ဂျပန်အမျိုးသမီးတွေရဲ့ စိုးရိမ်ဖွယ် သွယ်လျမှု - ကိုယ်အလေးချိန်လျော့ကျတာလား၊ လျှော့ချကြတာလား
- ရေးသားသူ, အစ္စရိယ ပိုင်သုန်ယန်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
ဒီသတင်းဆောင်းပါးမှာ စာဖတ်သူတချို့ စိတ်အနှောင့်အယှက်ဖြစ်နိုင်တဲ့ အစားအသောက်ပုံမှန်မရှိမှု အခြေအနေ အကြောင်းအရာ ဖော်ပြချက်တွေ ပါဝင်ကြောင်း ကြိုတင်အသိပေးပါရစေ။

ဓာတ်ပုံ ရင်းမြစ်, Sarah Mizugochi
အရပ် ၅ ပေ ၄ လက်မရှိတဲ့ ဆာရာ မီဇုဂိုချီဟာ ဆယ်ကျော်သက်အရွယ်တုန်းက ရှိသင့်တဲ့ကိုယ်အလေးချိန်အောက် လျော့ခဲ့သူပါ။
"အစားအသောက်အကြောင်းကို တစ်ချိန်လုံး စဉ်းစားနေပြီး အမြဲတမ်း ဗိုက်ဆာနေတယ်။ ကျွန်မ ကိတ်မုန့်စားတာဆိုလို့ တစ်နှစ်မှ တစ်ကြိမ်ပဲ။ အဲဒါလည်း မွေးနေ့ရောက်မှ။ နောက်ဆုံးစားခဲ့တာက လွန်ခဲ့တဲ့ သုံး လေး နှစ်တုန်းက။ အဲဒါကို ကျွန်မ လုံးဝ စိတ်အလိုမကျပါဘူး"လို့ သူက ပြောပါတယ်။
အခု အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာရာလိုမျိုး ဖြစ်ရပ်တွေက ဂျပန်နိုင်ငံမှာ တွေ့ရမြင်ရ များလာနေပြီး အမျိုးသမီးငယ်တွေ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်လျော့နည်းနေတဲ့အခြေအနေကလည်း စိုးရိမ်စရာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာပါတယ်။
ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်မှာ ပြုစုခဲ့တဲ့ စစ်တမ်းအရဆိုရင် အသက် ၂၀ ကနေ ၂၉ နှစ်အရွယ်ရှိတဲ့ အမျိုးသမီး ၂၀ ဒသမ ၇ ရာခိုင်နှုန်း ဒါမှမဟုတ် အဲဒီအသက်အရွယ်အတွင်းက အမျိုးသမီး ငါးဦးမှာ တစ်ဦးက ရှိသင့်တဲ့ကိုယ်အလေးအချိန်ထက် လျော့နည်းနေတာကို တွေ့ရပါတယ်။ Body Mass Index လို့ ခေါ်တဲ့ ကိုယ်ခန္ဓာညွှန်းကိန်း BMI အရဆိုရင် ကိုယ်အလေးချိန်ဟာ ၁၈ ဒသမ ၅ ထက်လျော့နည်းနေတယ်ဆိုရင် ကိုယ်အလေးချိန် လျော့နေသူလို့ သတ်မှတ်ပါတယ်။
ဆာရာရဲ့ BMI ကတော့ ကျန်းမာတဲ့ကိုယ်အလေးချိန် အောက်မှာ ရှိနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ သတ်မှတ်ချက်မှာဆိုရင် လူတစ်ယောက်အတွက် သူ့ရဲ့ ကိုယ်ခန္ဓာအညွှန်းကိန်းဟာ ၁၈ ဒသမ ၅ ကနေ ၂၅ အတွင်းရှိရမှာ ဖြစ်ပါတယ်။
