ဇန်နဝါရီ ၅ ရက်ထိပ်တန်းသတင်းများ- ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲ ပြင်းထန်နေ၊ နှစ်ဖက် အကျအဆုံးရှိသလို အပြန်အလှန် ဖမ်းဆီးထားသူများလည်းရှိ
ဒေါ်အောင်ဆန်းစုကြည်ကိုချက်ချင်းပြန်လွှတ်ဖို့ ကုလအတွင်းရေးမှူးချုပ် ထပ်မံတိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ဖြုတ်ချခံထားရတဲ့ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေစီရင်ချမှတ်ခဲ့မှုအပေါ် အလေးအနက်စိုးရိမ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း ထပ်မံတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးက အဂတိလိုက်စားမှု ငါးမှုနဲ့ နောက်ထပ်ထောင် ၇ နှစ်ထပ်မံချမှတ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ထောင်ဒစ် ၃၃ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထားသူ တွေအားလုံးပြန်လွှတ်ပေးဖို့ ကုလအတွင်းရေးမှူးချုပ်က ထပ်မံတိုက်တွန်းတောင်းဆိုခဲ့ကြောင်း ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ဇန်နဝါရီ ၃ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ တောင်းဆိုနေသလို ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီက နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံးအကြိမ် ချမှတ်ခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက မနေ့က ပေးခဲ့တဲ့လွတ်ငြိမ်းခွင့်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD အစိုးရလက်ထက် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးအများစု ပါဝင်လာခြင်းမရှိသေးပါဘူး။
စစ်ကောင်စီ ပေးတဲ့ လွတ်ငြိမ်း ၇ ထောင်ကျော်မှာ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော်သာလွတ်မြောက်

ဓာတ်ပုံ ရင်းမြစ်, Ma Hnin
စစ်ကောင်စီက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ အကျဥ်းသား ၇၀၁၂ ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့အထဲမှာ နိုင်င့ရေးအကျဥ်းသား ၂၀၀ ကျော်သာ လွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။
အကျဥ်းထောင် ၁၉ ခုထက် မနည်းကနေ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော်သာလွတ်မြောက်လာတာဖြစ်ပြီး အဲဒီထဲက ၄၃ ဦးကို အမည်စာရင်းနဲ့တကွ အတိအကျကောက်ယူနိုင်ပြီး ကျန်သူတွေရဲ့အချက်အလက်တွေကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ဆိုပါတယ်။
စစ်ကောင်စီမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ရာ တရားဝင်ဘာအခွင့်အာဏာမှမရှိဘဲ နိုင်ငံတကာအသိုင်းအဝိုင်းကို အာရုံလွှဲဖို့ရာအတွက် အမည်ခံလွတ်ငြိမ်းချမ်းသာခွင့်တွေကို အာဏာသိမ်းပြီးနောက်မှာ ပြုလုပ်နေတယ်လို့လည်း ဦးတိတ်နိုင်က ဆိုပါတယ်။
ဒါ့အပြင် မနေ့က စစ်ကောင်စီပေးတဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့မှုတို့မှာ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်းတွေနဲ့ ဝန်ကြီးတွေအများစု ပါဝင်လာြခင်းမရှိသလို နိုင်ငံတကာကနဲ့ ကုလလုံခြုံရေးကောင်စီတို့က တိုက်တွန်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုပြန်လွှတ်ပေးဖို့ဆိုတဲ့ တိုက်တွန်းချက်နဲ့လည်း ကွဲလွဲနေပါတယ်။
