အာဆီယံထဲ မြန်မာ ပြန် ဝင်ဆံ့လာမလား

ပုံမှန်ဆိုရင်တော့ အာဆီယံ ဥက္ကဋ္ဌနေရာကို ဒီနှစ်မှာ မြန်မာက အလှည့်ကျ တာဝန် ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်၊ တကျော့ပြန် စစ်အာဏာသိမ်း ခံထားရပြီး ပြည်တွင်း အကျပ်အတည်းတွေကို မဖြေလျှော့ နိုင်သေးတဲ့ မြန်မာကို အာဆီယံက ဥက္ကဋ္ဌ နေရာ မပေးပါဘူး။ ဖိလစ်ပိုင်က တစ်နှစ်စောပြီး ဥက္ကဋ္ဌ နေရာကို ရယူပါတယ်။
မြန်မာအရေး အာဆီယံ အထူးသံ နေရာမှာလည်း ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ထရီဇာ လာဇာရို ရောက်ရှိလာပါတယ်။ အထူးသံ နေရာ ရောက်လာကတည်းက မစ္စ လာဇာရိုဟာ နေပြည်တော် ခရီးစဥ် ပြုလုပ်တာက အစ၊ မြန်မာ့အရေး ခြေလှမ်းသွက်သွက် ဆောင်ရွက်လာပါတယ်။ အခုဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာပါ မြန်မာ့အရေး အတွက် အာဆီယံ ဘာတွေ ကြိုးပမ်းနေသလဲ ဆိုတာကို မစ္စ လာဇာရို ပြောခဲ့ပြီ ဖြစ်ပါတယ်။
တခါ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ် ကရောင်းဟာ စစ်ကော်မရှင် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း၊ အပန်းဖြေ ကမ်းခြေမြို့ ဖူးခက်မှာ မကြာခင်ကပဲ တွေ့ခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံ အပြီး သတင်းထောက်တွေကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောတာတွေထဲ ထိုင်းအနေနဲ့ မြန်မာနဲ့ အာဆီယံကြား ကြားခံ တံတား သဖွယ် ကူညီသွားလိုတယ် ဆိုတာမျိုး ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထိုင်း နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်
ဒီတော့ ….
၁) နယ်စပ်ကုန်သွယ်ရေး၊ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်မှု စွမ်းအင်ကဏ္ဍ တို့ အပေါ် အလေးပေး ပြောနေတဲ့ ထိုင်းဟာ မြန်မာ့အရေးမှာ တရုတ် အစိုးရနဲ့ ရပ်တည်မှု ထပ်တူ တူလာတာမျိုးလား
၂) ရွေးကောက်ပွဲလွန် ပေါ်လာမယ့် စစ်တပ် ကျောထောက်နောက်ခံပြု မြန်မာ အစိုးရသစ်ကို အာဆီယံထဲ တွဲခေါ်သွားမလား၊
၃) ဒီမိုကရက်တစ် အင်အားစု တော်လှန်ရေး အင်အားစုတွေနဲ့ရော ဆက်ဆံရေးတံခါး ဖွင့်ထားမလား၊ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် အနေနဲ့ရော မြန်မာ့အကျပ်အတည်း ပြေလျော့စေရေး ဘယ်လောက် စွမ်းဆောင်နိုင်မလဲ ... စတာတွေကို ထိုင်းအမျိုးသမီး သုတေသနပညာရှင်၊ လက်ထောက် ပါမောက္ခ ဒေါက်တာ ဆူရာချာဏီ ဟမ္မလီ ဆီးယိုင်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။
ဒေါက်တာ ဆီးယိုင်ဟာ အစိုးရပိုင်း ဆိုင်ရာ ကိစ္စတွေနဲ့ ဗျူဟာမြောက် ဆက်သွယ်ရေး ကဏ္ဍတွေမှာ အထူးပြု အကြံဥာဏ်တွေ ပေးနေတဲ့ S&I Strategic Advisory အဖွဲ့ကို ပူးတွဲ ထူထောင်သူ တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ လူနည်းစုတွေကို စာနာမှု အကူအညီတွေ ပေးနေတဲ့ SHADE အဖွဲ့ကိုလည်း ယာယီ ညွှန်ကြားရေးမှူး အဖြစ် ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထိုင်း နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ။ ။ ဟမ္မလီရေ .... ကျွန်တော်တို့ ဒီ ဖူးခက်တွေ့ဆုံ ပွဲကနေ တဆင့် မြန်မာ့အရေး ၊ ထိုင်းနိုင်ငံရဲ့ ရပ်တည်မှုကို ဘယ်လို သုံးသပ်နိုင်လဲ။ မူဝါဒ အပြောင်းအလဲ ရှိတာမျိုး သတိထားမိလား။ ဒါမှမဟုတ် ဆယ်စုနှစ် အဆက်ဆက် ကြားနေကျ စကားမျိုးတွေပဲလား ခင်ဗျ။