ကိုယ်အလေးချိန်လျော့နည်းတဲ့အမျိုးသမီးတွေ မြင်တွေ့ရများလာတဲ့ ဂျပန်နိုင်ငံဟာ ကမ္ဘာမှာဆိုရင် ဝင်ငွေအမြင့်ဆုံးနိုင်ငံတွေထဲက တစ်ခုတည်းသောနိုင်ငံဖြစ်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကိုယ်အလေးချိန်ရှိသင့်တဲ့ပမာဏထက် လျော့နေတဲ့အလားတူအခြေအနေမျိုးကို တီမော၊ ဘူရွန်ဒီ၊ အီရစ်ထရီးယားနဲ့ နီဂျဲတို့လို ကမ္ဘာပေါ်က အဆင်းရဲဆုံးနေရာတွေမှာပဲတွေ့ရတယ်လို့ လန်းဆက်ဆေးပညာဂျာနယ်က ၂၀၂၄ ခုနှစ်မှာ ကမ္ဘာတဝန်းမှာ ပြုလုပ်ထားတဲ့ ကိုယ်အလေးချိန်လျော့ကျမှုနဲ့ အဝလွန်မှုဆိုင်ရာလေ့လာချက်မှာ ဖော်ပြပါတယ်။
၁၉၉၀ ပြည့်နှစ်ကို ပြန်သွားကြည့်ရရင် အဲဒီကာလက ဂျပန်အမျိုးသမီးတွေဟာ ဒီနေ့ကာလလောက် ကိုယ်အလေးချိန် လျော့နည်းကြတာမျိုး မတွေ့ရပါဘူး။ ဒါ့အပြင် နိုင်ငံတကာအဆင့် အခြေအနေပြ စာရင်းဇယားတွေမှာလည်း ပါဝင်ခဲ့တာမတွေ့ရပါဘူး။ အခုတော့ ပါဝင်လာပါပြီ။
လေ့လာချက်တွေနဲ့ နိုင်ငံအဆင့်ပြုလုပ်တဲ့စစ်တမ်းတွေမှာလည်း အမျိုးသမီးငယ်တွေကြားမှာ ပိန်ပိန်ပါးပါး ဖြစ်နေရမယ်ဆိုတဲ့ခေတ်စားမှုက ကြီးမားလာတာကို တွေ့နေရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် “စင်ဒရဲလားလို ကိုယ်အလေးချိန်” ဆိုတဲ့အသုံးအနှုန်းက ဂျပန်အမျိုးသမီးငယ်တွေကြားမှာ ရေပန်းစားလာပါတယ်။ အဲဒီအသုံးအနှုန်းက BMI နှုန်းတစ်ခုကို ရည်ညွှန်းတာဖြစ်ပြီး အဲနှုန်းကလည်း BMI တိုင်းတာချက်အရအဆိုရင် ကျန်းမာရေးအတွက် သင့်တော်တဲ့ကိုယ်အလေးချိန်အောက်မှာရှိနေတာပါ။ ဒါပေမဲ့လည်း အဲဒါကိုပဲ အမျိုးသမီးအများစုက လိုချင်ခဲ့ကြပါတယ်။
လူတစ်ယောက်ရဲ့အရပ်ကို မီတာနဲ့တွက်၊ ပြီးရင် အဲဒီကိန်းဂဏန်း ၁၈ ကိုနဲ့မြှောက်ရင် ညီမျှတဲ့ စင်ဒရဲလားကိုယ်အလေးချိန်(ကီလိုဂရမ်အရ)ကို အွန်လိုင်းမှာ ဆွေးနွေးငြင်းခုန်တာတွေလည်းဖြစ်ခဲ့ပါတယ်။ တချို့ကတော့ ဒီ ကိုယ်အလေးချိန်ဟာ လက်တွေ့မကျသလို ကျန်းမာရေးနဲ့မညီညွတ်တဲ့ ရည်မှန်းချက်လို့ ပြောကြပါတယ်။
ယဉ်ကျေးမှုစံနှုန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်နိုင်ငံ၊ ဟာမာမာဆုမြို့က ဆဲယေး ခရစ္စတိုဖာ တက္ကသိုလ်၊ သူနာပြုကျောင်းက ပါမောက္ခ တိုမိုဟီရို ယာဆုဒါက ကိုယ်အလေးချိန်ပုံမှန်ထက်ကျဆင်းနေတဲ့ဂျပန်အမျိုးသမီးငယ်တွေကို လေ့လာခဲ့ပါတယ်။
သူ့ရဲ့ သုသေတနစာတမ်းမှာ ဖြေဆိုသူတွေဟာဆိုရင် သူတို့က ကိုယ်အလေးချိန် မြှင့်တင်ဖို့ လိုတယ်လို့ ဝန်ခံထားပေမဲ့လည်း သူတို့လိုအပ်တယ်လို့ စိတ်ကူးထားတဲ့ကိုယ်အလေးချိန်ကလည်း BMI သတ်မှတ်ချက်ထက် အများကြီးလျော့နည်းနေတာကို ဖော်ပြပါနေတယ်။
