စက်သုံးဆီ နဲ့ စားသုံးဆီစျေးတွေ အပြိုင်တက်လာ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း
စက်သုံးဆီ နဲ့ စာသုံးဆီစျေးတွေ အခုရက်ပိုင်း စျေးပြိုင်ခုန်တက်လာကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ပြည်တွင်းမှာ စက်သုံးဆီလက်လီဈေးနှုန်းတွေဟာ ဒီနေ့ မတ်လ ၃ ရက်ရန်ကုန်မြို့မှာ တစ်လီတာကို ၂၀၀ ကျပ်နီးပါးအထိ စျေးနှုန်းထပ်မံမြင့်တက်သွားလို့ အခုဆို တစ်လီတာကို ၂၀၀၀ ကျပ်နီးပါးပေးပြီး ၀ယ်ယူသုံးစွဲနေရတယ်လို့ စက်သုံးဆီ ဝယ်ယူခဲ့သူတွေဆီကနေ သိရပါတယ်။
မြန်မာပြည်မြောက်ပိုင်းက ပူတာအိုမြို့မှာတော့ စက်သုံးဆီ တစ်လီတာကို ကျပ် ၈၀၀၀ ခန့်အထိစျေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်တာ၊ သယ်ယူပို့ဆောင်ရေးခက်ခဲတာတွေကြောင့် ဈေးမြင့်တက်နေပြီးတော့ စားအုန်းဆီဟာ ပြည်တွင်းကထုတ်တဲ့ ပဲဆီစျေးနီးပါး ဖြစ်နေတယ်လို့ ရန်ကုန်မြို့ ကုန်မျိုးစုံ လက်လီရောင်းဝယ်သူတစ်ဦးကပြောပါတယ်။
"စျေးတွေကတက်တော့ မနက်စျေးနဲ့ ညနေစျေးမတူတဲ့တော့ဘူး၊ စားဆီကို ဆိုင်မှာရောင်းဖို့တောင် အခက်အခဲ ဖြစ်နေတယ် "လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီ စျေးတွေသိသိသာသာ တက်လာခဲ့ပါတယ်။
မတ်လ ၂ ရက်နေ့က ကမ္ဘာ့ရေနံစိမ်းစျေးဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ ကျော်ဖြစ်လာတဲ့နေမှာ ပြည်တွင်းစျေးတွေ သိသိသာသာတက်လာခဲ့တာဖြစ်ပါတယ်။
''ဒီနေ့ ဆီသွားထည့်တော့ 95 အမျိုးအစားဆီက မနေ့က ၁၇၈၀ ဝန်းကျင်ပဲရှိတာ။ ဒီနေ့ ဆို ၂၀၀၅ ကျပ်၊ ၂၀၁၀ ကျပ် အဲဒီလိုမျိုး ထိုးတက်သွားတယ်။ ခါတိုင်းတက်နေတာ ၅၀ ကျပ်နဲ့ ၁၀၀ ကျပ်လောက်ပဲ။ ဒီလိုခုန်တက်သွားတာမျိုး ပထမဆုံးပဲ။ ၂၀၀၀ ကျပ် ကျော်သွားပြီဆိုရင် ကားကို ဒီအတိုင်း ထိုးရပ်ထားရတော့မှာပဲ'' လို့ ရန်ကုန်မြို့က အငှားယာဉ် မောင်းတစ်ဦးက ပြောပါတယ်။
စက်သုံးဆီဈေးနှုန်းဟာ မနေ့က မတ်လ ၂ ရက်နေ့က အောက်တိန်း 95 ဆီအမျိုးအစားအတွက် တစ်လီတာကို ၁၇၈၀ ကျပ်၊ အောက်တိန်း 92 ဆီအမျိုးအစားအတွက် တစ်လီတာကို ၁၇၃၀ ကျပ်ရှိရာကနေ ဒီနေ့မှာ အောက်တိန်း 92 ဆီ အမျိုးအစား တစ်လီတာကို ၁၉၉၀ အထိ မြင့်တက်လာတာလည်းဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဒီလိုစက်သုံးဆီဈေးနှုန်း ရာနဲ့ချီပြီး ရုတ်တရက်မြင့်တက်သွားတာကြောင့် ရန်ကုန်က အငှားယာဉ်စီးခတွေဟာ ငွေကျပ် ၅၀၀ ကနေ ၁၀၀၀ ကြား ပိုပေးနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဆီစက်လုပ်ငန်းရှင်များအသင်း)
မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက ဈေးမြင့်တက်နေသလို ပြည်တွင်းထုတ်လုပ်တဲ့ မြေပဲဆီ နှမ်းဆီတွေက လည်း ကုန်ကြမ်းကုန်ပြီး ကုန် အသစ် ထပ်မရသေးတဲ့ ကြားကာလဖြစ်နေတာကြောင့် ကုန်ကြမ်းရှားပါးတာတွေဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးပြတ်တောက်တာတွေများတာကြောင့် ဆီစက်တွေဟာ ပုံမှန်လည်ပတ်နိုင်ဖို့လည်း အခက်အခဲတွေရှိနေတယ်လို့ မုံရွာက ဆီစက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မုံရွာမှာလည်း ကုန်ကြမ်းရှားလို့ မြေပဲဆန်တွေစျေးတက်နေပြီးတော့ စားအုံးဆီ တပိသာစျေးက ၇၂၀၀ စျေးဖြစ်နေပြီးတော့ ပဲဆီက တပိသာ ၆၅၀၀ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး မြန်မာနိုင် ဆီကုန်သည်များအသင်းက မြို့အနှံမှာကိုယ်စားလှယ်တွေချပြီး သတ်မှတ်စျေးနဲ့ စားအုန်းဆီ တင်သွင်းရောင်းချဖို့ ချထားပေမဲ့ မုံရွာမြို့မှာ ရောင်းချတာမရှိကြောင်းလည်း မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း
ပြီးခဲ့တဲ့နှစ် မတ်လက စားအုန်းဆီတစ်ပိဿာကို ကျပ် ၂၀၀၀ ဝန်းကျင်သာရှိရာကနေ အခု နှစ်အတွင်း တစ်ပိဿာကို ၇၀၀၀ ကျော်အထိ ဖြစ်လာပါတယ်။ ဈေးကွက်မှာ လူသုံးများတဲ့ နေကြာဆီ၊ ပဲပိစပ်ဆီတွေမှာလည်း သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် တစ်လီတာ ဝန်းကျင် တစ်ဗူးကို ၃၀၀၀ ဝန်းကျင် ဈေးတက်နေပါတယ်။
အခုလို လျှပ်စစ်မီး မမှန်တာကြောင့်လည်း ပြည်တွင်း စားသုံးဆီ ထုတ်လုပ်မှုက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ဆီစက် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
စားသုံးဆီဈေးတွေ မြင့်တက်နေသလို တစ်ဖက်မှာလည်း နေ့စဉ် ဆီအသုံးပြု ပြီး ဟင်းချက်နေရတဲ့ အိမ်ရှင်မတစ်ဦးက ဆီလျှော့ချသုံးရမယ့် အခြေအနေမှာရှိတယ်လို့ ပြောပါတယ်။
ရန်ကုန် ဈေးကွက်မှာ စားအုန်းဆီ တစ်ပိဿာကို ၇၂၀၀၊ ပဲဆီတစ်ပိဿာကို ၈၅၀၀ ဝန်းကျင် အထိရှိနေပြီး ပြည်ပက မှာယူရတဲ့ နေကြာဆီတို့ ပဲပိစပ်ဆီတို့ကလည်း တစ်ဘူးကို ၉၀၀၀ ဝန်းကျင်အထိ ရှိလာနေတဲ့အတွက် စားသုံးသူတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AS
ပြီးခဲ့တဲ့ အရပ်သား အစိုးရလက်ထက် တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စားအုန်းဆီ တန်ချိန် ၆ သိန်းကနေ ရှစ်သိန်းအထိ ဒေါ်လာ သန်း ၅၀၀ ဖိုးခန့်နှစ်စဥ်တင်သွင်းလေ့ရှိပြီး စစ်ကောင်စီဥက္ကဋ္ဌကတော့ ဆီလျှော့စားဖို့ပြောထားပါတယ်။
စက်သုံးဆီ ကတော့ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံဟာတန်ချိန် ခြောက်သန်းကျော်တင်သွင်းခဲ့ပြီး တန်ဖိုးဒေါ်လာ ၂ ဒသမ ၆၆၆ ဘီလျံအထိ ရှိခဲ့ကြောင်း ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က ထုတ်ပြန်တဲ့ တရားဝင်စာရင်းတွေအရ သိရပါတယ်။
စားအုန်းဆီ စျေး အဓိကတက်တာဟာ မြန်မာနိုင်ငံမှာလုပ်ငန်းသုံး နဲ့ အခြေခံ အများစု အသုံးများတာကြောင့်ဖြစ်တယ်လို့လည်း မုံရွာမြို့က လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ဆီစက်အလုံးရေ ၃၀၀၀ခန့် ရှိတဲ့အထဲက ဆီစက်အချို့သာ ထုတ်လုပ် လည်ပတ်နေပြီး အရင်က ပြည်ပကနေ တင်သွင်းလာတဲ့ စားအုန်းဆီတွေကို ရောနှောပြီး ရောင်းချမှုတွေ ရှိခဲ့ပါတယ်။