ဒေါက်တာ ဆူရာချာဏီ ဟမ္မလီ ဆီးယိုင်။ ။ ကိုဝေဖြိုးရေ ... ရှင့် အစီအစဥ်မှာ အခုလို ထပ်ပြီး စကားပြောခွင့်ရလို့ ဝမ်းသာတဲ့ အကြောင်း စပြီး ပြောပါရစေ။ ဖူးခက်တွေ့ဆုံပွဲကနေ ထွက်ပေါ်လာတဲ့ အချက်အလက်တွေကို ကြည့်ရင် ... မူဝါဒပိုင်း ဆိုင်ရာအရ ထိုင်းဘက်က အပြောင်းအလဲ သိပ်ပြီး မရှိလှပါဘူး။ လုံးဝ မရှိဘူးလို့ မဆိုလိုပေမယ့် .... မြန်မာနဲ့ ထိတွေ့ ဆက်ဆံရေး အပေါ် ပိုပြီး လိုလားတဲ့ မူဝါဒ အပေါ်မှာပဲ အခြေခံထားတာ တွေ့ရပါတယ်။ အဲဒီ မူဝါဒဟာလည်း "အစိုးရချင်း ဆက်ဆံရေး" ဆိုတဲ့ မူဘောင်ပေါ်မှာ အဓိက အခြေခံထားတာ ဖြစ်ပါတယ်။
ဒီမူဝါဒဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်က တကျော့ပြန် အာဏာသိမ်းခဲ့တဲ့ နောက်မှာလည်း ဆက်ပြီး ရှိနေခဲ့ပါတယ်။ စစ်တပ်ကို တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ကြားမှာလည်း၊ ထိုင်းအနေနဲ့ တရားဝင် မဟုတ်တဲ့ ထိတွေ့ ဆက်ဆံမှုတွေ ထားရှိတဲ့ အချက်ကို၊ တချို့က ထောက်ပြကောင်း ထောက်ပြ ကြပါလိမ့်မယ်။
ဒါပေမယ့် ကျွန်မ အမြင်မှာတော့ .... အခု ဖူးခက် ဆွေးနွေးပွဲ အပါအဝင် စစ်အာဏာပိုင်တွေနဲ့ ထိတွေ့ ဆက်ဆံတာမျိုးလို အများသူငါကို တရားဝင် အသိပေးပြီး၊ ဘာတွေ ဆွေးနွေးကြတယ် ... ဘာတွေ ပြောဆိုကြတယ် ဆိုတာကို ထုတ်ပြန်တာမျိုး မရှိတဲ့ အတွက်၊ တော်လှန်ရေး အင်အားစုတွေနဲ့ ကြားမှာလည်း ညီမျှတဲ့ ဆက်ဆံရေး ထူထောင်ထားရှိတယ် ဆိုတာမျိုး ပြောလို့ မရနိုင်ပါဘူး။
အဲဒီလိုမျိုး သီးသန့်သဘော ထိတွေ့ ဆက်ဆံမှုတွေမှာ ထိုင်းဘက်က ဘယ်လို စကားမျိုးတွေ ပြောခဲ့ ပြောခဲ့၊ အဲဒါတွေ အတိုင်း အတိတကျ လိုက်ပြီး အကောင်အထည် ဖော်ပေးမယ် ... လုပ်ဆောင်ပေးမယ် ဆိုပြီး မျှော်လင့်လို့ မရနိုင်ပါဘူး။
ဒီ တကြိမ် ဖူးခက် အစည်းအဝေးမှာ စိတ်ဝင်စားစရာ ကောင်းတာကတော့ ... ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာ စစ်အာဏာပိုင်တွေနဲ့ တော်လှန်ရေး အင်အားစုတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ ဖြစ်လာဖို့ရာ"mediator" အဖြစ် ကြားဝင် ပေးနိုင်တယ် ဆိုတာမျိုး ကမ်းလှမ်းခဲ့ပါတယ်။
ထိုင်း အနေနဲ့ အဲဒီလို ကမကထလုပ် ဆောင်ရွက်ပေးဖို့ အာဆီယံ ထဲက နိုင်ငံတချို့ မျှော်လင့်နေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ငြိမ်းချမ်းရေး ကိုယ်စားလှယ် ကြားခံ နေရာကို ကျွန်မတို့ ထိုင်းနိုင်ငံဘက်က ဘယ်တုန်းကမှ တက်တက်ကြွကြွ ဝင်ယူတာမျိုး မရှိခဲ့ပါဘူး။
အခု ငြိမ်းချမ်းရေး အကျိုးဆောင် အဖြစ် အဓိက ပင်မနေရာကနေ ကြားခံ ဝင်လုပ်ပေးမယ် ဆိုပြီး ပြောလာတာဟာ မြန်မာ့အရေးထဲ ထိုင်းရဲ့ ပါဝင်ပတ်သက်မှု အပိုင်းမှာ "အသစ်" ဖြစ်တယ်လို့ မြင်ပါတယ်။ ဒါ့ကြောင့် ထိုင်းရဲ့ မူဝါဒ အပြောင်းအလဲ ရှိလား ဆိုတဲ့ မေးခွန်းကို ဖြေရရင် အများကြီးတော့ မပြောင်းဘူး၊ ဒါပေမယ့် အစဥ်အလာနဲ့ မတူတဲ့ အရွေ့မျိုးကိုတော့ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ဒါတွေကိုကြည့်ရင် ဟမ္မလီ ရေ .... ထိုင်းက မြန်မာကနေ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေ တူးဖော်ဖို့ အခွင့်အလမ်းတွေ ပိုပြီး ရလာနိုင်ဖို့က အစ၊ တည်ငြိမ်ရေး၊ နယ်စပ်လုံခြုံရေး ကိစ္စတွေ အပေါ် အသားပေး ပြောပါတယ်။ ဒါမျိုးတွေဟာ ဒေသတွင်း အင်အားကြီး တရုတ် နိုင်ငံဆီကနေလည်း ကြားနေခဲ့ရတဲ့ စကားမျိုးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ထိုင်းရဲ့ ချည်းကပ်မှုဟာ တရုတ်အတိုင်းပဲ ရှိလိမ့်မယ်လို့ ကျွန်တော်တို့ ကောက်ချက် ချရမလား။
