နှစ်လနီးပါးတိုင်း တစ်ကြိမ်ဖြစ်နေတဲ့ ပြည်တွင်း စက်သုံးဆီပြတ်လပ်မှု
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေပြင် ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာလည်း စက်သုံးဆီတွေ ဝယ်ယူလို့မရတော့ဘဲ ပြတ်လပ်နေတာနဲ့ လိုသလောက်မရတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောလာပါတယ်။
မြို့ကြီးတွေမှာဆိုရင် စက်သုံးဆီဝယ်ယူဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ကားတန်းရှည်ကြီးတွေကို အခုလ ၁ ရက်နေ့ကစပြီး မြင်တွေ့လာရပါတယ်။
၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိဆိုရင် စစ်တပ်အာဏာသိမ်း ၃ နှစ်အတွင်း အဆိုးရွားဆုံး စက်သုံးဆီရှားပါးပြတ်လပ်တာနဲ့ စျေးမြင့်တက်တဲ့ပြဿနာ အနည်းဆုံးအကြိမ် ၂၀ နီးပါး ဖြစ်ထားပါတယ်။
၂၀၂၄ ခုနှစ်မှာလည်း ပြတ်လပ်မှုနဲ့ စျေးနှုန်းကြီးမြင့်မှုဟာ အခုတစ်ကြိမ်နဲ့ပါဆိုရင် ၃ ကြိမ်ထက်မနည်းရှိလာပြီဖြစ်ပါတယ်။ နှစ်လကို တစ်ကြိမ်နီးပါးလို တစ်ကြော့ပြန် ဖြစ်လာတဲ့ ပြည်တွင်းက စက်ဆုံးဆီပြတ်လပ်မှု အခုတစ်ကြိမ်မှာ ဘယ်လောက်အထိ ဆိုးရွားနေလဲ။

ငါးမိုင်နီးပါးရှည်တဲ့ မန္တလေးက စက်သုံးဆီ တန်းစီမှု

မန္တလေးမြို့မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စက်သုံးဆီဆိုင် ဆိုင်ကြီး၊ ဆိုင်သေး တော်တော်များများ အရောင်းလုံးဝပိတ်ထားခဲ့တာကြောင့် ဆီဝယ်ယူလို့မရတဲ့ အခြေအနေအထိဖြစ်ခဲ့တယ်လို့ မြို့ခံတွေကဘီဘီစီကိုပြောပါတယ်။
သြဂုတ်လ ၁ ရက်နေ့ကဆိုရင် ဆီတန်းစီတဲ့ကားနဲ့ ဆိုင်ကယ်တန်းဟာ လမ်း ၄၀ ဆီဆိုင်ကနေ သိပ္ပံလမ်းပေါ်အထိ ရှိခဲ့တာကြောင့် ၅ မိုင်နီးပါးအထိ ယာဥ်တန်းရှည် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်တွေပိတ်ထားပြီး တစ်ပတ်နီးပါးအကြာ ဩဂုတ် ၃ ရက်မှာတော့ မန္တလေးမြို့က ဆီဆိုင်အများစု ဆိုင်ပြန်ဖွင့်ပြီး ဆီတွေရောင်းချနေပြီလို့ ဒေသခံတချို့က ပြောပေမယ့် လိုသလောက်ပမာဏ ဝယ်လို့ မရသေးဘူးလို့ ဆီကို ကိုယ်တိုင်တန်းစီဝယ်ယူခဲ့ရသူတစ်ဦးက ပြောပြပါတယ်။
ဆီဆိုင်တွေဟာ ကားတစ်စီးကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ ဖိုး အထိ ကန့်သတ်ရောင်းချပေးနေပြီး ဆိုင်ကယ်ဆိုရင် တစ်စီးစာ ဆီအပြည့်ဖြည့်ခွင့်ပေးတယ်လို့ သူကဆက်ပြောပါတယ်။
“မနက် ၄ နာရီလောက်တည်းက ထပြီးတန်းစီရတာ၊ တနေကုန်နီးပါး တန်းစီမှဆီရတာ”လို့ ဆိုပါတယ်။
ရန်ကုန်ဆီစျေးနဲ့ အငှားယာဉ်မောင်းတွေ

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရန်ကုန်မြို့က အငှားယာဥ်မောင်းတစ်ဦးကတော့ ဓာတ်ဆီဝယ်ယူရခက်ခဲတာကြောင့် ယာဥ်မောင်းခနဲ့ မိသားစုကို ကျွေးမွေးဖို့ ခက်ခဲကျပ်တည်းလာတယ်လို့ ဘီဘီစီကိုပြောပါတယ်။