သူ့ရဲ့ လေ့လာမှုမှာ ပါဝင်တဲ့ ကိုယ်အလေးချိန်လျော့နည်းတဲ့ အမျိုးသမီးတွေဟာဆိုရင် အကောင်းဆုံး ကိုယ်အလေးချိန်ကို ရောက်ဖို့ ပျမ်းမျှ ၁၀ ဒသမ ၃ ကီလိုဂရမ်ရဖို့ လိုအပ်နေတာပါ။ ဒါပေမဲ့လည်း သူမေးလိုက်တဲ့အခါမှာတော့ ပျမ်းမျှ ၀ ဒသမ ၄ ကီလိုဂရမ်သာ တိုးချင်တယ်လို့ အမျိုးသမီးတွေက ပြောခဲ့ပါတယ်။
“ဂျပန်မှာ အမျိုးသမီးငယ်တွေ အရမ်းပိန်ပိန်ပါးပါးလေးတွေ ဖြစ်နေတာတွေက ကိုယ်အလေးချိန် လျော့နည်းတာနဲ့ ကိုယ်ဝန်ဆောင်ဖို့ စိန်ခေါ်မှုဖြစ်နေပါတယ်။ ပြီးတော့ ဆာကိုပန်းနီးယားလို့ခေါ်တဲ့ အရွယ်မတိုင်ခင် အိုမင်းလာတာ ဒါမှမဟုတ် မလှုပ်ရှားနိုင်တော့အောင် ကြွက်သားဆုံးရှုံးမှု အမျိုးအစား တွေ ဖြစ်လာနိုင်ပါတယ်” လို့ သူက ဘီဘီစီကို ပြောပါတယ်။
အာဟာရချို့တဲ့တာတွေက အရိုးပါးတာ၊ သွေးမတိတ်တဲ့ရောဂါနဲ့ ပရိုတင်း အသားဓာတ် လုံလောက်အောင် မစားတဲ့အခါ ကြွက်သားပမာဏနည်းပြီး ရာသီမမှန်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။
ပါမောက္ခယာဆုဒါရဲ့ ကျောင်းသားတချို့ကလည်း သူတို့ကြိုက်နှစ်သက်တဲ့ နာမည်ကျော်တွေနဲ့ ဩဇာလွှမ်းမိုးနိုင်သူတွေက ပိန်ပိန်ပါးပါးကိုယ်လုံးလေးတွေ ဖြစ်တာကြောင့် ကိုယ်အလေးချိန် လျှော့ချချင်တယ်လို့ သူ့ကို ပြောခဲ့ကြပါတယ်။
“ဒါတွေက ဂျပန်မီဒီယာတွေရဲ့ ဩဇာလွှမ်းမိုးနိုင်မှု၊ နောက်ပြီး ဂျပန်ယဉ်ကျေးမှုတွေကို ဖက်ရှင်နဲ့ တခြားကဏ္ဍတွေကနေ ဦးဆောင်စေတဲ့အမေရိကန်၊ ဥရောပနဲ့ပတ်သက်ပြီး ကာလရှည်ကြာ သဘောကျမှုတွေနဲ့လည်း သက်ဆိုင်နေတယ်” လို့ သူက ပြောပါတယ်။
ပါမောက္ခ ယာဆုဒါ ရှင်းပြတာက ဂျပန်မီဒီယာတွေမှာ အမျိုးသားတွေဟာ ပုံပန်းသွင်ပြင်နဲ့ အသက် အရွယ်စုံလို့ မြင်နိုင်ပြီး အမျိုးသမီးတွေကတော့ ငယ်ငယ်ရွယ်ရွယ်ပုံစံအဖြစ် မြင်တွေ့နိုင်ပါတယ်။
“ပြီးတော့ အမျိုးသမီးငယ်တွေအများစုက ပိန်ပိန်ပါးပါးလေးဖြစ်နေတဲ့ပုံအဖြစ် ပြတာမျိုးဖြစ်နေတယ်။ အဲဒီအခါမှာ လူတွေက ပိန်ပါးတာက ပိုကောင်းတယ်ဆိုတဲ့ အမြင်မျိုးပေါ်လာအောင် ခံစားမိသွားစေတယ်”လို့ သူက ထပ်ပြောပါတယ်။
ဒီသတင်းဆောင်းပါးမှာ မြင်တွေ့ရတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်လည်း သက်ရောက်မှုရှိတယ်ဆိုရင် ပရော်ဖက်ရှင်နယ် ကျန်းမာရေးသမားတစ်ဦးဦး ဒါမှမဟုတ် ကျန်းမာရေးဆိုင်ရာအင်စတီကျူးရှင်းတစ်ခုခုကနေ အကြံဉာဏ် ရယူသင့်ပါတယ်။
အစားအစာ ဘလော်ဂါ ဖြစ်လာဖို့ ကြိုးစားတဲ့ ဆာရာရဲ့ ဘဝခရီး

ဓာတ်ပုံ ရင်းမြစ်, Sarah Mizugochi
ဂျပန်နိုင်ငံရဲ့ မြို့တော်တိုကျိုမှာ နေထိုင်ပြီး အခုတော့ အစားအစာ ဘလော်ဂါဖြစ်နေသူ ဆာရာ မိဇုဂိုချီက ပိန်ပိန်ပါးပါးလေးဖြစ်အောင် ငယ်ငယ်ကတည်းက သူ့ရဲ့မိဘတွေအားပေးခဲ့တယ်လို့ ပြောပါတယ်။
