သြစတြေးလျမှာ ခိုလှုံခွင့်ရထားတဲ့ အီရန်အမျိုးသမီး ဘောလုံးအဖွဲ့ဝင်တစ်ဦး စိတ်ပြောင်းပြီး အီရန်ပြန်ဖို့ ဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, Supplied
- ရေးသားသူ, ကေတီ ဝပ်ဆန် နဲ့ ဆိုင်မွန် အက်ကင်ဆန်
- ရာထူးတာဝန်, On the Gold Coast
- ရေးသားသူ, Ben Hatton
- ဖတ်ရန်အချိန်: မိနစ် ၉
သြစတြေးလျနိုင်ငံမှာ ခိုလှုံဖို့ ကမ်းလှမ်းချက်ကို အစောပိုင်းတုန်းက လက်ခံခဲ့သူ အီရန်အမျိုးသမီး ဘောလုံးအသင်းဝင်နှစ်ဦးထဲက တစ်ဦးက စိတ်ပြောင်းသွားခဲ့တယ်လို့ သြစတြေးလျအစိုးရက ပြောပါတယ်။
"သြစတြေးလျနိုင်ငံမှာ ဆက်နေဖို့ မနေ့ညက ဆုံးဖြတ်ခဲ့သူ နှစ်ဦးထဲက တစ်ဦးက နိုင်ငံထဲကနေ ထွက်ခွာသွားတဲ့ ဘောလုံးအသင်းဝင်တချို့နဲ့ စကားပြောခဲ့အပြီးမှာ စိတ်ပြောင်းသွားခဲ့တယ်"လို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး တိုနီ ဘာ့က် က ပါလီမန်ကို ဗုဒ္ဓဟူးနေ့က ပြောပြခဲ့ပါတယ်။
ဘောလုံးသမားတစ်ဦးနဲ့ အသင်းဝန်ထမ်းတစ်ဦးတို့ဟာ ဘေးအန္တရာယ်စိုးရိမ်ရတယ် ဆိုပြီး သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်ပြုခဲ့တဲ့ တခြား ဘောလုံးသမား ငါးဦးနဲ့ အစောပိုင်းက အတူတူ ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ကျန်တဲ့ ဘောလုံးအသင်းဝင်တွေကတော့ အာရှဖလား ဘောလုံးပွဲမှာ သူတို့အသင်း အရှုံးနဲ့ ထွက်ခဲ့ရအပြီး အင်္ဂါနေ့ညက သြစတြေးလျနိုင်ငံကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
"သြစတြေးလျနိုင်ငံမှာ ကိုယ့်သဘောနဲ့ကိုယ် စိတ်ပြောင်းနိုင်ခွင့် ရှိပါတယ်။ ဒီလို ဆုံးဖြတ်ခဲ့တဲ့အပေါ် ကျွန်တော်တို့ ဘက်ကလည်း လေးစားလိုက်နာခဲ့ပါတယ်" လို့ မစ္စတာ ဘာ့က်က ပြောပါတယ်။
"အခုလို ဆုံးဖြတ်လိုက်အပြီးမှာ အီရန်သံရုံးနဲ့ ဆက်သွယ်ဖို့နဲ့ သူ့ကို လာခေါ်ခိုင်းဖို့ သူ့ရဲ့ ဘောလုံးအဖွဲ့ဝင်တွေနဲ့ နည်းပြက အကြံပေးခဲ့ကြပါတယ်။"
"စိတ်မကောင်းစရာက သူ့ကို လာခေါ်တဲ့အတွက် သြစတြေးလျကနေ မပြန်ဘဲ ဆက်နေကြမယ့် တခြားဘောလုံးအဖွဲ့ဝင်တွေ ရှိနေတဲ့ နေရာကို အီရန်သံရုံးက သိသွားခဲ့တာပါပဲ" လို့ မစ္စတာ ဘာ့က် ကပြောပါတယ်။
"အဲဒီလူတွေကို နေရာရွှေ့ဖို့ ကျွန်တော် ချက်ချင်း ညွှန်ကြားခဲ့ပြီး ဒီကိစ္စကို အမြန်ဆုံး ဆောင်ရွက်ခဲ့ပါတယ်"လို့ သူက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တောင်ကိုရီးယားနဲ့ ကန်တဲ့ ပွဲမတိုင်ခင်မှာ အီရန်အမျိုးသမီး ဘောလုံးအသင်းက အီရန်နိုင်ငံတော် သီချင်း မဆိုဘဲ နှုတ်ပိတ်နေခဲ့ကြတာကြောင့် သူတို့ရဲ့ လုံခြုံရေးအပေါ် စိုးရိမ်မှုတွေ ရှိခဲ့ကြအပြီးမှာပဲ ဘောလုံးအသင်း၀င်တချို့ကို ခိုလှုံခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