“ကားအငှားမလိုက်ရဘဲ တနေ့တနေ့ ဆီတန်းစီနေရတာနဲ့တင် အချိန်ကုန်နေတာ၊ ထမင်းဘယ်လိုရှာစားမလဲ” လို့ အဆင်မပြေတဲ့အကြောင်းကို သူက ရင်ဖွင့်ပြောပြပါတယ်။
တစ်ဖက်မှာလည်း ရန်ကုန်မြို့က အငှားယာဉ်ကားခတွေ ဒီရက်ပိုင်းအတွင်း ဈေးသိသိသာသာမြင့်တက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတချို့ရဲ့အပြောအရ “ခရီးတစ်ကြောင်းစာကို ၂ ခေါက်စာလောက် ပေး စီးနေရတယ်” လို့ သိရပါတယ်။
ရန်ကုန်မြို့နယ်ထဲက စက်သုံးဆီဆိုင်အများစုမှာ နိုင်တီတူး (92) နဲ့ နိုင်တီဖိုက် (95) ဆီအမျိုးအစားတွေ ပြတ်လပ်နေပြီး ဒီဇယ်ဆီသာ လုံလုံလောက်လောက်ရတဲ့အခြေအနေလို့သိရပါတယ်။
ဆီတစ်ခါဖြည့်ရဖို့ နာရီပေါင်းများစွာ တန်းစီးစောင့်ဆိုင်းနေရပြီး ဖြည့်မယ့်အလှည့်ရောက်ခါနီးမှ ဓာတ်ဆီကုန်သွားတာလည်း ကြုံခဲ့ရတယ်လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ဆီဝယ်ဖို့ တန်းစီစောင့်ဆိုင်းရတဲ့ ကားတန်းရှည်က ဆီဆိုင်တစ်ဆိုင်ကို ၂ မှတ်တိုင်စာလောက်ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
“ဆီရရင်လည်း ဝမ်းရေးအရ ငှားခတွေကို ဈေးတိုးတောင်းရတယ်။ ဒါပေမဲ့ စီးနိုင်သူတွေက ငှားစီးနေသေးတော့ ထမင်းလေးနပ်မှန်တာပေါ့” လို့ သူက ဆိုပါတယ်။
ဇူလိုင်လကုန်ပိုင်းတုန်းက ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လို့ ရေဘေးသင့်ခဲ့တဲ့ ဒေသတချို့မှာ စက်သုံးဆီပြတ်လပ်နေတာကြောင့် အပူတွေ တစ်ပူပေါ် တစ်ပူဆင့်လို့ ဒုက္ခရောက်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စက်သုံးဆီဝယ်မရတဲ့ ပဲခူး

ဓာတ်ပုံ ရင်းမြစ်, H-Rescue
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နောက်ပိုင်း ပဲခူးမြို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တဲ့အချိန် ပိတ်မိနေတဲ့ ဒေသခံတွေကိုကယ်ဆယ်တဲ့အချိန်တုန်းက စက်လှေအတွက် ဆီမလုံလောက်တဲ့ ပြဿနာတွေ ဆိုးဆိုးဝါးဝါးကြုံတွေ့ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီ စက်သုံးဆီပြတ်လပ်မှုက ဩဂုတ် ၄ ရက်အထိ ဆက်ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။
“အစပိုင်းတုန်းကတော့ မြို့ထဲက ဆီဆိုင်တွေက ရေကြီး၊ ရေမြှုပ်နေလို့ ပိတ်ထားတာ အခုရေကျသွားပေမယ့်လည်း ဒီနေ့ (ဩဂုတ် ၄ ရက်)အထိ ဆိုင်တွေပိတ်ထားတုန်းပဲ” လို့ ဆိုပါတယ်။
“ဖွင့်တဲ့ဆိုင်တွေကလည်း အချိန်နဲ့ပဲ ကန့်သတ်ပြီးရောင်းပေးတာ၊ တစ်နေ့နဲ့တစ်နေ့ ရောင်းပေးတဲ့ ပမာဏလည်း မတူဘူး” လို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။
ပဲခူးမြို့ထဲမှာ ရေပြန်ကျသွားပေမယ့်လည်း ပဲခူးမြစ်ရေက စိုးရိမ်ရေမှတ်အထက်မှာ ရှိနေတုန်းပဲလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားရေးဦးစီးဌာနက ဩဂုတ် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဆီဆိုင်တွေ ဒုံးယိမ်းကတဲ့ ဧရာဝတီ