“အမေက ကျွန်မ ဝ လာတာမျိုးကို မဖြစ်စေချင်ဘူး”လို့ သူက ဘီဘီစီကို ပြောပါတယ်။
အစာစားချိန်မှာလည်း အဟာရနည်းပြီး ကာဗိုဟိုက်ဒရိတ်များတဲ့ ဆန်တွေထက် အသားနဲ့ ဟင်းသီးရွက်တွေစားဖို့ သူ့မိဘတွေက ပြောခဲ့ပါတယ်။
ဒီအကျင့်ကလည်း နှစ်ပေါင်းများစွာတိုင်အောင် စွဲနေခဲ့ပါတယ်။
ကျောင်းသွားရင် နေ့လယ်စာအတွက် ယူသွားတဲ့ ထမင်းချိုင့်ထဲမှာလည်း ဟင်းသီးဟင်းရွက်နဲ့အသားတွေပဲ ပြည့်နေတယ်၊ ကျွန်မက ဆန်ကို လုံးဝမစားချင်ဘူး” လို့ ဆာရာက ပြောပါတယ်။
သူ့အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ စံပြတစ်ယောက်ဖြစ်ချင်လာခဲ့တဲ့ ဆာရာဟာ ကယ်လိုရီပါတဲ့ အစားအစာတွေ စားဖို့ စိုးရွံ့ခဲ့တာပါ။
“ကျောင်းတုန်းကပေါ့။ ကျွန်မ တခြားမိန်းကလေးတစ်ယောက်နဲ့ ပြိုင်ပြောခဲ့တယ်။ တစ်နေ့မှာ သူက အသုပ်၊ ပဲနဲ့ ဝက်သားနည်းနည်းပါတဲ့ နေ့လယ်စာ ယူခဲ့တာ။ ကျွန်မက အဲဒီအစားအစာတွေက ကယ်လိုရီတွေ အပြည့်ပါတယ်လို့ ပြောလိုက်တာကို မှတ်မိသေးတယ်”လို့ ဆာရာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sarah Mizugochi
အလယ်တန်းကျောင်းမှာ ဇီဝဗေဒဘာသာရပ် သင်ယူတဲ့အခါမှာ အစားအစာ ပိုစားဖို့ လိုအပ်တာကို ဆာရာ စပြီး သိခဲ့ပါတယ်။
“ကျွန်မ လူ့ခန္ဓာကိုယ်အကြောင်းကို သင်ယူရတဲ့အချိန်မှာ မီးဖျက်ကနဲ လင်းသွားသလို ဉာဏ်အလင်းပွင့်ခဲ့တဲ့အခိုက်အတန့်ရှိခဲ့တယ်။ အင်း ... ကျွန်မတို့အားလုံး အာဟာရ လိုအပ်ပါလားပေါ့နော်” လို့ ပြောပါတယ်။
၂၀၁၁ ခုနှစ်မှာ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ ငလျင်နဲ့ ဆူနာမီလှိုင်း လှုပ်ခတ်သွားပြီးနောက်ပိုင်း နျူကလီးယား ဘေးအန္တရာယ်ကို ဂျပန်နိုင်ငံက ရင်ဆိုင်ခဲ့ရပါတယ်။
“ကျွမ်းကျင်သူတစ်ယောက်က ရုပ်မြင်သံကြားကနေ ရှင်းပြတဲ့အထဲမှာ ကျန်းမာရေးပိုကောင်းမယ်ဆိုရင် နျူကလီယား ဓာတ်ရောင်ခြည်ကြောင့် ထိခိုက်နိုင်ခြေနည်းမယ်တဲ့။ ကျွန်မရဲ့ ဇီဝဗေဒ သင်ခန်းစာတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ မှတ်ချက်အရ ကျွန်မပိုစားပြီး ကိုယ်အလေးချိန်တင်ခဲ့တာ ၄၅ ကီလိုဂရမ်လောက် ဖြစ်လာတယ်”လို့ သူက ပြောပါတယ်။
အဲဒီနောက် ဆာရာဟာ အင်္ဂလန်နိုင်ငံကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီကလူတွေက ကယ်လိုရီများတဲ့ အစားအစာတွေကို စားသောက်နေရတာကို သိပ်ဂရုမစိုက်တာကို တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူက ၃ ကီလိုဂရမ် တက်ခဲ့ပါတယ်။
