ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားလေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာကို ဇယ်လန်းစကီး တောင်းဆို - ဇန်နဝါရီ ၂၅ ညနေခင်း သတင်းများ
ရုရှားမှာ မနေ့ ဗုဒ္ဓဟူးနေ့တုန်းက ပျက်ကျတဲ့ လေယာဉ်အနားမှာ ဒုံးကျည် အပျက်အစီးတွေ တွေ့ရတယ်လို့ ရုရှားဘက်က စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။
အီလျူရှင် ၇၆ အမည်ရ ဂျက်လေယာဉ်ပျက်ကျမှုမှာ ယူကရိန်းဘက်က တာဝန်ရှိတယ်လို့ ရုရှားက ဆိုပြီး ဒီလေယာဉ်ဟာ ယူကရိန်း စစ်သုံ့ပန်းတွေ တင်လာစဉ် ပစ်ချခံရတာလို့ ပြောပါတယ်။
အစောပိုင်းတုန်းကလည်း ကယ်ဆယ်ရေး ဝန်ထမ်းတွေက လေယာဉ်ပျက်အနီးကနေ ဘလက်ဘောက်စ် ကို တွေ့ရှိရမိတယ်လို့ ဆိုပါတယ်။
အဲဒီဂျက်လေယာဉ်ဟာ ယူကရိန်းနဲ့ နယ်စပ်နားမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ယူကရိန်းဘက်က တိုက်ရိုက် ဝန်ခံထားတာမျိုး မရှိပေမယ့် အဲဒီလေယာဉ်ပေါ်မှာ အပြန်အလှန် လဲလှယ်မယ့် စစ်သုံ့ပန်းတွေ ပါမပါဆိုတာ မသေချာဘူးလို့ ဆိုပါတယ်။
ယူကရိန်း သမ္မတ ဇလန်းစကီးကတော့ ဒီလေယာဉ်ပျက်ကျမှုကို နိုင်ငံတကာက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကိုလက်ခံဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်းဖွယ်ရှိ
ဂါဇာထဲကို လူမှုကယ်ဆယ်ရေး အကူအညီတွေ အစ္စရေးအနေနဲ့ အရှိန်မြှင့် ပို့ဆောင်ပေးဖို့ လိုတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ရေရှည် တည်တံ့တဲ့ အပစ်ရပ်ရေး သဘောတူညီချက် ရဖို့ လုပ်ဆောင်သွားရမယ်လို့လည်း သူက ဆိုပါတယ်။
ဒိုဟာမြို့ကို ရောက်စဉ် သူက ပြောကြားရာမှာ အစ္စရေး အစိုးရအနေနဲ့ ဂါဇာ နယ်စပ်ဂိတ်တွေကို ဖွင့်ပေးဖို့လိုပြီး ကယ်ဆယ်ရေး အကူအညီတင်ဆောင်ထားတဲ့ ကားတွေကို အရှိန်မြှင့် စစ်ဆေးကာ ကုလဝန်ထမ်းတွေကိုလည်း လိုအပ်သလို ဗီဇာ ထုတ်ပေးသင့်တယ်လို့ သူက ပြောပါတယ်။
လော့ဒ်ကင်မရွန်းဟာ အစ္စရေးကို သွားရောက်ဖို့ ရှိပါတယ်။
ဟားမတ်စ်အဖွဲ့ကို သုတ်သင်ပြီးနောက် အနာဂတ်မှာ ပါလက်စတိုင်း နိုင်ငံထူထောင်ရေး အစီအစဉ်ကို အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ရာဟူး လက်ခံဖို့ ဖိအားပေး တိုက်တွန်းပြောကြားသွားဖွယ် ရှိပါတယ်။
အရပ်သား စစ်မှုထမ်း သက်တမ်း ၁ နှစ်ထိ တိုးမြှင့်ခဲ့တဲ့ ထိုင်ဝမ်မှာ စစ်သားစုဆောင်းရေး စတင်
ထိုင်ဝမ်မှာ စစ်မှုမထမ်း မနေရသက်တမ်း တနှစ်အထိ တိုးမြှင့်တဲ့ အမိန့်သစ်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးလူသစ်စုဆောင်းမှု စတင်နေပါတယ်။
အရင်က အသက် ၁၈ နဲ့ ၃၆နှစ်ကြား အမျိုးသားတွေ ၄ လသာ စစ်မှုထမ်းရတာပါ။
တရုတ်ရဲ့ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားပေးမှုတွေ တိုးလာပြီးတဲ့နောက် အခုလို စစ်မှုထမ်းသက်တမ်းကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
တရုတ်က ထိုင်ဝမ်ကို သူတို့ပိုင်နယ်မြေ အဖြစ်သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ခုနှစ်ပိုင်းတွေအတွင်း ထိုင်ဝမ်မှာ ကာကွယ်ရေး အသုံးစရိတ်တွေ တိုးမြှင့်ခဲ့ပြီး ပြည်တွင်း လက်နက်ထုတ်မှုတွေလည်း လုပ်ဆောင်နေပါတယ်။
ထိုင်ဝမ် စစ်တပ်မှာ အရပ်သား စစ်မှုထမ်းတွေ မပါဘဲ တပ်အင်အား တသိန်းခြောက်သောင်း ဝန်းကျင် ရှိပါတယ်။
ဂျပန်စတူဒီယို မီးလောင်မှု တရားစွဲခံရသူကို သေဒဏ်ချ
ဂျပန်မှာ ရုပ်ရှင်စတူဒီယို တခုကို မီးရှို့တယ်ဆိုပြီး လူတယောက်ကို သေဒဏ်ချလိုက်ပါတယ်။
အဲဒီစတူဒီယို မီးလောင်မှုကြောင့် လူပေါင်း ၃၆ ယောက် သေဆုံးခဲ့ရတာပါ။
၂၀၁၉ တုန်းက ကျိုတိုမြို့က စတူဒီယို အဆောက်အအုံကို မီးရှို့ခဲ့တယ်လို့ ရှင်ဂျီအိုဘာက ဝန်ခံထားပါတယ်။
သူ့ရှေ့နေတွေကတော့ သူ့ စိတ်ကျန်းမာရေး ချို့တဲ့နေတယ်လို့ ပြောထားပေမယ့် သူတို့ရဲ့ စောဒကတက်မှုတွေကို တရားသူကြီးက ပယ်ချခဲ့ပါတယ်။
အစိုးရ ရှေ့နေတွေကတော့ သူ့စိတ်ကူးတွေကို အဲဒီစတူဒီယိုက ခိုးယူတယ်လို့ မှားယွင်းယုံကြည်ပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
သူကတော့ ဒီမီးလောင်မှုအတွင်း လူအများအပြား သေဆုံးတယ်လို့ မထင်ကြောင်း မနှစ်က တရားရုံးမှာ ထွက်ဆိုထားပါတယ်။