ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲ အပစ်ရပ်ရေး ကန့်သတ်ချက်တွေ သမ္မတပူတင် ချပြ
အပစ်ရပ်စဲမှု မစခင် ရုရှားရဲ့ ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ နယ်မြေတွေကနေ ယူကရိန်းတပ်ဖွဲ့တွေကို အပြည့်အဝ ဆုတ်ခွာပေးဖို့ လိုတယ်လို့ ဗလာဒီမီယာ ပူတင် က ပြောကြားထားပါတယ်။ ယူကရိန်းအစိုးရကတော့ ဒီအဆိုပြုချက်ဟာ ဆင်ခြင်တုံတရားမဲ့တဲ့ အဆိုပြုချက်ဖြစ်တယ်လို့ ချက်ချင်း တုံ့ပြန်လိုက်ပါတယ်။
ခရိုင်းမီးယား အပါအဝင် ယူကရိန်းရဲ့ နယ်မြေအားလုံးကနေ ရုရှားတပ်တွေ မဆုတ်ခွာမချင်း ယူကရိန်းအစိုးရအနေနဲ့ ရုရှားနဲ့ ညှိနှိုင်း ဆွေးနွေးမှာ မဟုတ်ဘူးဆိုတာကို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက အရင်ကတည်းက ပြောထားခဲ့တာ ဖြစ်ပါတယ်။
နေတိုးအဖွဲ့ထဲ ဝင်ဖို့ ယူကရိန်း ကြိုးစားနေမှုကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မစခင် စွန့်လွှတ်ဖို့ လိုတယ်လို့ လည်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
ယူကရိန်းမှာ ငြိမ်းချမ်းရေး ရရေး ရှေ့ရှုတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ နိုင်ငံ ပေါင်း ၉၀ က ခေါင်းဆောင်တွေ စနေနေ့မှာ ဆွစ်ဇာလန်နိုင်ငံမှာ တွေ့ဆုံကြဖို့ ပြင်နေကြချိန်မှာပဲ မစ္စတာ ပူတင်က သူ့ရဲ့ အပစ်ရပ်ရေးစည်းမျဉ်းတွေပါတဲ့ ကြေညာချက်ကို ချပြလိုက်တာ ဖြစ်ပါတယ်။ မစ္စတာပူတင်ကတော့ အဲဒီဆွေးနွေးပွဲကို ဖိတ်ကြားမခံရပါဘူး။
သောကြာနေ့က မော်စကိုမြို့မှာ ကျင်းပတဲ့ ရုရှားသံအမတ်များ ညီလာခံတစ်ခုမှာ မစ္စတာ ပူတင်က ဒေါ့ညက်စ်ခ်၊ လူဟန့်စ်ခ်၊ ခါဆွန်နဲ့ ဇာပိုရီးရှား စတဲ့ ရုရှားက တစ်စိတ်တပိုင်း သိမ်းပိုက်ထားတဲ့ နယ်မြေ ၄ ခုကနေ တပ်ဖွဲ့တွေ ရုပ်သိမ်းပေးဖို့ကိုလည်း ယူကရိန်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မရပ်တန့်ခင်မှာ ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ထဲ ဝင်ဖို့ ကြိုးပမ်းနေမှုတွေကို စွန့်လွှတ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
"ဒါတွေ လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီလို့ ယူကရိန်းအစိုးရက ထုတ်ဖော် ကြေညာလိုက်တာနဲ့ တပြိုင်တည်း ကျွန်တော်တို့ဘက်က အပစ်ရပ်ဖို့နဲ့ ညှိနှိုင်းမှုတွေ စလုပ်နိုင်ဖို့ ညွှန်ကြားချက်တစ်ခုကို မိနစ်ပိုင်းအတွင်း ထုတ်ပြန်မှာ ဖြစ်ပါတယ်" လို့ မစ္စတာ ပူတင်က ပြောပါတယ်။
ယူကရိန်းသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် မစ်ခေလို ပိုဒိုလိယက်ခ် က မစ္စတာပူတင်ရဲ့ အဆိုပြုချက်ဟာ လိမ်ညာလှည့်ဖျားမှု တစ်ခုသာ ဖြစ်ပြီး ဆင်ခြင်တုံတရားမဲ့တဲ့ အဆိုပြုချက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက ဥရောပမှာ အကြီးမားဆုံး ရန်လိုတိုက်ခိုက်မှုကြီးကို အပေါင်းပါတွေနဲ့ ပူးပေါင်းအကွက်ချ ပြင်ဆင် လုပ်ဆောင်ခဲ့တဲ့ ပူတင်က သူ့ကိုယ်သူ ငြိမ်းချမ်းရေး ဖန်တီးသူတစ်ဦးအဖြစ် ကိုယ်စားပြု ပြောဆိုနေတာဟာ အဓိပ္ပာယ်မဲ့လွန်းလှတယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