“ဂျပန်ကို အားလပ်ရက် မပြန်ခင်အထိ တက္ကသိုလ်မှာ ပျော်ရွှင်တဲ့ဘဝ ရခဲ့တယ်။ အမေအပါအဝင် ကျွန်မဝန်းကျင်မှာ ရှိတဲ့သူတွေက ကျွန်မကို လုံးလာတယ်လို့ ပြောတယ်။ အဲဒါနဲ့ပဲ ကီလိုနည်းနည်း လျှော့ခဲ့ရတယ်။ ဒါပေမဲ့လည်း ဒါက နောက်ဆုံးမဟုတ်ခဲ့ပါဘူး” လို့ ဆာရာက ပြောပါတယ်။
ဆာရာဟာ လွန်ခဲ့တဲ့ လေးနှစ်၊ သူ့အသက် ၂၅ နှစ်တုန်းက စားခဲ့တဲ့ဆန်ကို ပြန်စားခဲ့ပါတယ်။
“ကျွန်မ အရမ်းပျော်တယ် ပြီးတော့ ကျန်းမာတယ်။ ၇ ကီလိုဂရမ် ကိုယ်အလေးချိန်တက်ခဲ့ပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်မှာ ရှိနေခဲ့တယ်။ တချို့ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်တော့ ကျွန်မမှာ ကြွက်သားတွေလည်း ရှိလာပြီ” လို့ ပြောပါတယ်။
ဂျပန်ရဲ့ အလှစံနှုန်းတွေကို စိန်ခေါ်ခြင်း

ဓာတ်ပုံ ရင်းမြစ်, Asako Nakamura
ဂျပန်နိုင်ငံမှာတော့ ကိုယ်အလေးချိန်လျော့နည်းအောင်လုပ်ကြတဲ့ခေတ်ရေစီးကြောင်းနဲ့ အလှစံနှုန်းတွေကို တခြားကိုယ်ရည်ကိုယ်သွေးတွေက စိန်ခေါ် လာနေပါတယ်။
အသက် ၂၅ နှစ်အရွယ် ဒူလ်မီ အိုဘာတာကတော့ သီရိလင်္ကာသွေး တစ်ဝက်၊ ဂျပန်တစ်ဝက် သွေးနှောထားတဲ့ ကပြားတစ်ယောက်ဖြစ်ပြီး တိုကျိုမြို့တောင်ဘက် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်တဲ့ ကာနာကာဝါမှာ နေထိုင်သူပါ။
သူ့ရဲ့ အသားအရည်၊ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကွဲပြားနေတဲ့ ဆံပင်ပုံစံတွေဟာ ကျောင်းတွင်းအနိုင်ကျင့်သူတွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်ခဲ့ပါတယ်။
မူလတန်းကျောင်းမှာတုန်းက ယောက်ျားလေးတချို့က သူ့ကို လူမည်းမိန်းကလေးလို့ ခေါ်ကြသလို ကလေးငယ်တွေကလည်း သူ့ဆီက ကစားစရာတွေကို မလိုချင်ခဲ့ကြပါဘူး။
“ကျွန်မလက်တွေက ညစ်ပတ်တယ်လို့ သူတို့က ထင်ကြတယ်။ ကျွန်မ စိတ်ထိခိုက်ခဲ့ရတယ်”လို့ ဒူလ်မီက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Asako Nakamura
အသက် ၁၃ နှစ်အရွယ်မှာ သူ့ရဲ့ ကောက်ကြောင်းနဲ့ ကြွက်သားတွေကို သူ အပျိုဖော်ဝင်ချိန်မှာစပြီး ဖွံ့ထွားလာတာကို သတိပြုမိခဲ့ပေမဲ့ ဒါတွေက သူ့အတွက် အနှောင့်အယှက်မဖြစ်ခဲ့ပါဘူး။