ALP စစ်ဦးစီးချုပ်နဲ့ တပ်ဖွဲ့ဝင် ၂ ဦးတို့ လုပ်ကြံသတ်ဖြတ်ခံရမှု ALP ပါတီ ဘယ်လိုတုံ့ပြန်ပါသလဲ။

ဓာတ်ပုံ ရင်းမြစ်, western News
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ အပါအဝင် အရာရှိအဆင့်သုံးဦးတို့ဟာ ဇန်နဝါရီ ၄ ရက် မနေ့ကမနက်ပိုင်းမှာ စစ်တွေမြို့ပေါ်မှာ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရပါတယ်။
သူတို့သုံးဦးအသတ်ခံလိုက်ရတာဟာ ဘယ်အဖွဲ့အစည်းတွေကသတ်သွားတယ်ဆိုတာကို သူ့အနေနဲ့ ထုတ်ဖော်ပြောဆိုစရာမလိုကြောင်းနဲ့ ဘယ်သူတွေသတ်သွားတယ်ဆိုတာကို ပြည်သူတွေသိနှင့်ပြီးသား ဖြစ်တယ်လို့ ALP ရဲ့ ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ဘီဘီစီကိုပြောပါတယ်။
“မနေ့ကမနက် ၈ နာရီခွဲလောက်မှာဖြစ်တယ်။ ဘယ်သူတွေကျူးလွန်တယ်ဆိုတာ ပြောစရာမလိုတော့ဘူး။ ဘယ်သူကပဲ ကျူးလွန်သလဲဆိုတာ ပြည်သူတွေသိပြီးသားဖြစ်ပါတယ်။ ရခိုင်ပြည်ဟာ မလုံခြုံဘူးလို့ပဲ ပြောချင်တယ်”လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
အသတ်ခံလိုက်ကြရသူတွေဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ခိုင်စောမြ၊ အလယ်ပိုင်းစစ်ဒေသရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီးခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီးခိုင်သူရိန်တို့ဖြစ် တယ်လို့ အတည်ပြုပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာဟာ စစ်တွေမြို့ အာဂျိတ်တော်ကုန်း အဝေးပြေးကားကွင်းနဲ့ အမှတ် ၃၄ ရဲတပ်ရင်းတို့အကြား စိတ္တသုခ ကမ္မဌာန်းကျောင်းတိုက်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဦးစီးချုပ်နဲ့အရာရှိအဆင့်သုံးဦးတို့ကို ပစ်ခတ်သတ်ဖြစ်ခဲ့တာဟာ သူတို့သတ်ချင်လို့သတ်သွားခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ မှတ်ချက်ထပ်မံမပေးလိုဘူးလို့လည်း ဒေါ်စောမြရာဇာလင်းက ဆိုပါတယ်။
အခင်းမဖြစ်ပွားခင်မှာ ဗိုလ်ချုပ်ခိုင်စောမြဦးဆောင်တဲ့သုံးဦးအဖွဲ့တို့ဟာ စစ်ကောင်စီကျင်းပတဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရာ စစ်တွေမြို့ဝေသာလီကွင်းကနေ သူတို့ရုံးရှိတဲ့နေရာကို ကားနဲ့ပြန်လာစဉ်မှာ အခုလို ပစ်ခတ်ခံလိုက်ရပြီး သုံးဦးလုံးသေဆုံးသွားခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မကြာခင်မှာပဲ ALP တပ်မှူးတစ်ဦးက အဲဒီလမ်းကို ဖြတ်သန်းသွားလာစဥ်မှာ လမ်းဘေးထိုးရပ်နေတဲ့ယာဥ်ကို တွေ့လို့ သွားရောက်ကြည့်ရှုရာမှာ ကားလည်းပျက်စီးနေသလို အတွင်းမှာလည်း စစ်ဦးစီးချုပ်အပါအဝင် နောက်ထပ်အရာရှိနှစ်ဦးတို့ဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ဆိုပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ALP ပါတီက ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ဦးစီးချုပ်ဗိုလ်ချုပ် ခိုင်စိုးမြ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန်တို့ကို ရက္ခိုင့်တပ်တော် အေအေက လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပြီး ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ကြံမှုဖြစ်ကြောင်း၊ ဒါဟာ အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေရုံသာမက ရခိုင်ပြည်သူတွေကိုပါ တုန်လှုပ်ခြောက်ခြားစေလို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်တယ်လို့ ပါရှိပါတယ်။