ဒေါက်တာ ဆူရာချာဏီ ဟမ္မလီ ဆီးယိုင်။ ။ ဟုတ်ကဲ့၊ ဒီမေးခွန်းကို ကျွန်မ နှစ်ပိုင်းခွဲပြီး ဖြေပါရစေ။ ပထမအချက် အနေနဲ့ကတော့ ... မြန်မာနဲ့ ဆက်ဆံရေးမှာ နယ်စပ်ကုန်သွယ်ရေးနဲ့ လုံခြုံရေး ကဏ္ဍတွေဟာ ထိုင်းအတွက် အမြဲတမ်းပဲ ထိပ်ဆုံးက ထားပြီး စဥ်းစားတဲ့ အရာတွေ ဖြစ်ပါတယ်။ အခုမှ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း တကျော့ပြန် အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့လိုက်တဲ့ စစ်ကောင်စီ - SAC ( အက်စ်-အေ-စီ) နဲ့ကြားမှာ ဖြစ်စေ ... နောက်ပိုင်း နာမည်ပြောင်းလိုက်တဲ့ စစ်ကော်မရှင် SSPC နဲ့ ကြားမှာ ဖြစ်စေ ... အဲဒီ နယ်စပ် လုံခြုံရေးတို့၊ စီးပွားရေး တည်ငြိမ်မှု ရှိဖို့တို့ ထိုင်းဘက်က ပြောလာတိုင်း ... ဒီ အပြောမျိုးတွေဟာ ထိုင်းရဲ့ လိုအပ်ချက်တွေကို ထင်ဟပ်ပြသတဲ့ အပြောမျိုးတွေပဲလို့ ကျွန်မ ချက်ခြင်း သတိထားမိပါတယ်။
ဘာကို ပြသနေသလဲ ဆိုရင် ထိုင်း အစိုးရရဲ့ အဆင့်မြင့် အရာရှိပိုင်းက သူတွေ အနေနဲ့ မြန်မာနိုင်ငံထဲ မျက်မှောက်ခေတ် ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ရဲ့ လက်ရှိ အနေအထား အပေါ် ၊ အရင်းခံ အမှန်အတိုင်း သိမြင်ထားမှု မရှိတဲ့ အချက်ကို ပြသနေတာ ဖြစ်ပါတယ်။ နယ်စပ် အရေး ဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖွင့်ကြမလဲ၊ ဘယ်လို နားလည်ထားရမလဲ ဆိုတဲ့ ရုပ်ပုံကားချပ် တစ်ခုလုံးဟာ အခု လက်ရှိ အချိန်မှာ အခြေခံကစပြီး လုံးဝ ပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
နယ်စပ်တလျှောက် ထိန်းချုပ်နိုင်စွမ်း လုံးဝ မရှိတော့တဲ့ သူတွေနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်ပွင့်ဖို့ ဆိုတာမျိုးတွေ၊ နယ်စပ်လုံခြုံရေး ကိစ္စ ပြောဆိုတာမျိုးတွေဟာ လက်တွေ့ ဘယ်လောက်ကျနိုင်မလဲ ဆိုတာကို သူတို့ လုံးဝ သိမြင်ပုံ မရပါဘူး။
ကမ်းလွန် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်ယူရေး ကဏ္ဍ အတွက် ဆိုရင်တော့ မြန်မာ စစ်အာဏာပိုင်တွေနဲ့ စကားပြောတာမျိုးဟာ အဓိပ္ပာယ် အတန်သင့် ရှိနိုင်ပါတယ်။ ဘာပဲ ပြောပြော လက်ရှိ မြန်မာနိုင်ငံပိုင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ အင်တာပရိုက်စ် လုပ်ငန်းဟာ စစ်အာဏာပိုင်တွေအောက် ကျရောက် နေတာမျိုး မဟုတ်လား။