ဖွံ့ထွားတဲ့ကိုယ်ခန္ဓာရှိတဲ့ အမျိုးသမီးကိုယ်ဟန်ပြမယ်တွေအကြောင်း လိုက်လေ့လာပြီးတဲ့နောက်မှာတော့ ၂၀၂၁ ခုနှစ်မှာ ဒူလ်မီဟာ Miss Universe ဂျပန်ကို ဝင်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင် တခြားအမျိုးသမီးတွေဟာ ''ခေတ်စားနေတဲ့ကိုယ်ခန္ဓာ'' အချိုးအစားလို့ အများခေါ်နေကြတဲ့ ကိုယ်ခန္ဓာအချိုးအဆစ်နဲ့ သွယ်သွယ်လျလျဖြစ်ကြမယ်ဆိုတာကို သိသိကြီးနဲ့ သူ ပြိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။
“ကျွန်မ ပြိုင်ပွဲအတွင်းမှာ ကိုယ်အလေးချိန်ကို မလျှော့ချင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် အပြုသဘောထားနဲ့ ကျွန်မကိုယ်တိုင်ရဲ့ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်ကလည်း အရွယ်အစား ပုံစံတစ်ခုဖြစ်တယ်ဆိုတဲ့ စိတ်ကူးကို ထုတ်ပြောချင်ခဲ့တယ်။ ဂျပန်နိုင်ငံက အလှစံနှုန်းတွေကို ပြောင်းလဲချင်တာ”လို့ ပြောပါတယ်။
ဒူလ်မီဟာ နောက်ဆုံးပွဲစဉ်အထိ ရောက်သွားခဲ့ပါတယ်။ အခုချိန်အထိ ပြိုင်ပွဲဝင် အမျိုးသမီးတွေထဲမှာ ဖွံ့ထွားတဲ့ အရွယ်အစားရှိတဲ့ တစ်ယောက်တည်းသော အမျိုးသမီးဖြစ်တယ်ဆိုတာကိုလည်း သူယုံကြည်ပါတယ်။
“ ကျွန်မကိုယ် ကျွန်မ ဂုဏ်ယူတာပေါ့ရှင်။ ကျွန်မ ကလေးဘဝတုန်းက အတွေ့အကြုံတွေဟာ တစ်ခါမဟုတ် တစ်ခါဆိုသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လျော့နည်းခဲ့ရတယ်။ အခုချိန်မှာ ကျွန်မက ရာနှုန်းပြည့် ယုံကြည်မှု မရှိတာမျိုးဖြစ်ချင်ဖြစ်နေမယ်။ ဒါပေမဲ့ ကျွန်မ အဆင်ပြေပါတယ်”လို့ သူက ပြောပါတယ်။
ဖိုဝါဒကြီးစိုးမှု
ပိန်ပါးသွယ်လျတာက ဂျပန်ယဉ်ကျေးမှု အလှစံနှုန်းဖြစ်ခဲ့တာက ကြာမြင့်ခဲ့ပြီလို့ အမေရိကန်နိုင်ငံ၊ ကန်းဆပ်တက္ကသိုလ်မှာ ခေတ်သစ်မတိုင်မီ ဂျပန့်သမိုင်းနဲ့ ဂျပန်အစားအစာ ယဉ်ကျေးမှုတွေကို သင်ကြားပေးနေတဲ့ အဲရစ်ရက်သ်က ပြောပါတယ်။
''ကီမိုနိုအဆင်ကို ကြည့်မယ်ဆိုရင် ဆေးမျဥ်းကြောင်းတွေကို ထောင်လိုက်ထည့်ထားတာတွေ့ရမယ်။ ဒါက ဝတ်သူကို ပိုသွယ်လျနဲ့အသွင်ဖြစ်စေပြီး ဝတ်ဆင်တဲ့အမျိုးသမီးတွေကိုယ်တိုင်ကလည်း ထင်းနေအောင် ခပ်ကြပ်ကြပ်ဝတ်တာတွေ့ရလိမ့်မယ်'' လို့ သူက ဘီဘီစီကို ပြောပါတယ်။
သူထောက်ပြတာက ဂျပန်နိုင်ငံဟာ အမျိုးသားတွေ ကြီးစိုးတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့လည်း ပြောပါတယ်။
