိုက်ပြီဖြစ်ပါတယ်။
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ယွန်စုခ်ယိုး Yoon Suk-yeol က မြောက်ကိုရီးယားဟာ တောင်ကိုရီးယားရဲ့ “အဓိကရန်သူ” ဖြစ်တယ်လို့ ပြောခဲ့ပြီး စစ်ရေးတင်းမာမှုတွေကို တင်းမာတဲ့ ချဉ်းကပ်မှုနဲ့ လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။
မြောက်ကိုရီးယားက နျူကလီးယားကင်းစင်ရေးကို အလေးအနက်ထားကြောင်း ပြသမယ်ဆိုမှ မြောက်ကိုရီးယားနဲ့ စကားပြောဆွေးနွေးမယ်လို့လည်း သူကပြောခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားတွေမှာ သူတို့ရဲ့ နျူကလီး ယားလက်နက်ကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူးလို့ ကျွမ်းကျင်သူ အများစုက လက်ခံထားကြပါတယ်။
ယူကရိန်းစစ်ပွဲမတိုင်မီ အချိန်ကာလကြာမြင့်ကတည်းက အဲ့ဒီလို လက်နက်တွေ စွန့်လွှတ်ဖို့ လုပ်ဆောင်တာတွေနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြခဲ့ပေမယ့် အဲ့ဒါက သေချာပေါက် အကူအညီမပေးနိုင်ခဲ့ပါဘူး။
ဒါက မစ္စတာ ယွန်ရဲ့ မဟာဗျူဟာက အလုပ်မဖြစ်နိုင်ဘူးဆိုတာ စစ်ပွဲတွေ တားဆီးရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ International Crisis Group ရဲ့ အတိုင်ပင်ခံ ခရစ်ဂရင်းက မှတ်ချက်ပေးခဲ့တာပါ။
သူ့ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဥ်အတွင်းမှာ မစ္စတာယွန်က မြောက်ကိုရီးယားဘက်က တိုက်ခိုက်တော့မယ်ဆိုတဲ့ အရိပ်အယောင်တွေရှိလာရင် သူတို့လက်နက်တွေကို ဖျက်ဆီးပစ်ဖို့ ကြိုတင်တိုက်ခိုက်မှုတွေလုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။
ဒါက တောင်ကိုရီးယားရဲ့ ကာကွယ်ရေးဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့တာ ကြာနေပါပြီ။ ဒါပေမဲ့ ဒီလိုပြောတာက မြောက်ကိုရီးယားကို ဒေါသထွက်စေတယ်ဆိုတဲ့ အချက်ကတော့ သေချာတဲ့ အချက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း မြောက်ကိုရီးယားက သူတို့ရဲ့ နောက်ဆုံး စစ်အင်အားကိုပြတဲ့အနေနဲ့ ဒုံးကျည်တွေကို လမ်းတွေပေါ်မှာ လှည့်ပြခဲ့ပါတယ်။ပြီးတော့ အဖြူရောင် စစ်ယူနီဖောင်းကို ၀တ်ဆင်ထားတဲ့ ကင်ဂျုံအန်ကလည်း မြောက်ကိုရီးယားကို ခြိမ်းခြောက်ရန်လိုတဲ့ ဘယ် အင်အားစုကိုမဆို ရပ်တည်လို့မရအောင် ဖျက်ဆီး တိုက်ခိုက်ပစ်မယ်လို့ သတိပေးခဲ့ပါတယ်။