ကဲ ... အခု၊ ထိုင်းဟာ မြန်မာ့အရေးမှာ တရုတ်ရဲ့ ချည်းကပ်ပုံ အတိုင်းပဲ ဖြစ်နေတာလား ဆိုတာကို ကြည့်ရအောင်ပါ။ ကျွန်မ အမြင်မှာတော့ တရုတ် အတိုင်းပဲလို့ ပြောရင် တစိတ်တပိုင်းတော့ မှန်နိုင်ပါတယ်။ ကျွန်မတို့ ဆွေးနွေးခဲ့ကြသလို၊ ထိုင်းအနေနဲ့ မြန်မာ့ အရေးမှာ ကပ်ရက် အိမ်နီးချင်း ဖြစ်တယ် ဆိုတဲ့ အချက်ကို အားသာ ချက် "leverage" အဖြစ် သုံးစွဲ လိုတဲ့ ပုံမျိုး အခုအချိန်မှာ စတင် ပြသလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်နည်းဘယ်ပုံ သုံးစွဲရမလဲ၊ သုံးစွဲ နိုင်မလဲ ဆိုတဲ့ အပေါ်မှာတော့ ဒွိဟ ဖြစ်နေဆဲ၊ ရှုပ်ထွေးနေဆဲ ဖြစ်နေဟန် တူပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပြောတဲ့ အတိုင်း နယ်စပ် ကုန်သွယ်ရေး ပြန်ပွင့်ဖို့တို့၊ နယ်စပ် လုံခြုံရေး ကိစ္စတို့ ... ဆိုတာတွေကို တကယ်တမ်း အကောင်အထည် ဖော်ချင်တယ်၊ မြန်မာပြည်ဘက်ခြမ်းက အခြေအနေတွေကိုလည်း အသေအချာ ပိုင်းခြား သိမြင် နားလည် ထားတယ် ဆိုရင် ... ထိုင်း အနေနဲ့ ဘယ်အဖွဲ့တွေနဲ့ စကားပြောရမလဲ ဆိုတာ ကိုလည်း သဘောပေါက် နားလည် နိုင်မှာ ဖြစ်ပါတယ်။ နယ်စပ်အရေးတွေ ကိစ္စ နေပြည်တော်က လာတဲ့ သူနဲ့ ဆွေးနွေးရမယ် မဟုတ်မှန်း သိမြင်ဖို့ လိုပါတယ်။
ထိုင်းနဲ့ တရုတ် အဓိက ဘယ် အချက် မတူညီဘူးလဲ ဆိုရင် .... ကျွန်မတို့ ထိုင်း နိုင်ငံဟာ မြန်မာ့အရေးမှာ ဖြစ်စေ၊ ဒေသတွင်း တခြား အရေးတွေမှာ ဖြစ်စေ တရုတ် နိုင်ငံလိုမျိုး ဩဇာလွှမ်းမှုနဲ့ တတ်နိုင်စွမ်းတွေ ရှိမနေပါဘူး။ မြန်မာ့အရေးမှာ တရုတ် လုပ်ဆောင်နေတာတွေကို ကြည့်ရင် သူတို့ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ EAO တွေနဲ့ ကြားမှာလည်း ထိတွေ့ ဆက်ဆံပြီး၊ အတူ တွဲ အလုပ်လုပ်နေတဲ့ အချက်ကို ဘယ်တုန်းကမှ ကွယ်ဝှက် မထားခဲ့ပါဘူး။ အများသိအောင်တောင် တရားဝင် ထုတ်ပြန်ပါတယ်။
တရုတ်ရဲ့ စီးပွားရေးနဲ့ လုံခြုံရေး အတွက် အကျိူးကျေးဇူး ရှိမယ် ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တရုတ်က ပေါ်ပေါ်တင်တင်ပဲ ထိတွေ့ ဆက်ဆံပါတယ်။ ဒါကို လက်ငင်း အကျိုးရှိရေး ဝါဒ Transactionalism လို့ ခေါ်ရပါမယ်။ ဒါကြောင့်လည်း EAO တွေဘက်က ကြည့်မယ် ဆိုရင်လည်း တရုတ်ဟာ ထိုင်းနဲ့ နှိုင်းယှဥ်မယ် ဆိုရင် ဘယ်လို ဆက်ဆံလို့ ရနိုင်တယ် ဆိုတာမျိုးကို ပိုပြီး ခန့်မှန်းရ လွယ်နိုင်တဲ့ စကားပြောဘက် အဖြစ် ရှုမြင်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ အခုမေးခွန်းကတော့ အာဆီယံထဲ မြန်မာ ပြန်လည် ထိတွေ့ဆက်ဆံတာကို မြင်တွေ့ချင်တယ် ဆိုတဲ့ စကားကို ပြန်ကောက်တာပဲ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ စကားဝိုင်းကိုလည်း အဲဒီ အချက်အပေါ်မှာ အဓိက မီးမောင်းထိုး ပြချင်ပါတယ်။
တကယ်တော့ မြန်မာဟာ ဘယ်တုန်းကမှတော့ အာဆီယံရဲ့ အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ ခံရတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ စစ်တပ်က ခန့်တဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာကို ကိုယ်စားပြုခွင့် မပေးခဲ့ပါဘူး။ အခု ရွေးကောက်ပွဲ အလွန် သင်္ကြန်မတိုင်ခင် အစိုးရသစ် ပေါ်လာမယ် ဆိုရင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအရ ပြန်ဖိတ်တာမျိုးကို ရည်ညွှန်း ဆိုလိုပုံ ရပါတယ်။ အာဆီယံ တစ်ခု လုံးရဲ့ သဘောထားကရော ... ဘယ်လို ရှိနိုင်လဲ။
ဒေါက်တာ ဆူရာချာဏီ ဟမ္မလီ ဆီးယိုင်။ ။ ကိုဝေဖြိုးရေ ... တူညီ ဆန္ဒ ၅ ချက် five-point consensus ဆိုတာ အာဆီယံ အဖွဲ့ တစ်ခုလုံးရဲ့ ဘုံသဘောထား consensus ဆိုတာထက် စာရင် ... လိုက်လျောမှု concession ပုံစံ တစ်မျိုးပဲ ဖြစ်တယ် ဆိုတဲ့ အချက်ကို ကျွန်မတို့ မမေ့ဖို့ လိုပါတယ်။
