မြစ်ငယ်သားတွေ အိမ်ကိုကိုယ်တိုင်ဖျက်ပြီး ရွှေ့ပြောင်းနေရ

ကိုယ်အိမ်ကိုယ်ဖျက်ပြီး ရွှေ့ပြောင်းနေရသူတွေ ထောင်နဲ့ချီရှိနေပါတယ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကိုယ်အိမ်ကိုယ်ဖျက်ပြီး ရွှေ့ပြောင်းနေရသူတွေ ထောင်နဲ့ချီရှိနေပါတယ်

မီးရထားဝန်ထမ်းမြို့တော်လို့ အရပ်အခေါ်ရှိတဲ့ မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့ ရပ်ကွက်ပေါင်း(၁၃)ရပ်ကွက်က နေအိမ်တွေကို စစ်ကောင်စီကနေရွှေ့ပြောင်းဖို့ အမိန့်ထုတ်တာကြောင့် ဒေသခံတွေဟာ ကိုယ့်အိမ်ကို ကိုယ်တိုင်ဖျက်ပြီး ရွှေ့ပြောင်းနေကြရပါတယ်။

မြို့က ရပ်ကွက် ၁၃ ရပ်ကွက်လုံးကို ရွှေ့ပြောင်းပေးဖို့ တံဆိပ်တုံးမပါတဲ့စာတွေကို မတ်လ (၅)ရက်မှာ ရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ မတ်လ ၉ ရက်နေ့လည်ပိုင်းမှာတော့ အဲ့ဒီရပ်ကွက် (၁၃)ရပ်ကွက်အပြင် မီးရထားနယ်နိမိတ်နဲ့ထိစပ်နေတဲ့ ရွာတွေကိုပါ ပြောင်းရွှေ့ပေးရမယ်လို့ သတင်းတွေထွက်ပေါ်လာတာကြောင့် ရွာခံတွေပါ စိုးရိမ်မှုတွေမြင့်တက်နေကြပါတယ်။

Mandalay

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မြစ်ငယ်သားတွေအိမ်ကိုကိုယ်တိုင်ဖျက်ပြီး ရွှေ့ပြောင်းနေရ

အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအနည်းဆုံး (၃၀၀)ဝန်းကျင်လောက် မြို့တွင်းဝင်‌ရောက်လာခဲ့ပြီး တပ်စွဲနေရာယူနေတာကြောင့် ပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်ကာ အိုးအိမ်တွေကို မနေ့ မတ်လ (၈)ရက်ကစပြီး စွန့်ခွာနေကြတာပါ။

"မဖျက်လို့မရဘူးလားမေးတော့ မရဘူးတဲ့။ အထက်ကပဲ ဖျက်ရမယ်ညွှန်ကြားလို့ ဖျက်ရတာတဲ့။ လူကြီးတွေအိမ်၊ ပင်စင်စားအိမ်တွေလည်းပါတယ်လို့ပြောတော့ မရဘူးဖျက်ရမှာလို့ပြောတယ်။ နောက်ဘယ်လိုစီစဉ်မလဲတော့မသိဘူး။ ပြောင်းရွှေ့ဖို့လုပ်ထားကြပါတဲ့ အဲ့လိုပဲပြောတယ်။ အကုန်လုံးဖျက်ရတဲ့သဘော။ မြစ်ငယ်မြို့ကြီးဟာ ဘာရပ်ကွက်မှမရှိတော့ဘူး။ အခုကြားတာကတော့ cdm ကနေ non-cdm ပြန်ဝင်နေကြပြီလို့ပြောတယ်။ ကိုယ်တွေက ဘာမှမဆိုင်ဘူး၊ နေရာကလယ်မြေတွေ၊ နိုင်ငံတော်ကိုအခွန်ဆောင်တယ်၊ စာရွက်တွေတောင်ရှိတယ်၊ သူတို့ကမရဘူး။ သိမ်းတာပဲ"လို့ နေအိမ်အဖျက်ခံလိုက်ရတဲ့ သာမန်အရပ်သားအမျိုးသမီးတဦးက ဘီဘီစီကိုပြောပါတယ်။

