ပြေးစရာမြေမရှိတဲ့ မြစ်ငယ် စီဒီအမ်မီးရထားဝန်ထမ်းတွေ

မန္တလေးတိုင်း အမရပူရမြို့နယ် မြစ်ငယ်မီးရထားဝင်းနားက ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံ နေထိုင်နေသူတွေကို အောက်တိုဘာလ ၁၅ ရက် နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ နဲ့ မပြောင်းရင် အရေးယူခံရမယ် ဆိုတဲ့ ဖိအားတွေကြုံနေကြရပါတယ်။
မြစ်ငယ်မီးရထားဝင်းက အိမ်ရာတွေကို ကျူးကျော် အိမ်ရာတွေ ဆိုပြီး ပြီးခဲ့တဲ့ မတ်လက ဖျက်သိမ်းခဲ့တဲ့အတွက် အဲဒီမှာ နေထိုင်ကြသူတွေက အနီးတဝိုက် ဘုန်းတော်ကြီးကျောင်း တွေမှာ ခိုလှုံနေကြတာ အခုဆို ၆ လ လောက် ရှိပါပြီ။
စစ်တပ်က အာဏာသိမ်းမှုကို အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ မြစ်ငယ်မီးရထား ဝန်ထမ်းအများစု ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းပြီး လပိုင်းအကြာမှာပဲ CDM ပြုလုပ်သူတွေကို နေအိမ်လိုင်းခန်းတွေကနေ စစ်ကောင်စီက ဖယ်ရှားခဲ့ပါတယ်။
အခုနှစ် မတ်လဆန်းပိုင်းမှာတော့ မြစ်ငယ်ဘူတာ မီးရထားဝင်းအနီးနားက နေအိမ်၊ စာသင်ကျောင်း အနောက်ဘက်ရပ်ကွက်နဲ့ ဈေးနေအိမ်တွေကို ကျူးကျော်နေအိမ်တွေဆိုပြီး စစ်ကောင်စီက ဖျက်သိမ်း ဖယ်ရှားစေခဲ့ပါတယ်။

ဖျက်ရတဲ့ အဆောက်အဦးတွေက ကျူးကျော်တွေပဲလား
ကျူးကျော် ဆိုပြီး ဖျက်ခိုင်းတဲ့ အထဲမှာ အင်္ဂလိပ် ကိုလိုနီခေတ် ကတည်းက တည်ဆောက်ထားတဲ့ အဆောက်အအုံတွေလည်း ပါဝင်နေပါတယ်။
အဖျက်ခံရတဲ့ နေအိမ်အများစုက မြစ်ငယ် မီးရထားဝန်ထမ်းတွေ နေထိုင်ကြတဲ့အိမ်တွေ ဖြစ်ပြီး CDM ပြုလုပ်သူတွေရဲ့ ကိုယ်ပိုင်နေအိမ်တွေလည်း ပါဝင်သလို ပင်စင်စား မီးရထားဝန်ထမ်းတွေရဲ့ နေအိမ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေထိုင်သူအများစုကလည်း မျိုးရိုးစဥ်ဆက် မီးရထားဝန်ထမ်း မိသားစုတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လက နေအိမ်ဖယ်ရှားဖို့ စစ်ကောင်စီက ထုတ်ပြန်တဲ့ အမိန့်စာကျပြီး နှစ်ရက်အတွင်းမှာ တိုက်အိမ်နဲ့ နေအိမ်ပေါင်း နှစ်ရာဝန်းကျင် ဖျက်သိမ်း ရွှေ့ပြောင်း ပေးခဲ့ကြရ ပါတယ်။ ဖျက်သိမ်းရတဲ့အတွက် မြေနေရာလည်း အစားထိုး ပြန်မရကြပါဘူး။