အကျပ်အတည်း အခြေအနေ တစ်ခုကနေ ရှေ့ဆက် တက်နိုင်ဖို့ရာ သဘောတူညီမှု ရလာဖို့ လိုက်လျော ပေးလိုက်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ အခါ ဘာလုပ်ရမယ်မှန်း အာဆီယံ ထဲက ကျန် အဖွဲ့ဝင် နိုင်ငံတွေ အားလုံး ဆီမှာ တပြေးညီတဲ့ တူညီ ဆန္ဒတွေ တကယ်တမ်း ရှိမနေပါဘူး။
ဒီတော့ ဘုံသဘောထား consensus ဆိုတဲ့ နာမည်ခံ အောက်မှာ မြန်မာ အာဏာသိမ်း စစ်တပ်အပေါ် လေသံ အလျော့ဆုံး၊ ဖြစ်နိုင်သမျှ အနည်းဆုံး တောင်းဆိုမှုတွေ လုပ်ထားတာ ဖြစ်ပြီး၊ အခုတော့ မြန်မာ့အရေး ဖြေရှင်းရာဖို့ရာ အဓိက ရည်ညွှန်းစရာ အဖြစ် ကိုးကား နေကြရပါတယ်။ အဲဒီ ကနေလည်း အရှေ့ဆက် မတက်နိုင်ပဲ ဘုံသဘောထား ၅ ချက် ဆိုတာမှာပဲ ကျွန်မတို့ သောင်တင် နေကြရတာ မဟုတ်လား။
အဲဒီ ရှိနေတဲ့ ရည်ညွှန်းစရာ ဘုံ သဘောထား ၅ ချက်နဲ့ပဲ တိုင်းတာ ကြည့်မယ် ဆိုရင် အာဏာသိမ်း ကာလ ၅ နှစ် အလွန်မှာလည်း မြန်မာ စစ်အာဏာပိုင်တွေဘက်က ဘုံ သဘောထား ၅ ချက် ကို လိုက်လျော ဆောင်ရွက် တာတွေ ဘာများ တွေ့ရလို့လဲ။ ဒီတော့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ ပြန်ဖိတ်ဖို့ ဆိုရင် ဘာတွေ လိုက်ရော ဆောင်ရွက် ပြီးပြီလဲ ဆိုတဲ့ အချက်နဲ့ပဲ စတင်ပြီး ဆန်းစစ်ကြည်ဖို့ လိုပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပြောသွားတဲ့ အချက်တွေထဲမှာ မြန်မာပြည်မှာ အခု လုပ်သွားတဲ့ ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးဆီ ဦးတည်ရာ လမ်းကြောင်း ပုံစံ တစ်မျိုး အဖြစ် ပုံဖော် သွားတာမျိုး ပါဝင်ပါတယ်။ လက်တွေ့ မြေပြင်မှာတော့ မြန်မာစစ်တပ်ဟာ စစ်ကို ပိုပြီး တော့တောင် ပြင်းပြင်းထန်ထန် တိုက်လာနေပါတယ်။ လက်လွှတ် ဆုံးရှုံးထားတဲ့ နေရာတွေကို ပြန်ရနိုင်ရေး တိုက်ပွဲ အရှိန်မြှင့်နေပါတယ်။ အဲဒီလို စစ်ကို အရှိန်မြှင့်လေလေ၊ အရပ်သားတွေ အထိခိုက် အခံရဆုံး ဖြစ်လေလေပါပဲ။ ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း မြန်မာ စစ်တပ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဘယ်တုန်းကမှ ရပ်မသွားခဲ့ပါဘူး။
ဒါကြောင့်လည်း ရွေးကောက်ပွဲ ကျင်းပခဲ့တယ် ဆိုတဲ့ အချက်ကို ဘာဖြစ်လို့များ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အနေနဲ့ ထပ်တူပြုပြီး ကျွန်မတို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ပြောခဲ့ပါလိမ့် ဆိုတာကို ကျွန်မ နားမလည်နိုင်ဆုံး ဖြစ်ပါတယ်။ ဒီလို ပြောစကားမျိုးကို ကြည့်ရင် သူဟာ လက်တွေ့ မြေပြင် အခြေအနေတွေကနေ ဘယ်လောက် ကင်းကွာနေသလဲ ဆိုတာကို မီးမောင်းထိုး ပြနေသလိုပါပဲ။
အဲဒါမှ မဟုတ်ရင် သူ တွေ့ဆုံ စကားပြောတဲ့ သူဟာ သူ့ကို ဘယ်လောက်များ မဟုတ်တာတွေ ပြောခဲ့လို့ နားယောင် သွားတာမျိုးလား ....။ သူကိုယ်တိုင် မြေပြင် အခြေအနေကို မသိတာမျိုးပဲ ဖြစ်ဖြစ် ... သူများ ပြောတာကို နားယောင်တာပဲ ဖြစ်ဖြစ်၊ ဘယ်အရာကမှတော့ မြန်မာပြည်သူတွေအတွက် အကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ တချိန်ထဲမှာပဲ၊ တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံရေး အတွက်ရော ထိုင်း အနေနဲ့ တံခါးဖွင့်ထားမယ် ထင်လား။
