မေလ ၁၈ ရက် ထိပ်တန်းသတင်းများ - မြန်မာစစ်တပ်က ကန်ဒေါ်လာ တစ်ဘီလီယံကျော်ဖိုး လက်နက်ဝယ်ခဲ့တယ်လို့ ကုလအစီရင်ခံစာဖော်ပြ
တင့်ကားပြပွဲမှာ မြန်မာသံအမတ်ကို ဖိတ်လို့ တောင်ကိုရီးယားမှာ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Arirang News
တောင်ကိုရီးယားနိုင်ငံမှာ မေလဆန်းက ပြုလုပ်တဲ့ခဲ့တဲ့ တင့်ကားပြပွဲတစ်ခုကို စစ်ကောင်စီရဲ့မြန်မာသံအမတ်ကြီး ဦးသန့်စင် ကို ဖိတ်ကြားခဲ့လို့ဆိုပြီး မေလ ၁၈ ရက်က တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ရှေ့ မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆိုးလ်မှာ ဒီမနက်ပြုလုပ်တဲ့ဆန္ဒပြပွဲကို တောင်ကိုရီးယားရောက်မြန်မာတွေသာမက တောင်ကိုရီးယားလူမှုအဖွဲ့အစည်းတွေလည်း ပါဝင်ခဲ့ပါတယ်။
ကိုရီးယားလူမှုအဖွဲ့အစည်း(၁၀၀)ကျော်ပါဝင်တဲ့ မြန်မာ့ဒီမိုကရေစီအားထောက်ခံတဲ့ ကိုရီးယားအဖွဲ့ချုပ်က လက်နက်ပြပွဲမှာ မြန်မာသံအမတ်ကို ဖိတ်တဲ့ကိစ္စကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲကို ပါ ပြုလုပ်ခဲ့ပါတယ်။
ပြည်တွင်းထုတ်လက်နက်တွေကို ပြည်ပတင်ပို့ရောင်းချဖို့ကြော်ငြာတဲ့ပြပွဲမှာ မြန်မာစစ်အုပ်စုကိုယ်စားပြု သံအမတ်ကို ဖိတ်ကြားခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်ဟာ အံ့ဩ ဒေါသထွက်စရာပဲ လို့ သတင်းစာရှင်းလင်းပွဲအပြီးမှာ ကိုရီးယားအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ကြတဲ့ ရုပ်သံတွေမှာ သံအမတ်ကြီးဦးသန့်စင် ကိုရီးယားထုတ် တင့်ကားကို စီးနင်း လိုက်ပါခဲ့တာကို တွေ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒီပြပွဲအတွက် အာဆီယံနိုင်ငံတွေအပါအဝင် တောင်ကိုရီးယားမှာရှိတဲ့ သံတမန်တွေကို ဖိတ်ကြားခဲ့ခြင်းသာဖြစ်ပြီး မြန်မာနဲ့ပတ်သက်တဲ့ အစိုးရ သဘောထားနဲ့ မသက်ဆိုင်ဘူးလို့ တုန့်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တောင်ကိုရီးယားကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကတော့ တောင်ကိုရီးယားအစိုးရဟာ ဒီကိစ္စမှာ သတိလက်လွတ်ဖြစ်သွားပုံရတယ်လို့ မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာဆုံးရှုံးနေတဲ့အချိန်မှာ ဒီဖိတ်ကြားမှုအပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ချင်းမိုင်မှာ EAO တွေ ဘာတွေဆွေးနွေးခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, NCA-S EAO
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့ ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့ပါတယ်။
လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားဖို့ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အပစ်ရပ် ၇ ဖွဲ့ဟာ NCA အနှစ်သာရဖြစ်တဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးနဲ့ အရပ်သားတွေကိုအကူအညီပေးရေးမူကို ခိုင်မာစွာရပ်တည်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေး ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုခါ မုန်တိုင်း ပြန်လည်ထူထောင်ရေးအတွက် တတ်စွမ်းသမျှ ကူညီဆောင်ရွက်မယ်လို့လည်း အပစ်ရပ်(၇) ဖွဲ့က ထုတ်ပြန်ပါတယ်။