အခုလို ALP ပါတီရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အေအေရဲ့တုံ့ပြန်ချက်ကိုသိရဖို့ ဘီဘီစီက အေအေထံ ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲ ပြင်းထန်နေ၊ နှစ်ဖက် အကျအဆုံးရှိသလို အပြန်အလှန် ဖမ်းဆီးထားသူများလည်းရှိ

ဓာတ်ပုံ ရင်းမြစ်, CJ
ဇန်နဝါရီ ၃ ရက် ညနေပိုင်းကစလို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ကြာအင်းဆိပ်ကြီး မြို့နယ်မှာ ဒီနေ့ ဇန်နဝါရီ ၅ ရက်အထိ တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက် အကျအဆုံးတွေရှိသလို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ဖမ်းဆီးမှုတွေလည်းရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံ က သိရပါတယ်။
မနေ့ ဇန်နဝါရီ ၄ ရက်မနက်ပိုင်းမှာ ကြာအင်းဆိပ်ကြီး မြို့အ၀င် နေရာအနီး စစ်ကောင်စီ တပ်ရင်း ဌာနချုပ်နဲ့အခြေစိုက်စခန်းတွေကို ကရင်အမျိုးသားအစည်းအရုံး KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၀င်ရောက် စီးနင်း တိုက်ခိုက်မှုကနေ တိုက်ပွဲတွေ ဒီနေ့မနက်ထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲအတွင် နှစ်ဖက်လုံးမှာ ထိခိုက်ကျဆုံးသူတွေရှိသလို နှစ်ဖက်တပ်တွေကြား အပြန်အလှန် ဖမ်းဆီးရမိသူတွေလည်းရှိနေတယ်လို့ ရှေ့တန်း စစ်မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။
“မနေ့ကတည်းက တိုက်နေတာ။ အခုမနက်အထိ ရတခ(အရှေ့တောင်တိုင်း စစ်ဌာနချုပ်) ရဟတ်ယာဉ်က လာပစ်နေတယ်၊ ကျေးရွာတွေ ဘက်ကို၊ လူနေရပ်ကွက်တွေ ဘက်ကိုပေါ့။ မြို့ထိပ် က စစ်တပ် ၃၂ တပ် ၊၂၈၄ တပ် နှစ်ခုကိုတော့ KNLA ပူးပေါင်းအဖွဲ့တွေ ၀င်စီး ပြီး ပြန်ဆုတ် သွားတယ်။ စစ်ကောင်စီ တပ်စောင့်ထားတဲ့ နောက်တန်းကင်း ရဲမေတွေ စစ်သားတွေ ဖမ်းမိ ထားတယ်။ စစ်ကောင်စီ ဘက်ကို စစ်ကူလာတဲ့ BGF ပူးပေါင်း အဖွဲ့ တွေ ဘက်က စစ်ကြောင်းနဲ့ တိုးပြီး KNLA ပူးပေါင်းအဖွဲ့ ရဲဘော်အချို့ အရှင်ဖမ်းခံ လိုက်ရ တာတွေ လည်း ရှိတယ်။ နှစ်ဖက် စလုံး သေတာ ကျတာ ထိတာတွေ ရှိတယ် ၊ အတိအကျ ကတော့ ပြောမရ သေးပါဘူး” လို့ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောပါတယ်။
ခုလို စစ်ကောင်စီ တပ်ရင်း ၃ ရင်း နေရာတွေ တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာ ဒီနေ့ ဇန်နဝါရီ ၅ ရက်မနက်ပိုင်းအထိ အကြိမ် ၂၀ ကျော် ရှိလာနေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သားတွေ ထိခိုက်တာရှိသလို ကျေးရွာ ရပ်ကွက်တွေထဲပိတ်မိနေသူတချို့လည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီကတော့ ကြာအင်းဆိပ်ကြီးမြို့နယ်က နယ်မြေခံစစ်ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တွေကို ကရင်အမျိုးသားအစည်းအရုံး KNLA နဲ့ PDF ပူးပေါင်းတပ်တွေက မနေ့ ဇန်နဝါရီ ၄ ရက်နေ့ ကစလို့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အင်အားအလုံးအရင်းနဲ့ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီက မနေ့ညပိုင်းမှာသတင်းထုတ်ပြန်ထားပြီးဖြစ်စဥ်အတွင်း
အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။