ဒေါက်တာ ဆူရာချာဏီ ဟမ္မလီ ဆီးယိုင်။ ။ ဒီမိုကရက်တစ် တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံရေး အပိုင်းမှာတော့၊ ထိုင်းအစိုးရရဲ့ မတူတဲ့ အေဂျင်စီ အဖွဲ့တွေအနေနဲ့ အစဥ်အဆက်ကတည်းက တရားဝင် သဘော မဟုတ်တဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိနှင့်ပြီး ဖြစ်ပါတယ်။ ကျွန်မ ပြောခဲ့သလို backdoor discussion လို့ ခေါ်တဲ့ အဲဒီလို လက်သိပ်ထိုး ပြောဆိုမှုတွေဟာ တကယ်တမ်း လိုက်နာ ဆောင်ရွက်ကြမလား ဆိုတာ အတွက် အာမခံချက် မရှိလှပါဘူး။
အခု နိုင်ငံခြားရေးဝန်ကြီးက ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ထိုင်းက ကြားဝင် နိုင်တယ်လို့ ဆိုလာတဲ့ အတွက် ... ထိုင်းဟာ မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်တဲ့ ပလက်ဖောင်း နေရာတစ်ခု အနေနဲ့ တရုတ်နဲ့ အပြိုင် ဖြစ်လာ နိုင်ပါတယ်။
ဒါပေမယ့်လည်း၊ လုပ်သင့်တာ ကြာပြီ ဖြစ်တာကို တွန့်ဆုတ်နေခဲ့တဲ့ ထိုင်း အနေနဲ့၊ တရုတ်နဲ့ ယှဥ်ရင် ကြားခံ အကျိုးဆောင် ပီပီပြင်ပြင် ဖြစ်လာနိုင်ဖို့ရာ နောက်ကျ နေပြီလို့ ကျွန်မ ထင်ပါတယ်။ ထိရောက်တဲ့ အကျိုးဆောင် ဖြစ်ဖို့ ဆိုရင် ကိုယ်တိုင် နှစ်ဘက် အဖွဲ့တွေ အပေါ် ဩဇာ ရှိဖို့၊ ထုတ်သုံးနိုင်တဲ့ နိုင်ဖဲ တွေ ရှိဖို့ လိုအပ်ပါတယ်။ မြန်မာရဲ့ ပဋိပက္ခထဲ ပါဝင် နေသူတွေဟာ ထိုင်းအပေါ် ငြိမ်းချမ်းရး အကျိုးဆောင် အဖြစ် ယုံကြည်မှု ရှိနိုင်ရဲ့လား ဆိုတဲ့ အပေါ် ကျွန်မ အတော်လေး သံသယ ရှိပါတယ်။
နောက် အရေးကြီးဆုံးကတော့ ... ထိုင်းဟာ တရုတ်နဲ့ ယှဥ်မယ် ဆိုရင်၊ မြန်မာအရေး ကြားဝင် ဆောင်ရွက်ဖို့ရာ ... တကယ်တမ်း ကိုယ့်ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ ယှဥ်တဲ့ တိကျ ရှင်းလင်းမှုမျိုး၊ မဖြစ်မနေ ဖော်ဆောင် ပေးမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုမျိုး ရှိမနေပါဘူး။ ထိုင်းအနေနဲ့ ဘာအတွက် ငြိမ်းချမ်းရေး အကျိူးဆောင် နေရာကို ရယူချင်တာလဲ ဆိုတာကို ကိုယ့်ဘာသာ တိကျ ရှင်းလင်းအောင် အရင် လုပ်ထားဖို့ လိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဖိလစ်ပိုင် နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်
ဘီဘီစီ။ ။ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ မြန်မာ့အရေး ရပ်တည်မှုကရော ဘယ်လို ရှိနိုင်လဲ။ ဥက္ကဋ္ဌ နေရာကို ရောက်ပြီး ချက်ခြင်းဆိုသလိုပဲ၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စ ထရီဇာ လာဇရိုကို မြန်မာ့အရေး အထူးသံ အဖြစ်ခန့်တယ် ... မစ္စ လာဇရိုကလည်း ချက်ခြင်းဆိုသလို နေပြည်တော်ကို သွားတယ်၊ စစ်ခေါင်းဆောင်နဲ့ တွေ့တာမျိုး လုပ်ပါတယ်။ တစ်ဘက်မှာလည်း မလေးရှား ဥက္ကဋ္ဌ လက်ထက်တုန်းက လုပ်ခဲ့တာမျိုးလို Stakeholders' meeting ဆိုပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေ အပါအဝင် သက်ဆိုင်သူတွေရဲ့ ဆွေးနွေးပွဲ ဆိုပြီး ဖိလစ်ပိုင်နိုင်ငံထဲ ကမကထလုပ်ပေးခဲ့ပါတယ်။ ဒီ အချက်တွေကနေ ဖိလစ်ပိုင်ရဲ့ မြန်မာ့အရေး ရပ်တည်မှုကို ဘယ်လို သုံးသပ်နိုင်မလဲ။
