ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်မှာ သိမ်းမိတဲ့ စစ်ပစ္စည်းတွေ ရုရှားထုတ်ပြ
- ရေးသားသူ, စတိဗ် ရိုဆင်ဘာ့ဂ်
- ရာထူးတာဝန်, ဘီဘီစီ ရုရှားရေးရာ အယ်ဒီတာ၊ မော်စကို
နာဇီ ဂျာမနီကို ဆိုဗီယက်ရဲ့ အောင်နိုင်မှုကို ဂုဏ်ပြုပြီး ဆောက်ထားတဲ့ မော်စကိုက အောင်နိုင်ရေး ပန်းခြံမှာ လေဟာပြင် ပြပွဲသစ် ဖွင့်လိုက်ပါပြီ။
ဒီပွဲကတော့ ဒုတိယကမ္ဘာစစ်နဲ့ ဘာမှ မဆိုင်ပါဘူး။
ပြထားတာတွေက ယူကရိန်းစစ်မှာ ရုရှားတပ်က သိမ်းမိတဲ့ စစ်လက်နက်ပစ္စည်းတွေ ဖြစ်ပါတယ်။
ဒါတွေက စစ်ပွဲတွင်းကရတဲ့ အောင်ပွဲရပစ္စည်းတွေမို့ ရုရှားက တခမ်းတနား ထုတ်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီမှာ ခင်းကျင်းပြထားတဲ့ စစ်ပစ္စည်းတွေကြား ယူကရိန်းကို ပေးထားတဲ့ ဗြိတိသျှတပ်က ဟပ်စကီး နည်းဗျူဟာ ထောက်ပို့ကားတစီးပါ တွေ့ရပါတယ်။ သူ့ လေကာမှန်မှာ ကျည်ပေါက်တွေနဲ့ ဖုံးလို့ပါ။
ဟပ်စကီးကားနဲ့ မျက်နှာချင်းဆိုင်မှာတော့ ယူကရိန်းတပ်ကို လွှဲပေးထားတဲ့ အနောက်တိုင်း သံချပ်ကာကားတွေကို တွေ့နိုင်ပါတယ်။ စစ်မြေပြင်မှာ ပျက်စီးထိခိုက်လာတဲ့ အမေရိကန်ထုတ် အေဘရာဟမ်တင့်ကားတစီးလည်း ရှိပါတယ်။ နောက် ဂျာမနီထုတ် ကျားသစ်တင့်ကားရောပါ။
တကယ်ပဲ ဒီမှာ ဂျာမန် စစ်ပစ္စည်းတွေလည်း အများကြီး တွေ့ရပြီး အဲဒီအပေါ်ကနေ သမိုင်းက တပတ်ပြန်လည်နေတယ်လို့ စာတမ်းထိုးထားပါတယ်။
ယူကရိန်းစစ်နဲ့ ဒုတိယကမ္ဘာစစ်၊ ဒီစစ်ပွဲနှစ်ပွဲမှာ တူညီမှုရှိတယ်ဆိုပြီး လူတွေ မြင်လာဖို့ ရုရှားအစိုးရက လိုလားပါတယ်။ ရုရှားကို ပြည်ပရန်သူတွေ ဝိုင်းတိုက်တာ ခံရတဲ့ သားကောင်လို့ မြင်စေချင်တာပါ။
တကယ့်လက်တွေ့မှာတော့ ဒီစစ်ပွဲနှစ်ခုက အလွန်ကွာခြားပါတယ်။ ၁၉၄၁ မှာ ဂျာမနီက ရုရှားကို ဝင်သိမ်းပြီး ၂၀၂၂ မှာတော့ ရုရှားက ယူကရိန်းကို အလုံးအရင်းနဲ့ ဝင်သိမ်းတဲ့ စစ်ဆင်ရေးကြီး ဆင်နွှဲခဲ့တာပါ။
တောက်ပတဲ့ နေရောင်အောက်က စစ်ပစ္စည်းတွေနားမှာ ရုရှားတွေ စုပြုံနေကြပါတယ်။ တင့်ကားအမြောက်ကြီးတွေရှေ့ ဓာတ်ပုံရိုက်သူတွေ ရှိသလို ဒီပြပွဲကို သဘောကျနေကြပါတယ်။