ဓာတ်ပုံ ရင်းမြစ်, MFSD
ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာလည်း မြို့တော် ပုသိမ်အပြင် ခရိုင်မြို့ကြီးတွေဖြစ်တဲ့ မအူပင်နဲ့ ဟင်္သာတ၊ နောက် ကျေးရွာတော်တော်များများမှာ စက်သုံးဆီဝယ်ယူမရဖြစ်နေတယ်လို့ သိရပါတယ်။
“ဆီဆိုင်ရှေ့ရောက်တာနဲ့ ဆိုင်ဝန်ထမ်းတွေက လက်ခါပြတော့တာပဲ၊ မသိရင် ဒုံးယိမ်းကနေသလိုပဲ” လို့ ဆီဝယ်လို့မရတဲ့အခြေအနေကို ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ရှင်းပြပါတယ်။
ဝယ်လို့ရတဲ့ ဆီဆိုင်တချို့မှာလည်း လိုသလောက်ဝယ်မရဘဲ ဆိုင်ဘက်က အချိန်ပိုင်းနဲ့ ကန့်သတ်ရောင်းပေးနေတယ်လို့ သိရပါတယ်။
“ရတဲ့ဈေးနဲ့ ရသလောက်ဝယ်နေရတာ၊ နိုင်တီဖိုက် (95)ဆီကတော့ ဘယ်ချိန်မေးမေး မရဘူး”လို့ နောက်ထပ်ရွာခံတစ်ဦးက ထပ်ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ အနီးနားက ရွာတချို့မှာလည်း အလားတူ ဆီပြတ်လပ်တဲ့ အခြေအနေနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဓာတ်ဆီဝယ်မရတာကြောင့် မြို့ဝင်မြို့ထွက် သွားလာနေရတဲ့ ကုန်သည်တချို့လည်း လုပ်ငန်းတွေ ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။
“ကုန်ခြောက်လုပ်ငန်းလေးလုပ်တာ၊ အခုက ဆိုင်ကယ်ဆီဖြည့်ရတာ ခက်တော့ ဘယ်မှသွားမရ လာမရ၊ ဖြည့်လို့ရတဲ့ဆိုင်ဆိုရင်လည်း ဈေးတွေက မတန်တဆနဲ့။ တအားဒုက္ခရောက်ရတယ်” လို့ ကုန်သည်တစ်ဦးက စိတ်ပျက်လက်ပျက် ပြောပြပါတယ်။
စက်သုံးဆီတွေ ဘာကြောင့် ဝယ်ယူရခက်ခဲနေတာလဲ

စက်သုံးဆီ သိုလှောင်ရောင်းချရေးကြီးကြပ်ကော်မတီကတော့ သီလဝါဆိပ်ကမ်း သိုလှောင်ကန်စခန်းတွေမှာ ဆီတွေရှိနေသေးလို့ အခုလလယ်ပိုင်းအထိ စက်သုံးဆီပြတ်မှာ မဟုတ်သလို စက်သုံးဆီ တင်သင်္ဘောတွေလည်း ထပ်ပြီးဝင်လာနိုင်အောင် လုပ်ထားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီကော်မတီက နေ့စဥ် ထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်းစျေးမှာတင် စက်သုံးဆီ အမျိုးမျိုးစျေးနှုန်းတွေဟာ တစ်ပတ်အတွင်းမှာတင် မြန်မာကျပ်ငွေ ၈၅ ကနေ ၁၆၀ ကြားအထိ မြင့်တက်သွားပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝလုပ်ငန်း(MOGE)နဲ့ နီးစပ်တဲ့သူတစ်ဦးကတော့ စစ်ကောင်စီက ဆီလုပ်ငန်းရှင်တွေ လိုအပ်တဲ့ နိုင်ငံခြားငွေ အထူးသဖြင့် ဒေါ်လာငွေတွေ လိုသလောက်ရောင်းချမပေးနိုင်တာက စျေးကွက်မှာ ဆီပြတ်ရတဲ့အကြောင်းရင်းတစ်ရပ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် စက်သုံးဆီလုပ်ငန်းရှင်တွေဘက်ကို ကြည့်မယ်ဆိုရင်လည်း ဆီဝယ်ယူတဲ့အခါ ဒေါ်လာကို ပြင်ပပေါက်ဈေးအတိုင်း တင်သွင်းရပြီး အဲဒီဈေးထက် ပိုနည်းတဲ့နှုန်းထားနဲ့ ပြည်တွင်းထဲ ရောင်းချနေရတာကြောင့် လုပ်ငန်းရှင်တချို့က ထုတ်မရောင်းကြဘဲ သိုလှောင်ထားကြတဲ့အခြေအနေတွေကြောင့် ဆီပြတ်လပ်တာလို့ သူက ဆက်ပြီး ထောက်ပြပါတယ်။