ဘောလုံးအသင်းဝင် နှစ်ဦးဖြစ်တဲ့ ကစားသမား မိုဟက်ဒက်ဆေ ဇိုလ်ဖီနဲ့ ဝန်ထမ်း ဇာရာ ဆိုလ်တန် မက်ရှ်ခေ ကား တို့က သြစတြေးလျမှာ ဆက်နေမယ်လို့ အရိပ်အမြွက် ပြောခဲ့ကြအပြီး ဂိုးလ်ကို့စ် ကသူတို့ရဲ့ ဟိုတယ်မှာ ရှိတဲ့ တခြားအသင်းသားတွေနဲ့ ခွဲထုတ်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် သူတို့ကို ဘရစ်ဘန်းမြို့က ရဲစခန်းအဆောက်အအုံနေရာ တစ်ခုဆီ ခေါ်သွားခဲ့တယ်လို့ မစ္စတာ ဘာ့က်က ပြောပါတယ်။
သြစတြေးလျကနေ မပြန်ဘဲ နေခဲ့တဲ့ အမျိုးသမီး ဘောလုံးသမားတွေ အားလုံးကို သြစတြေးလျမှာ အမြဲတန်း နေထိုင်ခွင့်ရဖို့ အမြန်နှုန်းနဲ့ စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့ညမှာ သြစတြေးလျကနေ မထွက်ခွာကြခင် ဆစ်ဒနီ လေဆိပ်မှာ အီရန် အမျိုးသမီး ဘောလုံးအသင်းထဲက ကျန်တဲ့သူ အားလုံးနီးပါးလောက်ကို ခိုလှုံခွင့် ထပ်ကမ်းလှမ်းခဲ့သေးတယ်လို့ မစ္စတာ ဘာ့က်က ပြောပါတယ်။
ဆစ်ဒနီလေဆိပ်မှာ ရဲတွေကို သိသိသာသာ ထူထူထပ်ထပ် ချထားပြီး စကားပြန်ကတဆင့် သြစတြေးလျအစိုးရ တာဝန်ရှိသူတွေနဲ့ အဲဒီဘောလုံးသမားတွေ တစ်ဦးချင်း စကားပြောချိန်မှာ သူတို့ကို စောင့်ကြပ်သူတွေနဲ့ သပ်သပ်ခွဲ ထားခဲ့ပြီး မိသားစုနဲ့ ဖုန်းပြောခွင့် ပြုခဲ့တယ်လို့ မစ္စတာ ဘာ့က်က ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူတို့ထဲက ဘယ်သူကမှ သြစတြေးလျမှာ ဆက်နေဖို့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြဘူးလို့ မစ္စတာ ဘာ့က် ကပြောပါတယ်။ ဒါပေမဲ့ တစ်ယောက်ကတော့ မိသားစုနဲ့ စကားပြောအပြီး လေယာဉ်ပေါ်ကို အရမ်းနောက်ကျမှ ရောက်လာခဲ့တယ်လို့ သူကပြောပါတယ်။
သူတို့ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ဆုံးဖြတ်ချက်ချခဲ့ကြတာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်တက်ဖို့ သူတို့ကို ဘယ်သူကမှ ဖိအားပေးခဲ့တာမျိုး မရှိပါဘူး လို့ မစ္စတာ ဘာ့က်က ပြောပါတယ်။
ဘောလုံးအသင်းနဲ့အတူလိုက်ပါလာတဲ့ အီရန်လူမျိုး အုပ်စုငယ်တစ်စုကိုတော့ သြစတြေးလျမှာ နေထိုင်ခွင့် ကမ်းလှမ်းတာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလူတွေဟာ အီရန်အစိုးရခန့်ထားတဲ့ လုံခြုံရေး အစောင့်တွေလို့ ယူဆရပါတယ်။