“ကဘူကီ (ဂျပန်ရိုးရာပြဇာတ်ရုံ) တွေမှာ အနုပညာတွေကို ကြည့်မယ်ဆိုရင် အမျိုးသားတွေက အမျိုးသမီး နေရာမှာ တင်ဆက်သူဖြစ်နေတယ်။ နောက်ပြီး အီဒိုခေတ် (၁၆၀၀-၁၈၆၈) သစ်သားပေါ်မှာရေးထားတဲ့ပန်းချီတွေမှာဆိုရင် အနုပညာတွေမှာဆိုရင် အမျိုးသမီးတွေကို ကျစ်လစ်ပျော့ပြောင်းတဲ့အသွင်းနဲ့ ကိုယ်စားပြုရေးဆွဲထားတာကို မြင်ရမယ်။ ဒါကိုကြည့်ရင် အမျိုးသားတွေရဲ့ စိတ်ယူး ပျော့ပျောင်းတဲ့အရာအနေနဲ့ တင်ဆက်ခဲ့ကြတယ်။ ဒါတွေဟာ အမျိုးသားတွေက အမျိုးသမီးတွေကို စိတ်ကူးယဥ်ပုံဖော်ပုံကို ပြသလို အမျိုးသမီးတွေရဲ့ အလှအပနဲ့ပတ်သက်ပြီး အမျိုးသားတွေရဲ့ တွေးမြပုံကိုလည်း ထင်ဟပ်တယ်”လို့ သူက ပြောပါတယ်။
ဒီနေ့ခေတ်မှာတော့ ဂျပန်အမျိုးသမီးတွေဟာ လူမှုအသိုင်းအဝိုင်းမှာ နောက်ထပ် မတူညီတဲ့ တင်ကြို ယူဆချက်တစ်ခုကိုလည်း ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။
“အမျိုးသမီးတွေ အိမ်ထောင်ပြုရမယ်၊ ကလေးယူရမယ်ပေါ့”လို့ သူက ပြောပါတယ်။ “သူတို့ အလုပ်လုပ်ရင်လည်း လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံတာတွေ ကြုံတွေ့ရတယ်။ ဒီအကြောင်းအရာတွေအတွက် သူတို့ဘာမှ မစွမ်းသာဘူးဖြစ်ကြတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်လျှော့ချတာကတော့ သူတို့ ထိန်းချုပ်နိုင်တဲ့အရာဖြစ်တော့ တချို့က ဒါကို အဆုံးအစွန်ရောက်အောင် မှတ်ယူလုပ်ဆောင်တာမျိုးရှိလာယ်” လို့ ပြောပါတယ်။
ကိုယ်အလေးချိန်လျော့ကျတဲ့ယဉ်ကျေးမှုကို တန်ပြန်ခြင်း
ဂျပန်အစိုးရအဆက်ဆက်ဟာ အမျိုးသမီးတွေရဲ့ ကိုယ်အလေးချိန်လျော့ကျတဲ့ပြဿနာကို တားဆီးဖို့ ကျောင်းသားတွေကို အာဟာရလမ်းညွှန်ချက်တွေ ဖြန့်ဝေတာအပါအဝင် အစီအမံအတော် များများကို လုပ်ဆောင်နေပါတယ်။
၂၀၀၀ ပြည့်နှစ်၊ မတ်မှာ ဂျပန်အစိုးရက နိုင်ငံသားတွေအတွက် အစားအစာလမ်းညွှန်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ လမ်းညွှန်ချက်တစ်ခုမှာဆိုရင် နိုင်ငံသားတွေဟာ လုံလောက်တဲ့လေ့ကျင့်ခန်းလုပ်တာနဲ့ မျှတတဲ့အစားအစာတွေ စားရမှာဖြစ်ပြီး သင့်လျော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားရမှာဖြစ်သလို ကိုယ်အလေးချိန် အလွန်အကျွံလျှော့ချဖို့ မကြိုးစားသင့်တဲ့အကြောင်း အကြံပြုထားပါတယ်။
၂၀၂၂ ခုနှစ်မှာ လူ့အဖွဲ့အစည်း အသီးသီးက ပူးပေါင်းပါဝင်ဖို့ တောင်းဆိုတဲ့ ရှေ့ဆောင်အစီအစဥ်တစ်ခုကို ဂျပန်အစိုးရက စတင်ခဲ့ပါတယ်။ အမျိုးသမီးငယ်တွေကြားမှာ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေတာ အပါအဝင် အာဟာရဆိုင်ရာ ပြဿနာတွေရှိတာကိုလည်း အဲဒီရှေ့ဆောင်အစီအစဥ်မှာ အသိအမှတ်ပြုထားပါတယ်။