စစ်ကောင်စီနဲ့ အေအေတို့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းချင်း လဲလှယ်မှုပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ အပစ်ခတ်ရပ်စဲထားတဲ့ တစ်လကျော်ကာလအတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား စစ်သုံ့ပန်းချင်း လဲလှယ်မှုကိုတော့ ဇန်နဝါရီလ ၃ ရက်နေ့မနက်ပိုင်းက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာနဲ့ ပဒေသာကျေးရွာအကြားမှာ ပြုလုပ်ခဲ့တယ်လို့ဒေသခံတွေထံသိရပါတယ်။
“သုံ့ပန်းလဲတာက ၃ ရက်နေ့ကပါ။ စစ်တပ်ဘက်ကရော အေအေဘက်ကပါ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့သူတွေ တွေ့ဆုံပြီးတော့ လဲလှယ်ကြတာဖြစ်ပါတယ်။ သုံ့ပန်းတွေကတော့ အရာရှိဆင့်တွေနဲ့ တပ်သား အဆင့်တွေပါတယ်လို့ သိရပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီသုံ့ပန်းတွေဟာ ဘယ်အချိန်ကတည်းက ဖမ်းဆီးခံနေရသူတွေဖြစ်ကြတယ် ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။
ဒါဟာ တစ်ကျော့ပြန်တိုက်ပွဲအပြီး အပစ်ရပ်ကာလအတွင်း ပထမဆုံး စစ်သုံ့ပန်းချင်းလဲလှယ်ခဲ့ကြတာဖြစ်သလို လဲလှယ်ခဲ့ကြတဲ့ သုံ့ပန်းအရေအတွက်ကတော့ တစ်ဘက်ကို လေးဦးစီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကုန်ပိုင်းကနေ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ သုံ့ပန်းတွေကိုလည်း အခုလို လဲလှယ်တဲ့ဖြစ်စဥ် ရှိခဲ့ဖူးပါတယ်။
လက်နက်ကိုင်တပ်တွေအကြား နှစ်ဘက်အပစ်ခတ်ရပ်စဲထားကြသလို သုံ့ပန်းချင်းလဲလှယ်မှုအဆင့်ထိ ပြုလုပ်ထားနိုင်ပေမဲ့ စစ်ကောင်စီကဖမ်းဆီးထားတဲ့ ရခိုင်အရပ်သားဒေသခံတွေကတော့ အကျဉ်းထောင်အသီးသီးတို့မှာ အကျဉ်းချခံနေကြရသလို အမှုရင်ဆိုင်နေကြရသူတွေလည်း အများအပြားကျန်ရှိနေသေးတာဖြစ်ပါတယ်။
ကြာအင်းဆိပ်ကြီးဖြစ်စဥ်ကို ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ နှစ်ဖက်အပြန်အလှန် ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, CJ
ကြာအင်းဆိပ်ကြီးမှာ ဒီမနက်အထိ တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လည်းရှိတယ်လို့ ဆို
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်လွတ်မြောက်ရေးတပ် KNLA နဲ့ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့ နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဟာ ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းကစလို့ ဒီနေ့ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းထိ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီခန့်မှာလည်း ကြာအင်းဆိပ်ကြီးမြို့နယ်ကေအန်ယူတပ်မဟာ ၆ နယ်မြေထဲ စစ်ကောင်စီက လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ၁၀ ကြိမ်ဝန်းကျင်လောက် လာရောက်ပစ်ခတ်နေပြီး တချို့ကျည်တွေက ရွာတွေထဲကို ကျနေတဲ့အပြင် ဒေသမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ကူနေတာကြောင့် နေအိမ်တွေထဲမှာ ပိတ်မိတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ကြာအင်းဆိပ်ကြီးအခြေစိုက် ခလရ ၃၂ တပ်ရင်း နေရာကနေ မီးခိုးတွေတွေ့ရတာကြောင့် စစ်ကောင်စီက အထိနာတဲ့အတွက် လေကြောင်းကနေ လာပစ်တာတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်ရင်းတချို့ သိမ်းပိုက်ခံရပြီး၊ စစ်ကောင်စီအဖွဲ့ဝင်နဲ့ မိသားစုဝင်တချို့ အဖမ်းခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
