ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားရဲ့ စစ်ထောက်လှမ်းရေးလေယာဥ်ကိုယူကရိန်းထပ်မံပစ်ချ
ရုရှားရဲ့ A-50 အမျိုးအစား စွမ်းဆောင်ရည်မြင့် စစ်ထောက်လှမ်းရေးနဲ့ကွပ်ကဲရေးလေယာဥ်တစ်စင်းကို သောကြာနေ့က ပစ်ချခဲ့တယ်လို့ ယူကရိန်းက ထုတ်ပြောပါတယ်။
အဲဒီလေယာဉ်ဟာ ရုရှားနိုင်ငံတောင်ပိုင်း က ရော့စ်တော့ဗ်အွန်ဒွန်မြို့နဲ့ ခရေ့ာဆ်နိုဒါ မြို့ကြားမှာ ပျက်ကျခဲ့တာလို့ ဆိုပြီး ယူကရိန်းရှေ့တန်းစစ်မျက်နှာပြင်နဲ့ မိုင် ၂၀၀ ကျော်အဝေးမှာရှိတယ်လို့ဆိုပါတယ်။
ရုရှားကယ်ဆယ်ရေးအဖွဲ့တွေကတော့ ကာနက်ဗ်ကော့ခရိုင်အတွင်းမှာ ပျက်ကျလေယာဥ်အပိုင်းအစတွေကိုတွေ့ရပြီး မီးလောင်နေတာကြောင့် မီးငြှိမ်းသတ်ရေးလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။
ရုရှားကတော့ ယူကရိန်းရဲ့ ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မှတ်ချက်မပေးသေးပါဘူး။ ဖေဖော်ဝါရီ ၂၄ ရက်ဟာ ရုရှားနိုင်ငံက ယူကရိန်းကို အလုံးစုံ ကျူးကျော်မှု စတင်ခဲ့တဲ့ နှစ်နှစ်ပြည့်နေ့ဖြစ်ပါတယ်။
ယူကရိန်းလေတပ်အကြီးအကဲ မိုင်ကိုလာ ကတော့ သူ့တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုကိုချီးကျုးတယ်လို့ပြောဆိုပြီး ကိယက်ဗ်က စစ်ထောက်လှမ်းရေးအကူအညီနဲ့ ယူကရိန်း ရဲ့ တာဝေးပစ် မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်လေယာဉ်က ပစ်ချခဲ့တာလို့ ဆိုပါတယ်။ အဲဒီနေ့က ရုရှားစစ်တပ်ရဲ့ အထိမ်းအမှတ်နေ့ ပိတ်ရက်နဲ့လည်းတိုက်ဆိုင်နေတာပါ။
“ကျူးကျော်သူတွေရဲ့ ကာကွယ်ရေးနေ့ကို ဂုဏ်ပြုပါတယ်” လို့ ယူကရိန်းလေတပ်အကြီးအကဲ မိုင်ကိုလာ က သူ့ရဲ့ တယ်လီဂရမ်ကနေ ရေးပါတယ်။
အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းမှာတော့ ရုရှားစစ်ထောက်လှမ်းရေးလေယာဉ်ဟာ ဝေဟင်မှာ ပစ်ချခံရတဲ့ အခိုက်အတန့်မှာပဲ မီးခိုးလုံးတွေထွက်လာ မီးလောင်ကျွမ်းခဲ့ပြီး ပျက်ကျခဲ့တာကိုတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း အလားတူ ရုရှားရဲ့ A-50 အမျိုးအစားစစ်ထောက်လှမ်းရေးလေယာဥ်ကိုပစ်ချခဲ့တာကြောင့် တစ်လကျော်အတွင်း ဒုတိယမြောက်နောက်ထပ်တစ်စင်းပစ်ချနိုင်တာလို့ ယူကရိန်းဘက်ကပြောပါတယ်။
ခရေ့ာဆ်နိုဒါ အာဏာပိုင်တွေကတော့ လေယာဥ်ဟာ ရုရှားပိုင်နက် ကာနက်ဗ်ကော့ခရိုင် အနီးမှာ ပျက်ကျခဲ့တာနဲ့ မီးငြိမ်းသတ်ခဲ့ရတာကိုထုတ်ပြန်ပြီး အသေးစိတ်ကိုတော့မပြောပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း ယူကရိန်းလေတပ်ဟာ ရုရှားရဲ့ အခုလို ကြိုတင်သတိပေးထိန်းချုပ် လေယာဥ် ၂ စင်းကို ပစ်ချခဲ့ပြီး အဲဒီတုန်းကလည်း A-50 အမျိုးအစားလေယာဥ် တစ်စင်းပါခဲ့ပါတယ်။
အဲဒီတုန်းက ပျက်ကျသွားတယ်ဆိုတဲ့ လေယာဥ် ၂ စင်းဟာ A 50 အမျိုးအစားနဲ့ IL 22 အမျိုးအစား ထောက်လှမ်းရေးလေယာဥ်တွေ ဖြစ်ကြပါတယ်။ လေယာဥ်တွေကို ဘယ်လို ပစ်ချခဲ့တယ်ဆိုတာကိုတော့ ယူကရိန်း ဘက်က မပြောပါဘူး။
A-50 အမျိုးအစားလေယာဥ်ဟာ စစ်မြေပြင်ကို ကွပ်ကဲသူတွေနဲ့ တိုက်ခိုက်ရေးနယ်မြေတွေမှာ ရှိနေသူတွေအတွက် စစ်မြေပြင်အခြေအနေဆိုင်ရာအချက်အလက်တွေကိုဖြန့်ဝေသလို ကြိုတင်သတိပေးထိန်းချုပ် ကင်းထောက်လှမ်းနိုင်တဲ့ စွမ်းရည်မြင့် အသုံးချနိုင်တဲ့ လေယာဥ်ဖြစ်ပါတယ်။
ဒီရုရှားလေယာဥ်တွေဟာ မိုင် ၄၀၀ အကွာမှာရှိတဲ့ရန်သူကိုသိရှိနိုင်ပြီး မြေပြင်က တပ်တွေဆီ သတင်းပို့ပေးနိုင်သလို ရုရှားတပ်တွေစစ်ရေးလှုပ်ရှားရာမှာ ဒီလေယာဥ်တွေကမရှိမဖြစ် အရေးပါအသုံးပြုနိုင်တာဖြစ်ပါတယ်။
ရုရှားရဲ့ စစ်ဆင်ရေး မှာ စွမ်းဆောင်ရည်မြင့် A-50 ခြောက်စင်း ထားရှိနိုင်တယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အစောပိုင်းကာလတွေကပြောထားဖူးပါတယ်။
ရုရှားဂျက်တိုက်လေယာဉ်အတွက် လေကြောင်းရန်ကာကွယ်ရေးနဲ့အတူ ပစ်မှတ်တွေကိုထောက်လှမ်းနိုင်တဲ့ A-50 လေယာဥ်ဟာ ဒေါ်လာ သန်းရာနဲ့ ချီ ကုန်ကျစရိတ်ရှိပါတယ်။
ယူကရိန်းဟာ အနောက်နိုင်ငံတွေဆီက လေကြောင်း ကာကွယ်ရေးစနစ်ကို ရရှိထားတာလည်းဖြစ်ပါတယ်။
တဖက်မှာလည်း ယူကရိန်းဟာ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ ရုရှားတပ်သိသိသာသာ တိုးဝင်လာတဲ့ အခြေအနေကို ရုန်းကန်ကျော်လွှားနေရတာဖြစ်ပါတယ်။