နေတိုး အတွင်းရေးမှူးချုပ် ယန် စတိုလ်တန်ဘာ့ဂ်က မစ္စတာပူတင်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး ဒီအဆိုပြုချက်ဟာ စိတ်ကောင်းစေတနာနဲ့ ကမ်းလှမ်းခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မစ္စတာ ဇလန်းစကီးဟာ ဆွစ်ဇာလန်နိုင်ငံ လူဆန်း ကန်ကြီးနားမှာ စနေနေ့ ကျင်းပမယ့် ထိပ်သီးညီလာခံကို တက်ရောက်မှာ ဖြစ်ပြီး အဲဒီညီလာခံမှာ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုတွေကို သူကျေနပ်မိကြောင်း ထုတ်ဖော်ပြသနိုင်ဖို့ မစ္စတာ ဇလန်းစကီးက မျှော်လင့်နေမှာ ဖြစ်ပါတယ်။
"ဒီညီလာခံ ကျင်းပရတဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံတကာ စည်းမျဉ်းနဲ့ ကုလသမဂ္ဂ သဘောတူချက်အပေါ် အခြေခံပြီး ယူကရိန်းမှာ တရားမျှတ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတစ်ခု ရလာရေး ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြမယ့် ဖိုရမ် ညီလာခံ ဖြစ်လာဖို့ ရည်ရွယ်တာ"လို့ ဆွစ်ဇာလန်အစိုးရက ပြောပါတယ်။
အဲဒီ ညီလာခံ တက်ရောက်မယ့်သူတွေထဲမှာ အမေရိကန် ဒုတိယသမ္မတ ကမလာ ဟဲရစ်၊ ပြင်သစ်သမ္မတ အီမန်ဝဲ မက်ခရွန်း၊ ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှိုလ်ဇ်၊ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီနဲ့ ဥရောပကော်မရှင် ဥက္ကဌ အာဆူလာ ဖွန် ဒဲ လီယန် တို့ ပါဝင်ပါတယ်။
ထုတ်ယူခွင့်မပြုဘဲ ဆိုင်းငံ့ထားတဲ့ ရုရှားပိုင်ငွေကြေးတွေက ရလာတဲ့ အတိုးငွေတွေကို သုံးပြီး ရုရှားတပ်ဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ယူကရိန်းကို အကူအညီ ပေးဖို့ G7 နိုင်ငံ့ခေါင်းဆောင်တွေ သဘောတူခဲ့ကြအပြီးမှာ ဒီငြိမ်းချမ်းရေး ထိပ်သီးညီလာခံ ကျင်းပမှာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက အင်အားအလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်ခဲ့အပြီး ရုရှားရဲ့ ဒေါ်လာ ၃၂၅ ဘီလျံဖိုး ပိုင်ဆိုင်မှုတွေကို အီးယူနဲ့အတူ G7 နိုင်ငံခေါင်းဆောင်တွေက ထုတ်ယူခွင့်မပေးဘဲ ဆိုင်းငံ့ထားခဲ့ပါတယ်။ အဲဒီပိုင်ဆိုင်မှုတွေကနေ တစ်နှစ်ကို အတိုးငွေ ဒေါ်လာ ၃ ဘီလျံ ရနေတာဖြစ်ပါတယ်။
G7 ညီလာခံ သဘောတူချက်အရ အဲဒီ အတိုးငွေ ဒေါ်လာ ၃ ဘီလျံ ကို ယူကရိန်းပြည်သူတွေအတွက် ချေးငွေ ဒေါ်လာ ဘီလျံ ၅၀ အပေါ် ကျသင့်မယ့် နှစ်စဉ် အတိုးငွေ ပေးချေရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။
ဒီငွေက အခုနှစ်ကုန်ပိုင်းအထိ ရဦးမှာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ ယူကရိန်းရဲ့ စစ်ရေးနဲ့ စီးပွားရေး ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ရေရှည် အထောက်အကူပြုနိုင်မယ်လို့ ယူဆထားပါတယ်။
G7 ထိပ်သီးညီလာခံရဲ့ သီးသန့်ဆွေးနွေးပွဲတွေမှာ အမေရိကန်နဲ့ ယူကရိန်းအကြား ၁၀ နှစ်ကြာ လုံခြုံရေးသဘောတူချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပြီး ဒီသဘောတူချက်ကို သမိုင်းဝင် သဘောတူချက်အဖြစ် ယူကရိန်းအစိုးရက ကြိုဆိုလိုက်ပါတယ်။