တိုက်ပွဲဖြစ်နေတဲ့တဲ့ ကြာအင်းဆိပ်ကြီးမြို့ဟာ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်ထဲမှာပါရှိပြီး အလယ်ရွာ၊ ဝါပိုးကုန်း၊ ကြခတ်ချောင်း စတဲ့ကျေးရွာတွေဘက်ကို ပစ်ခတ်မှုတွေ ရှိနေတာကြောင့် အဲဒီက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်၊ တောင်စွန်းကျေးရွာက စစ်ကောင်စီနဲ့ပူးပေါင်းတိုက်ခိုက်နေတဲ့ နယ်ခြားစောင့်တပ် BGF ရဲ့ ဗျူဟာကုန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ထပ်ဗျူဟာကုန်းတစ်ခုကို သိမ်းပိုက်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲဖြစ်နေတာ ၄ ရက်ရှိပြီလို့ မနေ့က ဇန်နဝါရီ ၃ ရက်မှာ Lion Battalion Commando က သတင်းထုတ်ပြန်ထားပါတယ်။
ဘုရားသုံးဆူတိုက်ပွဲကို ဒီဇင်ဘာ ၃၁ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး မနေ့က ဇန်နဝါရီ ၃ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းပစ်ကူပေါင်း ၃၀ နဲ့အထက်ရှိပြီး တော်လှန်ရေးအင်အားစုဘက်က ရဲဘော် ၆ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က နယ်မြေခံစစ်ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တွေကို ကရင်အမျိုးသားအစည်းအရုံး KNLA နဲ့ PDF ပူးပေါင်းတပ်တွေက မနေ့ ဇန်နဝါရီ ၄ ရက်နေ့ ကစလို့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အင်အားအလုံးအရင်းနဲ့ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီက မနေ့ညပိုင်းမှာသတင်းထုတ်ပြန်လာပါတယ်။
ဒါပေမဲ့ သတင်းကြိုတင်ရရှိထားပြီး တပ်နယ်အတွင်း အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူတွေက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အဓိကကျတဲ့ အဆောက်အဦတွေ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦတွေနဲ့ လူနေအဆောက်အဦတွေအနီး ဝင်ရောက်နိုင်ခြင်းမရှိလဲ လူနေထိုင်ခြင်းမရှိတဲ့ အဆောက်အဦတချို့သာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။
ဒီဖြစ်စဥ်အတွင်း အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။
စစ်ကိုင်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်နေချိန် ဆောင်းရာသီအအေးဒဏ်ကြောင့် သေဆုံးသူ ၃ ဦးထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရွာ ၇ ရွာမီးရှို့ခံရလို့ စစ်ဘေးရှောင် ၈ ထောင်ကျော် ထွက်ပြေးနေရပြီး ဒီဇင်ဘာ လကုန်ပိုင်းမှာ စစ်ကိုင်းမြို့နယ်တွင်းက စစ်ဘေးရှောင်ပြည်သူတွေထဲ ဆောင်းအအေးဒဏ်ကြောင့် သေဆုံးသူ ၃ ဦး ထိရှိခဲ့ပါတယ်။
မြင်းဆည်ကျေးရွာမှာဆိုရင် စစ်ကြောင်းဝင်ရောက်လာချိန် မပြေးနိုင်လို့ အမျိုးသမီးကြီးတစ်ဦး နေအိမ်မှာပဲကျန်ရစ်ခဲ့ပြီး ရွာမီးရှို့ခံရချိန်မှာ မီးထဲပါလို့ အသက် သေဆုံးခဲ့ပါတယ်။