ခိုလှုံစရာရှာကြရ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါကြောင့် နေအိမ်တွေအဖျက်ခံရသူ အများစုက မြစ်ငယ်မြို့ အနီးတဝိုက်က ဘုန်းကြီးကျောင်း ၅၀ ဝန်းကျင်မှာ ခိုလှုံနေထိုင်ကြတာဖြစ်ပါတယ်။ တစ်ကျောင်းမှာ နေထိုင်တဲ့ အိမ်ထောင်စု ၂၅ စုလောက် ရှိတယ်လို့ခန့်မှန်းရပါတယ်။
အခုတခါ ဘုန်းကြီးကျောင်းတိုက်အတွင်း နေထိုင်သူ အားလုံး အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရမယ် ဆိုတော့ နေစရာ အခက်အခဲကြောင့် ဘုန်းကြီးကျောင်း တွေမှာ ခိုလှုံနေထိုင်နေကြသူတွေ အခက်အခဲ ဖြစ်ကြရပြန် ပါတယ်။
မြစ်ငယ်မီးရထားဌာနမှာ CDM ပြုလုပ်ထားသူရဲ့ မိသားစုဝင်တစ်ယောက်ကတော့ မြို့နယ် သံဃမဟာနာယက အဖွဲ့က ကျောင်းထိုင်ဘုန်းတော်ကြီးတွေကို စာပို့ပြီး ဖယ်ရှားခိုင်းတာလို့ ဘီဘီစီကိုပြောပါတယ်။
သံဃာတွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းတွေမှာ အမျိုးသမီးတွေ လာရောက်နေထိုင်တာ မသင့်တော် မအပ်စပ်ဘူး၊ ဘုန်းကြီးရဲ့ မယ်တော်၊ ဖခမည်းတော်တောင် မနေရဘူးလို့ စာထဲမှာရေးထားကြောင်းလည်း သူက ပြောပါတယ်။
အဲဒီက ဒေသခံတွေကတော့ မီးရထားဝန်းထဲမှာ နေခဲ့ကြသူတွေဟာ သူတို့နေအိမ်တွေဖျက်ပြီး ဘုန်းကြီးကျောင်းဝန်းထဲ နေလာတာ လနဲ့ချီ ကြာပြီဖြစ်လို့ တခြားနေရာ ပြောင်းရွှေ့ကြရမှာ ဖြစ်တယ်လို့ ပြောကြပါတယ်။
ဘုန်းကြီးကျောင်းတွေထဲမှာ တည်းခိုခွင့် ပေးထားတာဟာ ယာယီ နေရာပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းမှာ လာရောက်ခိုလှုံ နေထိုင်သူတွေကို ရေ၊ မီး သုံးခွင့်လည်း ပေးထားရတဲ့အတွက် ဘုန်းတော်ကြီးကျောင်းတွေ အနေနဲ့ လည်း ဝန်ပိနေတဲ့ သဘော ရှိတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
ပြောင်းရွှေ့ရမယ် ဆိုတော့ တချို့က တခြားနေရာတွေကိုသွားရောက်နေထိုင်ကြသူတွေ၊ ဆွေမျိုးတွေဆီမှာ အဖီလေးတွေ ထုတ်ပြီး နေကြသူတွေ ရှိသလို ဘယ်ကိုမှ သွားစရာ မရှိလို့ ပြောင်းဖို့ အဆင်မပြေကြသူတွေကတော့ ဘုန်းကြီးကျောင်းမှာပဲ ဆက်နေ ကြတယ်လို့ သိရပါတယ်။
လာမယ့် အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား မပြောင်းရင် အရေးယူခံရမယ် ဆိုတဲ့အတွက် နေစရာ လုံးဝ မရှိကြတဲ့ CDM ဝန်ထမ်းတွေက လိုင်းခန်းတွေမှာ ပြန်နေထိုင်ခွင့် ရအောင် အလုပ်ပြန်ဝင်ကြသူတွေလည်း ရှိတယ်လို့ ဝန်ထမ်း အသိုင်းအဝိုင်းကနေသိရပါတယ်။