အပစ်ရပ်(၇) ဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့ နဲ့ ပြီးခဲ့တဲ့ မတ်လက အလွတ်သဘောဆွေးနွေးခဲ့တဲ့ သဘောထားစုစည်းချက်တွေကို လည်း ချင်းမိုင်အစည်းအဝေးမှာ ပြန်သုံးသပ်ခဲ့ကြပါတယ်။
အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ မှာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ ပါဝင်နေတာပါ။
မိုခါပြန်လည်ထူထောင်ရေးမတည်ငွေ ကန်ဒေါ်လာတစ်သန်း စတင် သုံးစွဲနေပြီလို့ NUG ဆို

မုန်တိုင်းဒဏ်သင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကနဦးမတည်ငွေ အမေရိကန်ဒေါ်လာ တစ်သန်း နဲ့ ကူညီမှုတွေ လုပ်ဆောင်နေပြီ လို့ NUG ယာယီသမ္မတ ဒူဝါလရှီလ က မေလ ၁၇ ရက် ညနေခင်း မိန့်ခွန်းမှာ ထည့် ပြောပါတယ်။
NUG ရဲ့ မိုခါဆိုင်ကလုန်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း အစီရင်ခံစာအမှတ်စဉ် (၃) မှာတော့ မုန်တိုင်းဒဏ်သင့်ဒေသ ခြောက်ခုအတွက် မေလ ၁၇ ရက်အထိ ကျပ် သိန်း ၆၄၀ ထောက်ပံ့ပြီးပြီလို့ ဖော်ပြထားပါတယ်။
အဲဒီဒေသ ၆ ခုမှာ ရခိုင်၊ချင်း၊စစ်ကိုင်း၊မကွေး နဲ့ ရန်ကုန် အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကော့ဇက်ဘဇား က ထိခိုက်လွယ်တဲ့ မိသားစုဝင်တွေအတွက်ပါ ပါဝင်တာတွေ့ရပါတယ်။
ဒါ့အပြင် NUG အနေနဲ့ မိုခါမုန်တိုင်းဘေးသင့်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေပြုလုပ်နိုင်ဖို့ ရက္ခိုင့်တပ်တော်(အေအေ) ကို ကျပ်သိန်းတစ်ထောင် လှူဒါန်းခဲ့ပါတယ်။
မုန်တိုင်းဒဏ်ထိခိုက်ခံစားရမှုဟာ ဒေသအနှံ့အပြားရှိခဲ့တာကြောင့် နိုင်ငံတကာရဲ့ကူညီပံ့ပိုးမှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။
အမေရိကန်သံရုံးကတော့ အမေရိကန်ဒေါ်လာ နှစ်သိန်း ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကတဆင့် ကနဦး ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် အတွက် ရည်ရွယ်ထားတာပါ။
မုန်တိုင်းသင့်ပြည်သူတွေကို ဆက်လက်ထောက်ပံ့သွားဖို့ အမေရိကန်ကစိတ်ပိုင်းဖြတ်ထားပြီး အရေးပေါ်လိုအပ်နေတဲ့နေရာတွေကို လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေ အလွယ်တကူရောက်ရှိနိုင်ဖို့နဲ့ အကူအညီတွေပေးနိုင်ဖို့ အလွန် အရေးကြီးတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက မေလ ၁၅ ရက်မနက်ပိုင်းမှာ မိုခါပြန်လည်ထူထောင်ရေး အလှူငွေပေးအပ်ပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ကျပ် ၁၀ ဘီလီယံကျော် ရရှိထားပါတယ်။
စစ်ကောင်စီက မုန်တိုင်းဒဏ်အများဆုံးခံစားရတဲ့ ရခိုင်ပြည်နယ်ကို လေကြောင်းကရော၊ ရေလမ်းကပါ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်နေတာ တွေ့ရပါတယ်။
ရသေ့တောင် နဲ့ မောင်တော အစပ်က ရွာ ၁၆ ခု မှာ အရေးပေါ်အကူအညီလိုအပ်

ဓာတ်ပုံ ရင်းမြစ်, Wai Hun Aung
ရသေ့တောင် နဲ့ မောင်တော အစပ်က ဘင်္ဂလားပင်လယ်အော်နဲ့ နီးကပ်တဲ့ ရွာ ၁၆ ခု မှာ အရေးပေါ်အကူအညီလိုအပ် နေတယ်လို့ ပရဟိတသမားတွေထံက သိရပါတယ်။
ရွာ ၁၆ ခု ဟာ မိုခါမုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံစားခဲ့ရတဲ့ ရွာတွေဖြစ်လိမ့်မယ်လို့ အပျက်အစီးတွေကိုတွေ့ခဲ့ရတဲ့ ပရဟိတသမားတွေက မှတ်ချက်ပြုပါတယ်။