အီရန်အမျိုးသမီး ဘောလုံးအသင်းဟာ အာရှဖလား ဘောလုံးပွဲ ကျင်းပနေရာ ဂိုးလ်ကို့စ်မြို့ကနေ ဆစ်ဒနီ လေဆိပ်ကု အင်္ဂါနေ့ ညနေပိုင်းမှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံသား အီရန်လူမျိုးတွေ အဲဒီကို စုဝေးရောက်ရှိလာခဲ့ကြပြီး ထောက်ခံအားပေးသူတွေ ရှိသလို အီရန်ကို ပြန်သွားသူတွေအပေါ် ကန့်ကွက်သူတွေလည်း ရှိခဲ့ပါတယ်။
ဘောလုံးအသင်းထဲက အသင်းသားတစ်ချို့က အကူအညီတောင်းတဲ့ အရိပ်အမြွက်မျိုး ပြခဲ့ကြတယ်လို့ အဲဒီလူတွေက ပြောပါတယ်။
အီရန်အမျိုးသမီးဘောလုံးအဖွဲ့ဝင်တွေ ဆစ်ဒနီမြို့ကနေ မထွက်ခွာခင် သြစတြေးလျ နယ်ခြားစောင့် တာဝန်ရှိသူတွေက သူတို့နဲ့ သီးသန့်တွေ့ဆုံ စကားပြောတာမျိုးအပါအဝင် ဘောလုံးအသင်းနဲ့ ကိုယ်စားပြုဆောင်ရွက်မှု အများအပြား လုပ်ခဲ့တယ်လို့ မစ္စတာ ဘာ့က်က ABC သတင်းဌာနကို ပြောပါတယ်။
ဘောလုံးအဖွဲ့ဝင်တွေထဲက အနည်းဆုံး တစ်ယောက်က အီရန်နိုင်ငံကို အပြန် လမ်းခရီးမှာ မလေးရှားကို သွားမယ့် လေယာဉ်ပေါ် တက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဒေသန္တရ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ အစောင့်အရှောက်တွေနဲ့ ခြံရံ လိုက်ပါသွားတဲ့ ဘောလုံးအဖွဲ့ဝင် တချို့ကတော့ သူတို့ အီရန်နိုင်ငံကို ပြန်ချင်တယ်ဆိုပြီး သတင်းထောက်တွေကို ပြောခဲ့တယ်လို့ သိရပါတယ်။
သြစတြေးလျအစိုးရရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြည်ဝင်ခွင့်ဗီဇာ စီမံကိန်းအရ ခိုလှုံခွင့်တောင်းခံသူတွေနဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူတွေကို အမြဲတန်း နေထိုင်ခွင့်ဗီဇာ ထုတ်ပေးလေ့ရှိပါတယ်။ အဲဒီဗီဇာ ကိုင်ဆောင်ထားသူတွေအနေနဲ့ သြစတြေးလျနိုင်ငံမှာ နေထိုင်၊ အလုပ်လုပ်၊ ပညာသင်ကြားခွင့် ရှိပါတယ်။
ဘောလုံးပွဲအစမှာ နိုင်ငံတော်သီချင်း ဆိုဖို့ ငြင်းဆိုခဲ့သူ ဘောလုံးသမားတွေနဲ့ သူတို့ မိသားစုတွေ အီရန်နိုင်ငံပြန်ရောက်ရင် ဘယ်လို အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာ အသေအချာ မသိရသေးပါဘူး။
သူတို့ကို စစ်ပွဲကာလ သစ္စာဖောက်တွေအဖြစ် ရှေးရိုးစွဲဝါဒီ ဝေဖန်သုံးသပ်သူတစ်ဦးက အီရန်အစိုးရ သတင်းမီဒီယာပေါ်ကနေ စွပ်စွဲပြောဆိုသွားခဲ့ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။
