မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ ဘာလို့ အများကြီး လုပ်နေသလဲ

မြောက်ကိုရီးယားဟာ ပုံမှန် စမ်းသပ်မှုမျိုးမဟုတ်တဲ့ပုံစံနဲ့ ဒုံးကျည်တွေ စမ်းသပ်နေပြီး တာတိုပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဂျပန်ကမ်းရိုးတန်း ပင်လယ်ပြင်ထဲကို စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

အဲ့ဒီဒုံးကျည်တွေကို ပြုံယမ်းမြို့အနီး လေဆိပ်တစ်ခုကနေ တနင်္လာနေ့အစောပိုင်းက ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး ဂျပန်ကလည်း ဒီစမ်းသပ်ပစ်လွှတ်မှုကို အတည်ပြုထားပါတယ်။

ဒီစမ်းသပ်ပစ်လွှတ်မှုဟာ နှစ်ပတ်အတွင်းမှာ မြောက်ကိုရီးယားနိုင်ငံက စတုတ္ထကြိမ်မြောက် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု ဖြစ်ပါတယ်။

ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်နဲ့ နျူကလီးယားလက်နက်တွေ စမ်းသပ်တာတွေမလုပ်ဖို့ ပိတ်ပင်တားမြစ်ထားသလို တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေလည်း ချမှတ်ထားပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားနိုင်ငံက အဲဒီတားမြစ်ချက်တွေကို လက်မခံဘဲ ပုံမှန်ဖီဆန်လေ့ရှိပြီး သူတို့ ခေါင်းဆောင် ကင်ဂျုံအွန်း ကိုယ်တိုင်ကလည်း မြောက်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်‌ရေးစနစ် အားကောင်းအောင် လုပ်မယ်လို့ ပြောထားပါတယ်။

ရထားပေါ် ကနေပစ်လွှတ်တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို သောကြာနေ့က ပစ်လွှတ်ခဲ့တာဖြစ်ပြီး အစောပိုင်းရက်တွေကလည်း ထောက်လှမ်းရပိုခက်ခဲတဲ့ အသံထက်မြန်တဲ့ဒုံးကျည် စမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

အခုအချိန်မှာ ဒုံးကျည်စမ်းသပ်မှုတွေကို ဘာလို့ လုပ်နေတာလဲ။

ဇန်န၀ါရီလထဲမှာလုပ်တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုအကြိမ်အရေအတွက်နဲ့ အချိန်ကာလဟာ ပုံမှန်အတိုင်းမဟုတ်ဘဲ ထူးခြားနေပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်စမ်းသပ်မှုတွေကို နိုင်ငံအတွင်း နိုင်ငံရေးအရ အရေးကြီးတဲ့ ပွဲတွေရှိရင်ဖြစ်ဖြစ် အမေရိကန်-တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်တာ ပြချင်လို့ပဲ ဖြစ်ဖြစ် အဲ့ဒီအချိန်တွေမှာ ပြုလုပ်လေ့ရှိပါတယ်။

ပြီးတော့ ဒုံးကျည်စွမ်းရည်မြှင့်တင်ဖို့နဲ့ စစ်ဆင်ရေးတွေ အဆင်သင့်ရှိနေဖို့ အတွက်လည်း သူတို့ လက်နက် စမ်းသပ်မှုတွေကိုပြုလုပ်လေ့ရှိပြီး နောက်ဆုံးစမ်းသပ်မှုတွေအနေနဲ့ ကတော့ အဲ့လိုပုံစံမျိုးလုပ်တာ ဖြစ်နိုင်တယ်လို့ ကာနက်ဂီ နိုင်ငံတကာငြိမ်းချမ်း‌ရေး အဖွဲ့က ကျွမ်းကျင်သူ အန်ကစ်ပန်ဒါက ပြောပါတယ်။

ဒါပေမယ့် တချိန်တည်းမှာလည်း "ကင်ဂျုံအွန်းအတွက်က ပြည်တွင်းမှာပါ ထည့်သွင်း စဉ်းစားစရာ အချက်တွေ ရှိနေပါတယ်။ စီးပွားရေး ခက်ခဲနေတဲ့ အချိန်မှာလုပ်တဲ့ ဒီပစ်လွှတ်မှုတွေက သူ့အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် ဦးစားပေးထားတဲ့အစီအစဥ် လမ်းလွဲလုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြသတာမျိုး " ဖြစ်နိုင်တယ် လို့ မစ္စတာပန်ဒါက ဘီဘီစီ ကို ပြောပါတယ် ။

မြောက်ကိုရီးယားနိုင်ငံဟာ စားနပ်ရိက္ခာပြတ်လပ်မှု၊ စီးပွားရေးကျဆင်းမှုတွေနဲ့ ရုန်းကန်ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံပါ။ သူတို့နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း ကိုဗစ်တားဆီးဖို့ အကြောင်းပြချက်နဲ့ ကိုယ်တိုင်ချမှတ်ထားတဲ့ ပိတ်ဆို့ထားမှုတွေကြောင့် ကုန်သွယ်မှုပြတ်တောက်နေပြီး ကုန်သွယ်မှုတွေကို မကြာခင် ပြန်စကောင်းစမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ကင်ဂျုံအွန်းကိုယ်တိုင်ကလည်း သူတို့ နိုင်ငံဟာ "သေရေးရှင်ရေးတမျှ ကြီးမားတဲ့ အခက်အခဲ" နဲ့ ကြုံနေရတယ်လို့ မကြာသေးခင်က ဝန်ခံထားပြီး၊ တဖက်မှာလဲ အသံထက်မြန်တဲ့ ဒုံးကျည် တီထွင်ထုတ်လုပ်မှုတွေ အပါအဝင် စစ်အင်အားကို တိုးမြှင့်သွားမယ်လို့ လည်း ကတိပြုထား တာရှိပါတယ်။