ဒေါက်တာ ဆူရာချာဏီ ဟမ္မလီ ဆီးယိုင်။ ။ ရှင်ပြောတဲ့ နေပြည်တော် ခရီးစဥ်ကတော့ အတော်လေး လူပြောများပါတယ် ... (ရီသံစွက်) အတော်လေး မျက်နှာပန်း မလှတဲ့ ပွဲဦးထွက်လို့ ပြောရမှာပေါ့လေ ...။ ဖိလစ်ပိုင်ဘက်က ကြည့်ပြီး မျှမျှတတပြောရရင်တော့ .... မြန်မာ့အရေး သူတို့ အရေးတကြီး သဘောထားပြီး ကိုင်တွယ်လိုတဲ့ သဘောဆန္ဒ ရှိကြောင်း ပြသလိုပုံရပါတယ်။ ဒါပေမယ့်လည်း၊ မျက်နှာကောင်းမရပဲ ဝေဖန်သံတွေကပဲ ပိုများခဲ့ပါတယ်။
နေပြည်တော်ကို ကသုတ်ကရက် သွားရပါ့မလား ဆိုပြီး အတော် ဝေဖန်ကြတဲ့ အပေါ်မှာလည်း ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက အံ့အားသင့် သွားပုံ ရပါတယ်။ ရှင်နဲ့ အခု စကားမပြောခင်မှာပဲ၊ ဒီနေ့ အစောပိုင်းတုန်းက ထိုင်းမီဒီယာ တစ်ခုကို နိုင်ငံခြားရေး ဝန်ကြီး လာဇာရို အင်တာဗျူးပေးတာ ကြည့်ခဲ့ပါတယ်။
အခုနက ရှင်ပြောသလိုပဲ၊ တိုင်းရင်းသား အုပ်စုတွေ အပါအဝင် သက်ဆိုင်သူတွေရဲ့ ဆွေးနွေးပွဲကိုလည်း သူတို့ လုပ်ပေးခဲ့တာပဲ ဆိုပြီး ဝန်ကြီးက ပြောသွားပါတယ်။ ဒါပေမယ့်လည်း၊ အဲဒီ stakeholders' meeting မှာ ဘယ်သူတွေ၊ ဘယ်အဖွဲ့တွေက ဘာတွေ ပြောကြသလဲ ဆိုတာကို ကျွန်မတို့ မသိရပါဘူး။
ပြောရမယ် ဆိုရင် ဖိလစ်ပိုင်မှာ အဲဒီ အစည်းအဝေး ရှိခဲ့တယ် ဆိုတာက လွဲပြီး၊ ဘာမှကို မသိရတာပါ။ ဒါ့ကြောင့် အခုနတုန်းကလည်း ထိုင်းနဲ့ ပတ်သက်ပြီး ကျွန်မ ထောက်ပြ နေခဲ့သလိုပဲ၊ တရားဝင်တွေ့တာမျိုးမှ မဟုတ်ရင်၊ ထိရောက်မှု သက်ရောက်မှု အားက ဘယ်လိုမှ တူနိုင်မှာ မဟုတ်ပါဘူး။ အခုဟာက အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဟာ မြန်မာ စစ်အာဏာပိုင်တွေနဲ့ကျ တရားဝင်တွေ့တယ် ... တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ကျ တိုးတိုးတိတ်တိတ် တွေ့တယ် ဆိုတာမျိုး လုပ်နေကြပါတယ်။
ဖိလစ်ပိုင် ကို ကြည့်မယ် ဆိုရင် မြန်မာ့အရေးထက် စာရင် သူတို့ ဦးစားပေး လုပ်ဆောင်မယ့် အရာတွေ ရှိနေပါတယ်။ မြန်မာ့အရေးဟာ သူတို့ အတွက် တကယ်တော့ အရေးတကြီး အဆင့် ဆိုတာထဲမှာ မြင့်မြင့်မားမား မရှိလှပါဘူး။
ဒါကလည်း သူတို့ အပြစ် ဆိုပြီး ကျွန်မ ပြောနေတာ မဟုတ်ပါဘူး။ တကယ့် အဖြစ်မှန်ကိုသာ ထောက်ပြတာမျိုး ဖြစ်ပါတယ်။
ဒါ့ကြောင့် တကယ့် သရုပ်သကန် အမှန် အတိုင်း ဖိလစ်ပိုင် အနေနဲ့ လက်ခံ သဘောပေါက်ဖို့ လိုပြီး၊ မြန်မာ့အရေး ကိုင်တွယ်ရာမှာ အရင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ နဲ့ လာမယ့် အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံတွေ ပူးပေါင်း လုပ်ကြမယ် ဆိုတဲ့ သုံးပွင့်ဆိုင် ထရိုင်ကာ (Troika) စံနစ် အပေါ် ပိုပြီး မှီခို သွားဖို့ လိုပါတယ်။
ကျွန်မ အနေနဲ့တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အာဆီယံရဲ့ ဦးစီးဦးဆောင် နေရာမှာ ဖိလစ်ပိုင် ရှိနေချိန် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား မျှော်လင့်ချက် မထားပါဘူး။ သူတို့ အပေါ် အပြစ်တင်တာမျိုးလည်း မဟုတ်ပါဘူး။ သူတို့ အတွက် မြန်မာ့အရေးဟာ စိမ်းလွန်းလှပြီး၊ လေ့လာ သိမြင်ရမှာတွေ အများကြီးပဲ ရှိပါသေးတယ်။ ဥက္ကဋ္ဌ သက်တမ်း တစ်နှစ် ဆိုတာ အတွင်းမှာ သိပ်ပြီး များများစားစား လုပ်နိုင်ဖို့ ခက်ပါတယ်။