ကျောက်ပန္ဒူရွာ၊ မြိုယုရွာ၊ ပဲရုံရွာ၊ အင်းဒင်ရွာ၊ အောင်သုခရွာ၊ ကိုးတန်းကောက်ရွာ၊ ကြံတိုင်းအောင်ရွာ၊ချိန်ကလိန်ရွာ၊ ဒုံးပိုက်ရွာ၊ အောင်ဗလ ရွာ၊ ဆင်ပိုက်ရွာ၊ ပေါက်တောပြင်ရွာ၊ သာစည်ကုန်းရွာ၊ ကုန်တန်းရွာ၊ မကျည်းချောင်းရွာ နဲ့ အငူမော်ရွာ တွေ ဖြစ်ကြတယ်လို့ သူတို့ကပြောပါတယ်။
အဲဒီရွာတွေထဲမှာ ဒုံးပိုက်ရွာက အဆိုးဆုံးခံစားခဲ့ရပြီး ၁၃ ယောက်သေပြီး အယောက် ၃၀ ဒဏ်ရာရတဲ့အကြောင်း မနေ့က ရွာကို ရောက်ခဲ့တဲ့ ပရဟိတသမားတွေက ဘီဘီစီကိုပြောပါတယ်။
အိမ်ခြေ နှစ်ရာဝန်းကျင်ရှိတဲ့ ရွာဟာ တစ်ရွာလုံးပျက်စီးသွားခဲ့ပြီး ဆားငံရေတွေဝင်လို့ သောက်သုံးရေအခက်အခဲကြုံနေရတဲ့အကြောင်း စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။
အပျက်အစီးများလွန်းတဲ့အဲဒီရွာတွေဟာ နေစရာအိမ်မရှိတော့လို့ ဆွေမျိုးနီးစပ်ရှိရာကို ရွေ့ပြောင်းနေထိုင်နေကြတယ် လို့ သိရပါတယ်။
မန္တလေးက ပုဂ္ဂလိက ဆေးရုံ ၃ ခုကို စစ်ကောင်စီက လိုင်စင်ပယ်ဖျက်

ဓာတ်ပုံ ရင်းမြစ်, City Hospital
မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံသုံးခုကို စစ်ကောင်စီရဲ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့က ဆေးရုံလုပ်ငန်းလိုင်စင် ပယ်ဖျက်လိုက်တယ်လို့ မေ ၁၅ မှာ လက်မှတ်ရေးထိုးတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံနဲ့ ကံ့ကော် ဆေးရုံတွေကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ပါ လိုင်စင်စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် လုပ်ငန်းလိုင်စင် ပယ်ဖျက်ခံခဲ့ရတာလို့ ဖော်ပြထားပါတယ်။
ကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ နောက်ဆုံးထားပြီး ပိတ်ခိုင်းထားတဲ့ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ၅ခုထဲမှာ ဆေးရုံလိုင်စင်ပိတ်သိမ်းခံရတဲ့ အခု ဆေးရုံ ၃ခုလည်း ပါဝင်တယ်။
ဒါနဲ့ပက်သက်လို့ သက်ဆိုင်ရာ ဆေးရုံတွေကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရရှိသေးပါဘူး။
မိုခါဘေး ပြန်လည်ထူထောင်ရေးအတွက် NUG၊ KIO နဲ့ MNDAA တို့က AA ကို ထောက်ပံ့လှူဒါန်း

ဓာတ်ပုံ ရင်းမြစ်, U San Myat Shwe
မိုခါမုန်တိုင်းဘေးသင့်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်)၊ တို့က ရက္ခိုင့်တပ်တော် အေအေထံကို အလှူငွေတွေ အသီးသီး ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
NUG က ကျပ်သိန်း တစ်ထောင်၊ KIO က ကျပ်သိန်း သုံးထောင်နဲ့ MNDAA တို့က ကျပ်သိန်း တစ်ထောင်တို့ကို အသီးသီးလှူဒါန်းခဲ့တာကို အေအေရဲ့ ကျေးဇူးတင်ကြောင်းထုတ်ပြန်အသိပေးချက်တွေအရ သိရပါတယ်။
မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေကို အဓိကဖြတ်သန်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ မုန်တိုင်းဖြတ်သန်းခဲ့တဲ့ အဲဒီမြို့နယ်တွေရဲ့ အဆောက်အဦးအများစုက ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့သလို လူသေဆုံးမှုတွေလည်းရှိနေပါတယ်။