နျူကလီးယားလက်နက်တွေ စွန့်လွှတ်ဖို့ အရေး မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံရဲ့ ဆွေးနွေးမှုတွေဟာလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ ရပ်တန့်သွားပါတယ်။

အခုလအစောပိုင်းက လုပ်ခဲ့တဲ့ စမ်းသပ်မှုအချို့ကို တုံ့ပြန်တဲ့အနေနဲ့ မစ္စတာဘိုင်ဒန် အစိုးရအဖွဲ့က မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံး စီးပွားရေး ပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က ချမှတ် ခဲ့ပါတယ်။

ဒါ့ကြောင့် တနင်္လာနေ့က ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ပြင်းထန်တဲ့ တုံ့ပြန်ချက်တစ်ခုဖြစ်နိုင်သလို "မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်ရဲ့ သြဇာ လွှမ်းမိုးအနိုင်ကျင့်မှုကို လက်ခံမှာ မဟုတ်ဘူး" ဆိုတာလည်း ပြတာ ဖြစ်နိုင်တယ်လို့ အီဟွာအမျိုးသမီးတက္ကသိုလ်က မြောက်ကိုရီးယားအ‌ရေး လေ့လာနေသူ ပါမောက္ခ ပါ့ခ်ဝမ်ဂွန် က ပြောပါတယ်။

ဒီစမ်းသပ်မှုတွေက တရုတ်ကြောင့် ဖြစ်လာသလား။

ဒီစမ်းသပ်ပစ်ခတ်မှုတွေဟာ ဖေဖော်ဝါရီ ၄ ရက် ဘေဂျင်းမြို့မှာ စတင်ကျင်းပမယ့် တရုတ်နိုင်ငံအတွက် အလွန်ဂုဏ်သိက္ခာကြီးမားပြီး နိုင်ငံရေးအရ ထိလွယ်ရှလွယ်ရှိနေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်မတိုင်မီ ရက်သတ္တပတ် အနည်းငယ်အလိုမှာ ဖြစ်ခဲ့တာပါ။

"ဘေဂျင်းအိုလံပစ်ပွဲစတဲ့အကြိုနေ့မှာ သူ့နိုင်ငံရဲ့အိမ်တံခါးဝမှာ မြောက်ကိုရီးယားက စမ်းသပ်မှုတွေလုပ်မှာကိုတော့ တရုတ်က လက်ခံကြိုဆိုလောက်မှာမဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်" လို့ မြောက်ကိုရီးယား အရေး လေ့လာဆန်းစစ်သူ ချတ် အိုကာရိုးလ်ကလည်း တွစ်တာကနေ ပြောပါတယ်။

"မြောက်ကိုရီးယားက ဒါတွေ ဆက်လုပ်နေရင် တရုတ်ကို စိတ်ဆိုးသွားစေနိုင်တဲ့ အနေအထား တွေဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ ထည့်တွက်သင့်ပါတယ်"လို့ သူက ထပ်ဖြည့်ပြောပါသေးတယ်။

ဒါပေမယ့် မြောက်ကိုရီးယားက "ဒီစမ်းသပ်မှုတွေလုပ်နေတာကို တရုတ်က မကြိုက်ပေမယ့် နျူကလီးယား လက်နက်တွေ စမ်းသပ်တာ ဒါမှမဟုတ် တာဝေးပစ်ဒုံးကျည်တွေ စမ်းသပ်တာတွေ မပါဝင်တဲ့ အတွက် သည်းခံနိုင်ဖွယ်ရှိတယ်" လို့ မစ္စတာပန်ဒါက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ မကြာခင်ကာလအတွင်းမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတွေ ပြန်စနိုင် တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာလည်း ရှိနေတဲ့ အတွက် "ဘေဂျင်းဟာ ပြုံယမ်းနဲ့ အချင်းများဖို့ထက် လိုက်လျောညီထွေ ဖြစ်တယ်ဆိုတာ ပိုသက်သေပြမှာဖြစ်သလို တရုတ်ဟာ မြောက်ကိုရီးယားကို စီးပွားရေးအရ ပံ့ပိုးပေးပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာ" လို့ မြောက်ကိုရီးယား ကျွမ်းကျင်သူ လိဖ်အဲရစ်အက်စ်လေLeif-Eric Easley က ဘီဘီစီကို ပြောကြား ထားပါတယ်။

တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံကြားက မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထည့်သွင်း စဉ်းစားလိုက်ရင် မြောက်ကိုရီးယားခေါင်းဆောင်တွေဟာ ၂၀၂၂ ခုနှစ် အစောပိုင်းက စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပေမယ့် ဘေဂျင်းအိုလံပစ်ပွဲတော်မတိုင်မီမှာတော့ ဒုံးကျည်စမ်း သပ်မှုတွေကို ရှောင်ရှားသွားနိုင်ဖွယ် ရှိပါတယ်။

"ဒီလက်နက်စမ်းသပ်မှုတွေဟာ တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲမတိုင်ခင် သူတို့အသံကို ထုတ်ချင်နေတာ ဒါမှမဟုတ် တရုတ်နိုင်ငံက နယ်စပ်ကို အကူအညီတွေ ပေးဖို့အရေး ထောက်ပံ့မှု ဖြစ်လာနိုင်ဖို့ မြောက်ကိုရီးယားက အချိန်ကိုက်လုပ်ဆောင်တာလို့လည်း ပြောနိုင်ပါတယ်။"

တက်ဆာဝမ်းနဲ့ ဘီဘီစီကိုရီးယားဌာန ပူးတွဲ ရေးသားသည်။