မြန်မာ့အရေး အထူးသံ ရာထူးနေရာနဲ့ ပတ်သက်လို့ကတော့ ဝန်ကြီး လာဇာရို ကိုယ်တိုင်လည်း သူတို့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားချိန်မှာ၊ မြန်မာအရေး အာဆီယံ အမြဲတမ်း အထူးသံ ရုံးခန်း ဖွင့်လှစ်ထားရှိရမလား ဆိုတာ စဥ်းစား သုံးသပ်နေတယ် လို့ ဆိုထားပါတယ်။ မြန်မာ့ အရေး အာဆီယံရဲ့ ကြိုးစားမှုတွေ တဆက်တစပ်တည်း ရှိရှိ ဖြစ်စေဖို့ အတွက်လို့ ဆိုပါတယ်။ ဒါဟာ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ရာ ဝိုင်းဝန်း တိုက်တွန်းကြရမယ့် အရာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဖိလစ်ပိုင် နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်
ဘီဘီစီ။ ။ နိဂုံးချုပ် အနေနဲ့ပေါ့ ဟမ္မလီရေ ... အခု ရွေးကောက်ပွဲ အလွန် သင်္ကြန်မတိုင်ခင် ပေါ်လာမယ် ဆိုတဲ့ မြန်မာ အစိုးရသစ်ဟာ ဒေသတွင်းမှာ ဖြစ်စေ၊ နိုင်ငံတကာ မျက်နှာစာမှာ ဖြစ်စေ တရားဝင်မှု legitamacy ကို အလွယ်တကူ ရရှိ နိုင်မယ်လို့ ထင်လား။
ဒေါက်တာ ဆူရာချာဏီ ဟမ္မလီ ဆီးယိုင်။ ။ ဒါဟာ အတော်လေး ကောင်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကျွန်မ အမြင်မှာတော့ အာဆီယံ အဖွဲ့အတွင်းမှာ တရားဝင်မှု ရဖို့ရာ ဘယ်အပေါ်မှာ မူတည်သလဲ ဆိုတော့ .... ဘယ် အဖွဲ့က ဘယ်လောက်အထိ ကျန် အဖွဲ့ဝင် နိုင်ငံတွေရဲ့ လက်တွဲဖော် အဖော်ကောင်း ဖြစ်မလဲ ဆိုတာကို ပုံဖော်နိုင်မလဲ ဆိုတဲ့ အပေါ် မူတည်ပါလိမ့်မယ်။ အထူးသဖြင့်တော့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ကဏ္ဍတွေမှာ လက်တွဲ လုပ်ဆောင်ဖို့ရာ ပိုမို ထိုက်တန်တဲ့သူ အဖြစ်၊ တခြား နိုင်ငံတွေက ယုံကြည် စိတ်ချတဲ့ အသိအမှတ်ပြုတာမျိုး ရှိလာရမှာ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ မြန်မာ စစ်အာဏာပိုင်တွေက ရေစီးတလှည့် အနည်းငယ် ပြန်သာ သွားတဲ့ အခြေအနေမျိုးလို့ မြင်ပါတယ်။ နိုင်ငံပိုင် တိုင်းပြည်ရဲ့ အမွေအနှစ် ရင်းမြစ်တွေကို ပိုမို ထိန်းချုပ်ထားနိုင်တဲ့ အားသာမှုမျိုး ရှိနေပါတယ်။ စီးပွားရေး ဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကတိကဝတ်တွေ၊ အာမခံချက်တွေကိုလည်း ဖောဖောသီသီ ပေးမှာ ဖြစ်တဲ့ အတွက် ပြင်ပကလာမယ့် သူတွေ အသေအချာမှ မဆန်းစစ်နိုင်ဘူး ဆိုရင်၊ ယုံပုံမိသွား နိုင်ပါတယ်။
နောက် သတိထားသင့်တဲ့ အရာတစ်ခုက တရုတ်က ဘာကို ပိုလိုလား သလဲ ဆိုတဲ့ ဖိအား အကြီးကြီးလည်း ရှိနေပြန်ပါတယ်။ တရုတ်ကသာ မြန်မာ နိုင်ငံမှာ စစ်တပ် ကျောထောက် နောက်ခံနဲ့ ပေါ်လာမယ့် အစိုးရသစ်ကို ထောက်ခံမှု ပေးမယ် ဆိုရင်၊ အဲဒီ အစိုးရသစ်ဟာ အာဆီယံ အသိုင်းအဝိုင်း ကြားမှာလည်း နေရာတစ်ခုတော့ အသာလေး ရလာနိုင်ဖွယ် ရှိပါတယ်။
အဲဒီ နေရာ တစ်ခု ဆိုတာကို ကျွန်မက တရားဝင်မှု legitimacy နဲ့ ထပ်တူ ပြု ပြောတာမျိုး မဟုတ်ပါဘူး။ ပြန်လည် ဝင်ဆန့်မယ့် နေရာ တစ်ခုလို့ပဲ ဆိုချင်ပါတယ်။ စစ်တပ် စိတ်ကြိုက် ပုံဖော်ထားတဲ့ အစိုးရသစ် ဆိုတာကလည်း legitimacy ဆိုတာတွေ၊ ဘာတွေ အပေါ် ကနဦး ကာလတွေမှာ အသည်းအသန် အသားပေးမယ့် ပုံ မရှိပါဘူး။ သူတို့အတွက် လိုအပ်တာကလည်း ကျွန်မ ပြောတဲ့ ပြန်လည် ဝင်ဆန့် နိုင်မယ့် နေရာ တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒါ ဆိုရင်ကို သူတို့ အတွက် အတော်လေး အလုပ် ဖြစ်သွားနိုင်ပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post