အံ့သြစရာ ပြပွဲကြီးဆိုပြီး ခင်ပွန်း၊ သမီးငယ်တို့နဲ့အတူ ပွဲလာကြည့်တဲ့ နာတာလျာက ပြောပါတယ်။
ကျွန်မတို့လူတွေ ဒီပစ္စည်းတွေ ဘယ်လိုရအောင် ယူခဲ့ကြသလဲ စဉ်းစားမိတယ်လို့လည်း သူက ဆိုပါတယ်။
သံချပ်ကာကား အစီး ၃ဝ ကျော်ကို ပြသထားပါတယ်။
အရင်ကလည်း ယူကရိန်းတပ်က သိမ်းမိတဲ့ ရုရှားစစ်ပစ္စည်းတွေကို ယူကရိန်းက ဒီလို ထုတ်ပြဖူးပါတယ်။
ရုရှားအစိုးရမှာ ဒီပြပွဲအတွက် ဦးတည်ချက် တော်တော်များများ ရှိမယ်ထင်ပါတယ်။
ပထမအချက်ကတော့ ယူကရိန်း၊ နေတိုးနဲ့ အနောက်အုပ်စုက ရုရှားကို စစ်ထိုးနေတယ်ဆိုတဲ့ ရုရှားအစိုးရရဲ့ စကားကို ပြန်အားဖြည့်တာပါ။ ဒီမှာ ပြတဲ့ ရည်ရွယ်ချက်က ရုရှားတွေ စိတ်ထဲမှာ အနောက်တိုင်းကို လူဆိုးလို မြင်စေချင်ပါတယ်။
တကယ့်အမှန်တရားက ရုရှားက ယူကရိန်းကို ဝင်သိမ်းတာပါ။ ဒါကို အနောက်တိုင်းကလည်း မဖြစ်စေချင်ပါဘူး။ သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ တကိုယ်တော် ဆုံးဖြတ်ချက်နဲ့ ယူကရိန်းကို အထူးစစ်ဆင်ရေး ဆိုပြီး ဆောင်ရွက်ခဲ့တာပါ။
ယူကရိန်းခံစစ်အတွက် အနောက်တိုင်းက လက်နက်ခဲယမ်း အထောက်အပံ့တွေ ပေးကြပါတယ်။ ရုရှားအာဏာပိုင်တွေ ပြောသလို ရုရှားကို ချေမှုန်းဖို့ မဟုတ်ပါဘူး။
ဒီမှာလည်း သမိုင်းဆိုင်ရာ သင်္ကေတတွေ ရှိပါတယ်။
ခုတော့ လာမယ့် မေလ ၉ ရက် ဟစ်တလာကို အောင်နိုင်တဲ့ အထိမ်းအမှတ် နိုင်ငံတော် အားလပ်ရက်အတွက် အောင်နိုင်ရေးပန်းခြံမှာအလံနီတွေ ဖွေးဖွေးလှုပ်နေပါတယ်။
ဒီပွဲပြတဲ့နေရာနဲ့ အချိန်က ဒုတိယကမ္ဘာစစ်နဲ့ ယူကရိန်းစစ်ကို တွဲချိတ်ထားတာပါ။
ယူကရိန်းစစ် အတွက် အမေရိကန်က မကြာခင်ကပဲ ဒေါ်လာ ၆၁ ဘီလျံဖိုး အကူအညီတွေ ပေးခဲ့ပေမဲ့ ရုရှားမှာ ယုံကြည်မှု တက်နေပုံရပါတယ်။
ရုရှားရဲ့ အဓိက သတင်းစကားကိုလည်း စစ်ပွဲရ ပစ္စည်းတွေ ဘေးမှာ ချိတ်ဆွဲပြသထားပါတယ်။
ကျွန်ုပ်တို့ အောင်ပွဲက မလွဲမသွေ ဖြစ်မယ်လို့ ရေးထားတာပါ။