အေအေကလည်း သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေထဲမှာ မုန်တိုင်းအပြီး ရှင်းလင်းရေး၊ ကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေသလို၊ ထိခိုက်သေဆုံးစာရင်းတွေကိုလည်း ပြုစုတာတွေလုပ်နေတယ်လို့ အေအေထံကသိထားရပါတယ်။
စစ်တွေနဲ့ လမ်းပန်းဆက်သွယ်ရေး ပြန်လည်ရရှိလာတဲ့နေရာအချို့ကိုတော့ ကူညီရေးအဖွဲ့တွေ သွားရောက်နိုင်တာမျိုးရှိလာပေမယ့် မုန်တိုင်းသင့်ဒေသအများစုကတော့ အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကလည်း မုန်တိုင်းသင့်စစ်တွေမြို့ကို စစ်လေယာဥ်တွေနဲ့ ရိက္ခာတွေပို့ဆောင်ပေးနေတယ်လို့ ဒီရက်ပိုင်းတွေမှာ ထုတ်ပြန်ပြောဆိုနေပါတယ်။
ဘီဘီစီက စာရင်းပြုစုရရှိထားတဲ့ အချက်အလက်အရ မေလ ၁၇ရက်နေ့ ညပိုင်းအထိ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်တွေထဲမှာပင် သေဆုံးသူ ရခိုင်ဒေသခံ ၄၀ အထိရှိထားပါတယ်။
မုန်တိုင်းကတည်းက ပြတ်တောက်နေတဲ့ တယ်လီဖုန်းဆက်သွယ်ရေး၊ အင်တာနက်ဆက်သွယ်ရေးစတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေက မူလအခြေအနေကို ပြန်လည်ရရှိကောင်းမွန်တာမရှိသေးတာကြောင့် မုန်တိုင်းတိုက်ခိုက်ပြီး သေဆုံးသူတွေရဲ့ အချက်အလက်တွေ အတိအကျရရှိဖို့ကလည်း အခက်အခဲဖြစ်နေပါသေးတယ်။
မြန်မာစစ်တပ်က ကန်ဒေါ်လာ တစ်ဘီလီယံကျော်ဖိုး လက်နက်ဝယ်ခဲ့တယ်လို့ ကုလအစီရင်ခံစာဖော်ပြ

ဓာတ်ပုံ ရင်းမြစ်, cincds
ရုရှား နဲ့ တရုတ် ကနေ တိုက်လေယာဉ်တွေ အများဆုံး ဝယ်ယူ
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း တန်ဖိုးရှိတဲ့ စစ်လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူတင်သွင်းခဲ့တယ်လို့ မေလ ၁၇ ရက်နေ့မှာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး ရုရှားနိုင်ငံ နဲ့ တရုတ် နိုင်ငံကနေ အများဆုံးဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
ရုရှားကနေ အမေရိကန်ဒေါ်လာ ၄၀၆ သန်းဖိုးဝယ်ယူခဲ့တာဖြစ်ပြီး အများဆုံး ဝယ်ယူခဲ့တာ ဖြစ်ပါပြီး SU 30 အပါအဝင် တိုက်လေယာဉ်တွေ အများစုဝယ်ယူခဲ့တာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။
တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်းဖိုး နဲ့ စင်ကာပူကနေ ဒေါ်လာ ၂၅၄ သန်းဖိုး ဝယ်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပြီး တိုက်လေယာဉ်တွေ နဲ့ လေယာဉ်အပိုပစ္စည်းတွေ အဓိက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အိန္ဒိယကနေ ဒေါ်လာ ၅၁ သန်းဖိုး နဲ့ ထိုင်းကနေ ဒေါ်လာ ၂၈ သန်းဖိုး ဝယ်ယူတင်သွင်းခဲ့တယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။
ကန်ဒေါ်လာ တစ်ဘီလီယံကျော်ဖိုးရှိတဲ့ အရောင်းအဝယ်မှာ ၉၄ ရာခိုင်နှုန်းအထိ စစ်တပ်ကတိုက်ရိုက်ဝယ်ခဲ့တာဖြစ်ပြီး ၆ ရာခိုင်နှုန်းကိုပဲ မြန်မာအခြေစိုက်ကုမ္ပဏီတွေက တစ်ဆင့် ဝယ်ခဲ့တဲ့အကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး Tom Andrews က ဒီအစီရင်ခံစာကို ‘သေမင်းတမန် ကုန်သွယ်မှု’ လို့ အမည်ပေးထားပြီး လူရာချီသေဆုံးခဲ့တဲ့ ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုကိုပါ ဖော်ပြထားပါတယ်။