အီရန်အမျိုးသမီး ဘောလုံးအသင်းဟာ ပြိုင်ပွဲကနေ အရှုံးနဲ့ ထွက်ခွာခဲ့ရတဲ့ တနင်္ဂနွေနေ့မတိုင်ခင် နောက်ဆုံးပွဲနှစ်ပွဲစလုံးမှာတော့ နိုင်ငံတော်သီချင်း သီဆိုခဲ့ကြပါတယ်။ ဒါဟာ အစိုးရကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါသူတွေအဖြစ် အတူလိုက်ပါလာတဲ့ အီရန်အစိုးရတာဝန်ရှိသူတွေရဲ့ ဖိအားပေးမှုတွေကြောင့် ဆိုခဲ့ရတာလို့ အကဲခတ်သူတွေက ယူဆနေကြပါတယ်။
အင်္ဂါနေ့အစောပိုင်းတုန်းက အီရန်အမျိုးသမီး ဘောလုံးအဖွဲ့ ဂိုးလ်ကို့စ်မြို့က သူတို့တည်းခိုရာ ဟိုတယ်ကနေ ထွက်ခွာလာစဉ် သူတို့စီးလာတဲ့ ဘတ်စ်ကား ရှေ့မှာ တက်ကြွလှုပ်ရှားသူတွေက ခေတ္တ ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။ တချို့က အီရန်နိုင်ငံမှာ အစ္စလာမစ် တော်လှန်ရေးမတိုင်ခင် နိုင်ငံတော်အလံအဖြစ် သတ်မှတ်ခဲ့တဲ့ ခြင်္သေ့နဲ့ နေဝန်းပါ အလံကို ကိုင်ဆောင်ထားကြပါတယ်။
တချိန်တည်းမှာပဲ ခိုလှုံခွင့် ဗီဇာ ခွင့်ပြုခံရတဲ့ ပထမဆုံး ဘောလုံးအဖွဲ့ဝင် ငါးဦးကို လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုဆီ ရဲတွေက ခေါ်ထုတ်သွားခဲ့ပါတယ်။
အဲဒီငါးဦးဟာ ဖာတီမာ ပါဆန်ဒီဒါ၊ ဇာရာ ဂန်ဘာရီ၊ ဇာရာ ဆာဘာလီ၊ အတီဖာ ရာမဖန်ဇာဒါနဲ့ မိုနာ ဟာမူဒီ တို့ ဖြစ်တယ်လို့ မစ္စတာ ဘာ့က် ကပြောပါတယ်။
သူတို့ကို ခေါ်ထုတ်သွားအပြီး ချက်ချင်းဆိုသလို အီရန် အစောင့်အရှောက်တချို့ သူတို့ကို အပြေးအလွှား လိုက်ရှာနေတာကို ဘီဘီစီက မျက်မြင်တွေ့ခဲ့ရပါတယ်။
ခိုလှုံခွင့်တောင်းခဲ့တဲ့ လူတွေက သူတို့ဟာ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ မဟုတ်ဘူး၊ ဘေးကင်းလုံခြုံချင်တဲ့ အားကစားသမားတွေပါ ဆိုတာကို ထင်ထင်ရှားရှား ပြချင်နေကြပါတယ် လို့ မစ္စတာ ဘာ့က်က ပြောပြပါတယ်။ အဲဒီလူတွေနဲ့ နောက်ထပ်ရက်ပေါင်းများစွာ ဆက်စကားပြောဆို နေရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
"ဘောလုံးအသင်းထဲက တခြားအဖွဲ့ဝင်တွေလည်း သြစတြေးလျက မထွက်ခွာခင် အလားတူ အခွင့်အလမ်းမျိုး ရှိခဲ့ပါတယ်။ သြစတြေးလျအစိုးရအနေနဲ့ အီရန်အမျိုးသမီး ဘောလုံးအသင်းကို လှိုက်လှိုက်လှဲလှဲ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဒီအမျိုးသမီးတွေဟာ သြစတြေးလျမှာ အရမ်းကို လူကြိုက်များကြပါတယ်" လို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး တိုနီ ဘာ့က် ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA/Shutterstock