“စီးပွားရေးသမားတွေက တွက်ခြေမကိုက်ရင် ရောင်းမှာမဟုတ်ဘူး၊ သိမ်းထားမှာပဲလေ” လို့ ထည့်ပြောပါတယ်။
ဘီဘီစီက မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်အသင်းကို ဆက်သွယ်ခဲ့ပေမဲ့ မှတ်ချက်တစုံတရာပေးဖို့ ငြင်းဆိုပါတယ်။
ဝယ်ဈေးနဲ့ရောင်းဈေးတွေ မကိုက်တာကြောင့် ဆီတင်သွင်းမှု အရင်ကထက်လျော့ကျပြီး ရောင်းလိုအားတွေကျလာပေမယ့် ပြည်တွင်းထဲက ဝယ်လိုအားတွေက ပိုပြီးတက်လာတာကြောင့် ဓာတ်ဆီပြဿနာတွေဖြစ်ရတာလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါတယ်။
လုပ်ငန်းရှင်တွေဘက်ကနေ ဘီဘီစီက သိရှိရတဲ့အချက်အလက်တွေအရဆိုရင် အာဏာမသိမ်းခင်က ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး နှစ်ခုပေါင်း စက်သုံးဆီ တင်သွင်းမှုဟာ တစ်လကို တန်ချိန် ၆ သိန်းကျော်ရှိခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက် ပင်လယ်ရေကြောင်းတစ်ခုတည်းကနေပဲ တင်သွင်းခွင့်ရလို့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာဆိုရင် တစ်လဆီသွင်းနှုန်း တဝက်လောက်ကျခဲ့ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ကတော့ လာမယ့် တစ်ပတ်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ တရုတ်ယွမ် ၅ သန်း ရောင်းချပေးမယ်လို့ ဩဂုတ် ၃ ရက်တုန်းက ကြေညာထားပါတယ်။
ပြည်တွင်းထဲ စက်သုံးဆီ၊ စားအုန်းဆီနဲ့ ဆေးဝါးတွေတင်သွင်းတဲ့ သွင်းကုန်လုပ်ငန်းရှင်တွေကို ရောင်းချပေးမယ်လို့ သိရပြီး ငွေလဲနှုန်းကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့တုန်းကတော့ စစ်ကောင်စီ ဗဟိုဘဏ်အပါအဝင် အေဒီလိုင်စင်ရဘဏ်တွေနဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေပါဝင်တဲ့ နိုင်ငံခြားငွေဈေးကွက် အွန်လိုင်းကုန်သွယ်မှုပလက်ဖောင်းမှာ ငွေလဲနှုန်း ၃,၃၈၁ ကျပ်နဲ့ ကန်ဒေါ်လာ ၂၁ သန်းကျော်၊ ငွေလဲနှုန်း ၄၈၁ ကျပ်နဲ့ တရုတ်ယွမ်ငွေ ၉.၂ သန်းကျော်၊ ငွေလဲနှုန်း ၁၀၂.၃၀ ကျပ်နဲ့ ထိုင်းဘတ်ငွေ ၇၈ သန်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက နိုင်ငံခြားငွေတွေရောင်းချပေးနေပေမယ့်လည်း ဒီလိုဖြေရှင်းတာက ရေတိုဖြေရှင်းနည်းတစ်ခုလို့ MOGE နဲ့ နီးစပ်သူတစ်ဦးက သုံးသပ်ပါတယ်။
“သူ(စစ်ကောင်စီ)က ဒေါ်လာတွေကို ဘယ်လောက်အထိ ရောင်းပေးနိုင်မှာလဲ၊ လိုအပ်တဲ့အချိန်မှာ လုံလောက်အောင် မရောင်းပေးနိုင်ရင် ဒီလိုပြဿနာတွေက နောက်လည်းကြုံနေရဦးမှာ” လို့ ဆိုထားပါတယ်။