အနည်းဆုံးတော့ အဲ့ဒါက တောင်ကိုရီးယားသမ္မတသစ်ကို သတိပေးလိုက်တာလို့ အဓိပ္ပာယ်ဖွင့်ဆိုလို့ ရပါတယ်။
မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်တွေကို တီထွင်ထုတ်လုပ်နေပြီး အဲ့ဒီဒုံးကျည်တွေက တောင်ကိုရီးယားနဲ့ တိုက်ခိုက်ရင် သမားရိုးကျစစ်ပွဲတွေမှာ အသုံးပြုနိုင်တဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်ကို သယ်ဆောင်နိုင်တယ်လို့ ပထမဆုံးအကြိမ် ပြီးခဲ့တဲ့လက အရိပ်အမြွက် ပြောခဲ့ပါတယ် ။ ဒါက သူတို့ရဲ့နျူကလီးယားဗုံး တစ်လုံးကို စမ်းသပ်တော့မယ့် အရိပ်အယောင်လည်းဖြစ်ပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ အဓိကပန်းတိုင်က ရှင်သန်ဖို့ဖြစ်တယ်လို့ ခရစ်ဂရင်းကတော့ ယုံကြည်နေဆဲပါ။ “ဘယ်လိုအခြေအနေမှာမဆို နျူကလီးယားလက်နက်ကို အသုံးပြုမယ်ဆိုရင် ဒါဟာ သူတို့အစိုးရရဲ့ နိဂုံးဖြစ်သွားလီမ့်မယ်ဆိုတာ မြောက်ကိုရီးယားက သိပါတယ်”လို့ ရှင်းပြ ပါတယ်။
အဲ့ဒီအခြေအနေအစား မြောက်နှင့်တောင်ကြား လက်နက်ပြိုင်ဆိုင်မှုဖြစ်လာလိမ့်မယ်လို့ မစ္စတာ ဂရင်းက ကြိုတင်ခန့်မှန်းထားပြီး နှစ်နိုင်ငံစလုံးက သူတို့လက်နက်တိုက်တွေကို တည်ဆောက်ပြီး စမ်းသပ်မှုတွေလည်း မကြာခဏပြုလုပ်နေကြပါတယ်။ ဒီလှုပ်ရှားမှုတွေကနေ စစ်ပွဲဆီကို ဦးတည်မသွားသင့်ပေမယ့် နှစ်ဖက်စလုံးက မှားယွင်းတဲ့ တွက်ချက်မှုတွေဘက်ကို ဦးတည်သွားနိုင်ပါတယ် ။အဲ့ဒါက လက်ရှိအချိန်ရဲ့ အကြီးမားဆုံး အန္တရာယ်လို့လည်း သူက ယူဆထားပါတယ်။
ဆိုးလ်မြို့ နောက်ဖေးလမ်းကြားတစ်ခုက အသားကင်ဆိုင်မှာ သူငယ်ချင်းတွေနဲ့အတူ အရက် သောက်နေတဲ့ လီဂျွန်အေးကလည်း မျက်မှန်ကိုပင့် ဆိုဂျူးခွက်ကိုကိုင်ပြီး "အရသာက ချိုသေးလား" ခက်ခဲတဲ့နေ့ သို့မဟုတ် ခက်ခဲတဲ့ ဘဝတစ်ခုကိုကျော်ဖြတ်ပြီးရင် အရက်ချိုမြိန်သွားတယ်ဆိုတဲ့ ကိုရီးယားစကားကို ရည်ညွှန်းပြီး ဟာသလုပ်ပြောပါတယ်။
"ဒီအချိန်မှာတော့ သောက်သမျှက ချိုနေလိမ့်မယ်" လို့ လီဆီယိုးက ပြန်ဖြေပါတယ်။ ပုံမှန်အား ဖြင့် အမေရိကန်က မြောက်ကိုရီးယားရဲ့ ပစ်မှတ်အစစ်ဖြစ်တယ်လို့ တောင်ကိုရီးယားတွေက ယုံကြည်ထားတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်မှုတွေပေးပြီး မြောက်ကိုရီးယားကို သိပ်အာရုံစိုက် လေ့မရှိကြပါဘူး။