Mandalay

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မြစ်ငယ်သားတွေအိမ်ကိုကိုယ်တိုင်ဖျက်ပြီး ရွှေ့ပြောင်းနေရ

ဒီကနေ့မနက်ပိုင်းမှာတော့ တမြို့လုံးကနေအိမ်အများစုဖျက်ဆီးပြီးပြီဖြစ်ပြီး အထူးသဖြင့် မီးရထားဝန်ထမ်း၊ ပင်စင်စားပြည်သူတွေနဲ့ ရပ်ကွက်နေပြည်သူတွေပြောင်းရွှေ့ကြရတာပါ။

"သူတို့ကကိုယ်တိုင်ဖျက်တာမဟုတ်ဘဲ အရင်ကနယ်မြေရဲစခန်းမှာပဲ အင်အားရှိတာကနေ အင်အားအလုံးအရင်းလာပြတယ်။ မနေ့ကဆို ဘူဒိုဇာတွေပတ်မောင်းပြတယ်။ သေနတ်တွေပါနေတော့လည်း ဘယ်သူကမှ ဘာမှမပြောရဲကြဘူးလေ"လို့ မြစ်ငယ်မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

Mandalay

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မြစ်ငယ်သားတွေအိမ်ကိုကိုယ်တိုင်ဖျက်ပြီး ရွှေ့ပြောင်းနေရ

မီးရထားဝန်ထမ်းအများစုရှိတဲ့မြစ်ငယ်မြို့မှာ အာဏာသိမ်းပြီးနောက် CDM ပြုလုပ်သူ ဝန်ထမ်းထောင်ကျော်ရှိပြီး တနှစ်ကျော်ကြာလာချိန်မှာတော့ လူဦးရေ (၇၀၀)ဝန်းကျင်လောက် CDM အဖြစ် ဆက်လုပ်နေဆဲဖြစ်ပါတယ်။

ဒီလို အကြမ်းမဖက်အာဏာဖီဆန်ရေးပါဝင်တဲ့ CDM ဝန်ထမ်းတွေကို ဖိအားပေးဖို့ မြစ်ငယ်မြို့တမြို့လုံးနီးပါးကို စစ်ကောင်စီက ဖျက်သိမ်းဖို့ဖိအားပေးတာလို့ ပြည်သူတွေက ယုံကြည်နေကြပါတယ်။

ဒီလိုဖြစ်လာတာကြောင့် အခြေခံလူတန်းစား မီးရထားဝန်ထမ်းတချို့ကတော့ တာဝန်ပြန်ထမ်းဆောင်ဖို့ စာရင်းပေးနေကြတာရှိသလို နဂိုထဲက တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတချို့နဲ့ နေအိမ်တချို့ကိုတော့ ဖျက်ဆီးတာ၊ ပြောင်းရွှေ့ဖို့ပြောတာမရှိဘူးလို့ ဆိုပါတယ်။

အခုလက်ရှိမှာတော့ မြစ်ငယ်မြို့ကမီးရထားဝန်ထမ်းအိမ်ရာကိုဖျက်ဆီးတာမဟုတ်ဘဲ အနားက ရပ်ကွက် (၁၃)ရပ်ကွက်ဟာ မီးရထားပိုင်နယ်နိမိတ်အတွင်းကျူးကျော်ဝင်ရောက်နေထိုင်တယ်ဆိုပြီး ရွှေ့ပြောင်းခိုင်းတာဖြစ်ပါတယ်။

အဲ့ဒီရပ်ကွက်တွေထဲ လိုင်းခန်းမရသေးတဲ့ မီးရထားဝန်ထမ်းတွေနေထိုင် ကြသလို မီးရထားဝန်ထမ်း မိသားစုဝင်အများစုနေထိုင်ကြပါတယ်။