မြို့တော်တိုကျိုအပြင်ဘက် ကန်နာဂါဝါ အုပ်ချုပ်ရေးဒေသ၊ ရာမာတိုမြို့အပါအဝင် ဒေသန္တရအာဏာပိုင်တွေဟာ အလယ်တန်းကနေ တက္ကသိုလ်အထိ ကျောင်းတွေမှာ အာဟာရပညာပေးတာ၊ အမျိုးသမီးတွေကို လစဉ်ကျန်းမာရေးစစ်ဆေးပေးတာနဲ့ တစ်ဦးချင်းကို အာဟာရဆိုင်ရာအကြံဉာဏ် ပေးတာတွေ လုပ်ဆောင်ပြီး ကိုယ်အလေးချိန်လျော့ကျတာက ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ အယူအဆ လျော့ပါးသွားအောင် အားထုတ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yasuko
ဒါပေမဲ့လည်း ဂျပန်နိုင်ငံက ဖွံ့ထွားတဲ့ကိုယ်ဟန်ပြမယ်အေဂျင်စီ Bloom Creative ကိုယ်စားလှယ် ယာဆုကိုကတော့ ဂျပန်နိုင်ငံဟာ ဖွံ့ထွားတဲ့ခန္ဓာကိုယ်အမျိုးစားရှိတဲ့ အမျိုးသမီးတွေကို ဘဝင်မကျတဲ့စိတ်ရှိနေတုန်းဖြစ်ပြီး သူတို့က သမိုင်းတလျှောက် ပိန်ပါးသွယ်လျတဲ့အမျိုးသမီးတွေထက် တန်ဖိုးနည်းတယ်လို့ ယုံကြည်နေကြတယ်လို့ ပြောပါတယ်။
ခန္ဓာကိုယ် ဖွံ့ထွားတဲ့အမျိုးသမီးအများစုဟာ သူတို့ရဲ့ ခန္ဓာကိုယ် ပုံစံကြောင့် မိဘတွေက ရှုတ်ချတာ၊ သူငယ်ချင်းတွေက လှောင်ပြောင်တာ၊ သူတို့ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ အဝတ်တွေ မဝတ်နိုင်တာကြောင့် လူ့အဖွဲ့အစည်းမှာ “ကွယ်ပျောက်”နေသူတွေလို ခံစားနေကြရတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် အာရှနိုင်ငံတွေရဲ့ အဝတ်အစား အရွယ်အစားတွေဟာ အနောက်နိုင်ငံတွေထက် သေးငယ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာရှိတဲ့ အဝတ်တွေရဲ့ အရွယ်အစားဟာ ကမ္ဘာတဝန်းမှာရှိတဲ့ အရွယ်အစားတွေထက် သိသိသာသာ သေးနေပါတယ်။ ဂျပန်မှာ အဝတ်အစားဝယ်ချင်တဲ့ အနောက်တိုင်းသားတွေက သာမန်ထက် လေးဆ အရွယ် ပိုကြီးတဲ့ အဝတ်အစားတွေ ဝယ်ဖို့ ဈေးဝယ်တဲ့ ဝက်ဘ်ဆိုက်တချို့မှာ အကြံပြုပါတယ်။
ယာဆုကိုက ရထားပေါ်မှာ သူကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြန်ပြောပြပါတယ်။
“လူပြည့်ကျပ်နေတဲ့ ရထားပေါ်မှာ ထူးဆန်းတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်က ကျွန်မကို ထိမိပြီး ဒီလိုစက်ဆုပ်စရာကောင်းပြီး အဆီများတဲ့ခန္ဓာကိုယ်ကြီးနဲ့ ဘယ်လိုများနေလဲမသိဘူးနော်ဆိုပြီး မေးတာခံရဖူးတယ်”လို့ သူက ပြောပြပါတယ်။
သူကတော့ ဒီလို တိုက်ခိုက်တဲ့ မှတ်ချက်တွေအပေါ် လျစ်လျူရှုဖို့ကို ရွေးချယ်ခဲ့ပြီး ဂျပန်နိုင်ငံမှာရှိတဲ့ နောက်မျိုးဆက် Plus Size အမျိုးသမီးတွေအကျိုးအတွက် သူ့ရဲ့အလုပ်ကနေတဆင့် လူမှုအသိုင်းအဝိုင်းမှာ မြင်တတ်ကြတဲ့အမြင်ကို တိုက်ဖျက်ဖို့ အာရုံစိုက်ချင်တယ်လို့ ပြောပါတယ်။