"ရဲရင့်သတ္တိရှိတဲ့ ဒီအမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ဆင်းရဲဒုက္ခကြောင့် သြစတြေးလျပြည်သူတွေ အရမ်းကို စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်" လို့ သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘနီးဆီး က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
"ဒီမှာ သူတို့ လုံခြုံနေပါပြီ။ ကိုယ့်အိမ်လို သဘောထားပြီး နေသင့်ပါတယ်။"
အီရန်အမျိုးသမီး ဘောလုံးအဖွဲ့ရဲ့ အခြေအနေကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကလည်း အာရုံစိုက်မိခဲ့ပြီး သူတို့ကို တစ်ခုခု လုပ်ပေးဖို့ သူ့ရဲ့ Truth ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်ကနေ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
"ဒီအမျိုးသမီးတွေကို သြစတြေးလျအစိုးရက ခိုလှုံခွင့် ပေးရင်ပေး မပေးရင် အမေရိကန်အစိုးရက ခိုလှုံခွင့် ပေးမယ်"လို့ သူက ရေးတင်ထားတာ တွေ့ရပါတယ်။
နောက်တစ်နာရီလောက်အကြာမှာတော့ ထရမ့်က သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘနီးဆီးနဲ့ သူစကားပြောခဲ့ပြီးပြီ ဆိုပြီး ပို့စ်ထပ်တင်ခဲ့ပါတယ်။ "အမျိုးသမီး ငါးဦးကို စောင့်ရှောက်ထားပြီး ဖြစ်တယ်။ ကျန်တဲ့သူတွေက လမ်းမှာ" ဆိုပြီး ရေးထားပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ခိုလှုံခွင့်တောင်းခံမှုတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချမှု အားလုံးကို ထရမ့်အစိုးရက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ဆိုင်းငံ့လိုက်ပြီး အီရန်အပါအဝင် ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက နိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမှုတွေကို ရပ်ဆိုင်းထားပါတယ်။ ခိုလှုံခွင့် စနစ်အပေါ် အလွဲသုံးစားလုပ်နေတာတွေ ဆုံးခန်းတိုင်သွားစေဖို့ အမေရိကန်အစိုးရအနေနဲ့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ခိုလှုံခွင့် လျှောက်ထားမှု ငြင်းပယ်ခံခဲ့ရသူတွေ အပါအဝင် အီရန်လူမျိုး အုပ်စုနှစ်စု အမေရိကန်နိုင်ငံကနေ အီရန်နိုင်ငံထံ ပြန်ပို့ခံခဲ့ရပါတယ်။ အဲဒီအုပ်စုတွေထဲမှာ လိင်တူစိတ်ဝင်စားသူတွေပါဝင်ပြီး အီရန်နိုင်ငံ ပြန်ရောက်တဲ့အခါ ဥပဒေကြောင်းအရရော၊ လူမှုအသိုင်းအဝိုင်းဆီကပါ ဆိုးဝါးတဲ့ တုံ့ပြန်အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းတွေအရ သိရပါတယ်။