ဒါပေမဲ့ ဆီယိုးကလည်း မဖြစ်မနေ စစ်မှုထမ်းရတော့မှာဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ်ထဲမှာ တင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ သူ့အနေနဲ့ စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။ " ပုံမှန်မဟုတ်မှန်းတော့ ကျွန်တော်သိတယ်။ဒါပေမဲ့ ကင်ဂျုံအန်က ဒုံးကျည်နဲ့ပစ်လိုက်မလားလို့ စိုးရိမ်မှု ရှိနေတယ် " လို့ သူက ဆိုပါတယ်။ "ကျွန်တော်တို့ကျင့်သုံးနေတဲ့ တင်းမာတဲ့ဒီမူဝါဒအသစ်က ပဋိပက္ခတွေဖြစ်လာအောင် နှိုးဆွပေးသလိုဖြစ်မှာလာကိုလည်း စိတ်ပူနေရတယ်။"
သူ့လိုပဲ လီဂျွန်အေးမှာ လည်း စိုးရိမ်မှုက ရှိနေပါတယ်။ ယူကရိန်းစစ်ပွဲမျိုးက ဒီမှာလည်းဖြစ်လာ နိုင်တယ်လို့ သူ့ကို တွေးမိလာစေတယ် လို့ အရင်ကမပြောခဲ့ဘူးတဲ့စကားကို ပြောပါတယ် ။ သူဟာ စစ်ဗိုလ်တစ်ဦးဖြစ်မယ့်သူဖြစ်ပြီး တကယ့်စစ်ပွဲမှာ လူတွေကို ဦးဆောင်ဖို့ စိတ်ကူးနဲ့တောင် မတွေးခဲ့ဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ သူက သမ္မတသစ်ကို ထောက်ခံတဲ့သူပါ။ “နျူကလီးယားလက်နက်သုံးမယ်လို့ ပြောတာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့လိုတယ်။ ခြိမ်းခြောက်မှုက အရမ်းနီးကပ်နေပြီဗျ”
ပါမောက္ခ မွန်ချွန်အင်းက သမ္မတရုံးကို အပေါ်စီးကနေ မတ်တပ်ရပ်ကြည့်ပြီး သူတို့လုပ်ဆောင်ခဲ့တဲ့ မအောင်မြင်တဲ့ သံခင်းတမန်ခင်းကို ပြန်တွေးနေပြီး “အနာဂတ်က မသာယာဘူး” လို့ ကောက်ချက်ချပါတယ်။ "ကျွန်တော့်ဘဝသက်တမ်းမှာတော့ အောင်မြင်မှုတစ်ခုခုရလိမ့်မယ်လို့ မမြင်မိဘူး။ အခွင့်အရေးတွေကို ကျွန်တော်တို့ လက်လွတ်ဆုံးရှုံးခဲ့ကြတယ်။"
မြောက်ကိုရီးယားအနေနဲ့ တောင်ကိုရီးယား အစိုးရသစ်ရဲ့ ကန့်သတ်ချက်တွေကို စမ်းသပ် ကျော်ဖြတ်ပြီး နိုင်ငံတကာရဲ့ အစီအစဉ်တွေကို နောက်ပြန်ဆွဲဖို့ ကြိုးပမ်းနေတာကြောင့် တောင်ကိုရီးယားက အခြေအနေတွေကလည်း စိုးရိမ်ပူပန်မှုနဲ့ မပြေလည်မှုတွေရှိလာနေပါတယ်။ "ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ထိန်းနေရတယ်"လို့ တောင်ကိုရီးယား ဒုတိယဗိုလ်ချုပ်ကြီးဟောင်းက လျှို့ဝှက် ဝန်ခံပြောကြားထားပါတယ်။
ဒါကြောင့် ကမ္ဘာကြီးအနေနဲ့ တခြားနေရာကို အာရုံစိုက်စရာရှိနေပေမယ့် မြောက်ကိုရီး ယားအရေးကိုလည်း လျစ်လျူရှုဖို့ ပိုပိုခက်လာနေပါတယ်။