"အခက်အခဲကတော့ဆောင်းတွင်းဆိုတော့ မီးဘေးသင့်ပြည်သူတွေအတွက် စောင်နဲ့ အနွေးထည်တွေ၊ အဓိကကတော့ ဆေးဝါးနဲ့ ရိက္ခာ၊ အမိုးအကာတွေလည်းလိုတယ်။ ရွာဘက်လည်းပြန်လို့မရတော့ တောထဲမှာပဲ ဖြစ်သလိုနေရတာ။ သစ်ပင်တွေအောက်မှာနေရတာပေါ့။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ မလွယ်ဘူးဗျ။ မန္တလေးလည်းတက်လို့မရဘူးလေ။ မြို့ပေါ်နေရာတွေက သွားဖို့ကို မလွယ်တာ" လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၂၇ ရက်ကနေ ၃၀ ရက်နေ့အထိ ရရှိထားတဲ့စာရင်းတွေအရဆိုရင် ကျေးရွာ ၇ ရွာလုံးမီးရှို့ခံရလို့ လူနေအိမ် တစ်ရာဝန်းကျင် ပျက်စီးခဲ့ပါတယ်။ မီးရှို့ခံရတဲ့ ကျေးရွာအများစုဟာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတွေ ထိတွေ့မှုလည်းမရှိသလို စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်တာမျိုးလို တိုက်ခိုက်ခံရမှုတွေလည်းဖြစ်ပွားတာမရှိခဲ့ဘဲ နေအိမ်တွေ နေအိမ်မီးရှို့ခံရတာလို့ ဒေသခံတွေကပြောပါတယ်။
အခုအခါ တောတောင်ထဲမှာ စစ်ရှောင်နေသူတွေမှာ ရာသီဥတုဒဏ်ကြောင့်ရော ကျန်းမာရေးစောင့်ရှောက်မှုလက်လက်မမီလို့ပါ အခက်ကြုံနေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းမြို့နယ်တစ်ခုလုံးမှာ ဒီနှစ် ဧပြီလကနေ ဒီဇင်ဘာထိ ပြီးခဲ့တဲ့ ကိုးလအတွင်း ကျေးရွာ ၂၇ ရွာ မီးရှို့ခံရလို့ နေအိမ်ပေါင်း ၁၇၀၀ ကျော် မီးလောင်ခံရပါတယ်။ အဲဒီကျေးရွာတွေမှာ တောင်ကြားကျေးရွာက သုံးကြိမ်၊ ညောင်ပင်ရှည်၊ ဒီပဲယင်းကွဲနဲ့ မြင်းဆည်ကျေးရွာတွေက နှစ်ကြိမ်စီနဲ့ မီးရှို့ခံရတာဖြစ်ပါတယ်။
ဒီလိုနေအိမ်တွေ မီးရှို့ခံရလို့ ရိတ်သိမ်းပြီးစပါးတွေ တင်းပေါင်း သောင်းဂဏာန်းထိ ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ပွင့်လင်းရာသီမှာ ဆောင်းသီးနှံစိုက်ပျိုးဖို့ထက် ဖမ်းဆီးပစ်သတ်တာတွေ ရှိတာလို့ မိုးသီးနှံရိတ်သိမ်းဖို့တောင် အဆင်မပြေဘူးလို့ဆိုပါတယ်။
"သူတို့အုပ်ချုပ်လို့မရတဲ့ စခန်းနဲ့နီးတဲ့ ကျေးရွာတွေကို အပြောင်ရှင်းတာလို့ထင်တယ်။ ကိုယ့်လယ်ကို စိတ်ဖြောင့်ဖြောင့် မလုပ်နိုင်ဘူး။ ကိုယ်ဦးကိုယ်ဆော် သူဦးသူဆော်ပဲ သေနတ်ကိုင်ပြီး လယ်လုပ်နေရတာ ဖြစ်နေပြီ"လို့ဒေသခံတစ်ဦးကပြောပါတယ်။
ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကုန်အတွင်း အိမ်ခြေ ၃၀၀၀ ခန့် မီးလောင်ပျက်စီး၊ ဒေသခံသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှာ ဒီနှစ်ကုန်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက မီးရှို့မှုကြောင့် နေအိမ် ၃၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံ သောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ရကာ အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းကလည်း ဒီပဲယင်းအနောက်ခြမ်းက အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးဘေးသင့်ပြည်သူ ၁၅၀၀ ခန့် ရှိခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကာ နေထိုင်စားသောက်ရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။
ISP Myanmar ထုတ်ပြန်ချက်မှာ စစ်အာဏာသိမ်းပြီးနောက် ဒီဇင်ဘာ ၁၄ ရက်အထိ လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်းမှာ စစ်ကိုင်းတိုင်းက ဒေသခံ ၈ သိန်းဝန်းကျင်ဟာ စစ်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါဟာ စစ်ကိုင်းတိုင်း လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်း လောက်ရှိပြီး မြန်မာတစ်ပြည်လုံးမှာ စစ်ကိုင်းတိုင်းက စစ်ရှောင်ပြည်သူ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတယ်ဆိုတဲ့ သံသယ၊ တစ်ခါ ဒီတပ်တွေက ကျေးရွာတွေကနေ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ သံသယနဲ့ မီးရှို့တာတွေ ပြုလုပ်ပြီး တစ်ခါတစ်ရံမှာ ဘာထိတွေ့တိုက်ပွဲမှ မဖြစ်ပွားပေမဲ့ မီးရှို့ခံရတာ ရှိတယ်လို့ ဘီဘီစီကို ဆက်သွယ်ပြောကြားကြပါတယ်။
စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်းထဲမှာ ၂၀၂၂ ခုနှစ်အတွင်း KIA နဲ့ PDF တို့ကမီးရှို့ဖျက်ဆီးလို့ နေအိမ်ရာချီ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းနဲ့ကချင်မှာ အင်တာနက်ခဏပြန်ရပြီး ပြန်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရဲ့ ဒေသတချို့မှာ အင်တာနက် ပြန်လည်အသုံးပြုလို့ ရပြီလို့ ဒေသခံတွေကပြောပါတယ်။
တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံရတဲ့ ဒေသတွေမှာ ဇန်နဝါ ၃ ရက် ညနေပိုင်းကစလို့ အင်တာနက်ပြန်သုံးလို့ရတာလို့လည်း သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့မှု အများဆုံးရှိတဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကတည်းက အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရပါတယ်။
ဒီနှစ် ဇန်နဝါရီ ၃ ရက် ညနေ ၃ နာရီကျော်မှာ ATOM (တယ်လီနော) ဖုန်းလိုင်းက အင်တာနက်လိုင်း ပြန်အသုံးပြုလို့ရနေပြီး ကျန် အော်ပရေတာတွေကတော့ အင်တာနက် အသုံးပြုလို့မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ်ထဲမှာတော့ MPT နဲ့အော်ရီဒူးဆင်းမ်ကတ်တွေကတော့ အင်တာနက်ပြန်သုံးလို့ရနေတဲ့အခြေအနေနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ အဲဒီလိုလိုင်းပြန်ပွင့်ပြီးတစ်ရက်အကြာ ဇန်နဝါရီ ၄ ရက် နေ့ညပိုင်းမှာတော့ အင်တာနက်ပြန်လည်အသုံးပြုလို့မရတော့တဲ့ အခြေအနေလို့ သိရပါတယ်။
အဲဒီစစ်ကိုင်းတိုင်းအတွင်းမှာ ကျေးရွာ နေအိမ်တွေ မီးရှို့ခံရလို့ အိုးအိမ်မဲ့ဖြစ်သူ စစ်ရှောင်ပြည်သူတွေဟာလည်း တစ်လတစ်လကို အနည်းဆုံး ထောင်ဂဏန်း တိုးလာတယ်လို့ စစ်ရှောင်ကူညီပေးသူတွေက ပြောပါတယ်။
ဒါ့အပြင် KIAနဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့တို့ မကြာခဏ ထိတွေ့မှုရှိတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသကိုလည်း 2021ခုနှစ် ဩဂုတ်လကတည်းက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားခဲ့တာဖြစ်ပါတယ်။
ဒေသစီးပွားရေး ကျောက်စိမ်းရောင်းဝယ်မှုကိုတော့ WiFi လိုင်းနဲ့ နာရီအလိုက် အခကြေးငွေ ကျပ်သောင်းဂဏန်းပေး အသုံးပြုရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီ ၃ ရက် ညနေပိုင်းမှာပဲ ဖားကန့်မြို့မှာ အင်တာနက်လိုင်း ပြန်လည်အသုံးပြုခွင့် ရပေမယ့် ဖုန်းလိုင်းတခုတည်းသာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီကအခြေနေ အကြောင်းကို ဒေသခံတဦးပြောတာက
"တယ်လီနော တစ်ခုပဲရတယ်။ မိုင်တဲလည်းမရဘူး။ MPT လည်းမရဘူး။ လိုင်းမရှိလည်း ဒီမှာ We chat သမားအများစု ဝိုင်ဖိုင်နဲ့လာကြတာ"လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတဲ့ ဒေသတွေမှာ မန္တလေးတိုင်း မိုးကုတ်မြို့လည်း ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ဖြတ်တောက်ခံရပြီး လက်ရှိအချိန်ထိ အင်တာနက်လိုင်း တစ်ခုမှ အသုံးပြုလို့ မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။








